ဘုရားရှင်သည် ဆွေတော်မျိုးတော်တို့ကို ကောင်းကင်ထက်တွင် ဂါထာပေါင်း ၁၀၇၀ နှင့် တန်ဆာဆင်ထားတဲ့ တရားတော်ကို ဟောတော်မူပြီးနောက် ပြုလုပ်ထားတဲ့ ပလ္လင်မှာထိုင်ပြီး ပေါက္ခရ၀ဿမိုးရွာသွန်းစေတော်မူပါတယ်။ ဆွေတော်မျိုးတော်များကလည်း အဲဒီအခါမှပဲ တအံ့တသြတွေဖြစ်ပြီး ဘုရားရှင်ကို ရှိခိုးပါတယ်။ အဲဒီမှာ ဝေဿန္တရာဇာတ်တော်ကို ဘုရားရှင် ဟောပါတယ်။
နောက်တစ်နေ့မနက်။ ဘုရားရှင်ဆွမ်းခံကြွလာရင်း မြို့အ၀င်မှာ ရှေးဘုရားအစဉ်အဆက်ဆက် ဆွမ်းခံဘယ်လိုကြွလဲလို့ ကြည့်လိုက်တယ်။ ရှေးဘုရားအဆက် များအားလုံး အိမ်စဉ်လှည့်ဆွမ်းခံကြွခဲ့တာကို မြင်တဲ့အတွက် ဘုရားရှင်ဟာ ကပိလ၀တ်နေပြည်တော်မြို့အ၀င် ပထမအိမ်မှာပဲ ဆွမ်းခံရပ်ပါတယ်။
ဒါကို စ,ကြားတဲ့သူက ယသော်ဓရာပါ။ စံထားထိုက်တဲ့ မယားတစ်ဦးပါ။ ဘုရားလောင်းတောထွက်ပြီးတဲ့နောက် ဘုရားလောင်းက ဖန်ရည်စွန်းတဲ့အ၀တ်ကို ၀တ်တယ် ကြားတော့ သူမ လိုက်ဝတ်ခဲ့တယ်။ ဆွမ်းတစ်နပ်တည်း စားတယ်ကြားတော့ သူမ ထမင်းတစ်နပ်တည်း လိုက်စားခဲ့တယ်။ မွေ့ယာတွေပေါ် မအိပ်ဘူးကြားတော့ သူမလည်း ကြမ်းပေါ် ဒီတိုင်းလိုက်အိပ်ခဲ့သူပါ။ အခု သူမ စိုးရိမ်တယ်။ ခွက်လက်စွဲတောင်းရမ်းစားလာ သတဲ့။ ရှေးခါလိုမှ တင့်တယ်ပါဦးမလား ဆိုပြီး ပြတင်းပေါက်ကနေ လှမ်းကြည့်တယ်။ ဘုရားရှင်က လက္ခဏာကြီးငယ် အသွယ်သွယ်နှင့် အတုမရှိအောင် တင့်တယ်လွန်း တာကို မြင်တော့ ယသော်ဓရာဟာ ရာဟုလာကို ခေါ်ပြီး ဂါထာပေါင်း (၁၀) ပုဒ်နှင့် ချီးကျူးပါတယ်။ ပြီးမှ ယောက္ခမ မင်းကြီးကို သွားပြီး သံတော်ဦးတင်လိုက်တယ်။ ဘုရားရှင် အိမ်စဉ်လှည့် ဆွမ်းခံကြွနေတယ် ဆိုတဲ့အကြောင်း။
ဘာလဲ။ ဒီသံဃာ ၂သောင်းလောက်ကို တပည့်တော် ဆွမ်းမကျွေးနိုင်ဘူး ထင်လို့လား။ ဘာကြောင့် တပည့်တော်ကို အရှက်ခွဲရသလဲ လို့ သုဒ္ဓေါဒနဟာ ပုဆိုးတစ်ဖက် မ,ရင်း ဘုရားရှင်ဆီ လျှောက်လာပြီး လျှောက်ပါတယ်။
“ခမည်းတော်မင်းကြီး အိမ်စဉ်လှည့်ဆွမ်းခံတယ်ဆိုတာ ငါဘုရားရဲ့ အနွယ်အစဉ်အဆက်ပါ”
“တပည့်တော်တို့ ခတ္တိယနွယ်မှာ တောင်းစားတယ်လို့ မရှိဘူးဘုရား”
“ခမည်းတော်မင်းကြီး ခမည်းတော်က ခမည်းတော်ရဲ့ မင်းဆက်ကို ပြောခြင်း ဖြစ်တယ်။ ငါဘုရားက ရှေးကမ္ဘာအဆက်ဆက်က ပွင့်ခဲ့သော ၂၄ ဆူသော ဘုရား(ဘုရားလောင်း ပါရမီဖြည့်ကျင့်သော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း ပွင့်ခဲ့သော ဘုရားပေါင်း)နှင့် ထိုဘုရားရှင်များအထက်က ဂင်္ဂါမြစ်ထဲက သဲထက်များတဲ့ ဘုရားအနွယ်ကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။ အဲဒီမှာ ဘုရားရှင်က ဆွမ်းခံကြွခြင်းရဲ့ အကျိုးကို ဟောတော်မူတယ်။ ဆွမ်းခံမကြွရမယ့် နေရာကိုလည်း ဟောပါတယ်။ ခမည်းတော်က သကဒါဂါမ်ဖိုလ်တည်ပြီး သကဒါဂါမ်ဖြစ်သွားပါတယ်။ မိထွေးတော်က သောတာပတ္တိဖိုလ်တည်ပြီး သောတာပန်ဖြစ်ပါတယ်။ ပြီးတာနဲ့ ဆွမ်းကပ်ပါတယ်။
အဲဒီအချိန် “ဘုရားရှင် အပြင်မှာရောက်နေတယ် ။ ထွက်ရှိခိုးပါဦး” လို့ ရာဟုလာရဲ့ မိခင်ကို မောင်းမတွေက လျှောက်တင်ကြပါတယ်။ “ငါ့မှာ ကျေးဇူးရှိခဲ့လို့ ရှိရင် သူကြွလာမှာပဲ။ အဲဒီအချိန်ကျရင်တော့ ငါရှိခိုးမပေါ့” လို့ ပြန်ပြောတယ်။ ဘုရားရှင်ဟာ ဆွမ်းဘုဉ်းပေးပြီးနောက် ခမည်းတော်ကို သပိတ်ပေးလိုက်ပြီး လက်ဝဲရံ လက်ယာရံနှင့် ယသော်ဓရာတိုက်ခန်းကို ကြွလာပါတယ်။ ဒါကို ယသော်ဓရာသိတော့ မောင်းမတွေအကုန်လုံးကို ဖန်ရည်စွန်းအ၀တ်ဝတ်ခိုင်းလိုက်ပါတယ်။ ဘုရားရှင်က ယသော်ဓရာအခန်းထဲ မ၀င်မီ သာဝကနှစ်ပါးကို “ငါဘုရားရှင်ကို ယသော်ဓရာ ရှိခိုးလာရင် သူစိတ်တိုင်းကျ ရှိခိုးပါစေ၊ မတားပါနဲ့” လို့မိန့်ထားပါတယ်။ ယသော်ဓရာဟာ ဘုရားရှင်ကို ခြေမိုးပေါ်မျက်နှာအပ်ပြီး အကြားကြီး ရှိခိုးပါတယ်။ အဲဒီမှာ စန္ဒကိန္နရီဇာတ်ကို ဟောပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့ဟာ ဘုရားရှင်ရဲ့ ၀မ်းကွဲညီ နန္ဒမင်းသားဟာ အိမ်ရှေ့မင်းရာထူးကို ရတဲ့နေ့ပါ။ ဘုရားရှင်က အပြန်မှာ နန္ဒမင်းသားလက်ထဲကို သပိတ်ထည့်ပြီး နိဂြောဓာရုံကျောင်း (ဘုရားရှင်ကို ကာဠုဒါယီပင့်လျှောက်လာစဉ် သုဒ္ဓေါဒနမှ ဘုရားရှင်ကို အလွယ်တကူ ဖူးမြော်နိုင်ရန် အရံဥယျာဉ်ဖြစ်တဲ့ ဥယျာဉ်မှာ ဆောက်ထားတဲ့ကျောင်းတော်) ကိုပြန်တယ်။ နန္ဒကတော့ တံခါးခုံရောက်ရင် သပိတ်ယူနိုး လှေခါးထိပ်ရောက်ရင် သပိတ်ယူနိုး၊ လှေကားခြေရင်း ရောက်ရင် သပိတ်ယူနိုးနဲ့ လိုက်ခဲ့တယ်။ အဲဒီနေ့မှ သူအိမ်ရှေ့မင်းရာထူးနဲ့အတူ လက်ထပ်ထားခါစလေးဖြစ်တဲ့ မယားအသစ်လေး ဇနပဒကလျာဏီက နန္ဒမင်းသားကို ဘုရားရှင်ခေါ်သွားတယ်ကြားရော ထမီရင်လျားနဲ့ “မြန်မြန်ပြန်ခဲ့နော် မောင်” လို့ မှာလိုက်သကိုး။ ကျောင်းပေါက်ဝရောက်တဲ့ အထိ ဘုရားရှင် သပိတ်မယူဘူး။ ဒါနဲ့ ပြီးရောလား ဆိုတော့ ကျောင်းထဲလည်းရောက်ရော “ရဟန်းဝတ်မလား” ဆိုတော့ မငြင်းရဲပြန်ဘူး။ သူ့နားထဲကလည်း “မြန်မြန်ပြန်ခဲ့နော် မောင်” ကမထွက်။ ၇ ရက်ကြာရင် ထွက်မယ် စိတ်ကလေးနဲ့ ရဟန်းဝတ်လိုက်သူက နန္ဒမင်းသားလေးရယ်ပါ။
နောက်တစ်ရက်လည်း ဘုရားရှင် နန်းတော်ကို ဆွမ်းခံကြွပါတယ်။ ယသော်ဓရာက ရာဟုလာကို “ချစ်သား သင်မေးမေးနေတဲ့ သင့်ဖခင်ဆိုတာ ထိုရဟန်းပါပဲ။ သူတော မထွက်ခင် ရွှေအိုးလေးလုံးရှိတယ်။ သူလည်း တောထွက်ရော ရွှေအိုးကြီးလေးလုံးပျောက်သွားတယ်။ ငါ့သားက ရှေ့ဆက် လူလုပ်ရဦးမယ်။ သွားတောင်းချေ” ဆိုပြီး ဘုရားရှင်ဆီ လွတ်လိုက်တယ်။ ရာဟုလာလည်း ဘုရားရှင်ဆီသွားပြီး တီတီတာတာနဲ့ အမွေပေးပါတောင်းတော့တာပေါ့။ ဘုရားရှင်က ဘာမှ မပြောဘူး။ ထပြန်လာတော့ သင်္ကန်းစလေးဆွဲပြီး လိုက်လာတယ်။ သူ့ဖခင်နဲ့ သူ့သားပဲဆိုတော့ ဘယ်နန်းတွင်းသူ နန်းတွင်းသားကမှလည်း မပြောရဲဘူး။ ကျောင်းရောက်တော့ ဘုရားရှင်က “သံသရာရှည်တဲ့ လောကီအမွေ တောင်းနေသော်လည်း သာသနာအမွေကိုသာ ပေးမယ်” ဆိုပြီး သာဝကကြီး သုံးပါးနဲ့ ကိုရင် ၀တ်ပေးပါတယ်။ ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလာန်နှင့် ရှင်မဟာကဿပတို့ပါ။ (ရှင်မဟာကဿပရဲ့ အတ္ထုပတ္တိက ရှည်လျားလည်း ရှည်လျား သင်ခန်းစာလည်း ယူစရာကောင်းလွန်းလို့ နောက်အကြောင်းသင့်မှ ပြောပါမယ်)
သုဒ္ဓေါဒန လာပြီလေ။ ဘုရားရှင် မွေးဖွားစဉ်မှာ ပုဏ္ဏားတွေက စကြာဝတေးမင်းဖြစ်မယ်လို့ နိမိတ်ဖတ်သလို နန္ဒမင်းသား နှင့် ရာဟုလာကိုလည်း ပုဏ္ဏားတွေက နိမိတ်ဖတ်ခဲ့တာပဲ။ စကြာဝတေး ဖြစ်မယ်လို့ ။ ဟော အခု ရဟန်းဖြစ်ကုန်ပြီ။ ကျောင်းကို လိုက်လာတယ်။ ဘုရားရှင်ကို ရှိခိုးပြီး “တပည့်တော်ကို ဆုတစ်ခုတောင်းခွင့်ပြုပါ” လို့လျှောက်တယ်။ ဘုရားရှင်က ဆုပေးခြင်းကိစ္စဆိုတာ ဘုရားရှင်တို့ထုံးစံမှ မရှိဘူး လို့ပြန်မိန့်တယ်။ တပည့်တော် သင့်လျှော်တဲ့ ဆုတောင်းမှာပါဘုရားဆိုတော့ ဆိုပါဦး လို့ ဘုရားရှင်မိန့်တယ်။ (ဒါကိုထောက်ရင်တော့ ဘုရားရှင်ဟာ ဆုတောင်းခြင်းကိစ္စကို တားမြစ်တယ်လို့ မှတ်ရမယ်။) သုဒ္ဓေါဒနတောင်းတဲ့ဆုက “မိဘခွင့်မပြုတဲ့ သားကို ရဟန်းဝတ်မပေးရ” ဆိုတဲ့ဆုပါ။ ဘုရားရှင်က ဆိတ်ဆိတ်နေ လက်ခံပြီးတော့ ရဟန်းတွေကို ပညတ်ချက်ထုတ်ပါတယ်။
နောက်တစ်နေ့ ဘုရားရှင်က နန်းတော်ထဲကို ဆွမ်းစားကြွတော့ သုဒ္ဓေါဒနက ရှေးက အဖြစ်အပျက်တွေကို လျှောက်တယ်။ အရှင်ဘုရားတော ထွက်တုန်းကပေါ့ဘုရား၊ နတ်တွေက တပည့်တော်ကို လာလာပြောကြတယ်။ သင့်သား ဘုရားမဖြစ်ဘဲ သေပြီး လို့ခဏခဏပါပဲဘုရား ။ ဒါပေမယ့် တပည့်တော် မယုံခဲ့ပါဘူးဘုရား” ဆိုတော့ ဘုရားရှင်က သူတပါးစကားကို မင်းကြီး မယုံတာဟာ ဒီဘ၀မှာတင်မဟုတ်ပါဘူး ဆိုပြီး ဓမ္မပါလဇာတ်နှင့် တွဲပြီး တရား ဟောပါတယ်။ တရားအဆုံးမှာ မင်းကြီး အနာဂါမိဖိုလ်တည်ပြီးတော့ အနာဂမ်ဖြစ်ပါတယ်။ (ဓမ္မပါလဇာတ်က စိတ်ဝင်စားစရာကောင်းလို့ နည်းနည်းလေး ပြောမယ်။ သူငယ်တစ်ယောက်ဟာ နိုင်ငံခြားသွားပြီး ပညာသင်နေချိန် အဲဒီတိုင်းပြည်မှာ သူ့လိုအရွယ် လူတစ်ယောက်သေသွားတယ်။ သူငယ်က အံ့သြတယ်။ ဒီအရွယ်လည်း သေတတ်လားပေါ့။ ပြီးတော့ ဆရာကို သွားမေးတယ်။ သေတတ်သလား ဘာညာပေါ့။ ဆရာက ဟေ့ မင်းတို့ဆီမှာ ဒီအရွယ်မသေဘူးလား ဆိုတော့ ဟင့်အင်း ငယ်ငယ်နဲ့ သေတဲ့သူ တစ်ယောက်မှ မရှိဘူးဆိုတော့ ဆရာက သေချာလား လို့မေးတယ်။ သေချာတယ်ဆိုတော့ အဲဒီဆရာက ဆိတ်အရိုးတစ်ချို့ယူ သူငယ်ရဲ့ တိုင်းပြည်သွားပြီး သင့်သားသေသွားတယ် လို့ သွားပြောတယ်။ ဟိုက ဟာသ လာပြောနေသလား မှတ်ရအောင် ရယ်သတဲ့။ ပြီးတော့ ငါ့သား ဘယ်နည်းနဲ့မှ မသေဘူးလို့ ပြောလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ငါ့သား ငါးပါးသီလ အမြဲစောင့်ပါတယ် တဲ့။ ဇာတ်လမ်းကတော့ ဒါပါပဲ )
မိထွေးတော်ဂေါတမီက ဘုရားရှင်ကိုတွေ့ပြီးနောက်ပိုင်း အလွန့်အလွန်ဝမ်းသာပါတယ်။ စာတွေကတော့ ဗလ၀သောမနဿ လို့ပြောပါတယ်။ င့ါသားတော်ကို ငါငယ်ငယ်ကတည်းက ပြုစုလုပ်ကျွေးခဲ့တယ်။ အခု ဘုရားဖြစ်ပြီဆိုတော့ ငါ့သားတော်ကို ငါဘယ်လိုလုပ်ကျွေးရမလဲ လို့စဉ်းစားတယ်။ (မိထွေးတော်ဟာ သားအရင်း နန္ဒမင်းသားကို အစေခံတွေနဲ့ ပစ်ထားပြီး ဘုရားအလောင်းတော်ကို ပြုစုခဲ့တာပါ) သင်္ကန်းလှူမယ်ဆိုပြီး ကိုယ်တိုင်တစ်လှည့် ယက္ကန်းသမားတစ်လှည့်နဲ့ အဖိုးအခများစွာပေး တင့်တင့် တယ်တယ်ကျွေးမွေးပြီး သင်္ကန်းယက်လုပ်ခဲ့ပါတယ်။ ဘုရားရှင်ကို လှူတော့ ဘုရားရှင်က လက်မခံပါဘူး။
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?