- နေထွက်ရာအရပ်သို့ မျက်နှာမူပါ
- သစ်ဝါးဖြုန်းတီးခြင်း
- ကတ္တီပါလမ်းခွဲမှာလား ကြိုးဝိုင်းထဲမှာလား
- ဘလော့၊ ဆိုရှယ်မီဒီယာ၊ ၂၁ ရာစုနှင့် ဒန်မြန်မာ
- အရေးအရာများတွင် အရာအရေးများစွာပေါ်လာတတ်၏။
- ဘာသာရေးက ဆိုးရွားမှုဖြစ်လာတဲ့အခါ
- ဘာသာရေးများကို ဖျက်ဆီးနေသော အချက်များ
တောင်ကြီး၊ မန္တလေး၊ ရန်ကုန်နှင့် နေထွက်ရာအရပ်သို့ မျက်နှာမူပါ
ကျွန်ုပ်သည် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်၏ နယ်စွန်နယ်ဖျားတွင်ရှိသော တောကျောင်းတကျောင်းတွင် နေထိုင်သူဖြစ်သည်။ ငယ်စဉ်ကတည်းက တောရွာတရွာတွင် မွေးဖွားခဲ့သည်။ ထိုတောရွာသည်လည်း တောင်ကြီးမြို့နယ်၏ အစွန်အဖျားတနေရာတွင် ရှိသည်။ ကျွန်ုပ်၏ ဘဝတဏှာသည် ဤရှမ်းပြည်နယ်၏ တောင်ကြီးမြို့နယ်တဝိုက်တွင်သာ စွဲမက်လျက်ရှိသည်။ အနမတဂ္ဂသံသရာတခုလုံး ဤဒေသ ဤဝန်းကျင်တွင်သာ သီလဗ္ဗတုပါဒါန်ဖြင့် ဝဲနွံနစ်နေခဲ့ဟန်ရှိ၏။ ဤသို့ဆိုရခြင်းမှာ ရှေးလူကြီးသူမများက မိမိကုသိုလ်ကောင်းမှု မပြုခဲ့ဖူးသော ဒေသသို့ရောက်လျင် မျက်စိလည်တတ်သည်ဟု ဆိုဆုံးမဖူးသောကြောင့်ပင်။ ကျွန်ုပ်သည် ဤတောင်ကြီး၏ အနီးတဝိုက်တွင်သာ ရှေ့နောက်တောင်မြောက်ကို မှား၍မမြင်ပါ။ အဖန်ဖန်လည်နေသော ကျွန်ုပ်၏ သံသရာဘီးသည် ဝင်ရိုးတခုတည်းပေါ်မှာသာ လည်နေပြီး လမ်းကြောင်းတခုခုပေါ်မှာမှ မတင်ခဲ့ဖူးပုံလည်းရသည်။ မည်သည့်နေရာသို့မှ လှိမ့်၍မသွားခဲ့။ ဤတောင်ကြီးနယ်မှ အပြင်ထွက်လိုက်သည်နှင့် ကျွန်ုပ် မျက်စိလည်တော့၏။ အနောက်ဘက်သို့ ဆင်းလိုက်သည်နှင့် ရှမ်းရိုးအဆုံးတွင် ရှေ့နောက်တောင်မြောက်ကို စ၍မှားပြီး မြင်ပြီဖြစ်သည်။ အရှေ့ဘက်သို့ သွားလျင် ပင်လုံဘက်သို့သွား၍မရ။ မျက်စိလည်သည်။ နန့်စန်ဘက်သို့သွားလျင်ကား အရှေ့တာကောတံတား ရောက်သည်အထိ အမြင်မမှားဖူး။ ထိုထက်ကျော်၍ မသွားဖူးသဖြင့် မသိ။ မြောက်ဘက်သို့သွားလျင်ကား ရပ်စောက်အကျော်တွင် အရှေ့အနောက်နှင့် တောင်နဲ့မြောက်သည် မျောက်လွဲကျော်လို ခုန်တော့သည်။ တောင်ဘက်ကိုသွားလျင် လွိုင်ကော်မြို့လယ်အကျော် သံတံတားကို ဖြတ်ပြီးသည်နှင့် ကျွန်ုပ်၏ အမြင်ကို ဆွဲလှည့်ခံရသည်။ ထိုလွိုင်ကော်ခရီးသည် ပင်လောင်းဘက်မှသွားလျင် ပင်လောင်း၏တောင်ဘက်သို့ ရောက်သည်နှင့် နေလုံးသည် ရှေ့နောက်တောင်မြောက်ပေါ်သို့ လင်းယုန်ငှက်ကဲ့သို့ ကျွန်ုပ်အားဝဲပျံပြသည်။ နောင်ဝိုးရွာကိုကျော်လျင် နေလုံးက သူ့နေရာသူပြန်ယူသည်။ လွိုင်ကော်သို့ အရှေ့ဘက်လမ်းမှ သွားလျင် ဆိုက်ခေါင်စံပြကျေးရွာနှင့် ဆီဆိုင်မြို့တို့သည် ကျွန်ုပ်မျက်စိအား ကန့်လန့်ဖြတ် ပြောင်းသွားစေ၏။ ဤသို့သော မိမိတို့ကုသိုလ်မပြုဖူးသော ဒေသသို့ရောက်သည်နှင့် မျက်စိလည်တတ်သည်ဟူသော ရှေးလူကြီးသူမတို့၏ အဆိုသာ အမှန်ဆိုလျင် ကျွန်ုပ်၏ ဘဝါဘဝေသည် ဤတောင်ကြီးမြို့နယ်တဝိုက်တွင်သာ သင်္ချာသင်္ချေလည်နေသည်။ မြတ်စွာဘုရားက သံသရာမှ ယခုဘဝအထိ မိမိတို့ အဖန်ဖန် အထပ်ထပ် မွေးဖွားလိုက် သေဆုံးလိုက်ဖြစ်နေရာ မိမိတို့၏ အရိုးများကို စု၍သာထားလျင် ဤကမ္ဘာမြေထက် များပြားသည်ဟု ဟောထားဖူးသည်။ ထိုအဟောကိုထောက်လျင် ရှမ်းရိုးမသည် ကျွန်ုပ်၏ အရိုးများသာ ဖြစ်ခြိမ့်မည်။ ↑
ကျွန်ုပ်၏ အရှေ့နှင့်အနောက် တောင်နှင့်မြောက်ကို မှားမှားယွင်းယွင်းမြင်သည့် မျက်စိလည်ပုံကို အနည်းငယ် ပြောပြချင်ပါသည်။ကျွန်ုပ် အောက်ပြည်မြို့များဖြစ်သည့် ရန်ကုန် သို့မဟုတ် မန္တလေးသို့ဆင်းလျင် ရှမ်းရိုးမအကျော် လှိုင်းတက်ရွာလောက်တွင်စ၍ အရှေ့အနောက်တောင်မြောက်ကို အမြင်စမှားပါသည်။ မန္တလေးဘက်သို့သွားလျင် “နေမင်းက အနောက်ဘက်ထွက်ပြီး အရှေ့ကဝင်မှ မင်းကိုငါမုန်းမယ်” ဆိုသည့်စာသားသည် ကျွန်ုပ်အတွက် အဓိပ္ပါယ်မရှိဆုံးသော ကဗျာစာသားဖြစ်သွားပါသည်။ ကျွန်ုပ် မန္တလေးတွင် နေခဲ့သော နှစ်ပေါင်းတဒါဇင်ကျော်စလုံး နေမင်းသည် အနောက်ဘက်ကထွက်ပြီး အရှေ့ဘက်သို့သာ ဝင်ခဲ့ပါသည်။ မန္တလေးမှ မည်သည့်ဒေသသို့ဆက်၍သွားသွား ကျွန်ုပ်အတွက် မန္တလေးတွင် မှားသည့်အတိုင်း ဆက်မှားသည်။ ရန်ကုန်ကား ကျွန်ုပ်အတွက် ကမ္ဘာ့အဆန်းကြယ်ဆုံး မျက်စိလည်နည်းဖြင့် မျက်စိလည်စေသည်။ စမှတ်မှ အပြင်သို့ စက်ဝိုင်းကို ဆွဲရာတွင် အဆုံးသတ်မရှိအောင်ဆွဲသည့် စက်ဝိုင်းတမျိုးရှိသည်။ တရစ်ပြီးတရစ် အပြင်သို့ဆွဲလိုက်ရာ စက်ဝိုင်းသည် အဆုံးတွင် အပြင်သို့သာ ထွက်သွားသည်။ ထိုစက်ဝိုင်းကို တောင်ကြီးတန်ဆောင်တိုင်ပွဲတွင် ခွင့်ပြုခံရသည့် လောင်းကစားများထဲမှ စက်ဝိုင်းလှည့်သည့် တိုင်တတိုင်တွင် ထည့်ကာ ဆွဲလှည့်လိုက်သလို ဆွဲလိုက်လျင် မြင်ရသောသူမှန်သမျှ အသည်းခိုင်သောသူပင်မှ ပျို့ချင်သလိုဖြစ်ရသည်။ ထိုစက်ဝိုင်းကို လှည့်ထားသကဲ့သို ကျွန်ုပ်အတွက် ရန်ကုန်မြို့သည် တအီအီလည်နေသော မြို့ဖြစ်သည်။ ဥပမာ ကျွန်ုပ်တည်းသော ဗဟန်း၊ မဟာစည်မှတ်တိုင်မှ တက္ကစီတစီးကို ခေါ်၍ လှည်းတန်းဦးထွန်းလင်းခြံလမ်းဘက်သို့ သွားသည်ဆိုပါစို့။ တက္ကစီသည် လမ်းမပေါ်သို့တက်၍ တောင်ဘက်သို့ စမောင်းသည်။ နှစ်မိနစ်လောက်နေ၍ တက္ကစီသည် ညာဘက်သို့ချိုးသည်။ လမ်းချိုးလိုက်ချိန်တွင် ကျွန်ုပ်သည် အနောက်ဘက်သို့ ချိုးပြီဟု သိလိုက်သည်။ အနောက်ဘက်သို့ဟုသာ သိလိုက်ပါသည်။ ကျွန်ုပ်၏ မျက်စိမှာမူ တောင်ဘက်ဟုသာ မြင်သည်။ ထိုတက္ကစီ နောက်ထပ် မည်သည့်လမ်းဘက်သို့ ချိုးချိုး၊ ကြိုက်သည့်လမ်းချိုး ကြိုက်သည့်ဘက်ချိုး။ ကျွန်ုပ်အတွက် မြင်သမျှ အရပ်မျက်နှာသည် တောင်ဘက်တခုတည်းသာ ဖြစ်သည်။ ကျွန်ုပ်ရောက်သွားသည့် လှည်းတန်းဦးထွန်းလင်းလမ်းသည် တခါခါ လမ်းမကြီးအရှေ့ဘက်တွင်ရှိ၏။ တခါခါ လမ်းမကြီးအနောက်ဘက်တွင် ရှိ၏။ ကိစ္စဝိစ္စပြီး၍ ထိုနေရာမှ ပြန်ထွက်လာသည်။ တက္ကစီခေါ်သည်။ တည်းခိုသည့်နေရာ ဗဟန်းသို့ ပြန်လာသည်။ အကယ်၍ ကျွန်ုပ်ရောက်သွားချိန် ဦးထွန်းလင်း
လမ်းသည် လမ်းမကြီး အရှေ့ဘက်တွင်ရှိလျင် ကျွန်ုပ်၏ အပြန်ခရီးသည် မြောက်ဘက်သို့ ဦးတည်ပြီ ဖြစ်သည်။ ထိုကျွန်ုပ်စီးလာသော တက္ကစီသည် ဘယ်ချိုးချိုး ညာချိုးချိုး မိုးပေါ်ပျံပျံ ကျွန်ုပ်အတွက် အရပ်မျက်နှာသည် မြောက်ဘက်တခုတည်းသာ ဖြစ်ပါတော့သည်။ တခါခါ တက္ကစီသမားက လမ်းကိုသေချာမသိ။ အရေးထဲ ကျွန်ုပ်အသေအချာမှတ်ထားသည့် မဟာစည်မှတ်တိုင်ဘက်က မပြန်။ ခြောက်ထပ်ကြီး ဘုရားဘက်ကနေ ပြန်သည်။ ထိုသို့ဆိုလျင် ကျွန်ုပ်မှာ ဘားမှအလှမယ် ကနေသည့်နည်းအတိုင်း ဖြစ်ရပါတော့သည်။ ကျွန်ုပ်ဦးနှောက်မှာ ပြောင်ချောချောစတီးတိုင်ကြီးကို တပတ်ပြီးတပတ် တွန့်လိမ်ကာ လည်ပြီ။ ရှမ်းပြည်ဘက်ရှိ သို့မဟုတ် ကျွန်ုပ်၏ ကျေးလက်မှ လူကြီးသူမများ၏ ဘာသာရေးအယူအဆအရ မျက်စိလည်ခြင်းကို ထိုဒေသ၌ ကုသိုလ်မျိုးစေ့မရှိခဲ့၍ဟုသာ ယူပါမူ ထိုဒေသသို့ ကျွန်ုပ်ရောက်တိုင်း အလှူဒါနပြုသင့်ပေပြီ။ သို့သော်လည်း ရန်ကုန်ဆင်းတိုင်း တခါမှ ပိုက်ဆံများများစားစားမပါဖူး။ နဂိုကလည်းမရှိသဖြင့် နဂိုင်းကထွက်မလာ။ ပြီးတော့ မည်သည့်နေရာနှင့် မည်သူ့ကို သွားလှူရမည်နည်း။ ရန်ကုန်ဆင်းတိုင်း ဒေါက်တာမင်းတင်မွန်(၁၉၃၄-ယခု)၏ မြတ်ဒါနစာအုပ်ကို ဖတ်ထားမှ ဖြစ်တော့မည်။ သို့မှ စေတနာပေါက်မည် ထင်သည်။ မဟုတ်လျင် ကျွန်ုပ်၏ စိတ်အလိုအတိုင်းသာဆိုလျင် ကျွန်ုပ်အတွက် အလွန့်အလွန်ခက်သော ရန်ကုန်မြို့တွင် နေထိုင်နိုင်ကတည်းက ကျွန်ုပ်ထက် ပိုက်ပိုက်ပေါသောကြောင့် ဖြစ်မည်ဟု အယူရှိသည်။ တကယ်လည်း ဟုတ်သည်ကိုး။ စေတီဘုရားတိုင်း၏ အလှူခံပုံးတွင် ငွေက ပြည့်သိပ်ကြပ်နေသည်ချည်း တွေ့ရသည် မဟုတ်ပါလား။ ရူပါရုံကို လူတို့ကဖတ်သည့်နည်းကားဖြင့် ယူပါရုံဟု ဖတ်သည့်နည်းအားလျှော်စွာ ပေးပါရုံဟူ၍လည်း မရှိရကား ပါဠိလို ပေးကမ်းခြင်းဟု ဖွင့်သည့် ဒါနကိုမပြုနိုင်။ မျက်စိလည်လျင် နေကိုရှာ၍ အရှေ့အရပ်သို့ မျက်နှာမူရုံသာ ရှိတော့သည်။ ဆောင်းတွင်းကာလ နေမင်းက တောင်ယွန်းယွန်းဘက်မှ သွားနေသဖြင့် မျက်စိထပ်လည်လည်း တက္ကစီရှိပါသည်။ ဒါပဲစီးတတ်သည်ကလည်း တကြောင်းဖြစ်ပါသည်။ ရန်ကုန်ကားစပယ်ယာတို့၏ စကားသံကို နားမလည်ပါ။ သို့စေတမူ ခေတ်သစ်ပညာဖြင့်ကား မျက်စိလည်ရခြင်းမှာ ၂၀၀၃ မှ ၂၀၁၂ ခုနှစ်ခုနှစ်အတွင်း ဦးနှောက်အတွင်းရှိ Entorhinal Cortex အစိတ်အပိုင်းသုတေသနဖြင့် နိုဘယ်ဆုရရှိခဲ့သော May-Britt Moser နှင့် Edvard Moser တို့၏အဆုအရမူ hippocampus သို့ပေးပို့သည့် Entorhinal Cortex အပိုင်းအားနည်းသောကြောင့် GPS ကို မမှတ်သားနိုင်ခြင်း ဖြစ်သည်ဟုဆိုပါသည်။ ဤအခြေအနေကား အယ်ဇိုင်းမားရောဂါရဖို့လည်း နီးကပ်ပါသည်တဲ့။ ဒေါက်တာဟူဂိုးစပီးယားဆိုသူကလည်း တချိန်က ဤသို့ပြောခဲ့ဖူးသည်ဟု ဆိုပါသည်။ ကျွန်ုပ်၏ ရှေးလူကြီးသူမများအဆုံးအမဖြစ်သော ဘာသာရေးနည်းဖြင့် မျက်စိလည်သည်ဖြစ်စေ၊ ခေတ်သစ်ဆေးသိပ္ပံနည်းပညာဖြင့် မျက်စိလည်သည်ဖြစ်စေ မိမိမျက်စိလည်သည့် ဒေသအတွင်း တယောက်တည်း သွားလာနေထိုင်ရခြင်းသည် အတော်စိတ်ရှုပ်ထွေးစရာ ကောင်းသည်။ မိမိတည်းခိုသည့်နေရာမှ အခြားတနေရာရာသို့ အကြောင်းပြချက်မရှိဘဲ မသွားချင်တော့။ အကြောင်းရှိ၍ သွားလာနေရသော်လည်း မိမိသွားနေသည်မှာ မှန်၏လော မှား၏လောဆိုသည့် ထင့်နေသောစိတ်ဖြင့် သွားလာနေရသည့်အတွက် စိတ်ချမ်းချမ်းသာသာဖြင့် မသွားလာနိုင်။ စိုးရိမ်ပူပန်မှုကို ဘယ်သောအခါမှ မပေါင်းသင်းသင့်သည့် မိတ်ဆွေဖြစ်သော်ငြား ကျွန်ုပ်မှာမူ ပခုံးဖက်ပေါင်းခဲ့ရ၏။ ↑
ဤသို့ပြောရခြင်းမှာ ဤပိုစ့်ကို စ၍ရေးစဉ်က “လူသားဝါဒ”ကိုသာ ဦးတည်၍ ရေးခဲ့ခြင်းဖြစ်သည်။ လူသားဝါဒ ဖြစ်ပေါ်လာရခြင်းကို ကျွန်ုပ်အနေဖြင့် ဘာသာမဲ့များကြောင့်ဟု သတ်မှတ်ခဲ့သည်။ ဤတွင် အသို့သော အကြောင်းကြောင့် ဘာသာမဲ့များ ဖြစ်လာရသနည်း။ ဘာသာမဲ့လာရခြင်းအကြောင်းမှာ ဘာသာရေးတွင် မည်သည့်အချက်အလက်များက မှားယွင်း၍လား၊ သို့တည်းမဟုတ် အလိုအလျောက်ပင် ဘာသာရေးအပေါ် မယုံကြည်ကြတော့ခြင်းလား စသဖြင့်ဖြစ်စဉ်များကို တချက်ချင်း စဉ်းစားထားသည်။ အဦးအစ၌ စစ်ပွဲကို ရေးမည်။ ထိုထဲ ဘာသာရေးစစ်ပွဲများ ပါဝင်လာပုံကို ရေးမည်။ ထို့နောက် ဘာသာရေးဟု ခေါ်ဆိုပုံ၊ ဘာသာရေးနှင့် ပတ်သက်၍ ရှေးခေတ် ယုံကြည်မှုနှင့် ၂၁ ရာစုနောက်ပိုင်း ယုံကြည်မှုများ ကွဲပြားလာပုံတို့ ပါမည်။ ၂၁ ရာစုတွင် ပို၍များပြားလာသော ဘာသာရေးပဋိပက္ခများ၊ ဘာသာရေးကြောင့် နိုင်ငံတိုးတက်ရေး ခက်ခဲလာပုံများ၊ ဘာသာရေးကို ဥပဒေတရပ်အဖြစ် ရေးဆွဲလာကြပုံများပါမည်။ ထိုသို့သော အခြေအနေများအကြား ဘာသာရေးကို လူတို့ စိတ်ပျက်လာကြပုံနှင့် ဘာသာမဲ့အဖြစ် ခံယူကြပုံကို ရေးမည်။ အကျဉ်းအားဖြင့် ဘာသာမဲ့တို့အကြောင်းနှင့် သူတို့၏ ခံယူချက်များအကြောင်းပါမည်။ ဘာသာမဲ့နှင့် အချို့သောသူတို့၏ ဤအတိုင်း မနေကြဘဲ လူသားဝါဒကို တည်ထောင်လာကြပုံများ ပါမည်။ ထို့နောက် လူသားဝါဒအကြောင်းနှင့် လူသားဝါဒတွင် ပါဝင်သည့်အရာများကို ရေးသားမည်။ ပြီးလျင် လူသားဝါဒကို ခရိယာန်၌ ပညတ်တော်ဆယ်ပါး၊ မွတ်စလင်၌ ရှီယာဥပဒေငါးခုနှင့် ဗုဒ္ဓဘာသာရှိ သီလငါးပါးအပြင် ဟိန္ဒူဘာသာ၊ ဂျူးဘာသာ၊ ရှေ့ခေတ် လူတို့ယုံကြည်သော ဘာသာနှင့် နောင်းပိုင်း ပေါ်လာသော ဘာသာသစ်များနှင့် ညှိပြမည်။ ပြီးပြီ။ ဤမျှသာ ရည်ရွယ်ခဲ့ပါသည်။ ↑
ကမ္ဘာ့ဝါးနှင့် အမျှင်ပါသစ်များကိုဖြုန်းတီးခြင်း
သို့သော်ယခု ကျွန်ုပ် မျက်စိလည်လေပြီ။ ဒေါက်တာခင်မောင်ညို (၁၉၄၄-ယနေ့) ရေးသော အရူး၊ လူတော်နှင့် ပညာရှိဆိုသည့် စာအုပ်တအုပ် ၂၀၀၅ ခုနှစ်တွင် ထွက်လာဖူးသည်။ စာအုပ်က ရှည်မျောမျောလေးဖြစ်သည်။ သူ့စာအုပ်ထွက်ပြီးနောက် သူ့စာအုပ်ပုံစံမျိုးဖြင့် လူမိုက်၊ လူသိ၊ လူတတ်စသဖြင့် အခြားသော စာအုပ်များစွာ ထွက်လာခဲ့ဖူးသည်။ ထိုထိုသို့သော စာအုပ်များတွင် အရူး(ဝါ) လူမိုက်သည် အမှားတွေ့တိုင်း သူတပါးကို အပြစ်တင်သည်။ လူတော်သည် အမှားတွေ့တိုင်း မိမိကိုယ်ကို အပြစ်တင်သည်။ ပညာရှိမူကား အမှားကို တွေ့သည့်အခါ မည်သူ့ကိုမှ အပြစ်မတင်တော့ ဟုပါသည်။ တကယ်တမ်း တက်ကျမ်းဟူသည် စာရေးသည့်သူကိုသာ ကျိကျိတက် ချမ်းသာစေကောင်း ချမ်းသာစေနိုင်မည် ဖြစ်သော်လည်း တက်ကျမ်းကြောင့် စာဖတ်သည့်သူ ပြောင်းလဲသွားသည်ဟူ၍ကား မရှိပေ။ သင့်ဘဝကို ပြောင်းလဲစေမည့် စာအုပ်ဆိုသည့် ပိုစ့်တွင်မူ လူတယောက်ကို တက်ကျမ်းတစောင်က ပြောင်းလဲစေခဲ့ဖူးကြောင်း ရေးဖူး၏။ ထိုသူမှာ ထိုစာအုပ်တအုပ်ကိုသာ ဖတ်ဖူးခဲ့သည်ဟု ထိုပိုစ့်တွင် ရေးဖူးသည့်အတိုင်း မည်သည့်စာအုပ်ကိုမှ မဖတ်ဖူးဘဲ တက်ကျမ်းတအုပ်လောက်ကိုသာ ဖတ်ဖူးလျင်မူကား အဟုတ်ကြီးထင်ကာ ပြောင်းလဲကောင်း ပြောင်းလဲမည်။ တက်ကျမ်းဖတ်၍ ပြောင်းလဲသွားသည်ဟူ၍ကား ဤကမ္ဘာတွင် မရှိနိုင်ပေ။ မပြောင်းလဲဟု တထစ်ချ ပြောရန်ကား မသင့်။ ထိုတက်ကျမ်းဘုတ်အုပ်တွင် ယောဂကျင့်ပါဟု ပါလာခဲ့သည် ဆိုပါစို့။ ထိုသူသည် တပတ်ခန့်မျှ ယောဂကျင့်ကောင်း ကျင့်မည်။ အလွန်ဆုံးကျင့်ပါက တလလောက်သာရှိမည်။ ပြီးလျင် ထိုတက်ကျမ်းပါ အကြောင်းအရာများကို အလကားဟုသာ တွေးပြီး မကျင့်တော့ပါ။ ဤကား တက်ကျမ်းကို အလွန်ဆုံးလိုက်နာကြသည့် လူတို့၏ မူလပကတိစိတ်ပင်တည်း။ တက်ကျမ်းကိုဖတ်၍ ပြောင်းလဲစတမ်းဆိုလျင် ကျွန်ုပ်ပြောင်းလဲနေသည်မှာ ကြာပြီ။ ကျွန်ုပ်သည် လူမှုဆက်ဆံရေးပိုင်းတွင် ဒေါသကြီးသူ ဖြစ်၏။ ရိုင်းရိုင်းစိုင်းစိုင်း ရမ်းကားတတ်သူ ဖြစ်၏။ အော်ငေါက်တတ်သူ ဖြစ်၏။ စိတ်မပါလျင် မည်မျှ အရေးပါသည်ဖြစ်စေ၊ မည်မျှအရေးကြီးသည်ဖြစ်စေ မည်သူ့ကိုမှ သောက်ဖက်လုပ်ပြီး စကားမပြော။ တက်ကျမ်း အစောင်စောင် ဖတ်ဖူးခဲ့သော ကျွန်ုပ်၏ လူမှုဆက်ဆံရေးမှာ ယခုထိ မြန်မာနိုင်ငံ၏ စာမေးပွဲစနစ်အတိုင်း ၏သည်မလွဲအရှိအတိုင်း ရှိနေတုန်းဖြစ်ပါသည်။ ↑
တက်ကျမ်းကြောင့် မပြောင်းလဲသေးသော အရာတခုလည်း ရှိသေး၏။ ကျွန်ုပ်သည် မွေးရာပါ နှလုံးရောဂါရှိသူဖြစ်သည်။ ကျွန်ုပ် အသက် ၂၅ နှစ်အရွယ်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဆေးရုံတက်ခဲ့ရသည်။ ဆေးရုံတက်ရသည့် အကြောင်းမှာ ကျွန်ုပ်၏ နှလုံးမှာ အတော်အောင့်၍ အသက်ရှူရကြပ်နေရာ သံဃာ့ဆေးရုံတာဝန်ကျ အထွေထွေ ဆရာဝန်တဦး၏ ကြိုးစားပေးမှုဖြင့် Echo ရိုက်ရန်ဖြစ်သည်။ သို့နှင့် တလခန့်စောင့်ပြီးသော တနေ့တွင် Echo ရိုက်ခွင့်ရသည်။ အက်ကိုးရိုက်ရန် အခန်းတွင်းသို့ ဝင်လိုက်ချိန် တာဝန်ကျ အကူသူနာပြုမ တဦးပြောသော စကားတခွန်းကိုပင် ခုထိ မမေ့တတ်သေး။ ကျွန်ုပ်အား ခေါ်လာသည့် ဆရာဝန်ကို ဆီး၍မေးသည်။ ဖိုးစီလား တဲ့။ Free of Charge ကို FOC ဟု အတိုကောက်ခေါ်သည်။ FOC ကို FOC ဟု မပြောဘဲ ဖိုးစီဟုပြောသည်။ သူမ၏ လေသံတွင် ပိုက်ဆံမရတော့ဘူးပေါ့ဆိုသည့် အရိပ်အယောင်များပါသည်။ ပြောလည်း ပြောလောက်ပါသည်။ ၂၀၀၀ ခုနှစ်အတွက် ငွေငါးသိန်းမှာ နည်းမှမနည်းပဲကိုး။ သို့သော် ကျေးဇူးတင်ပါသည်။ ထိုသူနာပြုနှင့် တာဝန်ကျ ဆရာဝန်မကြီးတို့၏ ကြိုးစားမှုဖြင့် ကျွန်ုပ်ထံတွင်ရှိသော နှလုံးရောဂါသည် နှလုံးသွေးလွတ်ခန်းနံရံတွင် အပေါက်ဖြစ်နေကြောင်း သိခဲ့ရသည်။ ဆေးပညာအရအခေါ်အဝေါ်မှာ Ventricular Septal Defect (VSD) ဟုခေါ်သည်။ VSD ဖြစ်သော်လည်း ကျွန်ုပ်၏ ဆေးရုံတက်မှတ်တမ်းစာအုပ်တွင် ထို VSD ၏ရှေ့၌ Small ဟုပါသည်။ ထိုအချက်က ကျွန်ုပ်အား မင်းကြိုက်သလိုနေဟု ပြောနေသကဲ့သို့ ဖြစ်စေခဲ့သည်ကား အမှန်။ ငယ်စဉ်က ဖြစ်ရပ်များကို ပြောလက်စဖြစ်သဖြင့် တက်ကျမ်းဖြင့် မကုစားနိုင်ခဲ့သော ကျွန်ုပ်၏ ငြိုးတေးတတ် စိတ်ပျက်တတ်သော ညံ့ညံ့ဖျင်းဖျင်း စိတ်ဓာတ်ကလေးကို ဤအချင်းဖြင့် တွဲ၍ပြဦးအံ့။ ကျွန်ုပ်၏ ရောဂါအမည်ကို သိရသောအခါ သံဃာဆောင်ဆရာဝန်၏ ညွှန်ကြားစာဖြင့် မန္တလေးဆေးရုံကြီးတွင် နှလုံးအထူးခွဲစိတ်ဝပ်တခု ရရှိအောင် သူကြိုးစားခဲ့သည်ဆိုသော စာဖတ်သူကြီး၏ဇနီးနှင့် တူတော်စပ်သူဖြစ်သည့် နှလုံးအထူးခွဲစိတ်ဆရာဝန် ဒေါက်တာခွန်စိုးမိုးထံ ရောက်ခဲ့သည်။ မန္တလေးဆေးရုံတွင် တက်၍ Echo ရိုက်ရန် စောင့်ခဲ့ရသော တလအတွင်း ကျွန်ုပ်အား ECG လုံးဝမဆွဲခဲ့ပါ။ မဆွဲမှန်းလည်း ကျွန်ုပ်ကောင်းကောင်း သိပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်နှင့် အတူတက်ရသော သံဃာများသည် နှလုံးရောဂါရှိသူများ ဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုအီးစီဂျီအဆွဲမခံခဲ့ရသော ပြဿနာသည် ကျွန်ုပ်၏ ဆေးရုံမှတ်တမ်းစာအုပ်နှင့် အတူပါသော စာရွက်စာတမ်း ဓာတ်မှန်စသည်များကို စားပွဲပေါ် ပစ်ချခြင်း ခံရသည်။ တွေ့ဆုံဆွေးနွေးခွင့်ရသည့် ဆယ်မိနစ်အတွင်း ပြင်းပြင်းထန်ထန် ဆူငေါက်ခံရသည်။ လူနာ၏ ပေါ့လျော့မှုကို ဆရာဝန်တဦးအနေဖြင့် ဆူငေါက်သင့်သည်မှာ တရားကျသော နည်းလမ်းဖြစ်ပါ၏။ သို့သော် ကျွန်ုပ်ဘက်မှ အီးစီဂျီမဆွဲခဲ့ကြောင်းကို အတန်တန်ပြောပါလျက် မယုံကြည်ပေးဘဲ ဆူရန်သာ အားစိုက်နေသော ထိုဆရာဝန်အား အံ့ဩမိသည်ကတော့ အမှန်ပင်။ ထို့နောက် ထိုဆရာဝန်ပေးသော တလအကြာ ရက်ချိန်းကို ကျွန်ုပ်မသွားတော့။ ဤသို့ဖြင့် ကျွန်ုပ်တွင် မွေးရာပါနှလုံးရောဂါဖြင့် အသက် ၄၀ တွင် ဆေးရုံထပ်မံတက်ရပါတော့သည်။ ကျွန်ုပ်သာ တက်ကျမ်းများကို လိုက်နာပါက ထိုတက်ကျမ်းပါ အကြောင်းအရာများကို လိုက်နာပြီး ဆေးရုံကို ထပ်တက်ရန် လိုမည်မဟုတ်ပါ။ ဆေးလိပ်မသောက်၊ မူးယစ်ဆေးဝါး မသုံး၊ လက်သုပ်ချဉ်မစား၊ ညဉ့်နက်အောင် မနေ၊ သင့်လျှော်သော နေထိုင်နည်းများဖြင့် နေထိုင်နေမည်ဖြစ်၏။ သို့သော် တခုမှ မလုပ်ပါ။ ဆောင်ရန်လည်း မဆောင်သကဲ့သို့ ရှောင်ရန်လည်း မရှောင်ပါ။ ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ကျွန်ုပ်ကိုယ်တိုင်ရေးခဲ့သော ဒါမျိုးတွေက လွယ်ပါတယ်ဆိုသည့် တက်ကျမ်းပိုစ့်အပုဒ် ၂၀ ကို မလေးစားရာကျသလိုလိုပင် ဖြစ်သေးတော့၏။ ထိုကျွန်ုပ်ကိုယ်တိုင်ရေးသော တက်ကျမ်းအကြောင်းကို ဖွင့်ချရလျင် ပင်းထရက်တွင်ရှိသော ပုံများထဲက စာများကို အကျယ်ချဲ့ခဲ့ခြင်းသာ ဖြစ်ပါသည်။ ကျွန်ုပ်အနေဖြင့် တက်ကျမ်းကို ရေးခဲ့ရုံသာမက အများကြီးလည်း ဖတ်ခဲ့ပါသည်။ ↑
ကျွန်ုပ်ဖတ်ခဲ့သော တက်ကျမ်းများမှာ ဖတ်သင့်ပါသည်၊ သမ္မာကျမ်းစာအုပ်ပြီးလျင် ဤစာအုပ်သည် ရောင်းအားအကောင်းဆုံးဟု စာအုပ်တိုက်မှ ပြောကြသော စာအုပ်များဖြစ်သည်။ ထိုစာအုပ်များမှာ ဦးနု (၁၉၀၇-၁၉၉၅)၏ မိတ္တဗလဋီကာ၊ ဆရာကြီးမြသန်းတင့် (၁၉၂၉-၁၉၉၈) ၏ လူလေးသို့ပေးစာများနှင့် ဘဝနေနည်းအနုပညာ၊ ဆရာကြီးပါရဂူ (၁၉၂၁-၂၀၁၁) ရေးသားသော နေရူး၏ သမီးထံပေးစာ၊ ဟိတောပဒေသနှင့် ဧကံသမယံ။ ဆရာကြီးတက်တိုး(၁၉၁၃-၂၀၀၃)၏ သောကကင်းဝေးနေနိုင်ရေး၊ ဆရာကြီးရွှေဥဒေါင်း (၁၈၈၉-၁၉၇၃) ၏ အကြံဉာဏ်ဖြင့် ကြီးပွားရေး၊ ဆရာကြီးကျော်ဝင်း (၁၉၅၂-လက်ရှိ) ရေးသားသော ၂၁ ရာစုသားရွှေဥ၊ မြတ်ငြိမ်း (၁၉၃၉-လက်ရှိ)၏ ဖေဖေပေးခဲ့မယ့်အမွေ၊ ဖေမြင့် (၁၉၄၉-လက်ရှိ)၏ နှလုံးသားအာဟာရ၊ The Best အင်္ဂလိပ်မဂ္ဂဇင်းပဲ့ကိုင်ရှင် ဆရာကောင်းသန့်၏ သမီးလေးဖတ်ဖို့၊ အတ္တကျော် (ခ) ဆူဒိုနင်(၁၉၅၇-၂၀၂၀)၏ နေပျော်တဲ့ဘဝ ကြည်မြတဲ့ဘဝင် ရွှင်လန်းတဲ့စိတ်နှင့် သားငယ်တို့နားလည်ဖို့၊ ချမ်းမြေ့ဝင်း (၁၉၈၅-လက်ရှိ) ၏ ဂရုမစိုက်ခြင်း အနုပညာ၊ချစ်နိုင်၏ ချစ်လို့ပြောတယ်မှတ်ပါဆိုသော တက်ကျမ်းများဖြစ်သည်။ နန္ဒသိန်းဇံ (၁၉၄၉-လက်ရှိ) စာအုပ်များကို မကြိုက်သဖြင့် မဖတ်ခဲ့။ ဖတ်ခဲ့သောစာအုပ်မှ စာများကိုကား အလွတ်ပင် ရွတ်ပြနိုင်သည်လား မပြောတတ်။ ကျွန်ုပ်မူကား တလေမှပင်တခါ၊ မကျင့်ကြံခဲ့သည်မှာ မောင်သိန်းဇော်(၁၉၅၉-ယနေ့)၏ ဥစ္စာရူးကဗျာထဲမှ စာသားတခုအတိုင်းပြောရလျင် မှန်တာပြောသစ္စာ ဖြစ်ပါသည်။ လက်သစ်တက်ကျမ်းများဖြစ်သည့် ဂရုမစိုက်ခြင်း အနုပညာမှစပြီး ဦးထုပ်ခြောက်လုံးနှင့် သစ်စေ့ခုနှစ်စေ့၊ ထီးရှစ်ချောင်း၊ ဖိနပ်ကိုးရံတို့ပင်မက အမျိုးသမီးစာရေးဆရာမများပင် ပါသေး၏။ ↑
အေဒီ ၁၀၅ ခုနှစ်တွင် စက္ကူကိုတီထွင်မိသော တရုတ်နန်းတွင်း မူးမတ်တဦးမှာ ဤသို့သော တက်ကျမ်းများဖြင့် သစ်များဝါးများ ပြုန်းတီးမည့်အရေးကို သိခဲ့လျင်တော့ တမလွန်မှ ပြန်လာပြီး ရင်ဘတ်စည်တီးလောက်ပါသည်။ သို့သော် သူ့တီထွင်မှုကား ရပ်၍မရတော့။ ယခုအခါ စက္ကူဖြင့် စာအုပ်အများအပြား ပေါ်ခဲ့ပေပြီ။ ထိုစာအုပ်များထဲမှ တက်ကျမ်းတို့ကြောင့်ပင် လူတို့အား စာမတတ်လျင် လူညံ့ဖြစ်မည်၊ စာမဖတ်လျင် လူဖျင်းဖြစ်မည်ဆိုသည့် ဆုံးမစကားဖြင့် လူသားတို့၏ ဦးကိုချိုးခဲ့သည်။ ထိုဆုံးမစကားကို အသုံးပြု၍ လူအများတို့ လူညံ့လူဖျင်းဖြစ်မသွားစေရန် ကြီးမားသော ဝေဒနာ စေတနာဖြင့် ငွေရှင်ကြေးရှင်များနှင့် စာရူးပေရူးများက စာအုပ်များကို ထုတ်လုပ်ပါတော့သည်။ စစ်ဗျူဟာကျမ်းနှင့် ဆေးကျမ်းများ၊ ရူပဗေဒကျမ်းနှင့် ဆောက်လုပ်ရေးကျမ်းများ၊ ဓာတုဗေဒကျမ်းနှင့် ဒေသနာကျမ်းများစသည်များ အပြင် ပါမောက္ခတဦးသာဖတ်သည့် ကျောင်းသားတဦးရေးသောစာအုပ်နှင့် သမ္မာကျမ်းစာအုပ်စသည့် စာအုပ်အထိ မရေအတွက်နိုင်သော စာအုပ်များဖြင့် ဤကမ္ဘာကို မီးပုံရှို့လို့ရသည်အထိ ဖြစ်လာသည်။ စာအုပ်၏ ဦးတည်ချက်များ အမျိုးမျိုးကွဲပြားမှုအရ စစ်ဗျူဟာကျမ်းဖြင့် လူသတ်ကြရပြီး မသေမရှင်ဖြစ်နေလျင် ဆေးကျမ်းဖြင့် ဆေးကုကြရသည်။ ရူပဗေဒကျမ်းဖြင့် အနုမြူဗုံးများ တီထွင်၍ မြို့ရွာများကို ဖျက်ဆီးရပြီး ဆောက်လုပ်ရေးကျမ်းဖြင့် မြို့ရွာများ တည်ထောင်ကြရသည်။ ဓာတုဗေဒကျမ်းဖြင့် မြေဖြိုစီမံကိန်းများ တီထွင်ရပြီး ဒေသနာကျမ်းများဖြင့် ငြိမ်းအေးစေရသည်။ သို့သော်လည်း ထိုကျမ်းများဖြင့် စာရေးသူများ တိုးတက်သွားပါသည်။ ထိုကဲ့သို့ အကျိုးရှိဟန်ဆောင်ခဲ့သော စက္ကူဖြင့် ပြုလုပ်ထားသော စာအုပ်များထဲမှ ထက်ထက်ထွန်း၏ စိတ်ရဲ့ငြိမ်သက်ခြင်းနှင့် စာအုပ်နှင့် နိုင်းနိုင်းစနေ၏ ကျွန်မဖတ်ဖို့စာအုပ်တို့ပါသည်။ တက်ကျမ်းဖတ်၍ အကျိုးမရှိဟု ဆိုသော်လည်း ထိုအမျိုးသမီးနှစ်ဦးရေးကြသည့်အတိုင်း ကျမဖတ်ဖို့ဆိုသကဲ့သို့ ဤပိုစ့်ကို ကျွန်ုပ်လေ့လာဖို့အတွက် ရေးခဲ့ခြင်းသာ ဖြစ်ပါသည်။ မိမိမှာ ဘာသာရေးနှင့် ယှက်နွယ်နေသည့် ပုဂ္ဂိုလည်းဖြစ် လက်ရှိကမ္ဘာကြီးတွင် ဘာသာရေးအခြေအနေကလည်း ပြောင်းလဲ၊ မြန်မာနိုင်ငံရှိ ထေရ်ကြီးဝါကြီးများ၏ရပ်တည်မှု အကျိုးဆက်များကိုလည်း စနည်းနာလိုသဖြင့် လေ့လာလိုက်ရေးလိုက် လုပ်ခဲ့ခြင်းဖြစ်သည်။ ဤသို့ဖြစ်ရသည်မှာ ကျွန်ုပ်၏ မလိုက်နာစဖူး ထပ်၍လိုက်နာမိသော တက်ကျမ်းတခု၏ အဆိုအမိန့်တခုကြောင့် ဖြစ်ပါသည်။ ထိုအဆိုအမိန့်ကာား “ကျွန်တော်ဆက်ရေးချင်သောဝတ္ထုများ”တို့ “အကြိုက်ဆုံးဝတ္ထုတိုသုံးသပ်ချက်များ”တို့ကို ရေးသားခဲ့သည့် အလင်္ကာကျော်စွာဘွဲ့ရ စာရေးဆရာကြီး ဦးအောင်သင်း (၁၉၂၇-၂၀၁၄) ပြောခဲ့သောစကား ဖြစ်ပါသည်။ လူငယ်တို့ အနာဂတ်တောက်ပချင်လျင် ရွှေချပါစကားတော့မဟုတ်။ သူ၏ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့စာအုပ် အဖုံးအတွင်းဘက်တွင်ပါသော စကားဖြစ်ပါသည်။ အတိအကျမမှတ်မိ။ သုံးကြောင်းရှိသော်လည်း ကျွန်ုပ် နှစ်ကြောင်းသာ မှတ်မိပါသည်။ ထိုမှတ်မိသည့် နှစ်ကြောင်းကား “သိလိုလျင်စာဖတ်ပါ၊ တတ်လိုလျင်စာရေးပါ”ဟု အဓိပ္ပါယ်ရသောစာကြောင်း နှစ်ကြောင်းဖြစ်ပါသည်။ ထိုတက်စာကို ဖတ်မိ၍ ဤပိုစ့်များကို ဖန်တီးမိခဲ့ပါသည်။ သို့သော် ယခု မျက်စိလည်ပြီ။ မျက်စိလည်ရသည်ကို အရူး(သို့) လူမိုက်နည်းအတိုင်း ပြောရလျင် ကမ္ဘာပေါ်ရှိ ဘလော့ပေါင်း ၂၆၃ သန်း အပါအဝင် ဝက်ဆိုက်ပေါင်း သန်းနှစ်ထောင်ကျော်တို့ကြောင့် ဖြစ်ရပါသည်။ အချို့ကလည်း သန်းကိုးရာကျော်ဟု ဆို၏။ မည်သို့ဆိုစေ ကျွန်ုပ်မျက်စိလည်ရခြင်းသည် ထိုဝက်ဆိုက်များထဲမှ ဂူးဂဲနိုင်သော ဘလော့နှင့် ဝက်ဆိုက်ပေါင်းက ၈၀ ရာခိုင်နှုန်းကြောင့် ဆိုလျင်လည်း မမှားပေ။ သူတို့ကြောင့် ကျွန်ုပ်မျက်စိလည်ရခြင်း ဖြစ်ပါကြောင်း သေချာပြောဝံ့ပါ၏။ မျက်စိလည်နေပုံမှာလည်း မန္တလေးလည်နည်းကားဖြင့် မဟုတ်။ ရန်ကုန်လည်နည်းဖြင့် ဖြစ်နေသည်။ ↑
ကတ္တီပါလမ်းခွဲမှာလား ကြိုးဝိုင်းထဲမှာလား
ကျွန်ုပ်ရန်ကုန်ရောက်တိုင်း မျက်စိလည်နေသည်ကို မသိကြသော ရင်းနှီးသည့်မိတ်ဆွေများက အောင်မင်္ဂလာကနေ အပြင်ထွက်လာပြီး လိုင်းကားစီးလိုက်ရင် ပိုလွယ်တယ် ပိုက်ဆံကုန်လည်း သက်သာတာပေါ့ဟု ပြောကြသည်။ သကောင့်သားဒီမောင် အကျွန်ုပ်အတွက် အောင်မင်္ဂလာကားကြီးကွင်း၏ ထွက်ပေါက်သည် မည်သည့်အရပ် မည်သည့်ဒေသတွင် ရှိမှန်းမသိ။ သွားတည်းခိုမည့်နေရာသို့ စောစောစီးစီးမရောက်လိုသဖြင့် လက်ဘက်ရည်ဆိုင်တွင် အချိန်ဖြုန်းရင်း အနီးတွင် လာမေးသော တက္ကစီသမားနောက်ကို လိုက်ခဲ့သည်ကများသည်။ အောင်မင်္ဂလာမှ မြို့တွင်းသို့ ဝင်သွားသောလမ်းသည် ကျွန်ုပ်အတွက် အရှေ့ဘက်သို့ဖြစ်တတ်သကဲ့သို့ အနောက်ဘက်သို့လည်း ဖြစ်တတ်သည်။ တောင်ဘက်သို့ ဖြစ်တတ်သည့်နည်းတူ မြောက်ဘက်သို့လည်း ဖြစ်သွားတတ်ပါသည်။ ထိုအောင်မင်္ဂလာမှ ရန်ကုန်မြို့ထဲ လာသကဲ့သို့ အမောင်တောင်မှန်း မြောက်မှန်းမသိသော ကျွန်ုပ်သည် ဤပိုစ့်စီးရီးကိုလည်း ဘူမသိကိုးမသိဖြစ်လေပြီ။ ပိုစ့်အစ၌ သုံးပုဒ်လောက်ဖြစ်သွားမည်ဟု ထင်ခဲ့သည်။ ရေးရင်း ခုနှစ်ပိုစ့် ဖြစ်လာပြီ။ အခုပိုစ့်အပေါ် မနိုင်မနင်းဖြစ်လာသည်။ မြန်မာစကားပုံ တခုနှင့် နှိုင်းပြမည်လုပ်တော့ မှတ်မိနေသည့် ထိုစကားပုံက ရိုင်းနေသဖြင့် မနှိုင်းတော့။ သူများကို မလေးစားချင်နေ ကိုယ့်ဘာသာကိုယ်တော့ လေးစားမှ ဖြစ်မည်။ မိမိအား လေးစားသည့်သူ ဤကမ္ဘာလောကတွင် တယောက်လောက်တော့ ထားဦးမှဖြစ်မည်။ မိမိအား လေးစားသည့်သူ မိမိရှိနေသော်လည်း ကမ္ဘာပေါ်၌ လူပေါင်း သန်းပေါင်းခုနှစ်ထောင့်လေးရာ ရှိနေသည်။ ကျွန်ုပ်ဖတ်ဖို့ ကျွန်ုပ်ရေးသော်လည်း တဦးသောတယောက်တလေသည် သန်းနှစ်ထောင်ကျော်ဝက်ဆိုက်များထဲမှ ဤဝက်ဆိုက်သို့ ရောက်ခဲ့လျင် သကောင့်သားဒီမောင် ဘာတွေရေးနေတာလဲကွာဟု အပြစ်မဆိုဘဲ နားလည်နိုင်ရန် ဤပိုစ့်မှသည် တချိန်က ခေတ်စားခဲ့သည့် ကတ္တီပါလမ်းခွဲနည်းဖြင့် လမ်းခွဲ၍ ရေးခဲ့ကြောင်းလည်း အာမဘန္တေလိုသေးသည်။ ↑
ကတ္တီပါလမ်းခွဲဆိုသော ဝေါဟာရကို တခေတ်တခါက လူအတော်များများ ရင်းနှီးခဲ့ဖူးပါသည်။ တခေတ်တခါ ဆိုသည်မှာကား ကျွန်ုပ်မဂ္ဂဇင်းများကို ဖတ်တတ်သည့် ၂၀ ရာစု မကုန်ခင်ကလေးနှင့် ကုန်ပြီးစအချိန် ဖြစ်သည်။ ထိုအချိန်၌ မဂ္ဂဇင်းစာမျက်နှာ အတော်များများတွင် ထိုဝေါဟာရအား မထည့်မိသည့်မဂ္ဂဇင်းမှာ အငှါးမလိုက်သည့်မဂ္ဂဇင်း ဖြစ်ရချိန်လည်း ဖြစ်ပါသည်။ ဇော်ဇော်အောင် (၁၉၃၇-၂၀၁၆)၊ တာရာမင်းဝေ (၁၉၆၆-၂၀၀၇)စသူတို့ ရှိသေးသည့်အပြင် ဟိန်းလတ်၊ မောင်သင်းခိုင်နှင့် လှကျော်နေတို့၏ မောင်ချောနွယ်(၁၉၄၉-၂၀၀၂)နှင့် အင်တာဗျူးကလည်း စာပေလောက၏ အနုမြူဗုံးပေါက်ကွဲမှုကြီး ဖြစ်နေချိန် ဖြစ်မည်ဟု ထင်ပါ၏။ တကယ်တမ်း ထိုကတ္တီပါလမ်းခွဲဖို့ စတည်သည်မှာ နေဝင်းအာဏာမသိမ်းခင် ကတည်းက စခဲ့ခြင်းဖြစ်ပါသည်။ အာဏာသိမ်းလိုက်တော့ အနည်းငယ် ငုပ်လျှိုးသွားသည်။ ပြဿနာအစက “သရက်ပွင့်တို့၊ နီကျင့်ဝါဝါ၊ ကြွေရင့်ဖွာကျ၊ လွင့်ကာရှပ်ရှပ်၊ ရေကမ်းစပ်သို့၊ ပြေးကပ်တော့မည်၊ ပင်လယ်ဆီသို့၊ တဟီဟီဆိုတဲ့ ကျွန်းကလေးလေ။ အို ဘယ်ကြည့်ကြည့်၊ ဝင်းမှည့်ငိုက်ယွန်း၊ နေရောင်ထွန်း၍၊ ရွက်ပွန်းထိယှက်၊ သရက်ရွက်တို့၊ ပြိုးပြက်နီနီ၊ ဂိုဂင်နီနှင့်၊ တဟီဟီဆိုတဲ့ ကျွန်းကလေးလေ။ အဲသည်ကျွန်းမှာ၊ မိန့်ခွန်းမြွက်ကြား၊ တရားဟောသံ၊ နိုင်ငံရေးလည်း မရှိဘူး”စသည့် ဒဂုန်တာရာ(၁၉၁၉-၂၀၁၇)၏ တဟီဟီသွားရအောင်ဆိုသော ကဗျာတို့ စသည်တို့ နာမည်ကျော်နေသောအချိန်တွင် “ခလုတ်ကလေးနှိပ်လိုက်ရင်၊ တိပ်ကြိုးခွေက သီချင်းထွက်လာမယ်၊ မင်းလက်ကလေးကို ကိုင်ချင်စမ်းလှတယ်။ စက်ရုပ်လို၊ မလှုပ်ရှားချင်ပါဘူး၊ မုသားနိုင်ငံမှာ၊ အပြန်တရာသေပါစေ၊ အမှန်အတွက် တိုက်ပွဲဝင်မယ်” ဆိုသော မောင်ချောနွယ်၏ ရေခဲပန်းနု၏ ကဗျာတို့ ပေါ်လာခဲ့သည်။ ဒဂုန်တာရာက စကားပြေများဖြင့် ကဗျာကိုမဖျက်သင့်ဟုပြောသည်။ မောင်ချောနွယ်တို့က မော်ဒန်ကဗျာကို နားမလည်ရကောင်းလားဟု ပြန်ရန်ဖြစ်သည်။ ဇော်ဇော်အောင်က ဆရာစိန်ခေါ်လျင် တိမ်ပေါ်ထိတက်မည်ဟု ပြောလိုက်ပြန်သည်။ ထိုအခါ စာရေးဆရာတို့မှာ ၁၉၂၃ ခုနှစ်က နိုင်ငံရေးသမားများ ခွဲရေးတွဲရေး အကွဲအပြဲကဲ့သို့ ကွဲခဲ့ဖူးသည်။ စာရေးဆရာများသည် ၁၉၄၀ တွင်တကြိမ်၊ ၁၉၆၀ တွင်တကြိမ်ကွဲပြီး ၂၀ ရာစုအကုန်တွင် တကြိမ်ထပ်၍ အုပ်စုနှစ်စုကွဲရပြန်သည်။ ဇာတ်လမ်းမှာ ဇော် (ပျဉ်းမနား)(?-၂၀၀၀)က ကတ္တီပါလမ်းခွဲဆိုသည့်ဆောင်းပါးဖြင့် လေးလုံးစပ်ကဗျာ၊ ခေတ်စမ်းကဗျာနှင့် မော်ဒန်ကဗျာတို့ ပြဿနာကို ပြန်ဖော်လိုက်ရာကစသည်။ ကျွန်ုပင် ဇော်ဇော်အောင်ရေးသည့် ပိုစ့်မော်ဒန်သီဝရီဆိုသည့်စာအုပ်၊ ဟိန်းလတ်(၁၉၄၈-ယနေ့)၏ သိစိတ်စီးကြောင်း ဖြစ်တည်မှုသစ်နှင့် ပဉ္စလက်သရုပ်မှန်စသည့်စာအုပ်တို့ကို တပါဒမျှပင် နားမလည်ငြား ဝယ်ဖတ်လိုက်မိသေးသည်။ ထိုအချိန်၌ စာပေလောကသည် တဦးအပေါ်တဦး ကောင်းစေလိုသည့် သဘောဖြင့် မဝေဖန်ကြတော့ဘဲ မဂ္ဂဇင်းကြိုးဝိုင်းပေါ် တက်၍ ကတ္တီပါလမ်းခွဲ ဆင်နွဲကြပါတော့သည်။ ထိုကတ္တီပါလမ်းခွဲပွဲကြီး ကျင်းပနေချိန်နှင့် ကျွန်ုပ်မဂ္ဂဇင်းများကို သူများ အထင်ကြီးလိုကြီးငြား ဖတ်နေသည့်အချိန်နှင့် တိုက်ဆိုင်သွားသဖြင့် ထိုဝေါဟာရကို ရင်းနှီးသွားခြင်း ဖြစ်၏။ ၂၀ ရာစုအကူးအပြောင်း ကာလအတွင်း မီးဟုန်းဟုန်းတောက်ခဲ့သော ထိုဝေါဟာရသည်ကား ယခုအခါ လူတွေ သိပ်မသုံးတော့။ အခြားဘန်းစကားများ ခေတ်ထသွားချိန် ထိုစကားလုံးက အသက်ခပ်ကြီးကြီး စာလိုလိုပေလိုလို လူများသာ ထိုစကားလုံးကို သိတော့သည်။ ၂၀၁၂ ဝန်းကျင်တုန်းက နိုင်ငံရေးလောကတွင် ထိုစကားကို ခဏတွေ့ရသည်။ ထို့နောက် ကျွန်ုပ်၏မြင်ကွင်းတွင် ပျောက်သွားပါသည်။ အခြားသူများသုံးလျင် သုံးဦးမည်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်၏မြင်ကွင်းမှ ပျောက်သွားသည်ဟုသာ ဆိုပါသည်။ ထိုကတ္တီပါလမ်းခွဲဆိုသည်ကို ယခုခေတ်လူငယ်များကို မေးလျင်မူကား မျိုးကြီးသီချင်းဟုသာ ဖြေကြမည်ထင်ပါသည်။ ထိုကဲ့သို့ ဖြေနိုင်သူများကလည်း ၉၀ ခုဖွား များလောက်သာ ဖြစ်ပါမည်။ တကယ်တမ်း ကတ္တီပါလမ်းခွဲဆိုသည့် စကားကလည်း ချက်လူမျိုးနှင့် စလိုဗက်လူမျိုးနှစ်မျိုးတို့ ရောနှောနေထိုင်ခဲ့ကြသော ချက်ကိုစလိုဗေးကီးယားဆိုသည့် နိုင်ငံတနိုင်ငံတည်းမှ လူမျိုးအလိုက် ချက်နှင့် စလိုဗေးကီးယားဟု နှစ်နိုင်ငံကွဲခဲ့ရသည့် ကတ္တီပါတော်လှန်ရေးကြောင့် ထိုနှစ်နိုင်ငံကွဲသွားခြင်းကို ကတ္တီပါလမ်းခွဲဟု တင်စားရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ၎င်းအပြင် ထိုအဖြစ်အပျက် ဖြစ်ပေါ်ချိန်မှာ ၁၉၉၂ ခုနှစ်တွင်ဖြစ်၍ ၉၀ ဖွားများသာ သိကြသည်ဆိုသည်မှာတော့ မဆန်းပေ။ ဤရွှေပြည်ကြီးတွင် ထိုဝေါဟာရကို သုံးနှုန်းကြချိန်၌ ကတ္တီပါလမ်းခွဲနှင့် စာပေကြိုးဝိုင်းဟု တွဲသုံးခဲ့သည်။ ကျွန်ုပ်ကား ထိုကြိုးဝိုင်းဆိုသည့် စကားကို ထားခဲ့မည်။ ကျွန်ုပ်ရေးသော လွတ်လပ်စွာတွေးခေါ်သူများ ပိုစ့်တွဲကို ယနေ့မှစ၍ ကတ္တီပါလမ်းခွဲပါတော့မည်။ ↑
ဘလော့၊ ဆိုရှယ်မီဒီယာ၊ ၂၁ ရာစုနှင့် ဒန်မြန်မာ
စိုးရိမ်မိသည့် အကြောင်းအရာများ ရှိသည်။ Siri စနစ်ကို ၂၀၁၁ အောက်တိုဘာလတွင် စတင်ခဲ့သည်။ Gmail အလိုအလျောက် စာပြန်သည့်စနစ်ကို ၂၀၁၂ ခုနှစ်တွင် ထည့်သွင်းခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်နိုင်ခြင်းမှာ ဉာဏ်ရည်တုဟုခေါ်ဆိုကြသည့် AI ကြောင့်ဖြစ်သည်။ ၂၀၂၂ ဒီဇင်ဘာလ ဒုတိယပတ်တွင် မိမိဖန်တီးလိုသည့် ဖုန်းဆော့ဝဲလ်တခုအား အလိုအလျောက်ရေးပေးတော့မည့် Generative AI (ChatGPT) ကို တီထွင်နိုင်ခဲ့ပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် လူသုံးအများဆုံးဝက်ဆိုက်များမှာ ရှာဖွေရေးဝက်ဆိုက်၊ လူမှုကွန်ယက်ဝက်ဆိုက်၊ ရုပ်ရှင်ဝက်ဆိုက်၊ ဈေးဝယ်ဝက်ဆိုက်နှင့် သတင်းဝက်ဆိုက်များဖြစ်သည်။ ဤကဲ့သို့ ခေတ်ကာလမျိုုးတွင် ကျွန်ုပ်စိုးရိမ်သည်မှာ မည်သည့်အကြောင်းအရာကိုမဆို Ai က အကုန်အစင် ဖြေရှင်းပေးတော့မည်ဖြစ်သည်။ ထို့နောက် လူသုံးအများဆုံး ဝက်ဆိုက်ပေါင်းများအပြင် ပညာရေးဝက်ဆိုက်၊ ဖျော်ဖြေရေးဝက်ဆိုက်၊ စီးပွားရေးဝက်ဆိုက်၊ ကူးသန်းရောင်းဝယ်ရေးဝက်ဆိုက်၊ ဂိမ်းဝက်ဆိုက်၊ အုပ်စုများဝက်ဆိုက်နှင့် နိုင်ငံပိုင်ဝက်ဆိုက်များကလည်း ပြည့်နှက်နေသည်။ ဤအနေအထားများ၏ ကြားထဲမှ ဘလော့ကို လူတို့အသုံးပြုသေးသလား။ စိတ်ဝင်စားသေးသလားဆိုသည့် အချက်ဖြစ်ပါသည်။ ဒန်ပြည်ကြီးတွင်တော့ အင်တာနက်သုံးသလားဟု မေးပြီးနောက် သုံးတယ်ဟုဖြေမိပါက အကောင့်ပေးပါဟု ပြောတတ်ရာ ဤဒန်ပြည်ကြီး၌နေသူများ မပါပါဘဲလျက် ကမ္ဘာပေါ်တွင် ဘလော့ဖတ်သူပေါင်းမှာ အင်တာနက် အသုံးပြုသူ၏ ၇၇ ရာခိုင်နှုန်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ဘလော့ရေးသူပေါင်း ၃၁.၇ သန်းရှိသည်ဟု တွေ့ရှိမှ သက်ပြင်းပူကို မှုတ်ထုတ်နိုင်ခဲ့သည်။ ↑
အရေးအရာများတွင် အရာအရေးများစွာပေါ်လာတတ်၏။
ကတ္တီပါလမ်းခွဲပြုလုပ်ပြီးနောက် ကျွန်ုပ်သည် ပိုစ့်လုပ်ငန်းစဉ်များအတိုင်း သိပ်ပြီးမလိုက်တော့ဘဲ ရောက်ခါမှရောက်ရောဆိုသည့်နည်းဖြင့် ဤပိုစ့်ကို့ ဟားဗတ်ပါမောက္ခတဦးဖြစ်သူ ချားလ်ကင်းဘဲလ်(၁၉၅၀-၂၀၂၂) ရေးသားသော “ဘာသာတရားများက အဆိုး ဖြစ်လာသည့်အခါ” ဆိုသည့် စာအုပ်ကို ကိုးကား၍ ရေးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ဤစာအုပ်ကို ရေးသားသူမှာ အိုကလာဟိုးမားပြည်၏ နှစ်ခြင်းခရိယာန် ဓမ္မအမှုဆောင်တဦးလည်း ဖြစ်ပါသည်။ သူ၏ ပါရဂူဘွဲ့ သုတေသနစာတမ်းကလည်း အရှေ့အလယ်ပိုင်းရှိ ဂျူးနှင့် မွတ်စလင်တို့၏ ဆက်ဆံရေးသမိုင်းဖြစ်သည်။ ထို့ကြောင့် သူရေးထားသော စာအုပ်ကိုကားမည် သို့မဟုတ် ကူးချမည်ဟု ရွယ်ရည်လျက် အဒိန္နဒါနကံဖြင့် ဂူးဂဲလ်ပြီးသကာလ ရှန်းတန်းတန်းဖတ်ကြည့်ရာ လူသမိုင်းတလျှောက် လူသားတို့ ယုံကြည်မှုသဘောသဘာဝ၊ ဘာသာရေးကို ယုံကြည်ခဲ့သောသူများအကြောင်း၊ ဘာသာရေး၏ ကွဲပြားခြားနားလာသည့် အခြေအနေ၊ ဂလိုဘယ်လိုက်ဇေးရှင်း၊ ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးလာပုံစသည်ကို ဦးစွာရေးသည်။ ထို့နောက် ဘုရားသခင်၏ အလိုတော်အရ သို့မဟုတ် သန့်ရှင်းသောတိုက်ပွဲအမည်ခံ ဘာသာရေးစစ်ပွဲဖြစ်ပွားခဲ့ပုံများကို တခုတ်တရရှင်းပြသည်။ ဤစာအုပ်မှာ ၉/၁၁ တိုက်ခိုက်မှုကို ပို၍ဇောင်းပေးရေးသားထားသည်။ ဤစာအုပ် ထွက်လာရခြင်းမှာလည်း ထိုတိုက်ခိုက်မှုကို အမှန်ကန်ဆုံးသုံးသပ်ပြနိုင်သူအဖြစ် မီဒီယာပေါင်း သောင်းခြောက်ထောင်က သူ့အား ဝိုင်းဝန်းအင်တာဗျူးခဲ့၍ ဖြစ်ပါသည်။ ဤစာအုပ်တွင် ဘာသာရေးစစ်ပွဲများ၊ ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်လာရသည့် အကြောင်းရင်းကို အချက်ငါးချက်ဖြင့် အကျယ်တဝင့်ရေးသားသည်။ ထိုအချက်ငါးချက်၏ အကျယ်တဝင့်တွင် ဖြေရှင်းသင့်ပုံဖြေရှင်းသင့်သည့်နည်းလမ်းများကိုလည်း တပါတည်းထည့်သွင်းရေးသားသွားသည်။
ကျွန်ုပ်အနေဖြင့် ၂၈၅ မျက်နှာခန့်ရှိသော ထိုစာအုပ်ကြီးကို ဘိလပ်စာလုံး ဆယ်လုံးပါ ဝါကျတကြောင်းအား အဘိဓာန် ၁၆၇ ခါလှန်၍ အဓိပ္ပါယ် ၃၈ မျိုးထွက်နေရသူ ဖြစ်သဖြင့် လုံးစေ့ပတ်စေ့ကြီး ရေးမပြတတ်ပါ။ ထို့ကြောင့် ထိုစာအုပ်၏ အရေးကြီးသည့် အချက်ငါးချက်ခေါင်းစဉ်ကိုသာယူ၍ ကျွန်ုပ်နည်းကျွန်ုပ်ဟန်ဖြင့် ရှင်းလင်းချက်ရေးသားပါမည်။ ကျွန်ုပ်၏ ဘလော့ကို လာဖတ်သူတဦးမှလည်း ဤမျှ အရှည်ကြီးရေးနေလျင် မည်သူမှလည်း အစအဆုံးမဖတ်။ ဘလော့တခုအတွက် အချိန်အများကြီး မပေးကြ။ Ads လည်းထည့်မထား။ ထည့်ထားလျင် ပိုစ့်လာဖတ်သူ တထောင့်တယောက်ဖြစ်ဦးတော့ ဝမ်းဒေါ်လာလည်းရမည်မဟုတ်။ ဒန်ပြည်ကြီးမှာနေ ဒန်ပြည်စာကြီးရေးနေသမျှ Ads ပိုင်ရှင်များကလည်း စာရင်းထဲပင် ထည့်မည်မဟုတ်။ ထို့ကြောင့် ပိုစ့်များချင်များသွားပါစေ တိုတိုသာရေးပါဟု အကြံပြုလာသဖြင့် ဤပိုစ့်သည် ခါတိုင်းလို စာမျက်နှာ Letters စာရွက် ၂၀ မျက်နှာမဟုတ်တော့ဘဲ လိုရင်းသာရေးပြီး အဆုံးသတ်ချင်သည့်နေရာ၌ အဆုံးသတ်ပါတော့မည်။ ↑
ဘာသာရေးက ဆိုးရွားမှုဖြစ်လာတဲ့အခါ
လွန်ခဲ့သော ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်တွင် ကွယ်လွန်သွားခဲ့သည့် Charles Kimball သည် When Religion Becomes Evil ဆိုသည့် စာအုပ်ကို ၂၀၀၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ထွက်လာချိန်မှာ WTC တိုက်ခိုက်ခံရပြီး တစ်နှစ်ပြည့်ရန် ၆ ရက်အလိုတွင် ဖြစ်ပါသည်။ သူသည် ဤစာအုပ်ကို ထို ၉/၁၁ တိုက်ခိုက်မှုအတွက် တမင်ရည်ရွယ်၍ ထုတ်ဝေခဲ့ခြင်းဖြစ်သော်လည်း ဘာသာရေးများအတွက် ငြိမ်းချမ်းရေးလမ်းစဉ်ကို ရှာဖွေပြခဲ့ပါသည်။ အချို့ကလည်း ဤစာအုပ်ကို အသည်းခိုက်ခဲ့ကြလွန်းသဖြင့် ဤသူသည် ဘာသာတရားကို ဖျက်ဆီးပစ်နိုင်သည့် လမ်းကြောင်းများကို ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြသခဲ့သူကြီးဖြစ်လေ၏။ လူတို့သတိမထားမိလိုက်သော ဘာသာရေးပဋိပက္ခဖြစ်ရန် တာစူသည့် လှုံ့ဆော်မှုကို တမျှင်ချင်းဆွဲထုတ်ပြလိုက်ပါပြီ၊ ကင်ဘဲကတော့ ညအခါ မီးလောင်လို့ ခေါက်တဲ့မီးသံချောင်းလို ဘာသာရေးလောကကြီးထဲကို သံချောင်းခေါက်လိုက်ပြီပ၊ ဘာသာရေးရဲ့ လျှို့ဝှက်ချက်ကြီးကို ဒီလူကြီးမှ ထုတ်မပြရင် ကျုပ်တို့ ဘယ်နည်းနဲ့မှ ဒီလိုသိမှာမဟုတ်ဘူး ဟု လေးစားစွာ ခွန်းတုံ့ပြန်ကြသော်လည်း အချို့ကမူ ဘာသာရေးကို ငြိမ်းချမ်းရေးနှင့် ဘယ်လိုတွဲတွဲ ဘယ်တော့မှ သဟဇာတဖြစ်မည်မဟုတ်။ ဘာသာရေးကိုင်းရှိုင်းသူနှင့် ဘာသာရေးကို အလေးအနက်ထားသူများသည် မည်သည့်အကြောင်းပြချက်နှင့်မှ ဘာသာရေးအပြင်ဘက်က လောကကို နားမလည်ခဲ့ကြသကဲ့သို့ နားလည်အောင်လည်း မလုပ်ကြသောကြောင့်ဖြစ်သည်ဟု ဆိုပါသည်။ ↑
ဤစာအုပ်တွင် ကမ်ဘဲသည် မည်သည့်ဘာသာတရားတွင်မှ မကောင်းမှုကို ပြုသောသူမရှိ၊ မကောင်းသော အကြံအစည်ကိုလည်း ကြံစည်သူမရှိ၊ မကောင်းသော အပြောအဆိုများကို ပြောဆိုသူမရှိပေ၊ အကယ်၍ တစုံတယောက်က ဘာသာတရားတခုကို အခြေပြု၍ မကောင်းမှုတခုခုကို ပြုမူကျင့်ကြံ ပြောဆိုလာပြီဆိုပါက ထိုသူသည် သူ့ဘာသာတရား ပြန်၍သစ္စာဖောက်သူ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မည်သည့်ဘာသတရားကမှ သူတို့၏ ဘာသာဝင်ကို မကောင်းမှုများပြုလုပ်ရန် လမ်းညွှန်ခဲ့ခြင်းမရှိဟု ဘာသာတရားတိုင်း၏ ကျမ်းကန်အစုံအလင်ဖြင့်လည်း ကိုးကားရေးသားထားပါသည်။ ထို့နောက် စာရေးဆရာသည် မိမိဘာသာတရားမှလွဲ၍ အခြားဘာသာတရားကို လွဲမှားဖောက်ပြန်စွာ ယုံကြည်သူများဟု ပြောဆိုသူများမှာ ထိုဘာသာတရား၏ အစွန်းရောက်ပုဂ္ဂိုလ်တဦးဖြစ်သည်ဟု ဖွင့်ဆိုသည်။ ဤကဲ့သို့ မောက်မာရိုင်းစိုင်းစွာ အခြားသူ၏ ဘာသာတရားကို မှားယွင်းသည်ဟု ပြောခြင်းဖြင့် မိမိဘာသာလည်း မှန်ကန်မှုမရှိကြောင်း ပြောဆိုနေသကဲ့သို့ ဖြစ်သည့်အပြင် ထိုပြောဆိုမှုကြောင့် မည်သူမှလည်း မိမိဘာသာကို ဝင်ရောက်လာမည်မဟုတ်။ များသောအားဖြင့် အခြားသူ၏ ဘာသာတရားကို မှားယွင်းသည်ဟု စွပ်စွဲပြီးသကာလ မိမိ၏ ဘာသာတရား၏ သာလွန်မြင့်မြတ်မှုကို နည်းပေါင်းတထောင်ဖြင့် ချီးမွှမ်းခန်းဖွင့်တတ်၏။ ဤသို့ပြုလုပ်ခြင်းဖြင့် ကမ္ဘာပေါ်တွင် အုပ်စုများကွဲလာပြီး တဦးအပေါ်တဦး ဆက်ဆံရေး ပျက်ပြား၍ အဆုံးသတ်တွင် ရန်သူများတိုးပွားလာစေခြင်းသာ အပိုရရှိသွားမည် စသဖြင့် ရေးသားထားပါသည်။ Kimball စာအုပ်မိတ်ဆက်ပွဲတွင် ပြောခဲ့သော စကားတခွန်းကို အမှတ်ရမိပါသည်။ သူက အခု ဒီစာသင်ခန်းထဲမှာ ရှိတဲ့ လူငယ်လေးတွေကို နှစ်ဖွဲ့ဖွဲ့ပေးလိုက်၊ သူတို့ရဲ့ အယူအဆတွေ ကွဲသွားကြတာကို တွေ့ရလိမ့်မယ် ဟူ၍ဖြစ်သည်။ လူတို့မည်သည် အတူနေစဉ်က သဘောထားတူဟန်ရှိသော်လည်း ခွဲခွာရ၍ ကွဲကွာပြီး တခဏ၌ သဘောထားများ ပြောင်းသွားတတ်လေသည်။ စာအုပ်သုံးသပ်ချက်ကို ဤထက်ပို၍ ရေးသားလျင်လည်း ဟုန်သွားမည်စိုးသဖြင့် ဤမျှတန်ကာ ဤစာအုပ်၏ အဓိကအချက်ကြီးဖြစ်သော ဘာသာရေးက အဆိုးဖြစ်လာရသည့် ဘာသာတရားကို ဖျက်ဆီးနေသော အကြောင်းရင်းငါးချက်ကို အကျဉ်းမျှ ဖော်ပြပါမည်။ ဖွင့်ဆိုချက်ပိစိကလေးကိုလည်း ချိတ်ထားပေးသည်။ ပိစိကလေးဖြစ်ပါသဖြင့် အချို့ဘာသာတရား၏ မှားယွင်းနေသော ကျင့်ဝတ်များ၊ အမျိုးသမီးအပေါ် ထားရှိသော သဘောထားများ၊ ဘာသာရေးကြောင့် ဖြစ်ပေါ်နေသော ပဋိပက္ခများ၊ ဘာသာရေးအတွင်း အကြမ်းဖက်မှုများ၊ နိုင်ငံရေးခေါင်းဆောင်များ၏ ဘာသာရေးအပေါ် အသုံးချပုံများ၊ လူနာမည်များနှင့် အဖြစ်အပျက်တချို့ထည့်သွင်း လိုက်သော်လည်း မပြည့်စုံမှုများ၊ နိုင်ငံကို ထိုက်တန်သော အစိုးရနှင့် နိုင်ငံကို ထိုက်တန်သောဘာသာရေး အဦးအထိပ်ပုဂ္ဂိုလ်များအကြောင်း အပြည့်အစုံပါမည် မဟုတ်ပေ။ ↑
ဘာသာရေးများကို ဖျက်ဆီးနေသော အချက်များ
၁။ ပရမတ္ထသစ္စာ _ ဘာသာတရားတိုင်းသည် မြင့်မြတ်သည့် ဉာဏဆိုင်ရာ အဆောက်အအုံကြီးတခု ဖြစ်သည်။ ဘာသာတရားတခုကို များစွာသော ရင်းနှီးပေးဆပ်မှုများဖြင့် ဘာသာဝင်အဆက်ဆက်တို့က တန်ဖိုးထား၍ ထိန်းသိမ်းလာခဲ့ကြသည်။ ထိုဘာသာတရားတိုင်း၏ ဓမ္မ (သို့) ဒေသနာတို့သည်လည်း အကြွင်းမဲ့သော မှန်ကန်မှုများဖြင့် တည်ဆောက်ထားသည်။ ထိုအကြွင်းမဲ့ မှန်ကန်သော ဓမ္မများကို နောက်လိုက်သာဝကများ (ခေါ်) ဘုရား၏ အေးဂျင့်များသည် ကမ္ဘာ၏ နောက်ပိုင်းမှ ပေါ်လာသော ယဉ်ကျေးမှုအသစ်များ ထုံးတမ်းစဉ်လာအသစ်များကို ထည့်သွင်းကြပြီး ပိုသာသော ယုတ်လျော့သော ဖွင့်ဆိုချက်များကို တညီတညာတည်း ဖွင့်ဆိုလာကြသည်။ ဒေါက်တာသန်းထွန်း (၁၉၂၃-၂၀၀၅) ရေးသားသော ကျော်စွာ ၁၀၀ စာအုပ်ထဲကကဲ့သို့ ပြောရလျင် ဗုဒ္ဓနှင့် ယေရှုစသည့် ဘုရားတို့ ယနေ့ခေတ်လူပြန်ဖြစ်ပြီး သူတို့ဟောခဲ့သည့် တရားများကို သူတို့ပြန်နာကြားရပါက တရားဓမ္မများမှာ သူတို့ဟောကြားခဲ့သလို မဟုတ်တော့သည်ကို တွေ့ရမည်ဟု ဆိုသကဲ့သို့ ဖြစ်သွားပြီဖြစ်သည်။ လက်ရှိတွင် ဘာသာတရားတခုတည်း၏ အတွင်း၌ပင် သာဝကအချင်းချင်းတို့က ဘုရားဟောကြားထားသော စစ်မှန်သောတရားတော်တပိုဒ် တပါဒအား ဖွင့်ဆိုကြပုံမှာ မှန်လှချေ၏ သင့်မြတ်ပါပေ၏ဟု တဦးနှင့်တဦး သဘောတူကြမှုများ ရှားပါးလာသည်။ ဤအချက်သည်ပင် ဘာသတရားတခု ပျက်စီးခြင်းဆိုင်ရာ သို့မဟုတ် ငြင်းခုန်စေသည့်အကြောင်းအရာများ ဖြစ်လာခဲ့ပါသည်။ ခရိယာန်ဘာသာဝင်တို့၏ တရားဓမ္မသည် မှန်ကန်သောတရားဖြစ်၏ဟုဆိုပါလျင် အဘယ်ကြောင့် ဂျူး၊ ကက်သလစ်၊ ပရိုတက်စတင့်၊ ဩသဒေါက်စသည့် အယူအဆများ၊ ဗုဒ္ဓ၏တရားတော်များသည် မှန်ကန်သောတရားဖြစ်၏ဟုဆိုလျင် အဘယ့်ကြောင့် ထေရဝါဒ၊ မဟာယန၊ ဇင်၊ ဝိဇ္ဇာယန (တိဘက်) စသဖြင့် အယူအဆများ အလိမ်းလိမ်းကွဲပြားသွားကြသနည်း။ ဘာသာရေးများ၏ ဟောကြားထားသော တရားဓမ္မသည် မှန်ကန်၏ဟုဆိုပါလျက် ဂျူး၏ စတင်ဖြစ်တည်ရာဒေသတွင် ဂျူးများနည်းပါးလာခြင်း၊ ခရိယာန်များ စတင်ပေါ်ပေါက်ရာနေရာတွင် ခရိယာန်များနည်းပါးခြင်း၊ ဗုဒ္ဓပေါ်ထွန်းရာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များ နည်းပါးလာခြင်းကိစ္စအား ၎င်းဘာသာဝင်များမှ ဖာထေးပြောဆိုရသည့် အခြေအနေသို့ အဘယ့်ကြောင့် ရောက်နေကြသနည်း။ ခရိယာန်ဘာသာတရားများမှန်၏ဟုဆိုပါလျင် ဥရောပနှင့် အမေရိကန်သို့ အဘယ့်ကြောင့် အခြားသော ဘာသာတရားများ အစားထိုးဝင်လာကြသနည်း။ ခိုင်မာသော ဖွဲ့စည်းတည်ဆောက်မှု ရှိသည်ဆိုပြီးကာမှ အဘယ်ကြောင့် မီဒီယာများတွင် ကမ္ဘာပေါ်ရှိ ဘာသာတရားတိုင်း မကောင်းသော သတင်းဖြင့် မကြာခဏ ဖော်ပြခံနေရသနည်း။ ပွင့်လင်းလာသည့်ခေတ်မှ အဘယ့်ကြောင့် ဘာသာတခုနှင်တခု နားလည်မှုများ သဘောထားများ သာသာလွန်လွန်ပင် ကွဲလာကြသနည်း။ တကယ်တမ်းမှာကား ဘာသာရေးတွင် ရာထူးဂုဏ်သိမ်၊ စည်းစိမ်ဥစ္စာ၊ ထင်ပေါ်ကျော်စောမှု၊ ငွေကြေး၊ အမည်အမျိုုးမျိုးဖြင့် ပြုလုပ်သော ကိုယ်ကျိုးကြည့်မှု၊ လိင်မှု၊ အကြည်ညိုခံလိုမှု၊ အရိုသေခံလိုမှု၊ အခွင့်အာဏာများ အလိုအလျောက်ရလိုမှုဆိုသည့် ထောင်ချောက်ထဲသို့ မကျရောက်သည့် မည်သည့်ဘာသာရေးခေါင်းဆောင်မှ မရှိ။ ဤထောင်ချောက်ကြောင့် ဘာသာရေးခေါင်းဆောင်များသည် ဘော်ကန်ဒေသကဲ့သို့ များပြား၍ စုရုံးနေသော လူဦးရေမရှိသေး၍သာ ညီကိုမောင်နှမအချင်းချင်း သတ်ဖြတ်ကြသော ဘော်ကန်စစ်ပွဲကဲ့သို့ စစ်မဖြစ်သေးရုံသာ တည်ရှိနေသည်။ ↑
ဘာသာရေးတိုင်းတွင် ဘုရား၏ကိုယ်စားဟုဆိုကာ တရားဓမ္မကို ထိန်းသိမ်းကြသူ၊ ဟောကြားကြသူတို့သည် ဘုရားဟောကြားထားသော တရားတော်အတိုင်း လိုက်နာပါ ကျင့်ကြံပါ နေထိုင်ပါဟု အထပ်ထပ်ဟောပြောနေသော်ငြား သူတို့ကိုယ်တိုင်မူ မကျင့်ကြံကြ။ ထို့အတူ သူတို့ဟောကြားသည့် တရားတော်အား ဝေဖန်ပါကလည်း ဆေတန်၊ မာရ်နတ်၊ ငရဲကျမည့်သူနှင့် ကယ်တင်ခြင်းမခံရမည့်သူ စသဖြင့် မာန်မဲငေါက်ငမ်းခြင်းဖြင့် ထိုတရားဟောသူ စိတ်အခန့်မသင့်လျင် မိစ္ဆာဒိဋ္ဌိဟု စွပ်စွဲလျက် ဗလီ၊ ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းစသည်တို့သို့ပင် တတ်ရောက်ခွင့် အပိတ်ခံရနိုင်ပြန်သည်။ ဘာသာရေးခေါင်းဆောင်များ ကိုယ်တိုင် မှန်ကန်သောတရားဓမ္မကို မကျင့်ကြံကြခြင်းသည် မန်လည်ဆရာတော်ဘုရားကြီး (၁၂၀၃-၁၂၈၂) ရေးသားထားသည့် မာဃဒေဝလင်္ကာ ပိုဒ်ရေ ၁၉၂ မှ လာသော လင်္ကာကဲ့သို့ “ဉာဏ်ရှိယောက်ျား၊ မှားလတ်သောခါ၊ ဆေးလွန်နာကို၊ ဆရာ့နောက်ဆက်၊ အကုခက်၏” ဆိုဘိသကဲ့သို့ ဖြစ်ကြပြီရောထင့်။ ဘာသာရေးတိုင်းတွင် သူတို့၏ဘုရားဟော တရားဓမ္မများသည် မှန်ကန်ပါ၏ဟုဆိုလျင် ထိုဘာသာရေးခေါင်းဆောင်များ၌ အဘယ်သို့သော အကြောင်းကြောင့် လူတို့ရင်ဆိုင်ရသော အမှုအခင်းများနှင့် တရားတဘောင်များ ရင်ဆိုင်နေကြရမည်နည်း။ အသို့သော အကြောင်းကြောင့် လူတို့၏ ကဲ့ရဲ့ပြစ်တင်ရှုံ့ချသော အပြောအဆိုများကို ခံနေကြရမည်နည်း။ ဘာသာတရား၏ ဟောကြားထားသော ဒေသနာများသည် မှန်ကန်ပါ၏ ဆိုပါက အစ္စရေးနှင့် ပါလက်စတိုင်းသည် အလွန်ငြိမ်းချမ်းသော နယ်မြေများဖြစ်နေသည်မှာ အတော်ပင် ကြာလောက်ပြီ ဖြစ်သည်။ အမှန်တရားသာ တကယ်တမ်းရှိမည်ဆိုပါက ၂၀၀၀ ခုနှစ် ဖလော်ရီဒါတွင် အမေရိကန်သမ္မတဖြစ်ရန် ကျန်ရှိနေသော မဲများကို အားလုံး အမှန်အတိုင်း တွက်ချက်ခဲ့မည်။ လောကီတွင် အမှန်မရှိသည့်နည်းတူ ဘာသာရေးတွင်လည်း အမှန်ကင်းလေပြီလော။ ဘာသာရေး၏ မြင့်မြတ်မှု မှန်ကန်မှုတို့က အရေးကြီးလှသည်ဆိုကာ ဘာသာရေးကျောင်းများ၊ ဘာသာရေးဟောပြောမှုများ၊ ဘာသာရေးစာအုပ်များ၊ ဘာသာရေးသတင်းဂျာနယ်များ ထုတ်ဝေလျက်ရှိကြ၏။ ပိုးသာကုန် မောင်ပုံစောင်းမတတ်ခဲ့ကြပါချေ။ ဒေသနာအပေါ် မိမိအလိုအတိုင်း ထပ်ဆင့်၍ ဖွင့်ဆိုကြသော ဘုရားဟောများကို ပရမတ္တသစ္စာဟု ဖွင့်ဆိုနေကြသမျှ၊ စကားလုံးများကို နေရာရွှေ့နေသမျှ မလိုအပ်ပါဘဲ ချဲ့ထွင်နေကြသမျှ၊ မိမိကိုးကွယ်သော ဘာသာကို ဖျက်ဆီးကြသူသည် မိမိတို့ကိုယ်တိုင်သာ ဖြစ်နေကြပါလိမ့်မည်။ အချိန်ကာလနှင့် ဒေသများ၊ ခေတ်၏တိုးတက်မှုဒဏ်ကို ဘာသာတရားများ မခံနိုင်တော့ဘူးဟု ထင်ပါသည်။ ↑
၂။ မျက်ကန်းယုံကြည်မှု _ ဗုဒ္ဓဘာသာ၊ ဟန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာတို့၏ သွန်သင်ဆုံးမချက်များကို အနည်းငယ်စီယူ၍ ဂျပန်နိုင်ငံတွင် ဥုံရှီရင်ဂျိုဆိုသည့် ဘာသာသစ်တခု ပေါ်ပေါက်လာသည်။ ထိုဘာသာဝင်များသည် ၁၉၉၅ မတ်လ ၂၀ ရက်နေ့တွင် ဂျပန်နိုင်ငံရှိ ဘူတာရုံ (၁၆) ခုတွင် ဆာရင် (GB, O-isopropyl methylphosphonofluoridate) ဆိုသည့် ဓာတ်ငွေ့ကို လွှတ်ခဲ့သည်။ ထိုဓာတ်ငွေ့ကို ပမာဏလုံလောက်စွာ ရှူမိပါက အသက်ရှူကြပ်၍ သေစေနိုင်ပြီး အနည်းငယ်ရှူမိပါက ချွေးထွက်များခြင်း၊ ဝမ်းလျောခြင်း၊ တံထွေးထွက်ခြင်း၊ တုန်ခြင်း၊ တက်ခြင်း၊ အပူလွန်ကဲခြင်းနှင့် လေဖြတ်ခြင်းအထိ ဖြစ်စေနိုင်ပါသည်။ ထိုရုန်းရင်းဆန်ခတ်ဖြစ်မှုတွင် လူ ၁၂ ဦးသေပြီး ငါးထောင်ကျော် ဒဏ်ရာရသည်။ သူတို့အဖွဲ့ဝင်သည် ရုရှားတွင် သုံးသောင်း ဂျပန်တွင် တသောင်းရှိသည်။ ထိုမတိုင်ခင် လူပေါင်း ၁၂၄၇ က ထိုရှိရင်ဂျိုဘာသာကို ယုံကြည်မှုကြောင့် မိမိကိုယ်ကို သတ်သေသွားကြပြီး ဖြစ်သည်။ ထိုပြစ်မှုကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၆) ရက်မှ စီရင်ချက်ချသည်။ ဦးဆောင်သူ ၆ ဦးကို ကွပ်မျက်၍ ကျန်အဖွဲ့ဝင်ပေါင်းများစွာကို အယူခံဖြင့် လွတ်ပေးခဲ့သည်။ လွတ်လာကြသော ထိုဘာသာဝင်များသည် ၂၀၁၉ ခုနှစ် နှစ်ကူးချိန် ၁၂ နာရီ ၁၀ မိနစ်တွင် ထရပ်ကားဖြင့် လူအုပ်ကြားထဲ ကားဖြတ်မောင်းကာ လူကိုးဦးကို ထပ်မံဒဏ်ရာရစေပြန်သည်။ သူတို့သည် သူတို့ဘာသာကို လူသားအားလုံးအနေဖြင့် အဓိပတိတပ်၍ ယုံကြည်သင့်သည်ဟု မကြာခဏကြွေးကြော်လျက်ရှိသည်။ ကျွန်ုပ်ရေးသော နတ္ထိဆိုသည့် ပိုစ့်တွင် ဘာသာသစ်များနှင့် ဘာသာသစ်အပေါ် ယုံကြည်မှုများကြောင့် အသက်သေဆုံးရသည့် ဖြစ်စဉ်များကို အကျဉ်းအားဖြင့် ရေးသားထားပါသည်။ မိမိယုံကြည်မှုကို အရင်းတည်၍ အသက်ကိုပင် ရင်းနိုင်ခြင်းမှာ မျက်ကန်းယုံကြည်မှု ကြောင့်ဖြစ်ပါသည်။ ↑
ဤကဲ့သို့ ဘာသာသစ်များက ယုံကြည်မှု အသစ်များကို တည်ဆောက်သကဲ့သို့ ကမ္ဘာပေါ်ရှိ ဘာသာကြီးများလည်း တချိန်က ယုံကြည်မှုများကို တည်ဆောက်ခဲ့ရသည်။ ထိုကဲ့သို့ တည်ဆောက်ခဲ့ရာတွင် ဒေသအခြေခံမှုကြောင့် ခရိယာန်ဘာသာထဲသို့ ပါလက်စတိုင်း၏ ရိုးရာဓလေ့များ ပါဝင်နေသည်။ ဗုဒ္ဓဘာသာထဲသို့ ဟိန္ဒူဓလေ့အများအပြား ပါဝင်နေပြီး မွတ်စလင်ဘာသာသည် ခရိယာန်ဘာသာဟုဆိုလျက် ခရိယာန်မဟုတ်သော ဩသဒေါက်ဂိုဏ်း၏ အယူအဆများ လွှမ်းမိုးထားသည်ကို တွေ့ရသည်။ ထိုဒေသအစွဲမှ ပါလာသော အယူအဆတချို့ကို ထိုဘာသာတရားများကိုယ်နှိုက်တို့က လုံးဝမစွန့်ပစ်ဘဲ မျက်ကန်းပင် လက်ခံနေကြသည့် အယူအဆများ အများအပြားပါဝင်နေသည်။ ဘာသာတရားများသည် ရာစုချီလျက် ရှိလာပြီးမှ မှေးမှိန်သွားသည့် ဘာသာများရှိသကဲ့သို့ ပိုမိုးတိုးပွားလာသည့် ဘာသာများလည်းရှိသည်။ ကျွန်ုပ်၏ တွေးခေါ်သူများ (၆) ပိုစ့်တွင် ပျောက်ကွယ်သွားသော ဘာသအချို့အကြောင်း ရေးသားထားပါသည်။ ဂိုဏ်းအသီးသီးများ ပေါင်းစပ်မှုနှင့် ဘာသာအမျိုးမျိုးပေါင်းစပ်မှုဖြင့် ဘာသာသစ်များလည်း ပေါ်ပေါက်မြဲ ပေါ်ပေါက်နေသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့တွင် 3Rivers ဆိုသော လူမှုကွန်ယက်စာမျက်နှာမှ ဗြိတိသျှ အတွေးအခေါ်ပညာရှင်နှင့် စာရေးဆရာ Alain de Botton (၁၉၆၉-လက်ရှိ) ၏ “သတင်းတွေက သတင်းဟုတ်ရဲ့လား” ဆိုသော ဟောပြောချက်ကို ပိုစ့်တင်ခဲ့သည်။ ပိုစ့်တွင် “လူတွေဟာ ဘုရားဟော ဒေသနာတော်ထက် လူမှုကွန်ယက်ပေါ်က စကားကို ပိုနားထောင်လာကြတယ်” ဟုပါလာသည်။ သူ့ပိုစ့်တွင် လူမှုကွန်ယက်ဟာ ၂၁ ရာစုမှာ ပေါ်လာတဲ့ ဘုရားကျောင်းပဲဟုပင် ပါသည်။ ကျွန်ုပ်က ၂၀၁၇ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သည့် American Gods ဆိုသည့် ဇာတ်လမ်းတွဲကို သဘောတကျကြည့်ဖူးသည်။ ထိုဇာတ်ကားမှာ နတ်ဘုရားဟောင်းများနှင့် နတ်ဘုရားသစ်တို့၏ တိုက်ပွဲဖြစ်သည်။ စိတ်ဝင်စားစရာကောင်းသည့် အချက်မှာနတ်ဘုရားသစ်များ ဖြစ်ပါသည်။ နတ်ဘုရားသစ်များသည် ဂလိုဘယ်လိုက်ဇေးရှင်းနတ်ဘုရား၊ နည်းပညာနတ်ဘုရား၊ အနုပညာရှင်နတ်ဘုရား၊ မီဒီယာနတ်ဘုရား၊ ဆိုက်ဘာနတ်ဘုရားစသဖြင့် နတ်ဘုရားအသစ်များ များစွာထည့်သွင်းထားသည်။ Alain de Botton ၏ မီဒီယာသည် ဘုရားကျောင်းပဲဆိုသည့် ကရုဏာဒေါသောသည် အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်ခဲ့ပြီ။ ၂၀၀၀ ခုနှစ်တွင် စမတ်ဖုန်းစတင်ပေါ်ပေါက်ခဲ့သည်။ ယနေ့ခေတ်တွင် ဘာသာရေးကျောင်းသို့ တက်ရောက်ခြင်းမှာ လက်ထဲရှိသော စမတ်ဖုန်းဖြင့် ဓာတ်ပုံရိုက်ပြီး ထိုဓာတ်ပုံကို လူမှုကွန်ယက်တွင် တင်ရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် လက်ရှိတွင် စမတ်ဖုန်းနတ်ဘုရားနှင့် မီဒီယာနတ်ဘုရားကို ကိုးကွယ်ကြသူများ ဖြစ်၍ပင် နေချေပြီ။ ကျွန်ုပ်အနေဖြင့် နောက်ထပ် နတ်ဘုရားတပါးကို ထည့်သွင်း၍ Polytheism ကိုးကွယ်သူ လုပ်ပါဦးမည်။ ဂလိုဘယ်လိုက်ဇေးရှင်းနတ်ဘုရား (Globalization God) မှာ မျက်ကန်းအယူအဆများ အပါနည်းမည်။ ပါလက်စတိုင်းအမူအကျင့်လည်းပါမည်၊ ဟိန္ဒူရိုးရာလည်းပါမည်။ ဩသဒေါက်အမူအကျင့်လည်းပါမည်။ ဖိလစ်ပိုင်ကမ်းခြေမှ အမူအကျင့်ပါမည်။ ကိုးရီးယားက ဟန်နန်းဒုမ်ရပ်ကွက်မှ ဓလေ့များပါမည်။ တေလာဆွိစ်၏ စရိုက်လည်းပါမည်။ ဤကမ္ဘာသည် ဂလိုဘယ်နတ်ဘုရားကြောင့် ဤမျှတိုးတက်လာပြီ။ နောက်များလည်း တိုးတက်ပါဦးမည်။ ဂလိုဘယ်ထဲလိုက်ပါဝင်နေသေးသည့် ဟစ်တလာသည် ဆေတန်အကြီးစားဖြစ်သည်။ ဆေတန်ငယ်များမှာ မူဆိုလိုနီ၊ ပိုပေါ့၊ မော်တို့ကို နတ်ဆိုးအငယ်စား အဖြစ်သတ်မှတ်မည်။ ဟိုလိုကော့ပ်သည် ငရဲဖြစ်သည်။ သိပ္ပံတော်လှန်ရေးခေတ်မှ ယနေ့သည် ဂလိုဘယ်နတ်ဘုရား၏ ဖြစ်တော်စဉ်ဖြစ်သည်။ ပညာရေးဆိုင်ရာကျမ်းများသည် သင်ယူရာကျမ်းဖြစ်သည်။ ဒဿနဆိုင်ရာစာအုပ်များသည် ကျင့်ဝတ်ကျမ်းဖြစ်သည်။ ဂလိုဘယ်နတ်ဘုရားကို ယုံကြည်သူတိုင်း အလုပ်လုပ်ကြသည်သည် ဆလိုဂံဖြစ်သည်။ အခြေခံစားဝတ်နေရေးပြည့်စုံခြင်းသည် သုခဘုံအသေးစားဖြစ်သည်။ ကမ္ဘာလှည့်ခရီးသည် ဖြစ်ခွင့်ရပြီးး နိုင်ငံတကာသို့ ဝင်ထွက်ခွင့်ရခြင်းသည် အလတ်စားချမ်းသာမှုဖြစ်သည်။ အီလွန်မတ်၏ ယာဉ်ပျံဖြင့် လကမ္ဘာသို့မဟုတ် အင်္ဂါဂြိုဟ်ပေါ် တက်ခွင့်ရခြင်းသည် အမြင့်ဆုံး သုခခံစားခွင့်ဖြစ်မည်။ ဂလိုဘယ်လိုက်ဇေးရှင်းနတ်ဘုရား၏ ဓလေ့ထုံးတမ်းနှင့် အယူဝါဒသည် တကမ္ဘာလုံး၏ ဓလေ့ထုံးတမ်းနှင့် အယူဝါဒဖြစ်၍ မည်သူမှ စောဒကမတက်ဝံ့တော့။ အယ်လယ်။ ↑
ကြားဖြတ်ပြောဆိုခြင်း အတော်များသွားပါသည်။ အထက်တွင် ပြောခဲ့သော ဥုံရီရင်ဂျိုဂိုဏ်းကဲ့သို့ မျက်ကန်းယုံကြည်သည့် ဘာသာရေးဂိုဏ်းများကဲ့သို့ လက်ရှိဘာသာကြီးငါးခုကို ကိုးကွယ်ကြသည့် သူများသည်လည်း ထိုအခြေတွင် ဆိုက်ကပ်လျက်ရှိ၏။ ဘာသာရေးဥသျှောင်များသည် စဦးပိုင်း၌ လူမှုရေးနှင့် စီးပွားရေးများတွင် စတင်၍ ရောနှောလာသည်။ ထို့နောက် နိုင်ငံရေးနှင့် တရားစီရင်ရေးပြဿနာသို့လည်း သူတို့ကိုယ်သူတို့ အဦးပြု၍ ဝင်လာသည်။ နောက်ဆုံး သိပ္ပံလောကနှင့် ဆေးပညာလောကအထိ စွက်ဖက်လာခဲ့ကြသည်။ သူတို့သည် ခက်ခဲစွာ ပြုလုပ်ရသော ကြိုးပမ်းအားထုတ်ရသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ တရားစီရင်ရေး၊ သိပ္ပံလောကနှင့် ဆေးပညာလောကတို့၏ အကျိုးကျေးဇူးသည် အနာဂတ်လူသားအပေါ် မည်မျှ ကောင်းကျိုုးသက်ရောက်မည်ကို မလေ့လာဘဲ နားမလည်ဘဲ မစူးစမ်ဘဲ မျက်ကန်းယုံကြည်မှုအပြည့်ဖြင့် ကျမ်းစာလာဒေသနာများကို ရွတ်ဖတ်ပြကာ ကန့်ကွက်လေ့ရှိကြသည်။ ထိုကဲ့သို့ပြုလုပ်ရာတွင်လည်း တင်းမာသော ဆန့်ကျင်မှုများနှင့် လူမှုအသိုက်အဝန်းများ သဘောထားကွဲလွဲသည်အထိ ပြုလုပ်တတ်ကြသည်။ သူတို့၏ ထိုသို့သော မျက်ကန်းယုံကြည်မှုကို ဤနေရာ၌ မေးခွန်းများစွာ မေးရန် ရှိပါသည်။ အဓိကမေးခွန်းမှာ ဘုရားများသည် ဘာသာရေးဥသျှောင်များအား လောကီအမှုများပေါ် စီရင်ပိုင်ခွင့်ရှိ၏ဟု အခွင့်အာဏာများ အပ်နှင်းခဲ့ဖူးသလား ဟုမေးလိုပါသည်။ အခြားမေးခွန်းများမှာ ဘုရားများသည် သူတို့အား ယုံကြည်ခဲ့သည့် တဦးတယောက်အပေါ်ကို အာဏာသုံးခဲ့ဖူးသလား။ မယုံကြည်သူများအပေါ် ရန်သူဟု သတ်မှတ်ရန် ဟောကြားခဲ့ဖူးသလား၊ မိမိ၏ ဘုရားသခင်ကို ချစ်မြတ်နိုးသည်နှင့် အိမ်နီးချင်းကို ကြမ်းတမ်းစွာ ဆက်ဆံခွင့်နှင့် စီရင်ပိုင်ခွင့်ကို ဘုရားသခင် ပေးထားသလား၊ အိမ်နီးချင်းများ ဒုက္ခများ ဘေးဆိုးများနှင့် ရင်ဆိုင်ရတိုင်း မိမိတို့၏ သာသနာထွန်းပြောင်လာမြဲဆိုသည့် သမိုင်းအတွေ့အကြုံများ ရှိသလားဆိုသည့် မေးခွန်းများကိုလည်း တဆက်တည်းမေးလိုပါသည်။ စစ်မှန်သောဘာသာတရားတွင် စစ်မှန်သောလုပ်ရပ်များ ရှိပြီးသား ဖြစ်ပါသည်။ ထိုစစ်မှန်သော လုပ်ရပ်သည် မြည်းများကဲ့သို့ ရှေးမြည်းရေထဲခုန်ချသဖြင့် နောက်မြည်းများလည်း ရေထဲလိုက်ခုန်ချခြင်းကဲ့သို့သော သွန်သင်ပြသမှုမျိုးဟုတ်အံ့ဟု မထင်။ ဘာသာတရားတိုင်းတွင် လွတ်လပ်သော ဉာဏစွမ်းရည်၊ နက်နဲသော အသိတရား၊ မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်မှုများကို ဟောကြားပြသပေးနိုင်သည့် ဒေသနာများ ပါဝင်ပြီးသား ဖြစ်ပါသည်။ ↑
၃။ စံချိန်တင်လိုခြင်း_ ဂျေရုဆလင်ရှိ Dome of the Rock ဗလီကို ၁၉၈၄ ဇန်နဝါရီလ ၂၆ ရက် မနက် ဝေလီဝေလင်းတွင် ဖောက်ခွဲရေးပစ္စည်းများ လာတပ်ဆင်နေသော ဂျူးနှစ်ယောက်ကို ပါလက်စတိုင်း အစောင့်များက ဖမ်းမိခဲ့သည်။ ဤကဲ့သို့ ပြုမူခြင်းသည် တကြိမ်မဟုတ်။ ဂျူးတယောက်ကဆိုလျင် သူ့စစ်ဦးစီးချုပ်အား ဝေဟင်မှ ဗုံးဖြင့်ချရန် ခွင့်တောင်းဖူးသည်။ အဘယ်ကြောင့် ဤသို့ပြုလုပ်ရသနည်းဟူမူ ဗလီရှိခြင်းသည် မွတ်စလင်တို့ နယ်ချဲ့ရန်အတွက် အခွင့်သာစေသည်။ မွတ်စလင်သည် ဗလီကို အခြေပြု၍ အကြမ်းဖက်နည်းများ သင်ကြားနေသောကြောင့်ဟု ထိုဂျူးကဆိုသည်။ သူက ထိုဗလီကို ဖျက်ဆီး၍ မိမိတို့ဂျူးဘုရားကျောင်းသာ ထားရှိသင့်သည်ဟု ယူဆနေသူဖြစ်သည်။ သို့သော်လည်း ထိုမြင့်မြတ်သောမြေမှ ဂျူးဘုရားကျောင်းတွင် ဂျူးလူငယ်ပေါင်းများစွာသည် ကမ္ဘာတည်သ၍ ဂျူးဘာသာရေး တည်ရှိနေရန်အတွက် ဟုဆိုကာ စာများသင်အံ့လေ့ကျက်နေကြလေသည်။ ဧဝံဂေလိခရိယာန်တို့က ဂျေရုဆလင်အား နှစ်တထောင်စီမံကိန်းချ၍ အုပ်စိုးရေးမူဝါဒများ ရေးဆွဲလာကြသည်။ ဤမူဝါဒသည် လူ့သမိုင်းတွင် ဘာသာရေး၏ အကြီးကျယ်ဆုံး ဒုက္ခရောက်စေမှုဖြစ်သည်။ သူတို့၏ မူဝါဒကြောင့် အခြားဘာသာများနှင့် ခြောက်ရက်တာတိုက်ပွဲ ဖြစ်ပေါ်သွားသည်။ မည်သည့်စစ်ပွဲမှ အေးဆေးတည်ငြိမ်စွာ အဆုံးသတ်ရိုးမရှိသည့် ထုံးစံအတိုင်း ထိုဒေသတဝိုက်ရှိ လူများအားလုံး အငတ်ဘေးနှင့် လုပ်ကြံခံရမှုဘေး ရောဂါဘယဘေး စသည်တို့နှင့် ကြာရှည်စွာ ရင်ဆိုင်ရပါတော့သည်။ ထို ၆ရက်တ စစ်ပွဲအကျိုးဆက်သည် ၁၉၆၇ မှစတင်လိုက်ရာ ၂၀၀၆ ခုနှစ်တွင် နိုင်ငံတကာက ဝင်ရောက်ညှိနှိုင်းမှ ပြေလည်ခဲ့သည်။ ↑
နောက်တမျိုးမှာ ဘာသာရေးဆိုင်ရာ အယူအဆများ ဆိုးဆိုးရွားရွားကွဲပြားခြင်းဖြစ်သည်။ ခရိယာန်တို့၏ ဧဒင်ဥယျဉ်သည် ဗုဒ္ဓဘာသာတို့အတွက် လှောင်စရာဖြစ်သည်။ ဗုဒ္ဓဘာသာတို့၏ ဗုဒ္ဓဝင်သည် မှော်ဝတ္ထုဆန်သည်ဟု ဆိုပြီး ခရိယာန်တို့အတွက် ဟားစရာဖြစ်သည်။ ဤကဲ့သို့သော ကွဲလွဲမှုအဖုံဖုံကိုသာ ရှေးရှုလျက်ရှိသော ဘာသာရေးသည် နောက်ဆုံးသော တူညီမှုကိုပင် အမည်အားဖြင့် ရအောင်ခွဲ၍ ကောင်းကင်ဘုံ၊ နိဗ္ဗာန် မောက္ခ(ဟိန္ဒူ)ဟု ခွဲခြားပစ်လိုက်သည်။ အခြားတမျိုးမှာ ဩဇာအာဏာရှိသော သို့မဟုတ် ချမ်းသာကြွယ်ဝသော ဘာသာရေးခေါင်းဆောင်ဆိုသည့်သူများသည် သူတို့အား ယုံကြည်သူကို အများအပြားမွေးထုတ်ကာ အခြားဘာာသာများကို မုန်းတီးစေရန် ဟောပြောသည်။ သွန်သင်သည်။ ထို့နောက် အကြမ်းဖက်စေသည်။ ကုန်သွယ်ညီနောင်အတိုက်ခိုက်ခံရခြင်းသည် ဘာသာရေးတွင် ဩဇာရှိပြီး အလွဲသုံးစားလုပ်လိုသော သူတို့၏ လက်ချက်ကြောင့် ဖြစ်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် မွတ်စလင်ဘာသာဝင်တို့ ကျင့်ကြံရမည့် ကျင့်ဝတ်များသည် အဖက်ဖက်မှ ပြည့်စုံနေသော ငြိမ်းချမ်းရေးလမ်းစဉ် ဖြစ်ခဲ့ပါလျက် ဘာသာရေးကို အသုံးချမည့်သူများသို့ ကျရောက်ခဲ့ရခြင်းကြောင့် ဤသို့ဆိုးရွားသွားခြင်း ဖြစ်သည်။ မွတ်စလင်များသည် ဥရောပအမှောင်ခေတ်တွင် ကမ္ဘာကြီးကို တရားသောနည်းဖြင့် အုပ်စိုးလျက် သင်္ချာ၊ ဓာတု၊ ဆေးပညာ၊ ဒဿနိက၊ ဗိသုကာပညာစသည့် အသိပညာ အတတ်ပညာတို့ကို ဖြန့်ဝေခဲ့သည့်ဆိုသည့် ဂုဏ်ယူဖွယ်ရာသမိုင်းတခုကို ပိုင်ဆိုင်ခဲ့ကြသူများ ဖြစ်သည်။ ၁၁ ရာစုနောက်ပိုင်းတွင်မူ မွတ်စလင်အများစု နေထိုင်သည့်နိုင်ငံများတွင် အာဏာရှင်များစတင် ပေါ်ပေါက်ခဲ့ရာမှ အမှောင်ခေတ်သို့ ကျရောက်ခဲ့ပြီး ယနေ့ခေတ်အထိ အဖတ်ဆယ်မရ ဖြစ်နေခြင်းဖြစ်သည်။ ၁၃ ရာစုတွင် မွတ်စလင်များ သူတို့နေထိုင်ရာပြင်ပသို့ ထွက်ပြေးချိန်၌ အာဏာရှင်တို့၏ နှစ်ပေါင်းနှစ်ရာနီးပါး အုပ်ချုပ်မှုအောက်တွင် နေခဲ့ရမှုကြောင့် အသိပညာကန်းကာ အချို့မှားယွင်းသော အယူအဆများ ပါသွားခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် မွတ်စလင်များသည် နိုင်ငံ၏တိုးတက်ရေး ဖွံ့ဖြိုးရေးများနောက်ကျသည်ကို တမျိုးရှုမြင်ကြပြီး ၁၉၇၉ ခုနှစ် အီရန်နိုင်ငံက အစ္စလာမ္မစ်နိုင်ငံတော် ထူထောင်ကာ ကုန်သွယ်မှုစနစ်သစ်များ စတင်သည်။ ၂၀ ရာစုအကုန်တွင် မွတ်စလင်နိုင်ငံများသည် ကမ္ဘာတခုသဖွယ် ပုံပေါ်လာခဲ့ပြီး အခြားကမ္ဘာက လူများအတွက် သတိထားစရာဖြစ်လာခဲ့သည်။ သို့မဟုတ် စံပြဖြစ်လာခဲ့သည်။ ထို့အတူ အစ္စရေးနှင့် ပါလက်စတိုင်းအခြေအနေက ပိုဆိုးသွားစေခဲ့သည်။ ↑
၁၉၆၀ မတိုင်ခင်အထိ ကက်သလစ်နိုင်ငံတော်များ၊ ခရိယာန်ဘာသာဝင်အများအပြား နေထိုင်ကြသော အမေရိကနှင့် ဥရောပတို့တွင် မည်သည့်အခက်အခဲမှ မရှိခဲ့သော်လည်း ထိုကာလနောက်ပိုင်း ဘာသာသစ်များ ပေါ်ပေါက်လာသည်။ ဘာသာမဲ့များ စတင်များပြားလာသည်။ မည်သည့်ဘာသာကိုမှ မကိုးကွယ်သူများ ပေါ်ပေါက်လာသည်။ ထိုအချိန်မှစ၍ ခရိယာန်နိုင်ငံများက ထမင်းမစားမီ ဆုတောင်းခြင်းမှစ၍ သင့်လျော်သောအချိန် သင့်လျော်သောနေရာတိုင်း ဆုတောင်းခြင်းပြုလုပ်ရန် ဆော်ဩခဲ့ရသည်။ စာသင်ခန်းအတွင်းဆုတောင်းခြင်း၊ အားကစားပွဲမတိုင်မီ ဆုတောင်းခြင်း၊ တခုခုစတင်ရာတွင် ဆုတောင်းခြင်းအလေ့က ထိုအချိန်မှစ၍ ပေါ်ပေါက်လာခဲ့သည်။ ထိုကဲ့သို့ စံပြဖြစ်အောင် နေရာစုံ၌ ဆုတောင်းခြင်းစနစ်ကို တည်ထောင်ခဲ့သော်လည်း ကိုယ်ပိုင်ကျောင်းများ၌ “ဒီကျောင်းက ဘုရားသခင်ကို ကျောင်းထုတ်ထားတယ်” ဟုပြောဆိုလျက် ဆုမတောင်းသည့် အဖြစ်အပျက်များလည်း ဖြစ်ပျက်ခဲ့သေးသည် တမုံ့။ အချို့ကလည်း “ဘုရားသခင်က ကျုပ်အိမ်ကို လိုက်လာပြီး ဘာလိုက်လုပ်မှာလဲ” ဆိုသည့် တုန့်ပြန်ခြင်းမျိုးကို ရင်ဆိုင်ခဲ့ကြရသည်လည်း တဖုံဟုဆိုသည်။ အမေရိကန်တွင်မူ IRS ဆိုသည့် ခရိယာန်ညွှန့်ပေါင်းအဖွဲ့မှ ၁၉၉၄ အမေရိကန် ရွေးကောက်ပွဲတွင် လစ်ဘရယ်ဘက်မှ အာဏာရခဲ့မှုအပေါ် နောက်ထပ်ရွေးကောက်ပွဲ လုပ်ရန် လှုံ့ဆော်ပြီး အဖွဲ့ကိုတည်ထောင်သူက ဘာသာရေးအသင်းအဖွဲ့ကို အကြောင်းပြု၍ နိုင်ငံရေးတွင် ပါဝင်နိုင်ကြောင်း စံတခုတည်ဆောက်ခဲ့သည်။ ထိုအဖွဲ့သည် ၉/၁၁ အပြီးတွင် လိင်တူလက်ထပ်ခြင်းနှင့် ကိုယ်ဝန်ဖျက်ချခြင်းအရေးတို့၌ ပြင်းပြင်းထန်ထန် လိုက်လံကန့်ကွက်ဖြင့် ခရိယာန်ညွှန့်ပေါင်းဂုဏ်ကို ထုတ်ဖော်နေသည်။
ဘာသာရေးသမားများ၏ စံချိန်တခုတည်ထောင်ခြင်း သို့မဟုတ် စံပြဖြစ်လိုခြင်းတို့က ဘာသာတခုနှင့် တခုမတူကြသည်ကို တွေ့ရသည်။ ဗုဒ္ဓဘာသာဝင်တို့၏ စံချိန်တခုတည်ဆောက်ကြပုံမှာ ငွေကြေးအကုန်အကျ အများဆုံးဖြင့် အကြီးဆုံးသော အဆန်းကြယ်ဆုံးသော အဆောက်အအုံများကို ဆောက်လုပ်နိုင်ကြရန် ပို၍အလေးထားသည်။ မွတ်စလင်တို့က သူတို့နိုင်ငံ၏ ဖွဲ့စည်းပုံကို နိုင်ငံရေး စီးပွားရေး ဥပဒေပြုရေး တရားစီရင်ရေးနှင့် ဘာသာရေးများကို ရှင်းလင်းပြတ်သားစွာ တွဲမြင်လိုကြသည်။ ပါလီမန်တွင် ဘာသာရေးခေါင်းဆောင်များက သူတို့လက်ထဲရှိ ကျမ်းစာဖြင့် ဆုံးဖြတ်ချက်ချသည်ကို လိုလားကြသည်။ ယခုအချိန်အထိ မည်သည့်နိုင်ငံဖွဲ့စည်းပုံမှ ထိုကဲ့သို့ဖွဲ့စည်းပုံ ပေါ်ပေါက်မလာသေးပေ။ အလားတူ နိုင်ငံနှင့် ပြည်သူကို အုပ်ချုပ်မည့်သူအား လူထုကရွေးချယ်ခြင်းသည် သန့်စင်သော ရွေးချယ်ခြင်းမဖြစ်။ ကောင်းကင်ဘုံက ရွေးချယ်ပေးသော ခေါင်းဆောင်သည်သာလျင် စင်ကြယ်သော ခေါင်းဆောင်ဖြစ်၏ဟု ဆိုကြသည်။ ကမ္ဘာ့ လူဦးရေအများဆုံး စာရင်းဝင် ဟိန္ဒူဘာသာတို့မူကား သူတို့၏ ဓလေ့ထုံးတမ်းစဉ်လာကို မစွန့်လွတ်ခြင်းဖြင့် သူတို့ဘာသာ၏ စံကိုတင်ထားသည်။ ခြောက်ခုမြောက် လူဦးရေအများဆုံး ဗဟာဘာသာကမူ ပြိုလဲပျက်စီးခြင်းသည် သဘာဝဖြစ်စဉ်တခုဟု စံပြုလေသည်။ ↑
၄။ တရားမျှတမှုဆိုသည်မှာ_ကျွန်ုပ်ရေးသားသည့် တွေးခေါ်သူများပိုစ့် (၄) တွင်ပါသော အိန္ဒိယပါကစ္စတန် ပဋိပက္ခကို အမေရိကန်က ပိုမိုကြီးထွားပြီး နျူကလီးယားများ အသုံးပြုလာကြမည်လားအထိ စိုးရိမ်ရေမှတ် တက်ခဲ့သည်။ ဟိန္ဒူဘာသာဝင်တို့၏ ဤမျှကြောက်မက်ဖွယ်ကောင်းသော ရက်စက်မှုကို ကမ္ဘာကလည်း တုန်လှုပ်ခဲ့ကြရသည်။ အကြောင်းမှာ ဤကဲ့သို့ ရက်စက်စွာ သတ်ဖြတ်ခြင်းသည် ဟိန္ဒူဘာသာရေး ကျင့်ဝတ်များနှင့် လုံးဝဆန့်ကျင်လျက်ရှိနေသောကြောင့် ဖြစ်သည်။ ဗုဒ္ဓဘာသာတို့ကဲ့သို့ ကုသိုလ် အကုသိုလ်တို့၏ အကျိုးတရားများကို တွင်တွင်ဟောကြားထားပါလျက်၊ ထို့ပြင် ခရိယာန်ဘာသာတို့ကဲ့သို့ သင့်အိမ်နီးချင်းကို ချစ်ရန်ဆိုသော သွန်သင်မှုရှိပါလျက် သူတို့၏ ကျင့်ဝတ်များ အသက်မဝင်ပုံမှာ အံမခန်းလိလိဖြစ်ရသည်။ ဘာသာရေးအပေါ် လူသားတို့၏ ချဉ်းကပ်ပုံမှာ ကာလ ဒေသကွဲပြားလျက်ရှိသည်ကို ဤအချက်ကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။ ဘာသာတရားများသည် မြင့်မြတ်ခြင်း စင်ကြယ်ခြင်းဆိုသည့် ဝေါဟာရကို အသုံးပြု၍ အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေကြသည်မှာ ယနေ့ခေတ်တွင် မမြင်ချင်အဆုံး ဖြစ်လာသည်။ ဘာသာတရားတိုင်း၏ သွန်သင်ချက်များမှာ ဘာသာတခုနှင့်တခု အသုံးအနှုန်းမတူသည်က လွဲ၍ ကြီးကြီးမားမာား အပြောင်းအလဲ မရှိသော်လည်း ဘာသာဝင်များသည် အကြီးအကျယ် အယူအကောက်လွဲလျက် ဘာသာတခုနှင့်တခုအပေါ် ဒိဋ္ဌိဟု ပြင်းထန်သောစွပ်စွဲချက်များဖြင့် ထိခိုက်ဒဏ်ရာများ အသက်သေစေခြင်းများကို ဗြောင်ကျကျ ပြုကျင့်နေကြပုံမှာ လမ်းဘေးဆေးသမားစရိုက်ပင် ဆန်နေသေးတော့သည်။ ဤကဲ့သို့ ဖြစ်ရခြင်းကိစ္စတိုင်း၏ နောက်ကွယ်သို့ ချောင်းကြည့်လိုက်လျင်မူ နိုင်ငံတခုကို လွှဲမှားစွာ အုပ်ချုပ်သော ခေါင်းဆောင်များနှင့် အကျင့်ပျက်ဘာသာရေးခေါင်းဆောင်တို့၏ မလျော်မကန်သော အပြုအမူများဟု အကြိမ်များစွာ သိမြင်ခဲ့ရသည်။ တပ်မက်ခြင်း ကိလေသာ၏ နှိပ်စက်မှုကို ခံနေရသော မိမိတို့၏ မူလရုပ်ရည်ကို ဖျက်လျက် မိမိနိုင်ငံမိမိဘာသာကို ကာကွယ်လိုသည်ဆိုသော ပြောင်ပြောင်တင်းတင်း ဘီလူးရုပ်ကို မင်းသားခေါင်းစွပ်ပြနေခြင်းသာ ဖြစ်ပါသည်။ နိုင်ငံရေးတွင် သင့်လျော်သောနည်းလမ်းဖြင့် အုပ်ချုပ်ရန် မဖြစ်နိုင်တော့သည့်အချိန်တိုင်း အယုံလွယ်ပြီး ပျော့ညံ့သော ဘာသာရေးခေါင်းဆောင်များက ငါးစာဖြစ်ရမြဲဖြစ်သည်။ ဤပုံစံကို ၂၀၀၀ ခုနှစ် အစ္စရေးအတိုက်အခံခေါင်းဆောင် လီကွတ်ဆိုသူက အသုံးပြုခဲ့သည်။ သူ့အပြုအမူကို ဝန်ကြီးချုပ်ဟောာင်း နေတန်ယာဟုက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့သည်။ သူ့ကြောင့် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်နိုင်ငံ၏ ပဋိပက္ခလောင်စာများ ပိုအားကောင်းခဲ့သည်။ ဘာသာရေးကို အသုံးချ၍ အောင်မြင်ခဲ့မှုလည်း ရှိပါသည်။ ၁၉၉၁-၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ဟိန္ဒူပါတီတခုက ဗလီများကို ဖြိုဖျက်၍ မဲရရှိရေးကြိုးပမ်းခဲ့သည်။ သူအနိုင်ရပြီးနောက်တွင်လည်း ဗလီများကို ဆက်လက်ဖြိုချပြီး ဟိန္ဒူဘုရားကျောင်းများ ဆောက်လုပ်ခဲ့သည်။ သူ့ဘဝတသက်လုံး အစောင့်အကြပ်ထူထပ်စွာဖြင့် နေထိုင်သွားခဲ့ရသည်က သူ့ကုသိုလ်ပေလားတော့ မသိ။ နိုင်ငံရေးသမားများသည် အကျိုးအမြတ်ရလိုသည့် အခါတိုင်း မည်သည့်အခါကမှ ငြိမ်ငြိမ်သက်သက်မရှိခဲ့သည့် ဘာသာရေးကို ခပ်ဆတ်ဆတ်လေး လှုပ်ရမ်းကာ ဘာသာရေးခေါင်းဆောင်များနှင့် ရုပ်ပိုင်းဆိုင်ရာ ချဉ်းကပ်မှုမျိုး ပြုလုပ်လာကြသည်မှာ ကြောက်မက်ဖွယ် ကောင်းနေသော်ငြား သမားရိုးကျ လုပ်ငန်းစဉ်တခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ဘာသာတခုခုကို ယုံကြည်သူများသည် အချိန်မရွေး လူအုပ်တခု ဖန်တီးရန် အလွန်လွယ်ကူသည့် အချက်ကလည်း နိုင်ငံရေးကစားလိုသူများ၏ လက်မလွတ်ချင်ဆုံး အရာတခုဖြစ်လျက်ရှိသည်။ ဘာသာတရားကို ယုံကြည်ကြသူများမှလည်း မိမိတို့ဘာသာရေးကို အန္တရာယ်တခုခုကျလာဖွယ်ရှိသည့် အနေအထားနှင့် ကောင်းကျိုးရမည့်အနေအထားကို အမြဲကြောင့်ကြလျက်ရှိတတ်ကြရာ မည်သည့်နိုင်ငံရေးသမားကို ကပ်လျင် ပို၍အောင်မြင်မည်နည်းဟု ကျားချောင်းချောင်းလျက်ရှိ၏။ ထိုကဲ့သို့ စွမ်းရည်မရှိသော နိုင်ငံရေးခေါင်းဆောင်နှင့် အကျင့်ပျက်သော ဘာသာရေးခေါင်းဆောင်များ ဖူးစာဖက်ရေစက်ဆုံပါက မျက်စိအောက်၌ မည်မျှဆိုးရွားသော အဖြစ်အပျက်များ ဖြစ်ပျက်နေလင့်ကစား ဂရုပြုမနေဘဲ ရလိုမှုတခုတည်းကိုကြည့်၍ ကြည့်၍ မြင်၍ပင် မသင့်သော ပြစ်မှုများကို ယဉ်ပါးစွာပင် ကျူးလွန်ဖြစ်အောင် ကျူးလွန်တတ်ကြသည်။ ဤကဲ့သို့ဆိုရခြင်းမှာ ဟစ်တလာ၏ တပ်သားများတွင် ဂျူးမဟုတ်သော်လည်း ဂျူးဘာသာကို တစိတ်တဒေသအားဖြင့် ယုံကြည်သူများ ပါဝင်ခဲ့ပါသည်။ သို့သော်လည်း ဂျူးများကို သတ်ဖြတ်ရန် လိုအပ်လာသောအခါ မျိုးရိုးကလည်း ဂျာမန်ဖြစ်ပြန် ဓမ္မဟောင်းကျမ်းက ဓမ္မသစ်ကျမ်းအား ဖျက်ဆီးပစ်နိုင်သည်ဆိုသော ဘာသာရေး ခြိမ်းခြောက်မှုများလည်း ပါဝင်လာပြန်သောအခါ ဓမ္မဟောင်းကျမ်းကို ယုံကြည်သော ဂျူးများကို လူမဆန်သည့်နည်းဖြင့် သတ်ပစ်လိုက်ရန်ပင် မည်သည့်ဂျာမန်စစ်သားမှ ဝန်မလေးကြတော့ချေ။ ဓမ္မစစ်ကို မြင်သူများအနေဖြင့် သေချာကြည့်လျင် ယေရှုသည် ဂျူးလူမျိုးဖြစ်သည်။ သူ့နောက်လိုက်များသည်လည်း ဂျူးလူမျိုးဖြစ်သည်။ ယေရှု၏နှုတ်ကပတ်တော်ကို ရေးသားခဲ့သူ ပေါလုမှာလည်း ဂျူးစစ်စစ်တယောက်ပင် ဖြစ်ခဲ့ပါသည်။ သမိုင်းပညာရှင် James Carroll မှာ ဤအဖြစ်အပျက်များနှင့် ဓမ္မဟောင်းနှင့် ဓမ္မသစ် ပေါ်ပေါက်လာပုံ ကွဲပြားပုံ တူညီပုံများကို အကြိမ်ကြိမ် ညှိနှိုင်းပေးခဲ့သော်လည်း ခရစ်ဝင်ကျမ်းတွင် မည်သို့မှ သဘောထားခြင်းမတိုက်ဆိုင်ဘဲ ယနေ့ထိ ဂျူးနှင့် ခရိယာန်အကြား ဓမ္မဟောင်းနှင့် ဓမ္မသစ်ကြား ဇော်ဝင်းထွဋ်၏ အစွန်းရောက်သီချင်းစာသားလို “အပြင်းဆုံးသော မီးများ၊ အပြင်းဆုံးအပူလား” ဟူ၍ အော်ဟစ်လျက် ရှိနေပါတော့သတည်း။ ↑
ကျွန်ုပ်ငယ်ငယ်က ဘာသာပြန်ဝတ္ထု ဇာတ်လမ်းတွဲ တတွဲတအုပ် ဖတ်ဖူးပါသည်။ စာအုပ်အမည် စာရေးဆရာအမည် မမှတ်မိ။ ဘိလပ်လို Rock ပါသည်။ Rose ပါသည်ကိုတော့ မှတ်မိသည်။ ကျွန်ုပ်မှာလည်း ထိုစာလုံးနှစ်လုံးကို မည်သို့မှ တွဲ၍မရဖြစ်နေသည်။ ထိုစာအုပ်၏ ဇာတ်လမ်းအဖွင့်တွင် ကောင်လေးတယောက် စက်ဘီးဖြင့် အိမ်မှထွက်လာသည်။ လမ်းတွင် ကောင်လေးတစုက ခဲဖြင့်ဝိုင်းပေါက်သည်။ ထို့နောက် ကောင်လေးက ချိုင့်ဝှမ်းတခုထဲသို့ စက်ဘီးနဲ့အတူ ကျသွားသည်။ ကောင်လေးတစုက အပေါ်မှနေ၍ ချိုင့်ဝှမ်းထဲ ရောက်နေသော ကောင်လေးအား ခဲဖြင့် အဆက်မပြတ် ထုသည်။ အောက်က ကောင်လေးက ခွေခွေလေး ငြိမ်ခံလျက်နေရသည်။ အပေါ်က ကောင်လေးများက ခဲဖြင့်ထုလို့ဝ၍ ထွက်သွားသောအခါမှ အောက်က ကောင်လေးက တက်လာသည်။ ထိုခဲဖြင့် ဝိုင်းထုခံရသော ကောင်လေးသည် ဂျူးလူမျိုးဖြစ်နေသဖြင့် ခဲဖြင့် ဝိုင်းထုကြခြင်းဖြစ်ကြောင်း ဝတ္ထုကို ဖွင့်ထားသည်။ ဤအဖြစ်အပျက်မျိုးသည် ဝတ္ထုထဲမှာတွင်သာမက လက်ရှိ အပြင်တွင် နေကြသော ဂျူးများအားလုံးက ထိုကဲ့သို့ အမြဲကြုံရလျက်ရှိသည်။ ထို့ကြောင့်ပင် အီလွန်မတ်တယောက် သူ့ဘဝတလျောက်လုံး ဘုရားကျောင်းမတက်ခဲ့။ ထို့အတူ တနင်္ဂနွေစာစောင်ကို မဖတ်ခဲ့။ သူက တနင်္ဂနွေစာစောင်မှာ ဘာအသစ်မှ မပါလို့ ဘာမှ စိတ်ဝင်စားစရာ မကောင်းဘူးဟု ပြောခဲ့သေးသည်။ ဘာသာရေးခေါင်းဆောင်များကမူ သူ့စကားကို နားမထောင်ကြရန်အတွက် တရားထဲဟောရ စာစောင်ထဲရှင်းရ လုပ်ခဲ့ရသည်။ ဂျူးများအား အမြဲမပြတ် နှိပ်ကွပ်မှု ဖြစ်စဉ်များ ဖြစ်ပျက်လျက်ရှိသော်လည်း ခရိယာန်တို့၏ သတင်းကောင်း ဓမ္မဂျာနယ်များ၊ ကျေးဇူးတော်ဓမ္မစာစောင်များ ယုံကြည်ခြင်းစာပေများကမူ အရောင်းသွက်လျက်ရှိချေသေး၏။ ဘာသာရေးတွင် အလွန်ဆိုးယုတ်သော ရန်လိုမှုများကို ဟောကြားထားသည့်အလား ပြုမူနေကြပုံမှာ ဘုရားသခင်ကပင် ကောင်းချီးဆင်းပေးတော့မည်လား ထင်ရသည်။ ၂၀၀၂ ခုနှစ် ဘီလီဂရေဟမ်နှင့် သမ္မတရစ်ချက်နယ်ဆင်တို့၏ အင်တာဗျူးတွင် ဂျူးတွေဟာ နိုင်ငံတော်ကို ဖျက်ဆီးနေကြသူပဲဟု ပြောသည်ကို အပြန်အလှန် ထောက်ခံခဲ့ကြပါသေးသည်။ ထို့ပြင် ၂၀၀၂ ခုနှစ်၌ အရှေ့အလယ်ပိုင်း ပဋိပက္ခသည် အမေရိကန်၏ အကျိုးစီးပွားအတွက်ဖြစ်သည်ဆိုသည့် မူဝါဒကို ချမှတ်ခဲ့ဖူးသည်။ ထိုဟာသလိုလို အတည်လိုလိုမူဝါဒက လက်ရှိကာလအထိ အမေရိကန်နိုင်ငံရေးတွင် ဘာသာရေးကို ထည့်သွင်းစဉ်းစားလာစေခဲ့သည်။ အာဖဂန်နစ္စတန်၊ အီရန်စသည့် အာရပ်ကမ္ဘာနိုင်ငံ အတော်များများ၌ အမျိုးသမီးများသည် နီကပ်ခြုံရသည်။ မခြုံလျင် ကြိုက်သည့်နေရာတွင် ကြိုက်သည့်ပြစ်ဒဏ် ပေးခွင့်ရှိသည်။ ထိုပြဿနာကို ကိုရမ်နှင့် ဟဒီးသ်တွင် လူပေါင်းများစွာ ပညာရှိပေါင်းများစွာ အဖြေရှာခဲ့ကြသော်လည်း အဓိပ္ပါယ်ဖွင့်ဆိုချက်များက မည့်သည့်အခါကမှ မတူညီခဲ့ဘဲ မွတ်စလင်အမျိုးသမီးပေါင်းများစွာတို့မှာ အခြားသော ပညာသင်ခွင့်၊ မဲပေးခွင့်၊ ရွေးချယ်ခွင့်တို့အထိပင် ဆုံးရှုံးနေရသည်။ အဆိုးဆုံးမှာ အပျိုဖော်ဝင်စတွင် အမျိုးသမီးအင်္ဂါဇာတ်ကို ဖြတ်တောက်ပစ်ခြင်းနှင့် အမျိုးသားတဦးဦးက လက်ထပ်ချင်လျင် မွတ်စလင်အမျိုးသမီးများမှာ အရွယ်ငယ်သေးသည်ဟုပင် ဝင်ရောက်ပြောဆိုပေးမည့်သူ တဦးမှမရှိသည့် အချက်ပင်ဖြစ်ပါသည်။ ထို့အပြင် နှစ်စဉ် ရာနှင့်ချီသော မွတ်စလင်အမျိုးသမီးများမှာ အကြောင်းမဲ့ သတ်ဖြတ်ခံရလျက်လည်း ရှိသည်။
ဘာသာတရားတိုင်းတွင် သင်လျှော်မှန်ကန်သော တရားမျှတမှုရှိသည်ဟုဆိုကြသည်။ ဂျူးတို့အတွက် တရားမျှတမှုက အဘယ်မှာနည်း။ မွတ်စလင်အမျိုးသမီးတို့အတွက် တရားမျှတမှုကကော ကိုရမ်ကျမ်းစာအုပ်ထဲတွင် လိုက်တမ်းပြေးတမ်း ကစားနေကြသည်များလား။ ကျွန်ုပ်ဤ တရားမျှတခြင်းဆိုသည်မှာ ဆိုသည့်ပိုစ့်အစတွင် ညွှန်းခဲ့သော တွေးခေါ်သူများအပိုင်း (၄) တွင် Earth ဆိုသည့် ဇာတ်ကားအကြောင်း ပါသည်။ ထိုဇာတ်ကားကို ရိုက်ကူးခဲ့သူ၏ ပူးတွဲဇာတ်ကားမှာ Water ဖြစ်သည်။ ရေဟု အဓိပ္ပါယ်ရသော ဇာတ်ကားတွင် အသက် ၁၀ နှစ်မျှသာရှိသေးသော မိန်းကလေးတဦးသည် မုဆိုးမဖြစ်သွားသဖြင့် မုဆိုးမဂေဟာတွင် နေထိုင်ရပုံကို ရိုက်ကူးထားသည်။ ဤအချက်ကိုကြည့်၍ ဟိန္ဒူဘာသာတို့၏ တရားမျှတမှုသည် လင်သေမုဆိုးမများနှင့် မည်သည့်အချိန်ကမှ မပတ်သက်ခဲ့သည့် သဘောပေလားဟု မေးရမည်ဖြစ်သည်။ ထို့ပြင် ယနေ့ခေတ်ကဲ့သို့ ပွင့်လင်းလာသောခေတ်တွင် အဘယ့်ကြောင့် ဇာတ်စနစ်ကြီးကို မစွန့်လွတ်နိုင်ကြသေးသနည်း။ ဇာတ်နိမ့်အတွက် တရားမျှတမှုက မလိုအပ်၍လား။ ဟိန္ဒူဘာသာများ ကြီးစိုးရာဒေသတွင် စတင်ခဲ့သော ဗုဒ္ဓဘာသာမှာလည်း အချို့သော ဟိန္ဒူအယူကို စွန့်လွတ်နိုင်ခဲ့ကြသော်လည်း အမျိုးသမီးများအား ဇာတ်နိမ့်သဖွယ်ဆက်ဆံနေကြမှုကို မစွန့်လွတ်နိုင်ကြသေးပေ။ ဗုဒ္ဓဘာသာတွင် ဘုန်းတော်ကြီးများသည် အရာအားလုံးကို ဆုံးဖြတ်ပိုင်ခွင့် လိုင်စင်ရပုဂ္ဂိုလ်များအဆင့်တွင် အမြဲရှိသည်။ ဤအယူအဆသည် တခါက ဥရောပအလယ်ခေတ်က ခရိယာန်အယူဝါဒကဲ့သို့ အမှားအမှန်ကို ဘုရားသခင် အမိန့်အာဏာတော်ဖြင့် ဆုံးဖြတ်သည်ဆိုသည့် ဥပဒေကို ကျင့်သုံးနေသည်နှင့် အလားတူသည်။ အဆုံးဖြတ်ခံများသည် တရားမျှတမှုကို တကယ်ရရှိကြပါ၏လား။ ထို့နောက် ဗုဒ္ဓဘာသာတွင် မိန်းကလေးများမှာ အန္တရာယ်ဆိုသည့် ဟောပြောသွန်သင်ဆုံးမမှုများ အကြိမ်များစွာတွေ့ရသည်။ ထိုသွန်သင်ဟောပြောချက်သည် ဘာသာရေးကို ကာကွယ်သည်လား၊ ယောက်ျားများက မြတ်သည်ဟု ဂုဏ်ယူလိုသည်လား၊ ဤကဲ့သို့ ပြောဆိုနေထိုင်ခြင်းအတွက် တရားမျှတ၏ဟု ယုံကြည်သည်လားဆိုသည်ကိုကား လက်ရှိကာလအထိ တဦးတယောက်က ထိုအချက်အား စဉ်းစားနေပါသည်ဆိုသည့် ပြောဆိုမှုမျိုး ရေးသားမှုမျိုးကို မတွေ့မိခဲ့သေး။ လက်ရှိကမ္ဘာပေါ်ရှိ ဘာသာတရားအသီးသီးတို့၏ တရားမျှတမှုဆိုသည်မှာ တဦးတယောက်အပေါ် သို့မဟုတ် လူတစုအပေါ် သို့မဟုတ် လူသားမျိုးနွယ်၏ အစိတ်အပိုင်းတခုအပေါ် အန္တရာယ်အငွေ့အသက်များ ကျရောက်လျက်ရှိနေသည်။
ဘာသာတရားတိုင်း ကမ္ဘာတည်သ၍ တည်တံ့ခိုင်မြဲစေလိုသော စေတနာများ ဘာသာဝင်တိုင်း၏ ဆန္ဒအသီးသီး ဖြစ်ကြသည်မှာ ရှောင်၍မလွတ်နိုင်သော ပစ်ချက်ဖြစ်ပါသည်။ အစ္စလာမ်ဘာသာကို တည်ထောင်သူ မိုဟာမက်သည် တည်ထောာင်ချိန် ၂၂ သာ ကြာခဲ့သည်။ ထိုကာလတို၊ ထိုခေတ်နှင့် လက်ရှိခေတ်အပြောင်းအလဲ သုံးခုကို ဘာသာဝင်များ ပူးတွဲစဉ်းစားသင့်ပေပြီ။ မိမိ၏ ဘာသာတရားကို မိမိတို့ ကာကွယ်ပိုင်ခွင့်မှာ မိမိတို့၏ လွတ်လပ်ခွင့်ဖြစ်သည်။ ထိုမိမိယုံကြည်သော ဘာသာတရားထဲမှ ဆိုးကျိုးတခုတလေကြောင့် ဆွမ်းဆန်ထဲ ကြက်ချေးအရောခံမည်လားကိုလည်း တပါးတည်းတွေးထားသင့်ပါသည်။ ချာ့ချ်ကျောင်းများမှ ကလေးမုဒိမ်းမှုများ၊ လိင်လုပ်သားများ၊ မူးယစ်ဆေးဖြန့်ဝေရောင်းချမှုများ ဖြစ်ရပ်သည် ၁၉၈၅ မှ ယနေ့အထိ ဖြစ်ပွားလျက်ရှိပြီး ကမ္ဘာနှင့်အဝှမ်းတွင် နှစ်စဉ် ဘုန်းတော်ကြီး အပါးတရာကျော်ကို ပြစ်ဒဏ်ချမှတ်နေရသည်။ ဤအချက်ကို ခရိယာန်ဘာသာဝင်များ အသို့ကြောင့် ယခုအထိ ဤအရေးသည် မိမိအရေးပါတကားဟု မတွေးကြသေးသနည်း။ ဂျူးလူမျိုးများကို ရန်သူဟု သတ်မှတ်နေသည့် အသိုင်းအဝိုင်းတခုကိုလည်း မည်သည့်ခေတ်ရောက်မှ ဖျောင်းဖြကြမည်နည်း။ အမှန်ဆိုရလျင် ဘာသာတရားတိုင်းတွင် တရားမျှတမှုအတွက် အဖြေရှိပြီးသားဖြစ်ပါသည်။ မိမိ၏ကိုယ်ပေါ်တွင် ပုပ်အဲ့နေသော အနာရှိမှန်းသိလျက် မိမိအသားနာမည်စိုး၍ မဖြတ်ထုတ်ဘဲထားလိုက်လျင် ရလာမည့်ဆိုးကျိုးကို မိမိသာလျင်ခံစားရမည်ဟု မိမိတို့ ကိုးကွယ်သည့် ဘာသာရေးအပေါ်ကိုလည်း တွေးတောသင့်ပေပြီ။ ↑
၅။ တရားသောစစ်_ ဘင်လာဒင်သည် WTC ကိုတိုက်ခိုက်အပြီး အမေရိကန်ရှိ အစ္စလာမ်ဘုန်းတော်ကြီးများကို ဆန့်ကျင်၍ လူဆိုးတည်းဟူသော ဘွဲ့တံဆိပ်ကို ရင်ဘတ်တွင် အကပ်ခံလိုက်၏။ သူ့လက်အောက်ငယ်သား များကိုလည်း လူဆိုးဆိုသည့် ဂုဏ်ထူးဆောင်တံဆိပ်များကို ကျေကျေနပ်နပ်ကြီးပေးအပ်လိုက်၏။ ရလာဒ်ကား တကမ္ဘာလုံးက သူတို့နေထိုင်သည့် နိုင်ငံကို မိစ္ဆာဝင်ရိုးစွန်းနိုင်ငံများဟု ကင်းပွန်းတပ်စေလိုက်သည်။ အစ္စရေးဝန်ကြီးချုပ် အေရီယယ်ရှာရွန်သည် ဂါဇာကမ်းမြောင်ဒေသကို ရှင်းလင်းရာတွင် ဖြတ်သွားဖြတ်လာလမ်းရှိ လူနေအိမ်များအား မပစ်ခတ်ပါနှင့်ဟု အားလုံးဝိုင်းတားနေသည့်ကြားကပင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ကို စေလွတ်ကာ လူဆိုးဆိုသည့် ဝိသေသအထူးကို အရူးအမူးပင် ယူပစ်လိုက်သည်။ ကမ္ဘာက လူဆိုးဆိုသော ဘွဲ့တံဆိပ်ပေးအပ်လိုက်သော်လည်း ဘင်လာဒင်နှင့် ရှာရွှန်တို့က တရားသောစစ်ဟု ခွန်းတုံ့ပြန်ခဲ့သည်။ သူ့လုပ်ရပ်ကြောင့် နျူလက်နက်သုံးလာမည့်ဘေးကို စိုးရိမ်နေရသည့် အိန္ဒိယ ပါကစ္စတန် ပဋိပက္ခနှင့် နိုင်ဂျီးရီးယား၊ ဗီယက်နမ်တွင် မွတ်စလင်နှင့် အခြားဘာာသာဝင်များ ပဋိပက္ခများပင် သတင်းစာ၏ နောက်ကွယ်စာမျက်နှာသို့ ရောက်သွားခဲ့ရသည်။ စစ်ပွဲများစွာ ဖြစ်နေရာတွင် ဘာသာရေးကို အကြောင်းပြလျက် တရားသောစစ်ပွဲဟု ကြေငြရဲဖို့ဆိုသည်မှာ တော်ရုံတန်ရုံ ဘာသာရေးအကျင့်ပျက်သူ မဟုတ်ကြောင်း စစ်ပွဲဦးစီးသူတို့က သူတို့ကိုသူတို့ ကြေငြာလိုက်ခြင်းပင် ဖြစ်ပါသည်။ ကျွန်ုပ်၏ တွေးခေါ်သူများ ပိုစ့်(၄) တွင် ဘာသာရေးစစ်ပွဲကြောင့် သေဆုံးကြရသည့် လူအရေအတွက်ပါသည်။ ဘာသာရေးကြောင့် ဖြစ်ရသော စစ်ပွဲအားလုံးသည် တရားမျှတသော စစ်ပွဲဖြစ်မလာပါ။ ဘာသာရေးအကျင့်ပျက်ကြသူများ၏ အကြမ်းဖက်မှုလုပ်ရပ်များသာ ဖြစ်ပြီး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့သမိုင်းတလျှောက် ဘာသာရေးစစ်ပွဲအပြီးတွင် ငြိမ်းချမ်းရေး ရရှိသွားသည်ဆိုသည့် မည့်သည့်ဘာသာရေးစစ်ပွဲမှ မရှိသေးပါ။ ထို့ကြောင့် ဘာသာရေးစစ်ပွဲသည် ဘယ်သောအခါမှ တရားသောစစ်ပွဲ မဖြစ်ခဲ့ပါ။ တရားသော စစ်ပွဲမဟုတ်သည့်အပြင် မိမိတို့ ကိုးကွယ်သည့် ဘာသာရေးကြောင့်ဟု အကြောင်းပြကာ အကြမ်းဖက်ခြင်း လူသတ်ခြင်းနှင့် စစ်ပွဲများဖြစ်စေခြင်းသည် မိမိကိုးကွယ်သော ဘာသာတရား၏ နာမည်ကို ဖျက်ဆီးပစ်လိုက်ခြင်း စော်ကားပစ်လိုက်ခြင်းသာ ဖြစ်ပါသည်။ တနည်းအားဖြင့်ဆိုရသော် မိမိဘာသာတရားကို မိမိကိုယ်တိုင် အဆုံးစီရင်ပေးလိုက်ခြင်းဟု ဆိုလျင်လည်း မမှားပေ။ ↑
စစ်ပွဲတိုင်းကို ဘုရားတိုင်း သက်ရှိထင်ရှားရှိနေကြလျင် ကြီးမြတ်သော မဟာကရုဏာတော်ဖြင့် တားမြစ်ကြမည်မှာ မလွဲဧကန်ဖြစ်သည်။ လက်ရှိတွင် မည်သည့်ဘုရားမှ မရှိတော့သော်လည်း ဘုရားတိုင်း ချန်ထားခဲ့သော ဒေသနာထဲတွင် စစ်လက်နက်စုဆောင်းခြင်း၊ စစ်ရိက္ခာစုဆောင်းခြင်း၊ စစ်တိုက်ရန်အတွက် ပြင်ဆင်ခြင်းစသည့် ဟောပြောသွန်သင်ဆုံးမမှုမျိုး ရှိမည် မဟုတ်ပါ။ မရှိသည့်အပြင် စစ်ပွဲမဖြစ်စေရန် အားလုံးအပေါ် ကရုဏာထားရန်ကိုသာ ပါရှိမည်ဖြစ်သည်။ စစ်ပွဲမှန်သမျှသည် တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတို့၏ တာဝန်ဖြစ်သည်။ စစ်ပွဲတိုက်သင့် မတိုက်သင့်သည် ထိုမင်းလုပ်သူနှင့် သူ့အကြံပေးပုဂ္ဂိုလ် မူးမတ်ရာဇာတို့၏ ဆုံးဖြတ်ပိုင်ခွင့် ဖြစ်ပါသည်။ တရားမျှတမှုရှိမရှိကို ထိုသူတို့၏ တိုင်းသူပြည်သားအပေါ် ထားရှိသော စိတ်ထားအား ကြည့်၍ ဆုံးဖြတ်နိုင်သည်။ ၁၆ ရာစုက ဆုံးဖြတ်ချက်ကို ယူလိုလျင်လည်း ရပါသည်။ ထိုအချိန်က တရားသောစစ်ဆိုသည့်အချက်ကို (၁) အာဏာပိုင်များက ဆုံးဖြတ်ခြင်း၊ (၂) အကြောင်းအကျိုး ညီညွှတ်ခြင်း၊ (၃) ယုတ်မာကောက်ကျစ်သောသူတို့၏ ရန်မှကင်းဝေးစေရန် ရည်ရွယ်ခြင်းနှင့် (၄) စစ်ကို စစ်စည်းကမ်းနှင့်အညီတိုက်ခြင်းဟူ၍ ဖြစ်သည်။ ဤမျှနှင့် မကျေနပ်သေးပါက Kimball ဆိုသည့် ဘဲကြီးက သူ့ဘာသာသူ ထပ်ဖြည့်သည့် အချက်လေးချက်ကိုလည်း ထည့်သွင်းစဉ်းစားနိုင်သည်။ (၅) အပြစ်ရှိသူအား အပြစ်အလျောက် အရေးယူခြင်း၊ (၆) အပြစ်မရှိသူများ မည်သည့်ဆင်းရဲမှုမျိုးကိုမှ မကြုံစေခြင်း (၇) စစ်ပွဲကို နောက်ဆုံးနည်းလမ်းအဖြစ်ဖြင့် မဖြစ်မနေအရသာ ရွေးချယ်ခြင်း (၈) ကျိုုးကြောင်းဆီလျှော်၍ အောင်မြင်နိုင်ချေ အခွင့်အလမ်းများကို ပိုင်ဆိုင်ထားခြင်းဟု ဖြစ်ပါသည်။ ဘာသာရေးအရ တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များက (၁) ဖောက်လွဲဖောက်ပြန် အယူရှိခြင်း၊ (၂) မိစ္ဆာဒိဋ္ဌိ အယူကို ယူကြသူဖြစ်ခြင်း (၃) မိမိဘာသာတရားကို စော်ကားခြင်း၊ (၄) လူသားတို့ မတတ်အပ်သော ပညာများကို သင်ယူတတ်မြောက်ထားခြင်း (စုန်း ကဝေစသည်ကို ဆိုလိုဟန်တူ၏)ဆိုသည့် အချက်များကြောင့် တိုက်ခိုက်ရသည်ဆိုသည့် အကြောင်းပြချက်များ ပေးလေ့ရှိ၏။ သမားရိုးကျ စံနှုန်းများဖြင့် တိုင်းတာကြည့်လျင် ဤအချက်များသည် လက်ခံနိုင်ဖွယ်ရာ အပြည့်ရှိနေသည်။ လက်ခံခဲ့ကြ၍လည်း ဤဒွန္နယာကြီးတွင် ဘာသာရေးစစ်ပွဲကြီးများ မပြီးနိုင် မစီးနိုင် ဖြစ်နေရခြင်းဖြစ်သည်။ ဖြေရှင်းနည်းပေါင်း များစွာရှိပါလျက် စစ်ပွဲနှင့်မှ ဖြေရှင်းလိုသော ဘာသာရေးခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်တို့ကြောင့် သေကြေပျက်စီးမှုများ၊ အိုးမဲ့အိမ်မဲ့များ၊ ပြောင်းရွှေ့နေထိုင်ရမှုများ၊ ရောဂါဘယများ၊ ပိုမိုမုန်းတီး ရန်လိုမှုများမှအပ မည်သည့်အချက်များ စစ်ပွဲကြောင့် ကောင်းခဲ့ဖူးသနည်း။ ဤမှနောက်ပိုင်းများ၌ နည်းအစုံအလင်ဖြင့် ဘာသာရေးကြောင့် စစ်ရိပ်သန်းလာပါက ကျွန်ုပ်အား ပြောပါလေ။ ရန်ကုန်မြို့ပေါ်ရှိ ကြယ်ငါးပွင့်ဟိုတယ်များတွင် ဆယ့်လေးရက်စာ အေးဆေးထိုင်စားပြီး အိပ်စက်အနားယူ၍ ဆွေးနွေးနိုင်ရန် ဘွတ်ကင်လုပ်ထားပေးပါ့မည်။
ယနေ့ခေတ်တွင် စစ်မှန်သော ဘာသာတရားကို နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေနိုင် ထိန်းသိမ်းနိုင်သလို အကျင့်ပျက် ဘာသာရေးခေါင်းဆောင်များ၏ အမူအကျင့် အပြောအဆိုနှင့် လုပ်ပုံကိုင်ပုံများကိုလည်း ကွဲကွဲပြားပြားသိအောင် လေ့လာထားနိုင်သည့် ခေတ်ဖြစ်နေပါပြီ။ ဤစာအုပ်၏ နာမည်သည် ဘာသာတရားက အဆိုးဖြစ်လာတဲ့အခါ ဟု ဆိုထားသည်။ ကျွန်ုပ်တို့ကြောင့် ကျွန်ုပ်တို့၏ ဘာသာတရား အဆိုးမဖြစ်စေလိုသည်မှာ အားလုံး၏ ရင်ထဲတွင် မြင့်မြတ်စွာကိန်းဝပ်နေမည်ဟု ယုံကြည်ပါသည်။ စာအုပ်ကို ဖတ်ချင်လျင် အောက်တွင် ထည့်ထားပေးပါသည်။
- နတ္ထိ
- လွတ်လပ်စွာတွေးခေါ်သူများ (၁)
- လွတ်လပ်စွာတွေးခေါ်သူများ (၂)
- လွတ်လပ်စွာတွေးခေါ်သူများ (၃)
- လွတ်လပ်စွာတွေးခေါ်သူများ (၄)
- လွတ်လပ်စွာတွေးခေါ်သူများ (၅)
- လွတ်လပ်စွာတွေးခေါ်သူများ (၆)
ရွှင်လန်းချမ်းမြေ့ကြပါစေညယ်
မူရင်းစာအုပ် ရလိုသူများ Download
ဆက်ပါဦးမည်။
ဂျေဂျူဝိုင်