သာသနာ့သမိုင်းမှာ ဘုရားရှင်ပြီးရင် ကျွန်တော် ပထမဆုံးကြည်ညိုမိသူက မောနေယျကျင့်တဲ့ ရဟန်းဖြစ်ပြီး ဒုတိယကြည်ညိုမိသူကတော့ အရှင်မဟာကဿပပါ။ သူ့ရဲ့ အတ္ထုပ္ပတ်ကို ဖတ်ဖူးမယ်ဆိုရင် သိမယ်ဆိုရင် ဘယ်သူမဆို မကြည်ညိုဘဲ မလေးစားဘဲ မဦးညွတ်ဘဲ နေနိုင်မှာမဟုတ်ပါဘူး။ ခု ဝေယျာဝစ္စပြုလုပ်သူများကို ပြောရာမှာ ကျွန်တော်လေးမြတ်ကြည်ညိုတဲ့ အရှင်မြတ်နဲ့ ပတ်သက်နေပါတယ်။ အရှင်မြတ် ပိပ္ပလိလိုဏ်ဂူမှာ သီတင်းသုံးနေတုန်းကပေါ့။ သီတင်းသုံးပြီးစ နောက်တစ်နေ့ မနက်ခင်းအရောက် ဂူရှေ့မှာ တံမျက်စည်းလှည်းထားပြီးသား၊ သောက်ရေဖြည့်ပြီးသား ဖြစ်နေတာကို အရှင်မြတ်ကတွေ့လိုက်ရတယ်။ အရှင်မြတ်ထင်တာက ကိုရင်တစ်ပါးပါး ရောက်လာပြီး ဝေယျာဝစ္စပြုလုပ်ပေးသွားတယ်ပေါ့။ နောက်တစ်ရက်လည်း အဲလိုထင်တာပဲ။ တတိယရက်မြှောက်မှာတော့ ဂူအပြင်ဘက် တံမျက်စည်းလှည်းသံကြားတယ်။ အရောင်းအလင်းလည်း ထွက်နေတယ်ဆိုတော့ အရှင်မြတ်က အပြင် ထွက်ကြည့်တယ်။ ဝေယျာဝစ္စပြုလုပ်ပေးသူက နတ်သမီးလေးတစ်ပါး ဖြစ်နေတယ်။ “အသင်နတ်သမီးက ဘယ်သူလဲ၊ ဘာကြောင့် ဒီမှာ ဝေယျာဝစ္စလာလုပ်နေတာလဲ”
“တပည့်တော် အရှင်ဘုရားရဲ့ တပည့်မ လာဇာဒေဝီပါဘုရား၊ တပည့်တော်ရဲ့ နတ်သက်ခိုင်မြဲအောင်လို့ ဆရာဖြစ်ခဲ့ဖူးတဲ့ အရှင်ဘုရားဆီ ဝေယျာဝစ္စလာလုပ်ပေးနေခြင်းဖြစ်ပါတယ်ဘုရား”
“ငါ့ဆီမှာ တပည့်မရှိဖူးပါဘူး”
“မှန်လှပါဘုရား၊ တပည့်တော်ကတော့ အရှင်ဘုရားကို တပည့်တော်ရဲ့ ဆရာအဖြစ်မှတ်ပါတယ်ဘုရား၊ တပည့်တော်ရဲ့ အရင်ဘဝက တပည့်တော်ဟာ သလဲခင်းစောင့်ရတဲ့ ဘဝနဲ့နေခဲ့ရတုန်း အရှင်ဘုရားဆွမ်းခံကြွလာတော့ တပည့်တော်က လှော်ပြီးသားပေါက်ပေါက်ကို လောင်းလှူခဲ့ပါတယ်၊ အဲလိုလောင်းပြီးလို့ ဝမ်းသာနေတုန်း တပည့်တော် မြွေကိုက်ခံရလို့ သေဆုံးပြီး ပေါက်ပေါက်အမည်ရှိတဲ့ လာဇာဒေဝီဖြစ်နေရပါတယ်၊ ခုလည်း ဆက်လက်ပြီး နတ်သက်ခိုင်မြဲဖို့အတွက် ဝေယျာဝစ္စပြုခွင့်ပေးပါဘုရား”
အဲဒီလို လာဇာဒေဝီနတ်သမီးဟာ အရှင်မြတ်ရဲ့ ဝေယျာဝစ္စကို ပြုလုပ်ပေးသွားခဲ့တယ်။
နောက် ဝေယျာဝစ္စပြုလုပ်သူကတော့ လူမဟုတ်ပါဘူး။ ခွေးတစ်ကောင်ပါ။ အသံအရမ်းကောင်းတဲ့ ဃောသကနတ်သားလောင်းလျာလေ။ ဒီလောက်ဆိုရင်တော့ ဇာတ်သွားဇာတ်လာကို ခြုံမိပြီးသားပါ။ တစ်ခါက အလ္လကပ္ပတိုင်းမှာ အငတ်ဘေးဆိုက်တော့ လင်မယားနှစ်ယောက်က နို့စို့အရွယ်ရင်သွေးလေးနဲ့ ထွက်ပြေးခဲ့ကြတယ်။ လမ်းတစ်ဝက်ရောက်တော့ ပင်ပန်းတာနဲ့ အဖေဖြစ်သူက ကလေးကို ချခဲ့တယ်။ အမေဖြစ်သူက ကလေးမပါရင် ငါဘယ်မှ ဆက်မသွားဆိုတော့ အဖေက ကလေးကို ပြန်ယူပြီး ခရီးဆက်ခဲ့ကြတယ်။ ဒါပေမယ့် အစာက မစားရ။ ခရီးကပမ်းဆိုတော့ ကလေးက သေသွားတယ်။ တစ်နေရာရောက်တော့ အိမ်တစ်အိမ်တွေ့တယ်။ အဲဒီအိမ်က လူကလည်း သူတို့နှစ်ယောက်ကို သနားတာနဲ့ နို့ထမင်းကို စိတ်ကြိုက်စားဆိုပြီးကျွေးတယ်။ ခုနှစ်ရက်ထိ အဝစားရပေမယ့် အဖေဖြစ်သူက အာသာမပြေနိုင်ဘူး။ မိုးလင်းတာနဲ့ စဉ်းစားမိတာ စားဖို့ပါပဲ စားမှာပဲ စားမှာပဲ ဆိုသလိုစားလိုက်တာ ရှစ်ရက်မြှောက်မှာ သေတယ်။ သေခါနီးသူသွားတွေ့တာက အိမ်ရှင့်ခွေးမ။ သူက ခွေးကိုကြည့်ပြီး ဒီအိမ်မှာ ခွေးဖြစ်ရင်တောင် ဝဝလင်လင်စားရမှာလို့တွေးတယ်။ တွေးရင်းသေတော့ သေပြီးနောက်ကာလမှာ ခွေးမရဲ့ ဗိုက်ထဲမှာပဲ ပဋိသန္ဓေနေတယ်။ ခွေးလေးအဖြစ် မွေးတယ်။ နို့ထမင်းနေ့တိုင်းစားရတော့ ကြီးလွယ်ခဲ့တယ်။ အဲဒီလိုနဲ့ အိမ်မှာ အမြဲဆွမ်းခံကြွတဲ့ ပစ္စေကဗုဒ္ဓါဘုရားငယ်တစ်ပါးရှိတယ်။ ခွေးလေးက ပစ္စေကဗုဒ္ဓါကို အမြဲကြိုပို့လုပ်ပေးတယ်။
အိမ်ရှင်ကလည်း ခွေးလေးကို ယုံတယ်။ ခွေးလေးကိုပဲ အကြိုအပို့လုပ်ခိုင်းတယ်။ တစ်ခါသားမှာ ပစ္စေကဗုဒ္ဓါက လမ်းလွဲလျှောက်တယ်။ ခွေးက လမ်းရှေ့က ပိတ်ရပ်တယ်။ ပစ္စေကဗုဒ္ဓါက ခွေးကိုတိုးပြီး ရှေ့ဆက်သွားတယ်။ ခွေးက မရမက သင်္ကန်းစကိုဆွဲပြီး လမ်းမှန်ကို ပြတယ်။ ခွေးဟာ လာအကြိုမှာ လမ်းတစ်လျှောက်ရှိ တောခြုံအုံကြားမှန်သမျှ အကောင်တွေရှိရင် ပြေးအောင် ထိုးဟောင်တယ်။ ကျောင်းရောက်ရင် ပစ္စေကဗုဒ္ဓါကြားအောင် သုံးကြိမ်ဟောင်တယ်။ ဒီလိုနဲ့ ခွေးဟာ ပစ္စေကဗုဒ္ဓါအပေါ် အလွန်ပဲ သံယောဇဉ်ရှိလာပါတယ်။ တနေ့မှာတော့ ပစ္စေကဗုဒ္ဓါရဲ့ သင်္ကန်းဟာ ဆွေးမြေ့လာတယ်။ သင်္ကန်းကို ချုပ်ဖို့က တစ်ပါးတည်း မဖြစ်တဲ့အတွက် တကာကို ဂန္ဓမာဒနတောင်ဆီကို ကြွဦးမည်ဖြစ်ကြောင်း အသိပေးပြောကြားတယ်။ တကာက တားပေမယ့် ရဟန်းတို့ကိစ္စ ဖြစ်လေတော့ ပစ္စေကဗုဒ္ဓါက မဖြစ်မနေ ကြွသွားခဲ့ရပါတယ်။ ပစ္စေကဗုဒ္ဓါဘုရားငယ်နှင့် တကာပြောသံကို ခွေးက နားထောင်နေတယ်။ ပစ္စေကဗုဒ္ဓါက ကောင်းကင်ကနေ ကြွသွားတာကို ခွေးက ကြည့်နေတယ်။ တဖြည်းဖြည်းဝေးသွားတာကို ကြည့်ရင်း ဝမ်းပန်းတနည်း အူတယ်။ မမြင်ရတဲ့ အနေအထားမှာ ခွေးဟာ ရင်ကွဲနာကျပြီး သေသွားပါတယ်။ သေပြီးတဲ့နောက် တာဝတိံသာမှာ စည်းစိမ်အပြည့်နဲ့ နတ်သားသွားဖြစ်ပါတယ်။ ခွေးဘဝကနေ ဟောင်သံနဲ့ ဝေယျာဝစ္စပြုလုပ်ခဲ့လို့ နတ်ပြည်မှာ နတ်ဖြစ်တော့ တိုးတိုးပြောရင်ကို သူ့အသံက တစ်ယူဇနာပျံ့နှံပါတယ်။ ပုံမှန်ပြောရင် နတ်ပြည်တစ်ပြည်လုံး သူ့အသံကို ကြားရပါတယ်။ ကဲ ကျရာဘဝကနေ သင့်ရာတာဝန်ကို တစ်တပ်တအား ဘုရားအား၊ တရားအား၊ သံဃာအား ဝေယျာဝစ္စပြုလုပ်ကြစို့ရဲ့။
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.