ဒီအဖြစ်အပျက်က ဝေယျာဝစ္စပြုလုပ်ဖို့ တိုက်တွန်းတဲ့ အဖြစ်အပျက်မဟုတ်ပါဘူး။ ဓမ္မပဒထဲမှာ တံမျက်စည်းလှည်းတာနဲ့ ပတ်သက်ပြီးလိုက်ရှာရင်းက တွေ့တဲ့ ဝတ္ထုပါ။ တစ်နေ့ ဓမ္မပဒအဋ္ဌကထာစာအုပ်ကြီးကို လှန်တော့ သမ္မဇ္ဇနထေရဝတ္ထုဆိုပြီး တွေ့တယ်။ ပါဠိလို ဖြစ်နေတယ်။ ဘာသာပြန်ကြည့်တော့ ပါဠိလို စာသိပ်မဖတ်တာ ကြာလို့လား မသိပါဘူး။ ကောင်းကောင်းနားမလည်ဘူး။ ဒါနဲ့ ကိုရင်တစ်ပါးခေါ်ပြီး လာဦး။ ဒါလေး ဘာသာပြန်ပေးဦးလို့ပြောလိုက်တယ်။ ကိုရင်က ဘာဝတ္ထုတုန်းမေးပြီးတော့ ဒီဝတ္ထုလို့ ပြောလိုက်တယ်။ ကိုရင်လေးက ဘာသာပြန်မပေးဘဲ အလွတ်ပြောပြပါတယ်။ (လောကကြီးက ပြောင်းပြန်ကို ဖြစ်ကရော) ဝတ္ထုက သာသနာဘောင်နဲ့ပဲ ပတ်သက်ပါတယ်။ ဒါပေမယ့် ဗဟုသုတ အဖြစ် ဖတ်ကြည့်ပေါ့။
ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်ကာလမှာပဲ လူတစ်ယောက်ဟာ ရဟန်းဘောင်ထဲ ဝင်လာတယ်။ သူက ခံယူထားတဲ့ ခံယူချက်က ဒီလို။ ရဟန်းဆိုတာ သူများလှူတဲ့ ဆွမ်းကို စားနေတဲ့ပုဂ္ဂိုလ်။ သူများလှူထားတဲ့ ကျောင်းမှာနေတဲ့သူ။ ဒီတော့ အများအမြင်တင့်တယ်အောင် တစ်ခုခုလုပ်ပြနေသင့်တယ်လို့ ယူဆနေတဲ့ ပုဂ္ဂိုလ်ပေါ့။ ဒီတော့ သူဘာလုပ်လဲဆိုတော့ ကျောင်းမှာ အမှိုက်ရှုပ်နေတာကို သူအမြဲတွေ့တာနဲ့ နေ့တိုင်း အချိန်ရှိတိုင်း တံမျက်စည်းလှည်းနေပါတယ်။ သူရှိတော့ ကျောင်းမှာ အမှိုက်ရယ်လို့ကို မရှိဘူး။ ပြောင်ရှင်း သန့်ပြန့်နေတာပဲ။ သူ တံမျက်စည်းလှည်းလွန်းတာနဲ့ပဲ အခြားရဟန်းတွေကတောင် သူ့ကို နာမည်ပေးလိုက်တာက “တံမျက်စည်းလှည်းသူ” သို့မဟုတ် “တံမျက်စည်းကိုယ်တော်”ပေါ့။
“ဟေ့ တံမျက်စည်းလှည်းတဲ့ကိုယ်တော်၊ ဒီနေ့ ဘယ်အိမ်မှာ ကိုယ်တော့်ကို ဆွမ်းစားပင့်ထားတယ် ကိုယ်တော်ကြွလိုက်ဦး”
စသဖြင့် သူ့ကို “တံမျည်စည်းကိုယ်တော်” နဲ့ကို တွင်သွားပါတယ်။ နေ့စဉ်နေ့တိုင်း သူအမြဲတံမျက်စည်းလှည်းရင်း ရဟန်းတစ်ပါးကို တွေ့တယ်။ ရဟန်းနာမည်က “ရေဝတ” တဲ့။ ရေဝတဆိုတဲ့ကိုယ်တော်က သူ့အမြင် ဘာမှ မလုပ်ပါဘူး။ ထိုင်နေတာ လမ်းလျှောက်နေတာ ဒါပဲတွေ့တယ်။ ဒါကို နေ့တိုင်း မြင်ပါများတော့ မနေနိုင်တော့ဘူး။
“အရှင်ဘုရားက သူများလှူတဲ့ ဆွမ်းစား သူများလှူထားတဲ့ ကျောင်းမှာနေပြီး ဒီတိုင်းထိုင်နေတာ ဘယ်ကောင်းပါ့မလဲ၊ ကျောင်းဝေယျာဝစ္စ နည်းနည်းပါးပါးတော့ ပြုလုပ်သင့်တာပေါ့၊ အနည်းဆုံး တံမျက်စည်း တစ်ချက်နှစ်ချက်လောက်တော့ ခတ်သင့်တယ်”
အရှင်ရေဝတက ပြုံးပါတယ်။ ကိုယ်တော် ဘာသိလို့တုန်း ဆိုတဲ့အပြုံးမျိုးနဲ့။ ပြီးတော့မှ ပြောတယ်။
“ဝတ္တံ အပရိပူရေန္တော သီလံ နပရိပူရတိ ဆိုသလို ဝတ်ကို မဖြည့်ကျင့်တဲ့ ရဟန်းဟာ သီလကို မဖြည့်ကျင့်တာနဲ့ အတူတူပဲ ဆိုပေမယ့် သာသနာ့ဘောင်ထဲဝင်လာပြီးနောက် ဝေယျာဝစ္စတွေနဲ့ အချိန်ဖြုန်းနေလို့ မရပါဘူး၊ ဝေယျာဝစ္စနဲ့ သံသရာကလွတ်မြောက်လမ်း မမြင်ပါဘူး။ ဝေယျာဝစ္စ မပြုလုပ်ရဘူး မဟုတ်ဘူး၊ ပြုလုပ်ရပါတယ်။ သို့သော် အချိန်နဲ့ အချိန် ပြုလုပ်ရပါတယ်”
လို့ ပြောလိုက်ပါတယ်။
အရှင်ရေဝတက ဆက်ပြောပါတယ်။
“တပည့်တော် ဝေယျာဝစ္စပြုလုပ်ပါတယ် ဦးဇင်း၊ မနက်စောစောထတယ်၊ ဘုရားရှင်ကို ရှိခိုးတယ်၊ ပြီးရင် သင့်တော်တဲ့အနေအထားရောက်အောင် တံမျက်စည်းလှည်းတယ်၊ ရေသပ္ပါယ်တယ်၊ အဲဒီနောက် ဆွမ်းခံကြွတယ်၊ ပြန်လာရင် တရားဓမ္မလေ့လာ ပွားများတယ်၊ နေ့ခင်းလမ်းလျှောက်နေတာ နေ့သန့်စင်နေတာ ဖြစ်ပါတယ်၊ ညနေခင်းထိ တရားဓမ္မကို လေ့လာပွားများတယ်၊ ညနေပိုင်းရောက်ရင် ကျောင်းဝေယျာဝစ္စ ပြုလုပ်တယ်။ ပြီးရင် ကိုယ်လေ့လာထားတဲ့ တရားတွေကို ပြန်လည်သုံးသပ်တယ် ဦးဇင်း”
အဲဒီစကားတွေကြားတော့ တံမျက်စည်းကိုယ်တော်လည်း သဘောပေါက်သွားတယ်။ နောက်နေ့တွေမှာ သူဟာ အချိန်နဲ့ အချိန်ပဲ တံမျက်စည်းလှည်းတော့တယ်။ ဆွမ်းခံချိန်ဆွမ်းခံတယ်။ အဲဒီနောက် တရားဓမ္မသင်အံလေ့လာတယ်။ သူအဲလိုနေတာက အရေးမကြီးဘူး။ ကျန်တဲ့ ရဟန်းတွေက တံမျက်စည်းလှည်းသူ အမြဲရှိနေတဲ့အတွက် ဘယ်သူမှ တံမျက်စည်းမလှည်းပါဘူး။ သိပ်မကြာခင်မှာပဲ ကျောင်းမှာ အမှိုက်တွေ ပွလာပါတယ်။
တံမျက်စည်းလှည်းတဲ့ ကိုယ်တော်တွေဆီ ဦးတည်ပြီး ပြဿနာက ရောက်လာတယ်။
“ကိုယ်တော် ဘာလို့ တံမျက်စည်းမလှည်းတော့တာတုန်း”
“မှန်ပါ၊ အရင်တုန်းက တပည့်တော် ပေါ့ပေါ့ဆဆနေမိလို့ တံမျက်စည်းလှည်းတာပါဘုရား”
“ဟိတ် ဒီကိုယ်တော် စကားက ဘာတုန်း၊ ခုနက ကိုယ်တော် ဘာပြောလိုက်တာတုန်း”
“အရင်တုန်းက တပည့်တော်က သာသနာထဲဝင်လာရင် တကာ တကာမပိုကြည်ညိုအောင် နေရမယ် တစ်ခုပဲ သိခဲ့တာ ဘုရား အဲဒါကြောင့် တပည့်တော် တံမျက်စည်းလှည်းတာပါဘုရား၊ တကယ်တော့ သာသနာဆိုတာ ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် လုပ်တဲ့နေရာဖြစ်ကြောင်း အခုတပည့်တော် သိပြီမို့လို့ ဝေယျာဝစ္စပြုလုပ်ချိန်မှာပဲ ဝေယျာဝစ္စပြုလုပ်ပြီး ကျန်တဲ့အချိန် သာသနာရေး မေးလာမြန်းလာမည့်သူများ ရှိရင် ပြန်လည်ဖြေကြားနိုင်အောင် တရားများကို လေ့လာပြီး ကိုယ့်အတွက် သံသရာမှ လွတ်မြောက်ကြောင်းဖြစ်တဲ့ ဝိပဿနာကိုလည်း အားထုတ်နေကြောင်းပါဘုရား”
ဒီအကြောင်းကို အခြားရဟန်းတော်များက ဒီကိုယ်တော် ဒီလို စကားမျိုးပြောနေကြောင်း လျှောက်ထားကြပါတယ်။ ဘုရားရှင်ကလည်း ထိုရဟန်းနှင့် ပတ်သက်တဲ့ တရားတစ်ပုဒ်ကို ဟောပါတယ်။ မဂ်ဖိုလ်ရမရကတော့ ကျွန်တော်လည်း စာအုပ်ကို လှန်ကြည့်တုန်းက အဆုံးထိ လှန်ကြည့်ပေမယ့် ဂါထာနောက်ပိုင်းကို မဖတ်မိလို့ မသိလိုက်ဘူးခင်ဗျ။ ဒီဝတ္ထုရဲ့ ဆိုလိုရင်းက အချိန်နဲ့အချိန်လို့ ဆိုရမှာပေါ့ဗျာ။ နောက်မှ ဝေယျာဝစ္စပြုလုပ်ခဲ့သူများ (၉) တွေ (၁၀) တွေ ထပ်တင်ပါဦးမယ်။ (၁၀) လောက်ပဲ တင်ပါတော့မယ်။ ရိုးသွားမှာစိုးလို့ ဆက်မရေးတော့ပါဘူး။ ကျန်တာကိုယ့်ဘာသာကိုယ် လေ့လာကြပေါ့။ အများတော့ အများကြီးပဲ။ ကျွန်တော် အဘိဓမ္မာကိုပဲ ပိုရေးချင်ပါတယ်။ စဉ်းစားရတာ တွေးခေါ်ရတာတွေ များလို့။