နတ္ထိမှာ ဘာမှမရှိပါဘူး။ အဲသလိုပဲ ရယ်စရာလည်းမရှိပါဘူး။ ဟုတ်ပါတယ်။ မရှိခြင်းမှာ ရယ်စရာလည်း မရှိပါဘူး။ မရှိခြင်းကို ရယ်တာဟာ လှောင်တာသာဖြစ်ပါတယ်။ နတ္တိဆိုတာ တကယ်မရှိတာ။ ရယ်စရာမရှိဘူး ဆိုတာနဲ့ ငိုစရာများ ရှိနေမလားလို့ တွေးမိမှာစိုးလို့။ ဟုတ်ကဲ့။ နတ္ထိပါ။ မရှိပါဘူး။ ဘာမှ မရှိပါဘူး။ မနက်ခင်းတခုမှာ သင်အိပ်ယာထဲကနေ နိုးလာတယ်။ မနက်အိပ်ယာထပြီးနောက် သွားတိုက်တံကို ယူလိုက်ပေမယ့် သွားတိုက်ဆေးမရှိတာကို သတိထားမိသွားတယ်။ သွားတိုက်ဆေး မရှိတာကလည်း ရက်နည်းနည်းတော့ ကြာနေပြီဆိုရင် သင်မရယ်နိုင်ပါဘူး။ ရေချိုးဖို့လုပ်ပြန်တော့ ဆပ်ပြာကုန်နေတာလည်း ကြာပြီ။ ရှိတာနဲ့ ရေချိုးပြီးလို့ ထွက်လာတော့ အပြင်မှာ တခုခုသွားစားဖို့ စဉ်းစားမိတယ်။ အဝတ်လဲပြီးတဲ့အခါ ရေမွှေးမရှိဘူး။ ချွေးနံ့ပျောက်စေတဲ့ ဒီရိုးဒရန့်မရှိဘူး။ ဒါနဲ့ ခေါင်းအုံးဘေးက ပိုက်ဆံအိတ်ကို ယူလိုက်တယ်။ ပိုက်ဆံအိတ်က အရမ်းပါးနေပြီ။ ဘဏ်ကဒ်တွေကို ကြည့်လိုက်တော့ အလုပ်မရှိတော့ကတည်းက ကဒ်ထဲပိုက်ဆံ မသွင်းနိုင်တော့ဘူး။ ဧည့်ခန်းစားပွဲပေါ်မှာ ဖိတ်စာတစောင်ကို ထပ်တွေ့လိုက်ရတယ်။ ဖိတ်စာက မင်္ဂလာဆောင် ဖိတ်စာ။ အရင်းနှီးဆုံး သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ဖိတ်စာ။ မင်္ဂလာပွဲဆိုတာက လူတယောက်မှာ တခါသာလုပ်လေ့လုပ်ထရှိတဲ့ပွဲမို့ သွားမှဖြစ်မယ်။ အဝတ်ဗီရိုကို ဖွင့်လိုက်တယ်။ အဝတ်အစားအသစ် မရှိဘူး။ ခါးပတ်တောင် အဟောင်းကို သုံးနေတာ အရမ်းကြာနေပြီ။ လက်ပတ်နာရီကလည်း ပြန်မရွေးဖြစ်လို့ ဘောက်ချာစာရွက်တောင် ဘယ်ထားမိမှန်း မသိဘူး။ ထပ်စဉ်းစားကြည့်လိုက်တော့ ဖိနပ်အသစ်လည်း မရှိဘူး။ တခါခါ အပြေးလေ့ကျင့်ဖို့ ဝယ်ထားမိတဲ့ ဖိနပ်ကိုတောင် အပြင်သွားရင်း စီးနေရတယ်။ အိုး ယုတ္တိမတန်လိုက်တာ။ ဒါ ပရမ်းပတာပဲလို့ တွေးမိသေးလား။ လူတယောက်အတွက် ကြုံတောင့်ကြုံခဲပေမယ့် မကြုံနိုင်ဘူးလို့ ပြောလို့မရတဲ့ အနေအထား။ ဘဝဟာ ကြေကွဲစရာအတိနဲ့ ရက်စက်မှုတွေ အပြည့်ဖြည့်ထားတဲ့ ပန်ဒိုရာသေတ္တာလိုပါပဲလားလို့ တွေးမိတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဘာမှ မရှိတော့သလို ခံစားနေရချိန် ရေသောက်လိုက်တော့ ရေက ခါးနေတယ်။ ဘုရားက တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့လိုက်တာ။ ဘယ်သူ့ကိုမှလည်း အကောက်မကြံဖူး ဒုက္ခမပေးဖူးပါဘဲရယ်နဲ့ ကံကလည်း ကိုယ့်ကိုပဲ သေချာနှိပ်စက် နေသလိုပဲ။ ကံ ကရဲ့အကျိုးဆိုတာတွေ ဟုတ်ချင်မှ ဟုတ်မှာ။ နတ္ထိဟာ မရှိခြင်း သို့မဟုတ် မရှိတော့ခြင်းနဲ့အတူ သင့်ဘဝထဲကို ဝင်လာတယ်။ နတ္ထိ မရှိ။ မရှိရင် အကိရိယဖြစ်ပြီ။ အကျိုးမရှိတော့။ အကျိုးမရှိရင် အဓမ္မိကဆီရောက်ပြီ။ တရားမရှိသူ။ တရားမဲ့သူဖြစ်ပြီပဲ။
နတ္ထိဆိုတာ မရှိခြင်းပါပဲ။ ဘာတွေမရှိတာလဲ။ ဘယ်လိုတွေ မရှိတာလဲ။ မရှိခြင်းအမျိုးမျိုးရှိပါတယ်။ ဘုရားမရှိခြင်း၊ အခွင့်အာဏာမရှိခြင်း၊ ထိန်းချုပ်မှုမရှိခြင်း၊ အမှန်တရားမရှိခြင်း၊ အစီအစဉ်မရှိခြင်း၊ ဆွဲဆောင်မှုမရှိခြင်း၊ အလုပ်မရှိခြင်း၊ ချစ်သူမရှိခြင်း၊ ကုသဖို့ဆေးမရှိခြင်း၊ ခံစားချက်မရှိခြင်း၊ လွတ်လပ်မှုမရှိခြင်း၊ ပျော်စရာမရှိခြင်းစသဖြင့်ပေါ့။ တချို့မရှိခြင်းက လိုအပ်ချင်မှ လိုအပ်တယ်။ တချို့မရှိခြင်းက ရှိမနေလည်းဖြစ်တယ်။ တချို့မရှိခြင်းက မရှိခြင်းအပေါ် ဘာသက်ရောက်မှုမှ မရှိဘူး။ တချို့ မရှိခြင်းက လိုအပ်နေတယ်။ တချို့ရှိခြင်းက သိမ်းပိုက်ခံလိုက်ရပြီးနောက် မရှိခြင်းဖြစ်သွားတယ်။ ဒီအဲဒီအမျိုးမျိုးထဲမှာမှ လိုအပ်နေလျက်မရှိခြင်းနဲ့ ရှိနေရာမှ မရှိခြင်းတို့က ပိုပြီး အခရာကျပါတယ်။ ဒါတွေက တရားဝင်ဖြစ်နေရင် ပိုပြီးအခရာကျလာပါတယ်။ လူသားဖြစ်ခြင်းအတွက် တရားဝင်မရှိခြင်းဆိုတာ စားစရာမရှိခြင်း၊ ဝတ်စရာ မရှိခြင်း၊ နေစရာမရှိခြင်းမျိုးပါ။ ဒါဟာ လူတယောက်အတွက် တရားဝင်လိုအပ်ချက် မရှိခြင်းပဲဖြစ်ပါတယ်။ မရှိခြင်းအမျိုးမျိုးကို လူတိုင်းပိုင်ဆိုင်ဖူးပါတယ်။ မရှိခြင်းကို တခုမက ပိုင်ဆိုင်ခဲ့ကြဖူးတယ်။ သို့သော် မရှိခြင်းအပေါ် ဘယ်လို ခံစားသလဲ။ မရှိခြင်းအပေါ် ဘာမှ မခံစားမိရင် ဘာမှမဖြစ်ပေမယ့် အဲဒီအပေါ် ခံစားချက်က တခုခုက သက်ရောက်သွားရင် အခြေအနေတွေက ပြောင်းလဲသွားပါတယ်။
လူတယောက်အတွက် မရှိမဖြစ်တခုခုက မရှိခြင်းဖြစ်သွားတာမျိုးဟာ သက်ရောက်မှုတခုခုကို ဖြစ်လာနိုင်စေပါတယ်။ လူတယောက်အတွက် ပိုက်ဆံမရှိခြင်း။ ပိုက်ဆံဆိုတာနဲ့ ပတ်သက်လို့ကို မရှိခြင်း၊ ပိုက်ဆံရှိစရာကို မရှိတော့ခြင်း။ ဒီလိုဖြစ်သွားတဲ့အချိန် ခံစားချက်က ဘယ်လိုလဲ။ ခံစားချက်။ ဒီအချိန်မှာ ခံစားရမယ့် ခံစားချက်ဆိုတာကိုတောင် ဘာမှန်းသိတော့မှာ မဟုတ်ပါဘူး။ ဘာကို ခံစားနေရမှာလဲ။ ပိုက်ဆံမှ မရှိတာ။ ပိုက်ဆံနဲ့ပတ်သက်လို့ ပိုက်ဆံနဲ့တူတဲ့ စက္ကူတောင် မရှိတာ။ အဲလိုတွေးမိတာနဲ့ စပြီး ပိတ်မိလာတယ်။ အစကတော့ ဘာကို ခံစားရမှန်း မသိတာက စတာပဲ။ နောက်တော့ ခံစားရမယ့် ခံစားချက်ဆိုတာ မရှိတော့ပါလားဆိုပြီး စပိတ်မိလာတယ်။ ပိုက်ဆံရနိုင်တဲ့ နည်းလမ်းကို စဉ်းစားစမ်း။ စဉ်းစား။ စဉ်းစား။ ဘယ်ကမှ မရနိုင်ဘူး။ ထပ်ပိတ်မိပြန်ရော။ ဒီလိုနဲ့ တခြား ပြောဆိုချင်စိတ် လုပ်ချင်ကိုင်ချင်စိတ် တခုခုကို စတင်လိုက်ချင်တဲ့စိတ်တွေပါ ပိတ်မိလာတယ်။ အကုန်လုံး ပိတ်မိရာကနေ စိတ်ပျက်လာတယ်။ အားငယ်လာတယ်။ အထီးကျန်လာတယ်။ အပြစ်တင်ချင်စိတ်တွေ ပေါ်လာတယ်။ ဘုရား၊ ကံကြမ္မာ၊ မိဘစတဲ့ ကြီးကြီးမားမားအပေါ် အပြစ်တင်ရာကနေ ကိုယ့်ဘေးနားမှာရှိတဲ့ သက်မဲ့ပစ္စည်း သေးသေးမွှားမွှားအထိ အပြစ်တင်တယ်။ တချို့က ဒီမှာရပ်တယ်။ တချို့က ကိုယ့်ကိုယ်ကို အပြစ်တင်တဲ့နေရာမှာ ရပ်တယ်။ အပြစ်တင်မှုအပြီးမှာ မကျေနပ်မှု၊ ဒေါသနဲ့အတူ ရန်စမှုပါလာတယ်။ ရန်စမှုအတွက် ကိုယ့်မှာ ရှိတဲ့ အင်အားတွေ စပြီးထုတ်သုံးတယ်။ ရှိတဲ့အင်အားကနေ ရှိသမျှအင်အားဖြစ်လာတယ်။ ရှိသမျှအင်အားကနေ ရနိုင်သမျှ၊ ဖြစ်နိုင်သမျှအင်အား ဖြစ်သွားတယ်။ ဒီ ပိုက်ဆံမရှိခြင်းဆိုတဲ့ လူတဦးတယောက်ရဲ့ ခံစားချက်လေးကနေ အဝန်းအဝိုင်းလေးဟာ ရန်စမှု ရန်လိုမှု ငြင်းခုန်မှု မကျေနပ်မှုစတဲ့ မငြိမ်းချမ်းမှု စတင်ဖြစ်ပေါ်လာတယ်။ မငြိမ်းချမ်းမှုရပ်ဝန်းကလေးဟာ တဖြည်းဖြည်းနဲ့ ကျယ်ပြန်သွားပါတယ်။ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်းအားလုံးကစပြီး သူနဲ့ပတ်သက်ခဲ့သမျှ ပတ်သက်ဆဲအပြင် ထပ်ပြီးပတ်သက်မယ့် ဝန်းကျင်တခုလုံးကိုပါ ကူးစက်သွားတယ်။ ဒီလိုအနေအထားကို ရောက်သွားပြီးတဲ့နောက် ဘာကြောင့်များ ဒီလိုဖြစ်နေရတာပါလိမ့်ဆိုတဲ့ အစအားလုံးရဲ့အစကို ပြန်သွားကြည့်နိုင်ဖို့ရာက မလွယ်ကူတော့ပါဘူး။ အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်နိုင်သမျှ စွမ်းအားတွေ အကုန်လုံး သုံးပြီးပြန်သွားနိုင်ခဲ့ဦးတော့ အစလိုပြန်မဖြစ်တော့ပါဘူး။ ပထမဦးဆုံး ပိုက်ဆံမရှိခြင်းဆိုတာကို ပိုင်ဆိုင်ထားတဲ့သူ ပိုက်ဆံကို ပိုင်ဆိုင်သွားစေဦးတော့ သူ့ရဲ့ပတ်ဝန်းကျင်က ဘယ်သောအခါမှ မငြိမ်းချမ်းတော့ပါဘူး။ ကြိုးစားမယ် ရအောင်ပြန်လုပ်မယ်လို့ ဘာမှမပြောနဲ့။ ဗုဒ္ဓ၊ သိကြား၊ ဘုရားသခင်၊ ယေရှု၊ မိုဟာမက်အလ္လာ၊ ဇု၊ ကြိုက်တဲ့နတ်ဘုရားလာပြီး ပြင်ပေးသော်မှ မရတော့ပါဘူး။ လူတဦးနဲ့တဦးအကြားက ဆက်ဆံရေးဆိုတာ ယုံကြည်မှုကို အခြေခံထားတဲ့ သံယောဇဉ်ကြောင့် ဖြစ်လာတာချည်းပါ။ သံယောဇဉ်တခု ဖြစ်တည်လာဖို့ဟာ ယုံကြည်မှုတွေအများကြီးကို ပေးဆပ်ရပါတယ်။ နန္ဒသူရိယအမတ်ကြီးက သူ့အတွေ့အကြုံနဲ့ စပ်ခဲ့တဲ့ လင်္ကာလေးတောင် စကားစပ်မိရင် အခုထိဆိုလို့ ကောင်းနေတုန်းကိုပဲကြည့်။ ယုံကြည်မှုတခုကို တည်ဆောက်ရာမှာ ပေးဆပ်ရမှုက ဘယ်လောက်ထိတောင် မြင့်သလဲဆိုတာ။ ပန်းသီးတလုံးကို အစိတ်စိတ်အမြွာမြွာခွဲပြီးနောက် အကောင်းအတိုင်း ပန်းသီးတလုံးပြန်ဖြစ်အောင် ဘယ်သူတတ်နိုင်လို့လဲ။ ပိုက်ဆံမရှိခြင်းကနေ စပြီးကိုယ့်ကိုယ်ကို အပြစ်တင်လိုက်တဲ့နေရာမှာ ရပ်လိုက်တဲ့ လူအတွက်ကော ဒီလိုပြီးသွား သလား။ မပြီးပါဘူး။ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်း လမ်းပေါ်ကို မတက်မချင်း ကိစ္စက မရပ်တော့ပါဘူး။ အစကတည်းက ဟိုပိုက်ဆံမရှိဘူးဆိုတဲ့လူကြီးသာ ပိုက်ဆံရှိဖို့ကိုပဲ ဦးတည်ပြီးတွေးခဲ့ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူးနော်လို့ တွေးကြည့်မလား။ မရှိခြင်း အခိုက်အတန့်ကလေးတခုကို ပိုင်ဆိုင်ဖူးသူမှသာလျင် မရှိခြင်းအချိန်တခုမှာ ဖြစ်တည်တတ်တဲ့ ခံစားချက် သဘောသဘာဝကို နားလည်ပါတယ်။ မရှိခြင်းဟာ ဒီခရီးကိုပဲ သွားမယ်လို့ ပြောတော့ မထားပါဘူး။ မရှိခြင်းဟာ ဘာမှမရှိတဲ့အတွက် ဘာမှမရှိခြင်းဟာ လမ်းကြောင်းအများကြီးဖြစ်နေတာမျိုး ဖြစ်သွားပါတယ်။ သင်ကတော့ မငြိမ်းချမ်းခြင်းခရီးကို တခေါက်ရောက်ခဲ့ဖူးပြီပေါ့။
နတ္ထိ မရှိခြင်းဆိုတာရယ်ကို ရှိပြီးသားကနေ မရှိခြင်းကို မတွေးဘဲ၊ မရှိသေးခြင်းဆိုတဲ့ မရှိခြင်း နတ္ထိကို တွေးကြည့်လို့လည်းရပါတယ်။ အစကတည်းက မရှိခြင်း။ သင် မွေးဖွားလာတယ်။ သင့်မှာ ဘာမှ မရှိသေးပါဘူး။ ဒါကလည်း ရှိစရာမရှိတော့တာမဟုတ်ဘဲ ရှိစရာတွေ မရှိသေးတာသာဖြစ်ပါတယ်။ သင့်အတွက် အတန်းပညာမရှိသေးခြင်း၊ အတတ်ပညာမရှိသေးခြင်း၊ အသိပညာမရှိသေးခြင်း၊ အလုပ်အကိုင်မရှိသေးခြင်း ဆိုတဲ့ နတ္ထိမျိုး ဖြစ်ကြပါတယ်။ လူတယောက်ဖြစ်လာရပြီ ဖြစ်တဲ့အတွက် သင်နဲ့ပတ်သက်တဲ့ အသိုင်းအဝိုင်းက သင့်ကို ရှိခြင်းတရားတွေ တယောက်တမျိုးစီပေးကြမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာစကားပုံ ကျွေးကားကျွေး၏မဝဆိုတဲ့ စကားပုံနဲ့အတူ ပေးကားပေး၏မရဆိုတာမျိုးနဲ့ ကြုံနိုင်ပါတယ်။ သို့ဂလို မဟုတ်ရင်လည်း ပေးတဲ့သူကိုနှိုက်က မပြည့်မစုံဖြစ်ခြင်းကနေ ပေးလိုက်ရင်လည်း လူတယောက်ဟာ နတ္ထိကို ပိုင်ဆိုင်မြဲ ပိုင်ဆိုင်နေဦးမှာဖြစ်ပါတယ်။ ဒီနတ္ထိက ပိုကြီးကျယ်လာပါလိမ့်မယ်။ ပညာတွေနဲ့ အလုပ်အကိုင်ကတော့ မဖြစ်မနေ သင့်ပတ်ဝန်းကျင်က သင့်အတွက် အကောင်အထည်ဖော်ပေးမှာဖြစ်ပေမယ့် တခြားအရာတွေကိုလည်း သွပ်သွင်းပေးကြမှာ ဖြစ်ပါတယ်။ လူတယောက်ဟာ ဘယ်လောက်ပဲ တွေးခေါ်တတ်စေဦးတော့ အယူဝါဒနဲ့ ပတ်သက်လာရင် အကျိုးဘယ်သို့ရှိတယ်လို့ ကောင်းကောင်းသာ မသင်ပြပေးနိုင်ရင် ရှိမယ်၊ အပြစ်ဘယ်သို့ရှိတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းကြီး ပြောပြနိုင်ကြပါတယ်။ အယူဝါဒကို သွပ်သွင်းရာမှာ အဲဒီလောက်နဲ့ မခိုင်မာသေးဘူးထင်ရင် ခြိမ်းခြောက်မှုကလည်း ပါတတ်သေးတယ်။ ဒါနဲ့ မလုံလောက်သေးရင် ဆိုင်ရာ ပိုင်ရာ အသိုင်းအဝိုင်းကနေ ကြဉ်ဖယ်ခြင်းနဲ့ပါ တွေ့ရနိုင်ပါသေးတယ်။ ဥပမာ ခါမီခါဇီလို့ခေါ်တဲ့ ဂျပန်အသေခံလေတပ်က ၁၇ နှစ်အရွယ် စာကြိုးစားတဲ့ ကျောင်းသားလေး ကီအိုရှီ။ စစ်ထဲဝင်ဖို့ စာရောက်လာတယ်။ စစ်ထဲမလိုက်ရင် တမျိုးတဆွေလုံးအပြင် တနိုင်ငံလုံးက ဝိုင်းပယ်မယ့် အခြေအနေမျိုးကြုံရနိုင်တယ်။ ဂျပန်အင်ပါယာ ဘုရင်ကြီးရဲ့ အီရိုဟီတိုကို မယုံကြည်သူဆိုပြီးလည်း စွပ်စွဲခံရနိုင်လေတော့ မဖြစ်မနေပဲ စစ်ထဲ ဝင်လိုက်ရပါတယ်။ ဝါဒတွေကတော့ အဆိုးနဲ့ အကောင်းရှိသပေါ့။ အဆိုးနဲ့အကောင်းလို့ တသမတ်တည်းကျတော့လည်း ပြောလို့မရပြန်ဘူး။ ခံယူချက်ဆိုတာရယ် ခေတ်အခြေအနေရယ် မိသားစုအခြေအနေတွေရယ် နေထိုင်ရတဲ့ပတ်ဝန်းကျင်ရယ် စသဖြင့် အများကြီးနဲ့ သက်ဆိုင်ပြန်သေးတယ်။ အယူဝါဒတခုဟာ ကောင်း၏ မကောင်း၏၊ ဆိုး၏ မဆိုး၏ကို အဲဒီအယူဝါဒကြီး ကျင့်သုံးနေချိန်မှာ သာမန်တွေးခေါ်နိုင်စွမ်းရှိတဲ့လူတွေကတော့ ရှင်းလင်းတိကျတဲ့ အဖြေတခု ရဖို့မလွယ်ကူလှပါဘူး။ အဲဒီအယူဝါဒတခုက သမိုင်းဖတ်စာဆီ ရောက်သွားမှပဲ အဖြေမှန်ကို သိကြရတာ များပါတယ်။ ကဲ အခု အယူဝါဒ အသွပ်သွင်းခံရတော့မယ့် အသက်အရွယ်ကို ရောက်နေပြီဆိုပါစို့။ သမိုင်းထဲက နိုင်ငံရေးအယူဝါဒ တခုနဲ့ စကြည့်မယ်။
ဥပမာလို့ပဲ ဆိုကြပါစို့ရဲ့။ သင်က ၁၉၃၃ နောက်ပိုင်းမှာ သင်ယူနိုင်စွမ်းရှိနေတဲ့ လူတယောက်ဖြစ်နေတယ်။ သင့်မွေးဖွားကြီးပြင်းရာက ဂျာမဏီမှာဖြစ်ပြီး သင်ကိုယ်တိုင်ကလည်း ဂျာမန်လူမျိုးဖြစ်နေတယ်။ သို့ကလိုဆိုရင် အရူးအမူးကလှဲ့စားချေခြင်း၊ လူမျိုးရေး ခွဲခြားခြင်း၊ မျက်ကန်းမျိုးချစ်စိတ်နဲ့ လူမျိုးတုန်းသတ်ဖြတ်ခြင်း စတဲ့အယူဝါဒကို သင်ယူရမှာဖြစ်ပါတယ်။ ၁၉၆၆ ဝန်းကျင် တရုတ်နိုင်ငံမှာ မွေးဖွားတဲ့ တရုတ်လူမျိုးတယောက် ဖြစ်နေခဲ့မယ်ဆိုပါစို့။ အသတ်ခံရတဲ့ ငွေကြေးချမ်းသာသူ သို့မဟုတ် ပညာတတ်တဦးဦးထဲ မပါခဲ့သေးဘူး၊ ဒါ့အပြင် မတရားထောင်ချခြင်း၊ ညဉ်းပန်းခြင်း၊ အလုပ်ကြမ်းနဲ့ သေဒဏ်အပေးခံရတဲ့ လူ ၅၅ သန်း အထဲလည်း မပါပြန်ခဲ့ဘူးဆိုရင် သူတို့အပေါ် သည်လိုပြုမူခြင်းဟာ မော်စီတုန်းရဲ့ ဖြူစင်သန့်ရှင်းမှုနဲ့ မေတ္တာတရားကြီးမားမှုလို့ ယုံကြည်တဲ့သူထဲ ပါဝင်သွားမှာ ဖြစ်ပါတယ်။ မော်စီတုန်းက စာအုပ်တွေ ဘာတွေထုတ်၊ အယူဝါဒတွေနဲ့ သူ့တပ်သားတွေကလည်း ဒါကို အကြိမ်ကြိမ်အဖန်ဖန် ပြောဟောနေမှာကိုး။ ၁၉၂၀ နောက်ပိုင်း ရုရှားမှာ ကြီးပြင်းနေသူဆိုရင်တော့ စက်မှုလက်မှုလုပ်ငန်းအတွက် သေဆုံးကြရတဲ့ လူသားတွေစာရင်းပါနိုင်တယ်။ အငတ်ဘေးနဲ့ ကြုံနေရတဲ့ လူသားတယောက်လည်း ဖြစ်နိုင်ပါတယ်။ “သေမင်းများ လူ့ပြည်သို့ တက်လာခြင်း”လို့ တင်စားကြတဲ့ အဓမ္မလုပ်အားပေးစခန်းက မထင်မရှားသေသွားမယ့် လူတယောက်လည်း ဖြစ်နိုင်ပါတယ်။ သို့မဟုတ် တပ်နီတော်မှာရှိတဲ့ အရာရှိကမှအစ တပ်သားအားလုံးကို သုတ်သင်ရှင်းလင်းရမယ်ဆိုတဲ့ စတာလင်သင်ပေးတဲ့ အယူဝါဒကိုပဲ ယုံကြည်ပြီး လက်တွေ့ကျင့်သုံးနေရသူ ဖြစ်မနေနိုင်ဘူးလို့လည်း မပြောနိုင်ပြန်ဘူးပေါ့။ ၁၉၇၅ နောက်ပိုင်း ကမ္ဘောဒီးယားမှာ လူဖြစ်ခဲ့ရင်ကော။ အိုမင်းမစွမ်း၊ မျက်မှန်တပ်သူ၊ ပညာတတ်သူများကို သုတ်သင်ခံရတဲ့အထဲ မပါဝင်ခဲ့ဘဲ လူသတ်ကွင်းလို့ တင်စားခြင်းခံရတဲ့ လယ်ထဲဆင်းရတဲ့သူ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ်ရင်လည်း ပိုပေါ့ကို ယုံကြည်ကိုးကွယ်သူအဖြစ် ကွန်မြူနစ်စစ်သားတဦးဖြစ်ချင်ဖြစ်နေမှာပဲ။ သို့မဟုတ် ဒီမိုကရက်တစ်ပြည်သူ့ သမ္မတမြောက်ကိုးရီးယားနိုင်ငံမှာ ၁၉၄၉ နောင်းပိုင်းမှာ ကြီးပြင်းနေသူတယောက်ဖြစ်တယ်ဆိုပါစို့။ ဒီမိုကရက်တစ်နိုင်ငံလို့ ကြေငြာထားလေတော့ ဒီမိုကရေစီဆိုတာ ခေါင်းဆောင်ကြီး ကင်ရဲ့စကားကို နားထောင်ရတာပဲလို့ ယုံကြည်မယ်။ ဖိနှိပ်ချုပ်ချယ်ခံရခြင်းဟာ တိုင်းသူပြည်သားရဲ့ ဘဝအစစ်အမှန်လို့ ယုံကြည်မယ်။ ဆင်းရဲမွဲတေခြင်း၊ အငတ်ဘေးနဲ့ရင်ဆိုင်ရခြင်း၊ အချိန်မရွေး အသတ်ခံရနိုင်ခြင်းဟာ လူ့သဘာဝတခုပဲလို့ နားလည်လက်ခံမယ်။ တောင်ကိုးရီးယားကို သွားတိုက်လို့ သေသွားကြတဲ့ စစ်သည် သုံးသန်းဟာလည်း တိုင်းပြည်အတွက် အသက်စွန့်ကြတဲ့ သူရဲကောင်းလို့ နားလည်နေမယ့်သူ ဖြစ်နေမှာပါ။ ဒါကတော့ အကယ်၍များ ဖွ ဖွ အကယ်၍များ အာဏာရှင်တို့လက်ထက်မှာ ကြီးပြင်းနေသူတဦး ဖြစ်နေခဲ့မယ်ဆိုရင် လက်ခံရမယ့် သင်ယူရမယ့် အယူဝါဒတွေပေါ့။ ဒါကွန်မြူနစ်နိုင်ငံတွေကိုချည်း ပြောထားတာပါ။ ဘယ့်နှာ အာဏာရှင်ရမတုန်းလို့ စောဒကတက်လို့တော့ ရပါတယ်။ ဟုတ်ပါတယ်။ အာဏာရှင်ဆိုတာကို ရှင်းရှင်းလင်းလင်းနားလည်ရင် ဒီလိုပြောမှာ မဟုတ်ပါဘူး။ အာဏာရှင် အမျိုးမျိုး ရှိပါတယ်။ ဒီထဲက အုပ်ချုပ်သူဟာ နိုင်ငံအတွင်းရှိ လူသားအားလုံးနဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိန်းချုပ်ထားတာဆိုရင် အာဏာရှင်စနစ်ပါပဲ။ တနိုင်ငံလုံး တပါတီတည်း အုပ်ချုပ်တာကလည်း အာဏာရှင်စနစ်တမျိုးပါပဲတဲ့။ နာမည်တခုကို ပြောပြပါ့မယ်။ သူတို့ကို တကမ္ဘာလုံးက အာဏာရှင်လို့ သတ်မှတ်ထားကြပါတယ်။ မူဆိုလီနီ (၁၉၂၂-၄၃) ဂျိုးဆက်စတာလင် (၁၉၂၄-၅၃) ဟစ်တလာ (၁၉၃၃-၄၅) မော်စီတုံး (၁၉၄၉-၇၆) ကင်မျိုးဆက် (၁၉၄၈- အခုထိ)တို့တတွေဟာ အာဏာရှင်တွေပါတဲ့။ သူတို့ဟာ သူတို့ရဲ့ အစွဲအလန်းနဲ့ နိုင်ငံတခုလုံးအပေါ် သူတို့ပန်းတိုင်ကို သတ်မှတ်ကြလို့ပါတဲ့။ အာဏာရှင်နဲ့ ပတ်သက်လို့ လူတယောက်ပြောထားတာကို ကြည့်ကြည့်ရအောင်။
အာဏာရှင်ဆိုတာက ဘယ်တော့မှ မဆွေးနွေးပါဘူး။ ဆွေးနွေးခြင်းဟာ အချိန်ဖြုန်းခြင်းသက်သက်သာ ဖြစ်တယ်လို့ ယုံကြည်ပြီး အမိန့်တွေ တိုက်ရိုက်ပေးကြပါတယ်။ ယူကရိန်းကို ကျူးကျော်ဖို့ သုံးရက်အလိုမှာ ဝန်ကြီးတွေနဲ့ ပူတင်ဆွေးနွေးခဲ့တာ မဟုတ်ပါဘူး။ သူ့စကားကို အကြံပေးတွ ဗိုလ်တွေ ဝန်ကြီးတွေကို ခေါ်ပြီး ခေါင်းညိတ်ခိုင်းခဲ့တာဖြစ်ပါတယ်။ ဆက်ဒမ်ဟူစိန်ဆိုရင် ထိပ်ပိုင်းလူကြီးတွေနဲ့ ဆွေးနွေးလည်း အဖြေက အလကားပါပဲ။ ထိပ်ပိုင်းကလူတွေဆိုတာကလည်း အခြေအနေမှန်ကို တင်ပြလေ့ ပြောလေ့မရှိဘူး။ ဒါကြောင့် သူတို့နှလုံးသားထဲကို စစ်ပွဲနိုင်ရမယ်ဆိုတဲ့ ကမ္ပည်းကို ရေးထိုးပေးဖို့ပဲလိုတယ်လို့ ဆိုခဲ့ပါတယ်။ အာဏာရှင်နိုင်ငံမှာ အာဏာရှင်ရဲ့စကားဟာ အမိန့်ပါ။ အာဏာရှင်တိုင်းဟာ စကားတွေ အများကြီးပြော ကြပါတယ်။ ပြီးရင် ဘယ်တော့မှ အဲဒီအတိုင်း လိုက်မလုပ်ဘူး။ ပြီးတော့ သူတို့ကိုယ်တိုင် တခါမှ သံသယမဖြစ်ခဲ့ဖူးတဲ့ သူတို့ရဲ့အယူဝါဒအတိုင်းပဲ နေ့စဉ်နေ့တိုင်း တသွေမတိမ်းဘဲ လုပ်တယ်။ သူတို့ယုံကြည်တဲ့ ဝါဒဆိုတာကလည်း လူထုအားလုံး သူတို့အမိန့်နာခံရေးပဲ ဖြစ်တယ်။ ဘယ်ဘုရားကိုမှ ယုံကြည်မှာ မဟုတ်သလို ဘယ်လူမှုကျင့်ဝတ်ကိုမှလည်း လိုက်နာမှာ မဟုတ်ဘဲ သူတို့ရဲ့ လုပ်ကိုင်ဆုံးဖြတ်ချက် တခုချလိုက်တိုင်းဟာ သူတို့အာဏာ တစိတ်တပိုင်းကလေးပဲဖြစ်ဖြစ် တည်မြဲဖို့သာလျင် ဖြစ်ပါတယ်။ သူတို့ကို ဆန့်ကျင်တဲ့သူ ဘယ်လောက်အထိ ခိုင်မာနေပါစေ။ ဘယ်တော့မှ ခေါင်းမထူနိုင်အောင် အမြဲလုပ်နေမှာလည်းဖြစ်တယ်။ ဆိုးဝါး ယုတ်မာလိုက်တာလို့ ဘယ်သူကပဲပြောပြော သူတို့က သူတို့လုပ်ရပ်ကို လူတွေယုံကြည်လာအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေခြင်းဟာ အာဏာရှင်တို့ရဲ့ တုံးတမ်းစဉ်လာဖြစ်ပါတယ်။ လူသားမဆန်တဲ့ သတ်ဖြတ်မှုလို့ အားလုံးက ယုံကြည်နေတဲ့ ပြစ်မှုတွေမှာတောင် ကျိုုးကြောင်းဆီလျော်တဲ့ မုသားသုံးပြနိုင်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ သွေးထွက်သံယိုဖြစ်ရတဲ့ ဖြစ်ရပ်တိုင်းအတွက် ရန်သူကို သုတ်သင်ရှင်းလင်းရပါတယ်လို့ သုံးနှုန်းပြီး ဒါဟာ နိုင်ငံရေးကို ပျက်ပြားအောင်လုပ်နေတယ် စီးပွားရေးနဲ့ လူမှုရေးတွေကို ထိခိုက်အောင်လုပ်နေပါတယ်လို့ တန်ပြန်စွပ်စွဲမှုမျိုးကို သမိုင်းအထောက်အထားတွေနဲ့တောင် ရှင်းလင်းပြနိုင်ပါသေးတယ်။ ဘယ်သွေးထွက်သံယို ကိစ္စမှ အာဏာရှင်တွေကို စင်ဒရဲလားပုံပြင်လောက် မဆွဲဆောင်နိုင်ကြပါဘူး။ စကားအများကြီး ပြောတယ်ဆိုပေမယ့် မယုံကြည်တဲ့လူထုကို စကားတခွန်းမှ မပြောဘဲ နိုင်ငံတကာ သွေးဝင်နေတဲ့ မကောင်းဆိုးဝါးများ နိုင်ငံဖျက်ဆီးသူများ တံဆိပ်ကပ်ပစ်ပြီး အပြီးသတ် သုတ်သင်ရှင်းလင်းမှုမျိုးကို လုပ်ကြသူတွေ ဖြစ်ပါတယ်။ ဖိနှိပ်အုပ်ချုပ်ခြင်းဟာ နိုင်ငံရေးလုပ်သူတို့ရဲ့ မှန်ကန်တဲ့ လုပ်ရပ်လို့ ယုံကြည်နေကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အာဏာရှင်တိုင်းဟာ စက်သေနတ်များ အမြောက်များ တင့်ကားများ ဝေဟင်ဗုံးများကို မျက်နှာတချက်မပျက်ဘဲ သုံးနိုင်ကြတာ ဖြစ်ပါတယ်။ ကိုယ်ကျင့်တရားပိုင်းမှာ နှစ်မျိုးရှိပါတယ်။ နာမ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်တရားနဲ့ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်တရားတို့ပါ။ ဘုရားအားလုံးဟာ နာမ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်တရားအကြောင်းကိုပဲ ဟောပါတယ်။ သို့ပေမယ့် အာဏာရှင်တွေ အားလုံးကတော့ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်တရားကို ယုံကြည်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်တရားဆိုတာကတော့ ဘုရားမရှိခြင်းကို ဆိုလိုပါတယ်။ အာဏာရှင်တို့ ယုံကြည်တဲ့ ရုပ်ပိုင်းဆိုင်ရာကိုယ်ကျင့်တရားဆိုတာ လက်နက်ဖြစ်ပါတယ်။ ပြီးတော့ သူတို့က ကြောက်ရခြင်းနဲ့ ကြောက်စေခြင်းနှစ်ခုထဲက တခုခုကို ရွေးချယ်နေထိုင်ခြင်းကိုသာ ယုံကြည်ကြသူတွေ ဖြစ်ပါတယ်။ ဒါက အာဏာရှင်တိုင်း ယုံကြည်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ကျင့်တရားပါ။ ဘယ်အာဏာရှင်မှ ကြောက်ရခြင်းကို မရွေးပါဘူး။ သူတို့ဟာ သူတို့ဘက်တော်သားတွေ အပေါ်ကိုလည်း လက်နက်တခုတည်းနဲ့ ထိန်းကျောင်းပါတယ်။ အာဏာရှင်တိုင်း ဒီမိုကရေစီဆိုတဲ့ စကားကို ပါးစပ်ဖျားက မချပါဘူး။ ပြီးတော့ သူတို့က ဒီမိုကရေစီချည်းသက်သက်တော့ တိုင်းသူပြည်သားတွေကို အုပ်ချုပ်လို့မရဘူး။ လက်နက်ပါမှ တိုင်းသူပြည်သားက လေးစားကြမယ်လို့ လုပ်ကြပြန်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့က လက်နက်သာလျင် ပိုပြီးမြန်မြန်ဆန်ဆန်ဖြစ်အောင် ကူညီနိုင်ပါတယ် တဲ့။ ဒါဟာ အာဏာရှင်တွေပြောတဲ့ ဒီမိုကရေစီပါ။ အာဏာရှင်တိုင်းဟာ အာဏာမသိမ်းမီ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖျက်မီကာလဟာ နိုင်ငံတခုလုံး ဘက်ပေါင်းစုံကနေ ကျရှုံးနေပါတယ်လို့ အမြဲတမ်းသုံးသပ်ပြလေ့ရှိပါတယ်။ သူတို့လက်ထက်မှာ ပိုပြီး ကမောက်ကမဖြစ်ခဲ့ဦးတော့ ဒါဟာ သူတို့အပြစ်မဟုတ်ဘဲ ဘေးအမှောင့်ပယောဂလို့ ပြင်းပြင်းထန်ထန် တုန့်ပြန်တတ်ကြပါတယ်။ သူတို့လက်ထက်မှာမှ နိုင်ငံဟာ ငြိမ်းချမ်းလာတယ်။ စီးပွားရေးလည်း တိုးတက်လာပါတယ်လို့ တသမတ်တည်း ကြေငြာကြသူတွေလည်း ဖြစ်ကြပါသေးတယ်။ သူတို့ကြေငြာတဲ့ စီးပွားရေး အဆမတန်တိုးတက် အောင်မြင်လာပါတယ် ဆိုတဲ့စကားကို တိကျမှန်ကန်တဲ့ သက်သေအထောက်အထားတွေနဲ့ ယုတ္တိရှိရှိ ရှင်းပြလာသူ ရှိလာခဲ့ရင် အဲဒီလူကို နိုင်ငံသစ္စာဖောက်အဖြစ် ကြေငြာပြီး နှစ်ရှည်ထောင်ဒဏ် သို့မဟုတ် သေဒဏ်အထိ ချမှတ်တာမျိုး လုပ်တတ်ကြပါတယ်။ အာဏာရှင်တိုင်းဟာ အဖြူလို့သူတို့ကကြေငြာထားမှုကို အမည်းမှန်းသိသိ အဖြူပါလို့ ပြည်သူတွေ လက်ခံလာအောင် သမိုင်းတွေ ရိုးရာတွေ ယဉ်ကျေးမှုတွေနဲ့လည်း ဆွဲညှိတတ်ကြပါသေးတယ်။ ညှိလို့မရရင် သမိုင်းကို ပြုပြင်ပြီးတော့ကို ယုံကြည်အောင် ပြောကြပါတယ်။ အာဏာရှင်တိုင်း ဘယ်တော့မှ သူတို့မမှားခဲ့ကြသလို အာဏာကို အတင်းအကြပ် အသုံးပြုခဲ့သမျှကိုလည်း တရားဝင်မှန်ကန်မှုလို့ လက်ခံကြပါတယ်။ သူတို့အကြပ်အတည်းကို ပြေလည်အောင် ကူညီပေးသူတိုင်းကို အမျိုးသားသူရဲကောင်းစတဲ့ ဘွဲ့အမျိုးမျိုးကိုလည်း အခမ်းအနားတွေနဲ့ အမြဲဂုဏ်ပြုတတ် ကြပါတယ်။ အာဏာရှင်အလိုကျနေထိုင်တဲ့ ဝန်ထမ်းတိုင်းဟာ အမြန်ဆုံး ချမ်းသာကြွယ်ဝကြပြီး ပိုင်ဆိုင်မှုတွေလည်း မြန်မြန်ဆန်ဆန်တိုးကြပါတယ်။ ဒါတွေကို ထောက်ပြပြီး ချမ်းသာချင်ရင် ငါတို့ဘက်ကို ကူးခဲ့ဆိုတဲ့ ပုံစံနဲ့ အကျင့်ပျက်ခြစားမှုကို ပြောင်ပြောင်တင်းတင်း ခွင့်ပြုတာမျိုးလည်း လုပ်ကြပါတယ်။ သူတို့ကို ပြည်သူတွေ လက်ခံကြဖို့ ရုပ်ရှင်များ၊ ပြဇာတ်များ၊ ဇာတ်လမ်းများ၊ သီချင်းများ၊ ဆောင်ပုဒ်များနဲ့ အခြားလုပ်နိုင်သမျှကို ငွေကုန်ကြေးကျအကုန်ခံ လုပ်နိုင်ကြပါတယ်။ အဖြစ်အမှန်ကို မသိနားမလည်တဲ့ ပြည်သူတွေတော်တော်များများကို ရှာဖွေပြီး သူတို့က နိုင်ငံကယ်တင်ရှင်အဖြစ် ဝါဒဖြန့်မှုကို လုပ်လေ့ရှိကြပါတယ်။ သူတို့လုပ်ရပ်ကို ကျိုးကြောင်းဆီလျော်မှုရှိရှိ သာမန်လောက်ပဲ ဝေဖန်သူကိုဆိုရင် မလိုအပ်ဘဲ ပုံကြီးချဲ့ကြသူများလို့ ယုံကြည်ပြောဆို ကြပါတယ်။ ဆန့်ကျင်လာမယ့်သူဆိုရင် သူတို့က တမျိုးဆုံးဖြတ်ပါတယ်။ သူတို့ရဲ့ လုပ်ရပ်ကို ဆန့်ကျင်မယ့်သူ မပြောနဲ့။ ဆန့်ကျင်နိုင်ချေရှိတယ်လို့ သဲ့သဲ့ကြားရသူတယောက်ကိုများ သတင်းရပြီဆိုရင် ဆွေမျိုးအရင်းကိုတောင် အိမ်ယာမဲ့၊ မြေယာမဲ့၊ နိုင်ငံမဲ့သူဖြစ်အောင် ဥပဒေမျိုးစုံကို ပြုပြင်ပြောင်းလဲပြီး နှိပ်ကွပ်တာမျိုး လုပ်ကြပါတယ်။ ဆိုဗီယက်ဟာ ၁၉၁၇ ခုနှစ်မှာ ဆိုဗီယက်ယူနီယံလို့ ကြေငြာအပြီး ဆန့်ကျင်တဲ့ လူသန်းပေါင်း ၂၀ ကျော်ကို သုတ်သင်ခဲ့မှုအပေါ် နိုင်ငံသစ္စာဖောက်တို့ သွားရာလမ်းဆိုပြီး ပြည်သူတွေကို လှည့်စားခဲ့သလို မော်လက်ထက်မှာ နိုင်ငံတိုးတက်ဖို့အတွက် လူဦးရေ ဆယ်ရာခိုင်နှုန်းကို လျှော့ချနိုင်ခဲ့ပါတယ်လို့ ကြေငြာခဲ့တာတွေဟာ အာဏာရှင်တွေရဲ့ လုပ်ရပ်တွေပါတဲ့။ မော်လက်ထက်မှာ တရုတ်လူဦးရေဟာ သန်း ၅၅၀ ရှိခဲ့ပါတယ်။
သူဆက်ပြောတာကတော့ အာဏာရှင်တဦးဦးရဲ့ လက်ပါးစေများ အကြောင်းပါ။ အာဏာရှင်တိုင်းဟာ သူတို့လက်အောက်ခံတွေကို ဦးနှောက်အဆေးနိုင်ဆုံး အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။ အဲဒီတော့ အာဏာရှင်လက်အောက်မှာ စက္ကန့်ခြောက်ဆယ်စာလောက် အလုပ်လုပ်ဖူးခဲ့ရင်ကို အာဏာရှင်နဲ့ ထပ်တူတွေးလာအောင် လုပ်နိုင်စွမ်းကြပါတယ်။ သူတို့တတွေဟာ အာဏာရှင်ကို ပံ့ပိုးဖို့ ကူညီဖို့ အမြဲတမ်း စိတ်အားထက်သန်နေကြသူချည်း ဖြစ်သွားကြပါတယ်။ ဒါပေမယ့် ဒါက စကားအဖြစ်ပြောတာပါ။ အာဏာရှင်တယောက်ဖြစ်လာဖို့ အဖွဲ့အစည်းတခုကို အချိန်အကြာကြီး ဦးနှောက်ဆေးရပါတယ်။ အထူးသဖြင့် လက်နက်တွေပိုင်ဆိုင်ထားတဲ့ အဖွဲ့အစည်းကိုပါ။ အာဏာရှင်ဖြစ်လာပြီဆိုရင် သူတို့ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေထက် ကျော်လွန်တဲ့ အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်ကြသူများ ဖြစ်သွားပါတယ်။ ဒါကြောင့် သူ့အောက်က သာမန်ဝန်ထမ်း တယောက်ကိုတောင် သူတို့အတွက် အကျိုးရှိမယ့် အလုပ်မျိုး နည်းနည်းပါးပါး လုပ်ပေးရုံနဲ့ မြင့်မားတဲ့ အခွင့်ထူးတွေကို ပေးတတ်ကြပါတယ်။ အာဏာရှင်တိုင်းဟာ သူတို့ကို ယုံကြည်ကြသူတွေက တခြားသူများအပေါ် ပြင်းပြင်းထန်ထန် နှိပ်စက်ညဉ်းပန်းမှုကို ပြုလုပ်ခဲ့ရင်တောင် သူတို့လူဘက်ကပဲ နေပါတယ်။ သူတို့လက်ပါးစေတွေကို ပါးကွက်အာဏာသားအဖြစ် အမြဲသတ်မှတ်ပြီး အဝန်းအဝိုင်းတခုကိုလည်း တည်ဆောက်ပေးထားပါတယ်။ ဒီလိုလူတွေကို ရှာရတာကလည်း အရမ်းလွယ်ပါတယ်။ ဟစ်တလာဟာ ဂျာမဏီနိုင်ငံကြီး အလုပ်လက်မဲ့ဖြစ်မှု၊ ငွေကြေးဖောင်းပွမှု၊ ငတ်မွတ်မှုနဲ့ စီးပွားရေး မဖြစ်ထွန်းမှုကို အခြေတည်ပြီး စည်းရုံးခဲ့ပါတယ်။ နိုင်ငံတာဝန်ကို ထမ်းဆောင်နေကြတဲ့ ဂျာမန်နဲ့ ဂျူးအရေအတွက်ကို ချပြပြီး ချမ်းသာကြွယ်ဝသူ ဂျူးမုန်းတီးရေး အမျိုးသားဝါဒကို စတင်ဟောပြောခဲ့ပါတယ်။ မူဆိုလီနီကလည်း အမျိုးသားရေးဝါဒကို ဟောခဲ့တာပါပဲ။ မော်ကတော့ သူ့စာအုပ်နီကြီးနဲ့ တရုတ်ပြည်သူတွေကို ဆွဲဆောင်စေနိုင်ခဲ့ပါတယ်။ အဓိကအားဖြင့် ဘာသာရေးကို အခြေတည်ပါတယ်။ သူ့လိုပဲ ဂရိလက်ထက်ကနေစပြီး အခုလက်ရှိကာလအထိ အာဏာရှင်တော်တော်များများဟာ ဘာသာရေးကို အသုံးချလေ့ရှိပါတယ်။ ဒီတော့ အမျိုးသားရေးဝါဒသမားနဲ့ ဘာသာရေးအစွန်းရောက်သူတွေဟာ အာဏာရှင်ကိုသာ အစဉ်အမြဲ အားကိုးအားထားပြုကြတယ်ဆိုတာကို အာဏာရှင်တိုင်းက သိထားပြီးသား ဖြစ်ကြပါတယ်။ အမျိုးသားရေးကို ပြင်းပြင်းထန်ထန် ထိခိုက်နေစေသဖြင့် ကာကွယ်ပေးနေရခြင်း၊ ဘာသာရေးကို ပြင်းပြင်းထန်ထန်စော်ကားနေပါသဖြင့် ထိန်းသိမ်းပေးနေရခြင်းလို့ ပြောလိုက်တာနဲ့ကို အမျိုးသမားရေးသမားနဲ့ ဘာသာရေးအစွန်းရောက်သမားတွေဟာ အာဏာရှင်ကို ဒုတိယဘုရားသခင်အဖြစ် သတ်မှတ်ပြီးသားဖြစ်ပါတယ်။ နိုင်ငံရဲ့ သုံးပုံတပုံလောက်ဟာ အမြဲတမ်း အာဏာရှင်ဘက်က ဖြစ်သွားလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့သမိုင်းတခုလုံးမှာရှိတဲ့ ဘယ်အာဏာရှင်မှ သက်ဆိုးမရှည်ကြပါဘူး။ အာဏာရှင်တိုင်းဟာ လုပ်ကြံမှုတွေနဲ့ အမြဲတမ်း ရင်ဆိုင်ရပါတယ်။ ကက်စထရိုကို ၆၃၈ ကြိမ်၊ မော်စီတုန်းကို သူ့စစ်တပ်အရာရှိကိုယ်တိုင် ၁၁ ကြိမ်၊ ဆက်ဒမ်ဟူစိန်ကို သူ့သားကြီးက ငါးကြိမ်၊ တနေရာတည်းမှာ နှစ်ညမအိပ်ဖူးတဲ့ အာရာဖတ်အတွက် ဗုံးပေါက်ကွဲမှု ၆၀ ကြိမ်မှာ ၃ ကြိမ် အသက်သီသီလေး လွတ်ခဲ့၊ ဟစ်တလာ ၁၃ ကြိမ်၊ ချားဒီဂေါ ၃၁ ကြိမ်၊ ဇော့ဗ် ၅၅ ကြိမ်စသဖြင့် လုပ်ကြံသတ်ဖြတ်မှုတွေကို သိထားပါတယ်။ ဒါ့အတွက် အာဏာရှင်တွေဟာ သူတို့လက်ပါးစေကို အားကိုးပါတယ်။ အဲအတွက် သူတို့ကပဲ ကာကွယ်စောင့်ရှောက်ပေး ထားသလိုမျိုး မြေတောင်မြောက်ပေး ထားသလိုမျိုး လုပ်ကြပါတယ်။ တပြန်လည်း ကြီးကျယ်ခန်းနားတဲ့ ကတိကဝတ်တွေနဲ့ လက်ပါးစေတွေကို လုံခြုံမှု အပြည့်အဝရှိကြောင်း အမြဲတမ်း နားချပါတယ်။ လက်ပါးစေတွေကို အမှောင်ကိုခွင်းးပြီး အလင်းကိုဆောင်သူ၊ နိုင်ငံတော်အပေါ် သစ္စာရှိသူ၊ ကမ္ဘာပေါ်မှာ ဘယ်သူမှ မလုပ်နိုင်တဲ့အလုပ်ကို လုပ်နိုင်သူ၊ မင်းတို့ရဲ့ လုပ်ဆောင်မှုကို နိုင်ငံတော်က အမြဲကျေးဇူးတင်ပြီး ဆွေစဉ်မျိုးဆက်လည်း သူကောင်းမျိုးအဖြစ် ချီးမြှောက်ခံရစေသူစသဖြင့် အမြဲတမ်း ချီးကျူးကြပါတယ်။ လူသိရှင်ကြားလည်း ဂုဏ်လည်းပြုပါတယ်။ တကမ္ဘာလုံးက မဆက်ဆံဘဲ လစ်လျူရှုလိုက်လို့ အထီးကျန်သွားခဲ့ရင်တောင် ကမ္ဘာက သူတို့ကို ကြောက်နေကြပြီလို့ သူတို့လက်အောက်ကလူတွေကို ဟောပြောသင်ကြား ကြပါတယ်။ ငါတို့ ဘယ်တော့မှ မမှားခဲ့ဘူး၊ မှားဖို့အကြောင်းလည်း မရှိဘူး။ မှားမှာလည်းမဟုတ်ဘူးလို့ လက်ပါးစေတွေကို အမြဲတမ်းအားပေးပါတယ်။ သူတို့လက်ပါးစေအားလုံးထဲမှာ ဘယ်တော့မှ ပညာတတ်တွေကို မထည့်သွင်းပါဘူး။ ပညာတတ်ကြသူတွေဟာ အာဏာရှင်အပေါ် သစ္စာရှိသူတွေ မဟုတ်ကြဘူး။ ဝေဖန်ပိုင်းခြားဖို့ အရည်အချင်း မပြည့်ဝသူတွေကိုပဲ လက်ပါးစေအဖြစ် ထားကြပါတယ်။ အာဏာရှင်ဟာ အပြောင်းအလဲ မလုပ်တတ်ကြသူတွေ၊ အထူးအားဖြင့် ရှေးရိုးစွဲတွေကိုပဲ လက်ပါးစေအဖြစ် ထားပါတယ်။ ပြီးတော့ ချမ်းသာကြွယ်ဝအောင် လုပ်ပေးပြီး ဒါကိုလည်း လူသားဆန်မှုကို ပြသခြင်းပဲလို့ ယုံကြည်စေပါတယ်။ မတွန်းလှန်တဲ့ လက်ပါးစေတွေကို စာနာမှုတွေ ကြင်နာမှုတွေ အမြဲပေးပါတယ်။ ခရစ်သက္ကရာဇ် ၁၃၃ ခုနှစ်မှာ ရောမက စစ်သည်တွေ မြေထဲပင်လယ်က ပြန်လာတာကို အာဏာရှင်တွေက အရမ်းကြီးကျယ်တဲ့ ဂုဏ်ပြုပွဲတွေ လုပ်ပေးခဲ့ပြီး ဆယ်သက်စားမကုန်တဲ့ စည်းစိမ်ကို ပုံအောပေးအပ်ခဲ့သလိုပေါ့။ ဟစ်တလာရဲ့ စစ်သားတွေဟာလည်း သူတို့ရဲ့ မိသားစုဆီ ငွေကြေးအမျိုးမျိုး ပေးပို့နိုင်ခဲ့ကြသလို ပစ္စည်းအမျိုးမျိုးတွေကိုလည်း ပေးပို့နိုင်ခဲ့ကြပါတယ်။ ဒါတွေကတော့ ကယ်လီဖိုးနီးယား တက္ကသိုလ်တခုက စိတ်ပညာပါမောက္ခက ပြောတာတွေ ဖြစ်ပါတယ်။ သူက စိတ်ပညာရှင်ဆိုတော့ စိတ်ပညာဘက်ကလည်း ပြောတာပေါ့။ လူတွေက အာဏာရှင်တော်တော်များများကို စိတ်ဝေဒနာရှင်လို့ ထင်နေကြတယ်။ မဟုတ်ပါဘူး။ အာဏာရှင်တွေဟာ ချစ်စရာကောင်းပါတယ်။ သူတို့ဟာ သိုးငယ်လေးတွေနဲ့တောင် တူတယ်။ အလိမ်အညာတွေကိုလည်း ဒီတိုင်းကြီး ပြောချလိုက်တာပဲ။ ဘာပဲလုပ်မိလုပ်မိ နောင်တမရတတ်ကြဘူး။ သူတို့အလုပ်အပေါ် အမြဲစိတ်အား ထက်သန်နေကြပြီး သူတို့ရဲ့ ကောက်ကျစ်ယုတ်မာမှု၊ စာနာစိတ်ကင်းမဲ့မှုစတာတွေကို အမှားတခုရယ်လို့ မတွေးတတ်ကြတာကလည်း မှတ်သားထိုက်ဖွယ်ပါ…တဲ့။ ရက်စက်ကြမ်းကြုပ်စွာ ပြုမူတတ်တဲ့ သူတို့အကျင့်ဟာ သူတို့ရဲ့ သဘာဝသာ ဖြစ်နေခြင်းဖြစ်ပြီး အာဏာရှင် တော်တော်များများဟာ လူမှုဆက်ဆံရေးလည်း အတော်ကလေး ကောင်းကြပါသတဲ့။ ဒါကတော့ မတော်လို့များ သင်က အာဏာရှင်လက်အောက်မှာ အသက်ပြည့်နေတဲ့ သင်ယူသူဖြစ်နေခဲ့မယ်ဆိုရင် ဆိုတဲ့အတွေးကို တွေးကြည့်ရင်း ဘယ်လိုနိုင်ငံရေး အယူဝါဒကို ယူဖြစ်သွားမလဲလို့ ပြောကြည့်တာပါ။
နတ္ထိ မရှိခြင်းမှာ လူသားတယောက်ရဲ့ ပင်ကိုယ်မရှိရာကနေ စားဝတ်နေရေး ရှိလာတယ်။ အဲဒီအပြင် အယူဝါဒတွေလည်း ရှိလာရတယ်။ အခု ပထမတခုအနေနဲ့ အာဏာရှင်လက်အောက်က အယူဝါဒကို ပြောပြီးလို့ ဘာသာရေးအယူဝါဒဘက် လှည့်ပြချင်ပါတယ်။ လူတယောက်အတွက် အခြိမ်းခြောက်ခံရတဲ့ နောက်ထပ် အယူဝါဒတခုပေါ့။ ဘာသာရေးအယူဝါဒမှာတော့ ငါတို့အယူဝါဒကမှန်တယ်၊ ငါတို့အယူဝါဒက အကောင်းဆုံးလို့ ပြောပြီး မယူရင် မယုံကြည်ရင် ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခံရနိုင်တဲ့ ဝါဒမျိုးဖြစ်လို့ နည်းနည်းပြောကြည့် ချင်တာပါ။ ကမ္ဘာပေါ်ရှိ ဘာသာကြီးလေးရပ်ကို မပြောခင် ကိုးကွယ်ကြတဲ့ ဘာသာရေးပေါင်း ၁၂၀၀ရဲ့ အပြင်ဘက်ကို ပြောချင်ပါတယ်။ ကိုးကွယ်စရာဘာသာရေးပေါင်း ၁၂၀၀ ကတော့ လက်ရှိဘာသာကြီးတွေရဲ့ အဆွယ်အပွားတွေဖြစ်ပါတယ်။ ဘာသာကြီး၄ ခုနဲ့ ၁၂၀၀ကျော်သောကိုးကွယ်ရာတို့ရဲ့ အပြင်ဘက် သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်က တိုင်တန်းလို့ ဖမ်းဆီးခံရတဲ့ ဘာသာရေး၊ တိုင်ကြားသူများကြောင့် ဖျက်သိမ်းရတဲ့ ဘာသာရေး၊ ရဲများကိုယ်တိုင် ရှာဖွေဖော်ထုတ်ခံရတဲ့ဘာသာရေးတွေကို ပြောချင်ပါတယ်။ ပထမဦးဆုံး ၁၉၇၀ ခုနှစ်များဆီက အော်ရီဂွန်ပြည်အလယ်ပိုင်းဒေသ သဲကန္တာရမှာ သဘာဝတရားအတိုင်းနေထိုင်ခြင်း၊ အော်ဂဲနစ်စိုက်ပျိုးခြင်း၊ အဟောင်းများကို ပြန်လည်ဆန်းသစ် အသုံးပြုခြင်း၊ စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှုကို ရှာဖွေခြင်း၊ လွတ်လပ်စွာ ချစ်ခြင်းဆိုတဲ့ ဘာသာရေး အသစ်တခုအပေါ်လာခဲ့ပါတယ်။ ဖန်တီးသူက အိုရှိုးရဲ့ ဝါဒအချို့၊ ဗုဒ္ဓရဲ့ဝါဒတချို့၊ ရေဂင်ခေတ်က ပုံတိုပတ်စများနဲ့ အသေအချာဖန်တီးခဲ့ပါတယ်။ နက်ဖလစ်ရဲ့ အရိုင်းအစိုင်းမြေဆိုတဲ့ ရုပ်သံစီးရီးထဲ ပါတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ယုံကြည်သူများလာတာနဲ့ ဘာသာရေးကို တည်ထောင်သူ Rajneeshpuram ဟာ အစိုးရဲ့ ရွေးကောက်ပွဲကိစ္စကို ဝင်ရှုပ်ပါတော့တယ်။ သူသာ အဲသလို မလုပ်ခဲ့ရင် အခုဆို အတော်အောင်မြင်နေတဲ့ ဘာသာတခု ဖြစ်နေလောက်ပါပြီ။ အခုတောင် သူနဲ့ သူ့ဘာသာကို ယုံကြည်ကြသူတွေ အမေရိကန်၊ အိန္ဒိယ၊ ဗြိတိန်၊ ဂျာမဏီ၊ ဟော်လန်နဲ့ အီတလီမှာ အများအပြား ရှိနေပါသေးတယ်။ နောက်ပိုင်းပေါ်လာတဲ့ ဘာသာရေးထဲမှာ ဒီဘာသာရေးဟာ တော်တော်ကလေး ခေတ်ရေစီးကြောင်းပေါ် တင်ထားပါတယ်။ NXIVM ဘာသာ၊ အနာဂတ္တိဘာသာ၊ ကောင်းကင်တံခါးဘာသာ၊ မန်ဆန်မိသားစုဘာသာ၊ ဘုရားသခင်သားတော်ဘာသာ ဒီဘာသာတွေဟာ လိင်အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ကြတယ်။ ဒါပေမယ့် ဘယ်သူမှ စောဒကမတက်ခဲ့ကြပါဘူး။ လူသားစေတီဘာသာကတော့ ဘုရားနဲ့တွေ့ချင်ရင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ရမယ်ဆိုလို့ လူပေါင်း ၉၁၈ ယောက် ကိုယ့်ကိုယ်ကို ပုံစံမျိုးစုံနဲ့ သတ်သေခဲ့ကြတယ်။ ဂျပန်က ဥုံဘာသာရေးဆိုရင် ကမ္ဘာပျက်ကိန်းကို ကာကွယ်ဖို့ဆိုပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သူ ၁၃ ယောက်နဲ့ ထိခိုက်ဒဏ်ရာရအောင်လုပ်သူ ရာကျော်ရှိခဲ့ပါတယ်။ သိပ်တောင် မကြာသေးပါဘူး။ ၂၀၁၈ ခုနှစ်မှာ ဖြစ်သွားခဲ့တာပါ။ ဒီဘာသာရေးဆိုရင် ခုထိ ယုံကြည်သူတွေ ရှိနေပါသေးတယ်။ မက်တန်မိုရိုဘာသာ၊ နေမင်းစေတီဘာသာ၊ ဒေးဗစ်ဒိန်းဘာသာ၊ ရုရှားဒွန်းဒေးဘာသာ၊ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်ဘာသာစတဲ့ ဘာသာတွေကတော့ မူးယဇ်ဆေးသုံးစွဲမှုတွေ မူးယဇ်ဆေးမှောင်ခိုမှုတွေ လူအစုအပုံလိုက် သတ်ဖြတ်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ ကမ္ဘာကြီးကို ကယ်တင်မယ့်သူ၊ ဘုရားသခင် ပြန်လည်ဝင်စားမယ့်သူ၊ သန့်ရှင်းသော ဝိဉာဉ်တော်ပိုင်သူစတဲ့ ဂျွန်နစ်ကိုးသောင်း၊ အာနိုးပေါ်တာ၊ ဘူးဟပူပလာ၊ ဝီလျံဒေးဗစ်၊ မီဟမ်ဂူလမ်အမ်မက်၊ ဟိုင်လီဆေးလက်စီး၊ လက်ဇိုတုသ်၊ ဝှိုင်းဘန့် အိုဗျာရေ။ လိုက်ရေးပြနေရင် ပြီးတော့မှာ မဟုတ်ဘူး။ ၁၈ ရာစု၊ ၁၉ ရာစုနဲ့ အခု ၂၀ ရာစုထဲမှာပေါ်ခဲ့တဲ့ အဲဒီဘာသာရေးအသစ် ခေါင်းဆောင်ပေါင်း ၄၀၀ နီးပါးဟာ သမ္မာကျမ်းစာကို အမျိုးမျိုးမှီငြမ်းတာမျိုး၊ သူတို့ဝါဒနဲ့ လိုက်ဖက်အောင် အနက်ကောက်တာမျိုး၊ တပိုင်းတစ ထုတ်ယူတာမျိုး၊ အပိုထည့်တာမျိုး၊ ဆိုလိုရင်းကို ယုတ္တိရှိရှိ တလွဲအဓိပ္ပါယ်ဖွင့်တာမျိုးကို လုပ်ခဲ့ကြပါတယ်။ တချို့ကလည်း ဘယ်ဘာသာရေးကိုမှ အခြေမခံကြပါဘူး။ သူတို့ဟောပြောမှုတွေဟာ အလွန်ကောင်းပါတယ်။ ခုခေတ်လူငယ်တွေဟာ ဘုရားကျောင်းကို ကျောခိုင်းလာကြပြီ။ ငါတို့ ကယ်တင်မှ ဖြစ်မယ် တဲ့။
ဒါမျိုးက ဗုဒ္ဓဘာသာမှာလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ အခုထိ နာမည်ကြီးနေဆဲ ဝါဒကတော့ မိုးပြာဝါဒပဲ ဖြစ်ပါတယ်။ သူတို့ကတော့ သူတို့ကိုယ်သူတို့ ပစ္စုပ္ပန္နကမ္မဝါဒလို့ သုံးနှုန်းကြပါတယ်။ ပါဏာတိပါတမှာ လူ့အသက်ကိုသတ်မှ ကံထိုက်ပါတယ်။ တိရစ္ဆာန်ကို သတ်ရင် ကံမထိုက်ပါဘူး။ အစိုးရပစ္စည်းကို ခိုးတာဟာ လူ့ပစ္စည်းကို ခိုးတာမဟုတ်လို့ အပြစ်မသင့်ပါဘူး။ ကာမေသုမှာ မှားယွင်းစွာလို့ပြောတာဟာ ကိုယ့်ဇနီးမယားမဟုတ်သူလို့ မဆိုလိုပါဘူး။ မုသာဝါဒမှာ ဘဝနဲ့မဆိုင်သမျှ လိမ်ခြင်းဟာ အပြစ်မရှိပါဘူး။ သုရာမှာ မူးအောင်မသောက်ဘဲ စီးပွားရေးအရ သောက်တာဟာ အပြစ်မရောက်ပါဘူးစသဖြင့် ငါးပါးသီလကို တနည်းတဖုံ အဓိပ္ပါယ်ဖွင့်တာမျိုး၊ တခြား ပိဋကတ်လာတရားတော်ကို အဓိပ္ပါယ်တမျိုးဖွင့်တာမျိုး လုပ်ကြတဲ့အတွက် အဓမ္မဝါဒီ (တရားမဟုတ်သောအယူဝါဒ)ကို ယူသူလို့ ဗုဒ္ဓဘာသာတွေဘက်က သတ်မှတ်ခဲ့ကြပါတယ်။ နောက်ပြီး ကျောက်သင်္ဘောဝါဒ၊ လူသေလူဖြစ်ဝါဒ၊ ကြောင်ပန်းတောရဝါဒ၊ ကျောက်ပုံတောရဝါဒ၊ အောင်ဆန်းတောရဝါဒ၊ ဦးမာလာဝရဝါဒ၊ ဓမ္မနီတိဝါဒ၊ မိုးညိုဝါဒ၊ ထွန်တုံးလက်ကျန်ဝါဒ၊ စမ်းကလေးဝါဒ၊ ဦးမြင့်သိန်းဝါဒ၊ ဉာဏစာဂီဝါဒစတဲ့ဝါဒတွေအပြင် သိမ်ကိစ္စတွေပါ အများအပြား ဝါဒကွဲပြီး မဟနဝိနစ္ဆယအဖွဲ့၊ သက်ဆိုင်ရာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအဖွဲ့တွေနဲ့ ဓမ္မကို အန္တရာယ်ပြုနိုင်သော အဓမ္မများအသင်းအဖွဲ့လို့ ကြေငြာခဲ့ကြတယ်။ ဓမ္မစက်နဲ့မရလို့ အာဏာစက်နဲ့ ကိုင်တွယ်ခဲ့ရတာလည်း ပါတယ်။ တကယ်တမ်းတော့ မြန်မာဗုဒ္ဓဘာသာမှာ ဗုဒ္ဓစစ်စစ်ကိုသာ ကိုးကွယ်သူ မရှိဘူးရယ်။ ဗုဒ္ဓက နတ်တွေကို မေတ္တာပို့ပါလို့ ညွှန်ကြားထားပေမယ့် ကိုးကွယ်လိုက်ကြတဲ့အမျိုး။ ပြီးတော့ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာလိုလို ဗုဒ္ဓဘာသာရိုးရာလိုလိုပြောကြပါသေးတယ်။ အကြီးမားဆုံး ဘုရားနဲ့အတူ ကိုးကွယ်တာက သိကြားမင်းကိုပါပဲ။ သိကြားကိုးကွယ်မှုက သရေခေတ္တရာခေတ် အေရိယန် (Aryan) လူမျိုးတွေကုန်သည်အဖြစ် လာရောက်ရင်း ကျန်ခဲ့တဲ့ ကိုးကွယ်မှုကြီး။ ပုဂံသမိုင်းထဲတောင် တော်တော်ထည့်ထားကြတယ်။ ဒါ မပြောနဲ့လေ။ ပရိယတ္တိစာပေထဲတောင် သိကြားဂုဏ်ပုဒ်များဆိုပြီး ထည့်ထားသေးတာပဲ။ သိကြားသာသနာ ဆိုတာကိုလည်း ဘုန်းကြီးတပါးက ဟောတာမဟုတ်လား။ နောက်နတ်က သူရဿတီနတ်။ ဒီဘက်တိုင်းရင်းသားတွေ အသေကြိုက်တဲ့နတ်။ သူလည်း အေရိယန်လူမျိုးတွေက သူတို့အားကိုးရတဲ့ ဆွရဝတီမြစ်ကို တင်စားကိုးကွယ်တဲ့နတ်။ အတွင်းအပြင် နတ်ပေါင်း ၇၄ ယောက်ကလည်း အရေးတကြီးနတ်တွေ။ နောက် ဆူမာရီယန်လူမျိုးတွေ ကိုးကွယ်တဲ့ ဂြိုဟ်များကို ကိုးကွယ်မှု၊ ဘုန်းကြီးတပါး မေတ္တာပို့ရင် ကြားကြားနေရတယ်။ တနင်္ဂနွေဂြိုဟ်မင်းနဲ့တကွ ဆိုပဲလေ။ မဟာဂီရိကလည်း တော်တော်အလုပ်ရှုပ်တယ်။ ဘုရားကိုးဆူကိစ္စကလည်း ဗုဒ္ဓဘာသာကိစ္စလိုလို ဘာလိုလို။ နတ်ပြီးရင် ဓာတ်ကိစ္စ။ ဓာတ်ပြီးရင် ဘုန်းကြီးတွေကိုယ်တိုင် ယတြာနဲ့ ဘာသာရေး ရောချတဲ့ကိစ္စ။ မဟာမုနိရဲ့ ဇမ္ဗူပတိချွတ်ခန်း။ မိုးညင်းမင်းတရားကြီးကစခဲ့တဲ့ ဇာတ်လမ်းထဲက ဒက္ခိဏသာခါရုပ်ပွားတော်။ ဂြိုဟ်ပြေနံပြေဘုရား။ ဆင်စီးမြင်းရံ ရုပ်ပွားတော်။ မဟာယနဗုဒ္ဓဘာသာလာ ဒိဗျာဝဒါနကျမ်းဂန်က ရှင်ဥပဂုတ်။ ဗဒုံမင်းက မြန်မာနိုင်ငံမှာ စာပေမရှိ ကျမ်းဂန်မရှိလို့ အိန္ဒိယကနေ သယ်လာတဲ့ စာအုပ်စာပေထဲက ယဉ်ကျေးမှုတွေ ဓလေ့တွေ ထုံးတမ်းစဉ်လာတွေ အကုန်အမှန်ချည်းဆိုပြီး ဗုဒ္ဓဘာသာထဲထည့်။ ဂန္ဓာရတိုင်းက ဂန္ဓာရီခရီးတွေ။ အင်းအိုင်ခလဲ့ မန္တာန်တွေမှာ ဗုဒ္ဓပါရင် ပိုစွမ်းတယ်ဆိုသူတွေ၊ ပြဒါးဝိဇ္ဇာ သံဝိဇ္ဇာတွေအောင်ချင်ရင် သရဏဂုံကို ဂါထာလိုမန်းမှုတ်ရတယ် ဆိုသူတွေ။ ဘိုးတော် မယ်တော်တို့ရဲ့ ဗုဒ္ဓဘာသာ သာသနာပြုခရီးတွေ (ပြောမကုန်နိုင်လို့ မပြောတော့ဘူးဟေ့) စတာတွေဟာ ဗုဒ္ဓဘာသာကို ဖျက်နေတဲ့ ဟာတွေပဲပေါ့။ ဒါပေမယ့်လည်း အမှားကြာတော့ အမှန်ဖြစ်။ ခဏနေ နတ်လာကိုင်နေမှဖြင့်။ သူများမျက်ချေးမြင်ကြသူများကို ပြောပါတယ်။ ပစ္စုပ္ပန္နကမ္မဝါဒနဲ့ ပတ်သက်လို့ ပြောရရင် ဦးဉာဏကိုယ်တိုင် သူဟာ ထေရဝါဒမဟုတ်ဘူး။ ပစ္စုပ္ပန္နကမ္မဝါဒလို့ အထပ်ထပ်ပြောနေ ပါလျက်ကယ်နဲ့ တရားတွေ ဘာတွေ ထကောက်စွဲပစ်တာ။ ဘုရားဟော ကျမ်းဂန်တွေကို ဖျက်တယ်လို့ ယူဆရင် မဟာယာနတို့ကိုလည်း တရားစွဲသင့်တာပေါ့ မဟုတ်ဘူးလား။ ဒါပေမယ့်လည်း အများညီရင် ဤဟာကျွဲပဲ မဟုတ်လား။ ဗုဒ္ဓဘာသာကို ဖိပြောနေလို့ မတော်သေးပါဘူးလေ။ အစ္စလာမ်ဘာသာကတော့ သိပ်ပြီး တရင်းတနှီးမရှိတော့ အစ္စလာမ်ဘာသာတရားကို ပုံစံတမျိုးနဲ့ ကိုးကွယ်တယ်ဆိုတဲ့ Islam cult ရှိမရှိ မသိရပါဘူး။ သို့သော် ဒီကိုးကွယ်မှုတွေဟာ အစ္စလာမ်ကိုမှီးသည်ဖြစ်စေ၊ ခရိယာန်ဘာသာကိုမှီး၍ဖြစ်စေ၊ ဗုဒ္ဓဘာသာကိုမှီး၍ဖြစ်စေ မိရိုးဖလာ ကိုးကွယ်မှုတွေမဟုတ်ဘဲ မိမိက မှန်တယ်လို့ ယူဆတဲ့ ကိုးကွယ်မှုတွေ ဖြစ်ကြပါတယ်။
ကမ္ဘာကျော် ဘာသာကြီးတွေ ရှိနေပါလျက် နောက်မှပေါ်ထွန်းလာတဲ့ ဘာသာတရားအသစ်ကို New Religions Movement လို့ သူတို့ အင်္ဂလိပ်လို ခေါ်ကြတယ်။ အတိုကောက် NRM တဲ့။ တိုက်ရိုက်ပြန်ရရင် ဘာသာရေးအသစ်လှုပ်ရှားမှုလို့ ဖြစ်နေမယ်။ “ဘာသာရေးအသစ်” လောက်ကိုပဲ ဘာသာပြန်ရင် ပိုပြီးအဆင်ပြေမယ်လို့ ထင်ပါတယ်။ ဘာသာရေးအသစ်တွေဟာ ၁၉၆၀ ခုနှစ်နောက်ပိုင်း ကမ္ဘာ့စစ်အေး တိုက်ပွဲကြီး ကာလအတွင်း အများဆုံး ပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ ဘာသာသစ်တွေဆိုပေမယ့် ရှိပြီးသား ဘာသာအဟောင်းကို မှီငြှမ်းထားတာ များပါတယ်။ သို့ပေမယ့် လုံးဝ မမှီငြှမ်းတဲ့ ဘာသာရေးအသစ်တွေလည်း ရှိနေပါတယ်။ ဘာသာရေးအသစ်မှာ သမားရိုးကျပညာရပ်ဆိုင်ရာနဲ့ သက်ဆိုင်ရာဘာသာဝင်တို့ရဲ့ တိုက်ခိုက်မှုကိုတော့ မကြာခဏ ရင်ဆိုင်နေရပါတယ်တဲ့။ မှတ်တမ်းအရ အစောဆုံးပေါ်ခဲ့တဲ့ ဘာသာရေးအသစ်က ၁၈၂၀ ခုနှစ်မှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ နယူးရောက်မြို့ အနောက်ပိုင်းဘက်က ဖြစ်ပါတယ်။ The Book of Mormon ဆိုပြီး Mormonism စာတတန်ပေတဖွဲ့နဲ့ကို တည်ထောင်ထားတဲ့ ဘာသာဖြစ်ပါတယ်။ အဲဒီစာအုပ်က သမ္မာကျမ်းစာကို ထပ်လောင်းဖွင့်ဆိုချက်ကျမ်းလို့ ပြောလို့ရပါတယ်။ LDS လို့အတိုကောက်ခေါ်ခဲ့တဲ့ Letter Days Saint လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ သူတို့ဘုရားကျောင်းတောင် အခုထိရှိသေးတယ်လို့ ဆိုပါတယ်။ ဒုတိယပေါ်လာတာကတော့ Tenrikyo တန်ရီကျိုဖြစ်ပါတယ်။ ဂျပန်မှာပါ။ အစစ်အမှန် စင်္ကြာဝဠာကို ဖန်ဆင်းတဲ့ Kanrodai ဆိုတဲ့ နတ်ဘုရားတပါးကို အခြေတည်ပြီး ပေါ်ခဲ့ပါတယ်။ ပရဟိတလုပ်ငန်းနဲ့ သတိပဋ္ဌာန် လုပ်ငန်းတွေကို ဦးစားပေးခဲ့ပြီး ဝိညာဉ်ပိုင်းဆိုင်ရာကို အဓိကထားခဲ့ပါတယ်။ တတိယအစောဆုံးပေါ်ခဲ့တဲ့ ဘာသာရေးအသစ်ကတော့ အီရန်မှာပါ။ ၁၉၄၄ မှာပေါ်ခဲ့ပါတယ်။ Babi Faith လို့ ဖွင့်ဆိုလို့ရတဲ့ Babiyye ဆိုတဲ့ ပါရှန်းဘာသာစကားကနေ တဆင့်ပေါ်ပေါက်လာတဲ့ စကားလုံးဖြစ်ပါတယ်။ ဂရိမှာ ထင်ရှားခဲ့တဲ့ သီအိုဖနီဘုရားကို အဓိကထားပြီး တည်ထောင်ပါတယ်။ တည်ထောင်သူက အီရန်ကုန်သည် တဦးဖြစ်တဲ့ Shiraz ဆိုသူဖြစ်ပြီး အဲဒီဘာသာကို ကိုးကွယ်သူကို Badism လက်ခံသူလို့ ကင်ပွန်းတပ်ပါတယ်။ ဒီဘာသာသုံးခုစလုံးက အခုထိ ယုံကြည်သူ ရှိနေဆဲလို့ ပြောလို့ရတဲ့ ဘာသာရေးအသစ်တွေ ဖြစ်ပါတယ်။ သူတို့ စာရင်းပြုစုနိုင်သလောက် ပြုစုခဲ့တာကတော့ ဘာသာရေးအသစ် စုစုပေါင်း ၃၅၆ ခုရှိပါတယ်။ ဒီ ၃၅၆ ခုထဲက နောက်ဆုံးပေါ်ခဲ့တဲ့ ဘာသာအသစ်ကတော့ Weksek ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် မက္ကဆီကို အိုဆာကာမှာ စတည်ထောင်ခဲ့တာပါ။ သူ့ကျင့်စဉ်က ဗုဒ္ဓဘာသာရဲ့ ကသိုဏ်းကျင့်စဉ်နဲ့တူနေပါတယ်။ သူတို့ပန်းတိုင်က သဘာဝတရားကို ချစ်မြတ်နိုးတတ်ဖို့နဲ့ စင်ကြယ်သောစိတ် ရရှိဖို့ ဖြစ်ပါတယ်။ ဒုတိယနောက်ဆုံး တည်ထောင်ထားတဲ့ ဘာသာရေးအသစ်ကတော့ ကိုးရီးယားက ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာပေါင်းစည်း ငြိမ်းချမ်းရေး ဘေးမဲ့ကျောင်းလို့ မှည့်ထားတယ်။ ဟွန်ဂျင်မွန်းဆိုတဲ့သူ တည်ထောင်တာပါ။ ၂၀၂၂ မေလမှာ သူ့ကို တခြားဘုရားကျောင်းရဲ့ သင်္ကေတကို ယူသုံးမှုနဲ့ တရားစွဲခံထားရပြီး တရားရင်ဆိုင်နေရဆဲလို့ ကြားရပါတယ်။ တတိယနောက်ဆုံးက ၂၀၁၂ မှာ တည်ထောင်ခဲ့တဲ့ ဘာသာရေးသစ်က နှစ်ခုဖြစ်ပါတယ်။ တခုက ဥရောပဒေသ ဆွီဒင်မှာ အခြေတည်ပါတယ်။ သူက ကိုးကွယ်ရာဘုရားမပါပါဘူး။ သူက ဘာသာရေးဝါဒသက်သက် ဖြစ်ပါတယ်။ Syntheism တဲ့။ ပေါင်းစပ်ခြင်းဝါဒလို့ ဆိုရမလားပဲ။ သူက ဘုရားမပါဘူးလို့ ဆိုပေမယ့် အနောက်တိုင်းက ဖန်ဆင်းရှင်ဘုရားသဏ္ဍန်ကိုတော့ ယူထားပြန်ပါတယ်။ ဝါဒကိုကျတော့ အရှေ့တိုင်းက ဂျိန်း၊ ဇင်၊ ထေရဝါဒ၊ မဟာယန ဗုဒ္ဓဘာသာ၊ ဟိန္ဒူအပြင် အိန္ဒိယမှာ ကျော်ကြားတဲ့ ဗုဒ္ဓဟောကြားတဲ့ ဒဿနကို အခြေခံပြီး တည်ထောင်ထားပါတယ်။ အဓိကအားဖြင့် သူ့ရည်ရွယ်ချက်က မိရိုးဖလာ ဘာသာဝင်များနဲ့ ဘုရားမဲ့ဝါဒီသမားတွေ အတွက်ပါ။ ဘုရားမဲ့ဝါဒီအတွက် ဘုရားမဲ့ဝါဒပေါ့။ နောက်၂၀၁၂ မှာပဲ တပြိုင်တည်းပေါ်တဲ့ နောက်တခု ဘာသာရေးအသစ်ကတော့ မြောက်အမေရိက၊ ဥရောပနဲ့ ဩစတေးလျကို အခြေပြုတယ်။ နတ်ဆိုးဘုရား ဘာသာရေးလို့ ခေါ်မလား။ Satan ဆိုတော့လေ။ ဒီဘာသာရဲ့ အယူဝါဒက Satanic ပါတဲ့။ အဓိကကတော့ လက်ရှိကမ္ဘာပေါ်မှာ ရှိတဲ့ ဘာသာကြီးလေးခုထဲက ကျမ်းစာမှာ မပါသော်လည်း ဘုန်းတော်ကြီးများနဲ့ ဘာသာရေး အစွန်းရောက်များ ပြောဆိုနေကြခြင်းကို ဆန့်ကျင်တဲ့ဘာသာရေးလို့ ပြောရင်လည်း ရနိုင်ပါတယ်။ ဥပမာ လိင်တူချစ်သူ ပလီထဲ မဝင်ရ။ စေတီအတွင်း ဖက်နမ်းခြင်း မလုပ်ရစတဲ့ ဘုရားဟောမဟုတ်တဲ့ အယူဝါဒကို ပြင်းပြင်းထန်ထန် ဟောပြောနေကြတဲ့ ဘာသာရေးဘုန်းတော်ကြီးများရဲ့ ဟောပြောမှုမျိုးကို ယုတ္တိဗေဒကျကျ ကန့်ကွက်သွားကြမှာ ဖြစ်ပါတယ်။ လူသားတွေအပေါ် လူသားတဦးရဲ့ ကိုယ်ရေးကိုယ်တာကို ထိခိုက်လွန်းတဲ့ ဘာသာရေး ဥပဒေများကို ဖြိုချသွားကြမယ်လို့လည်း ဆိုပါတယ်။ ပြောဆိုလုပ်ကိုင်တိုင်းမှာ ဉာဏ်ပညာ၊ ကရုဏာတွေနဲ့ ယှဉ်ပြီး ပြောဆိုလုပ်ကိုင်ရမယ်။ လူအားလုံးပေါ် ကြင်နာမှု စာနာမှုနဲ့သာ ဆက်ဆံရမယ်တဲ့။ ဒီဘာသာတွေကို ဆက်လေ့လာချင်ရင်တော့ Google ခေါက်လိုက်ပေါ့။
ကမ္ဘာကြီးမှာ လူတွေအများအပြားကိုးကွယ်တဲ့ ဘာသာကြီး ၄ ခု ရှိပါတယ်။ ပြီးတော့ ကိုယ့်အဝန်းအဝိုင်း လေးနဲ့သာ ကိုးကွယ်ကြတဲ့ ဘာသာကြီးတွေကို အခြေတည်ပြီး ပေါ်ပေါက်နေတဲ့ ဘာသာပေါင်းက ၁၂၀၀ အထိရှိပါတယ်။ သည်ကြားထဲကနေမှ ဘာကြောင့် ဘာသာရေးအသစ် ၃၅၆ ခုတောင် ထပ်တိုးလာရတာလဲ။ ဒီ ၃၅၆ ခုထဲမှာ ပစ္စုပ္ပန္နကမ္မဝါဒတို့တောင် ပါသေးတာ မဟုတ်ဘူး။ ပထမဦးဆုံး အရှေ့တိုင်းဘက်က ထုတ်ထားတဲ့ ဘာသာရေးအသစ်များ ပေါ်ပေါက်လာရခြင်း အကြောင်းကို ပြောကြည့်ပါ့မယ်။ (၁) ဘာသာရေး ထုံးတမ်းစဉ်လာတွေထဲ အပိုတွေ အများကြီး ထည့်လာလို့ပါ။ လူတယောက်ရဲ့ ပုခက်ထဲကနေ သင်္ချိုင်းအထိ ဘာသာရေးက နှောင့်ယှက်မှုအမျိုးမျိုးတွေ ပေးနေပါတယ်။ (၂) ဘုန်းတော်ကြီးများဆိုတဲ့ အတန်းစားတခုအဖြစ် ပေါ်ပေါက်လာမှုကြောင့် ဖြစ်ပါတယ်။ ဘုန်းကြီးတွေဟာ မူလကျမ်းစာထဲပါတဲ့ ဒေသနာထက် အပိုတွေကို ထည့်ဟောလာပြီးသူတို့ကိုယ်သူတို့ လူတန်းစားတရပ်လို့ သတ်မှတ်လာတာကြောင့်ပါ။ (၃) ဘုန်းတော်ကြီးတွေ လုပ်တဲ့ ပွဲတွေမှာ သတ္တဝါများအပေါ် ညဉ်းပန်းမှုက ကြီးမားလာလို့ပါ။ တခါခါ ဘုန်းတော်ကြီးတွေနဲ့ ပတ်သက်တဲ့အခါ အလှူရှင်တွေ မစွမ်းဆောင်နိုင်တဲ့အထိ ကုန်ကျစရိတ်တွေ မြင့်နေပါတယ်။ (၄) ဘုန်းတော်ကြီးတွေရဲ့ ခွဲခြားဆက်ဆံတတ်တဲ့ အမူအကျင့်တွေကြောင့် ဖြစ်ပါတယ်။ တချို့လူတွေဟာ ဘုန်းတော်ကြီးကို နာကျည်းမိနိုင်တဲ့အထိ အဆက်ဆံခံရတာမျိုး ရှိလာပါတယ်။ (၅) ဘုန်းတော်ကြီးတွေဟာ လူတွေရဲ့ အားနည်းချက်အပေါ် ဖိပြီး တရားကို ဟောလာလို့ပါ။ ကိုယ်တိုင် မလိုက်နာနိုင်တဲ့ တရားတွေကို အတင်းအကြပ်ဟော ကြပါတယ်။ (၆) ဘုန်းတော်ကြီးတွေဟာ ဗေဒင်ဟောခြင်း၊ အဆောင်ယတြာပေးခြင်း၊ ရောဂါကုပေးခြင်း၊ အခြားသော နတ်များကို ပသစေခြင်း၊ ရန်သူနိုင်ဂါထာ၊ အိမ်ထောင်ရေးအဆင်ပြေ စေသောအဆောင် စသဖြင့် မဖြစ်နိုင်မှန်းကို သိလျက်နဲ့ပင် ဘုရားဟောကို တိုက်ရိုက်ဆန့်ကျင်လျက် မယုံကြည်သင့်တာကို ယုံကြည်ခိုင်းကြတာကြောင့် ဖြစ်ပါတယ်။ (၇) လူတို့၏ ဆင်းရဲဒုက္ခမှ လွှတ်မြောက်ရန်အကြောင်း၊ လူသားကို ကယ်တင်ရန်အကြောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်များအကြောင်း မဟောကြားဘဲ မိမိဘာသာဝင်များအပေါ် ခြိမ်းခြောက်သော ပြစ်တင်သော စိတ်ဖိစီးစေသော တရားများကိုသာ ဟောကြားကြခြင်းကြောင့် ဖြစ်ပါတယ်။ အထူးအားဖြင့် တရားနာလာသူတို့ကို ဝိညာဉ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းအောင် မလုပ်ပေးနိုင်ခြင်း တို့ကြောင့် ဖြစ်ပါတယ်တဲ့။ ဒါတွေက အိန္ဒိယ စစ်တမ်းတခုကပြောတဲ့ ဘာသာရေးအဟောင်းကို လူတွေ စိတ်မဝင်စားတော့ခြင်းနဲ့ ဘာသာရေးအသစ်နောက်ကို လိုက်ကြခြင်းအကြောင်းပါ။ အနောက်တိုင်းဘက်ကတော့ ဟိုမိုဆေပီယန် (Homo Sapiens) ကနေ စပြောပါတယ်။ လူသားတွေ စတင်တွေးခေါ်လာနိုင်ချိန်ကတည်းက တွေးခေါ်မှု၊ ခံယူချက်၊ အာရုံစိုက်မှု၊ သိမှတ်ဉာဏ်၊ စိတ်ဆန္ဒအရစတာတွေနဲ့အတူ လူသားတွေရဲ့ ကိုယ်ကျင့်စာရိတ္တကို ထိန်းကျောင်းပေးဖို့လိုတိုင်း ဘာသာရေးဆိုတာတွေ ပေါ်တတ်ပါတယ်။ ဘာသာရေးကို ဖန်တီးကြတဲ့အခါ လူ့ယဉ်ကျေးမှုများကို အသေအချာလေ့လာထားပြီး လူတို့ဆီမှာ မရှိမဖြစ် ရှိသင့်တဲ့ သဘောတရားတွေကို ထုတ်နှုတ်ဟောကြားရတာ ဖြစ်ပါတယ်။ ဒါကြောင့် ခေတ်တိုင်းမှာ ဘာသာရေး ရှိပါတယ်တဲ့။ သမိုင်းအထောက်အထားအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀,၀၀၀ လောက်မှာကတည်းက ကိုးကွယ်မှု အထောက်အထားတွေကို တွေ့ရှိနေရပြီလို့ ဆိုပါတယ်။ နှစ် ၁၀၀,၀၀၀ ဝန်းကျင်မှာ တွေ့ရှိတဲ့ သင်္ကေတတော်တော်များများဟာ ကိုးကွယ်ခြင်းဆိုင်ရာ သင်္ကေတတွေ ဖြစ်နေပါတယ်။ ထင်ထင်ရှားရှားကတော့ ဘီစီ ၁၀ ရာစုကနေ ၅ ရာစုအတွင်း ပါရှန်းမှာ Zoroastrianism ဆိုတဲ့ ဘာသာရေး။ တည်နေရာက အခု အီရန် အိန္ဒိယနဲ့ အီရတ်တို့နေရာ။ သူ့မှာတောင် ဘာသာရေး သုံးခုတောင် ကွဲခဲ့သေးတယ်။ တခုကတော့ Zoroastrian ဖြစ်ပြီး မွတ်စလင်ဖြစ်လာတဲ့ အယူအဆလို့ ပြောပါတယ်။ ယုံကြည်သူ နှစ်သိန်းရှိခဲ့ပါတယ်။ ဘီစီ ၉ ရာစုကနေ ၅ ရာစုကတော့ ဂျူးဘာသာပါ။ ဘုရားတဆူတည်းဘာသာ ဖြစ်သလို သမ္မာကျမ်းစာလည်း ပေါ်ပေါက်ခဲ့ချိန်ပေါ့။ ကိုးကွယ်သူ ၁၄ သန်းရှိပါတယ်။ ဘီစီ ၈ ရာစုမှ ၂ ရာစုအထိတော့ ဂျိန်းဘာသာ။ ဉာဏ်အလင်းရသူ သို့မဟုတ် မဟာဝီရဗုဒ္ဓလို့ ခေါ်ကြပါတယ်။ ကိုးကွယ်သူ ၇ သန်းရှိပါတယ်။ ဘီစီ ၆ ရာစုမှ ၅ ရာစု။ ကွန်ဖြူးရှပ်ဘာသာ။ လူသားနဲ့ ဝိညာဉ်ဝါဒများကို ဟောကြားခဲ့တယ်။ ကိုးကွယ်သူ ၆ သန်းရှိပါတယ်။ ဘီစီ ၆ ရာစု အခုထိ။ ဗုဒ္ဓဘာသာ။ သာသနာဆိုသည့် ကျမ်းဂန်များကို ချန်ထားခဲ့တယ်။ ကိုးကွယ်သူ သန်း ၄၈၈ ကျော်ရှိပါတယ်။ ဘီစီ ၆ ရာစုမှ ၄ ရာစု။ တာအိုဘာသာ။ လောင်ဇူးရဲ့ ဝါဒကို အခြေခံပါတယ်။ လိုက်နာသူ ၁၂ သန်းရှိပါတယ်။ ဘီစီ ၃ ရာစုမှ အေဒီ ၈ ရာစု။ Shintoism တရုတ်မြောက်ပိုင်းနဲ့ ဂျပန်တို့က ကိုးကွယ်ကြပါတယ်။ နတ်ကိုးကွယ်မှုကနေ ဆင်းသက်လာပါတယ်။ ကျန်တဲ့ ခရိယာန်နဲ့ အစ္စလာမ်ကတော့ လူတိုင်းသိကြပြီးသားပါ။ လူတွေဟာ သူတို့ကိုးကွယ်တဲ့ ဘာသာရေးက သူတို့အပေါ် တိုက်ရိုက်ကောင်းကျိုးပြုမှု၊ သွယ်ဝိုက်ကောင်းကျိုးပြုမှု၊ ဘာသာရေးနဲ့ လူသားအပြန်အလှန် ကျေးဇူးပြုမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ကိုယ်ချင်းစာမှု၊ ပဋိပက္ခများကို ဖြေရှင်းနိုင်မှု၊ လူသားတို့၏ ပူပန်မှုများအပေါ် ဂရုပြုမှုကို မပြုလုပ်ပေးနိုင်တော့ရင် ဘာသာရေးကြောင့် လူတွေ ငြိမ်းချမ်းမှု မရကြတော့ရင် နောက်ထပ် ဘာသာရေးအသစ်တခု ထပ်မံတီထွင်ပြီး ကိုးကွယ်ခဲ့ကြပါတယ်။ လက်ရှိ ဘာသာရေးက ကိုးကွယ်သူတွေကို အကျိုးမပြုတော့တာနဲ့အမျှ အလိုလိုမှေးမှိန် ပျောက်ကွယ်ပြီး ဘာသာရေးအသစ်ကို တည်ထောင်ကြပါ လိမ့်မယ်တဲ့။ ဒီအကြောင်း ပိုအသေးစိတ်သိချင်ရင် Yuval Noah Harari ရဲ့ Homo Deus ကို ညီနောင် ဘာသာပြန်တဲ့ လူသားတို့၏ အနာဂတ်သမိုင်းအကျဉ်းဆိုတဲ့စာအုပ်ကို ဖတ်ရင် ပိုရှင်းပါတယ်။ လူတွေ ဘုရားကို မယုံကြည်တော့တာ မဟုတ်ဘူး။ ဘုရားဟောထားတဲ့ ဒေသနာထက် လူတွေဟာ ပိုပြီး ကျော်လွန်သိလာကြပြီလို့ ဆိုပါတယ်။ လက်ရှိခေတ်နဲ့ ကိုက်ညီနေတဲ့ ဥပဒေတိုင်းဟာ ဘုရားဟောနဲ့ ဆန့်ကျင်နေတာကြောင့် လူတွေဟာ ဘာသာရေးကို မယုံကြည်ကြတော့ပါဘူး။ အပြစ်ကျူးလွန်လိုက်မိသူ တယောက်က ဘုရားကျောင်းသွားပြီး အာပတ်ဖြေတော့ ဘုန်းကြီးက မေးတယ်။ ဘာလို့ အာပတ်လာဖြေတာလဲ။ ဒီလိုအပြစ်တွေ လုပ်မိလို့ဆိုပြီး ဖြေတယ်။ ဘုန်းကြီးဟာ ဒီအပြစ်ကျူးလွန်သူကို တိုက်ခိုက်လိုစိတ်နဲ့တောင် အပြစ်စကားဆိုပါတော့တယ်။ ဒီအပြစ်ကျူးလွန်မိတာကို အလှူငွေထည့်လိုက်ရင်တော့ ပြေမယ်လို့ ဆိုလာပြန်တယ်။ ဘယ်သူက ဘုရားကျောင်းကို သွားချင်တော့မှာလဲ။ အပြစ်လုပ်မိလို့ ဘုရားကို အားကိုးခါမှ ဘုရားသားတော်တွေက ပိုပိုသာသာအပြစ်ပိုပေးနေပြီလေ။
တနည်းအားဖြင့် ဘာသာရေးအသစ်ပေါ်လာခြင်း သို့မဟုတ် လက်ရှိ ဘာသာရေးကို မယုံကြတော့ခြင်းဟာ အကြောင်းပြချက်တွေ ခိုင်လှုံပါတယ်တဲ့။ ဘာသာရေးကို အလေးမထားတဲ့နိုင်ငံနဲ့ ဘာသာရေးကို အလေးထားတဲ့ နိုင်ငံတွေကို ယှဉ်ကြည့်လိုက်ကြတဲ့အခါ ဘာသာရေးကို အလေးထားတဲ့ နိုင်ငံတွေမှာပဲ အကျင့်ပျက်ခြစားမှု၊ အကြမ်းဖက်မှု၊ လုယက်မှု၊ မုဒိမ်းမှု၊ ကလေးသူငယ်ညှဉ်းပန်းမှု၊ ပညာရေးနိမ့်ကျမှု၊ ဘာသာရေးအရဖိနှိပ်မှု၊ ဘာသာရေးအခြေခံတဲ့ ပဋိပက္ခဖြစ်ပွားမှု၊ ဆင်းရဲမွဲတေမှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ ဖြစ်ကြပါတယ်။ အဆိုးဆုံးက ဘာသာရေးကို အလေးထားကြပါတယ်ဆိုတဲ့ နိုင်ငံတွေမှာ ဘာသာရေးကို အလေးမထားပါဘူးဆိုတဲ့ နိုင်ငံတွေထက် လူသတ်မှုနှုန်း ဆယ်ဆမြှင့်မားနေပါတယ်။ ကမ္ဘာပေါ်မှာ ဘာသာရေးကို သိပ်ပြီးအလေး မထားတဲ့ နိုင်ငံပေါင်း ၄၉ နိုင်ငံရှိပါတယ်။ အဲဒီနိုင်ငံတွေကပဲ အထက်ကပြောတဲ့ ကြောက်စရာအကောင်းဆုံး ပြစ်မှုကျူးလွန်မှုတွေ အနည်းဆုံးနိုင်ငံများ ဖြစ်နေပါတယ်။ အဲဒီနိုင်ငံကလူတွေဟာ လူ့အခွင့်အရေးများကို အပြည့်အဝလိုက်နာရုံနဲ့ ငြိမ်းချမ်းမှုကို ရရှိကြပြီမို့ ဘာသာရေးကို အလေးမထားကြတာ ကြာပါပြီ တဲ့။ တိတိကျကျပြောရရင် ၉/၁၁ ကိစ္စနောက်ပိုင်းကတည်းကပါ။ ၉/၁၁ လုပ်ရပ်ဟာ ဘာသာရေးတွေရဲ့ အတွင်းသဘောကို လှစ်ဟာပြလိုက်တာပဲလို့ ဆိုကြပါတယ်။ ဘာသာရေးတခုခုကို ယုံကြည်နေကြသူတိုင်းဟာ အကျိုးရှိတယ်လို့ ဘုန်းကြီးတွေဟောနေကြပေမယ့် တကယ်တော့ လူကို အနှေးသတ်တဲ့ အဆိပ်တွေဖြစ်ပါတယ်။ ဘာသာရေးလို့ ပြောလိုက်တာနဲ့ ဒါတွေ ဒါတွေလုပ်ရင် သင် အပြစ်ခံရမယ်၊ ငရဲကျမယ်စတဲ့ ခြိမ်းခြောက်မှုကနေ စပါတယ်။ ဘာသာရေးတခုခုကို ယုံကြည်သူတိုင်း စိတ်ဒဏ်ရာ အကြီးကြီးရရှိကြရခြင်း အကြောင်းပါပဲ။ ဘာသာရေးဟာ ကောင်းတဲအကွက်တွေကိုပဲ အမြဲတမ်း သွန်သင်ဆုံးမပါတယ်။ လူတိုင်းအတွက် အကျိုုးစီးပွားဖြစ်စေရာ ဖြစ်စေကြောင်းကိုပဲ ဟောပါတယ်။ ဟုတ်ပါတယ်။ ဘာသာရေးဟောပြောမှုတွေမှာ လိုက်နာရင်လေ အကျိုးရှိသမှ တကယ့်ကို ပြောမကုန်နိုင်အောင် ပါပဲ။ ဘုန်းကြီးတွေ တော်တော်ဟောတတ်ကြပါတယ်။ ဟောကြားတဲ့အတိုင်း လိုက်မလုပ်ရင်တော့ မင်းဟာ အပြစ်ကျူးလွန်သူပဲ။ လူဆိုးပဲ။ ဖောက်ပြန်သူပဲ။ ဒီဘာသာတရားနဲ့ မထိုက်တန်သူပဲလို့ တဖက်လှည့် ဟောပြောမှုကို ဖွက်ထားရင်းပေါ့။ ဒီလိုနဲ့ တကယ်ပဲ အကျိုးရှိပါတယ်ဆိုတဲ့ တရားကို မလိုက်နာမိတဲ့အခါ ဒီဘဝမှာပဲ အရှင်လတ်လတ် ငရဲကျတော့တာပါပဲ။ ငါ ဘုရားဟောကို ဆန့်ကျင်နေသူ ဖြစ်ရပြီကောဆိုတဲ့ ခြောက်လှန်မှုဟာ ခံစားသူရဲ့ အနာဂတ်ကို ပိတ်ပစ်လိုက်ပါတယ်။ လူတော်တော်များများ သာမန်နေထိုင်ရင်းက ဘာသာတရားရဲ့ သွန်သင်ချက်ကို နာယူလိုက်မှပဲ လူဆိုး၊ မကောင်းတဲ့လူ ငရဲကျမယ့်သူစသဖြင့် ဖြစ်ရတဲ့အခါ ဘာမှ မကျူးလွန်မိပါဘဲ အပြစ်အပေးခံရမယ့် ရာဇဝတ်သား အလိုလိုဖြစ်သွားပါတယ်။ ဒီစိတ်ဒဏ်ရာမျိုးဟာ ဘာသာရေးတခုခုကို ယုံကြည်သူတိုင်းမှာ ရှိပါတယ်။ ဘာသာရေးခေါင်းဆောင် ဘုန်းကြီးဆိုသူတွေကလည်း ဘာသာတရားနဲ့ ပတ်သက်ပြီး မသိတာရှိခဲ့ရင် မသိရကောင်းလားဆိုပြီး အပြစ်တင်တတ်ကြပါတယ်။ အဲဒီအပြင် သင့်အပေါ် ဆိုးဝါးတဲ့မှတ်ချက်လည်း ပေးဦးမှာဖြစ်ပါတယ်။ ဘာသာရေးကို သင့်ဉာဏ်ပညာနဲ့ ဆင်ခြင်လိုက်တဲ့အခါ သင့်ကို သဒ္ဓါတရားမရှိသူ ဒိဋ္ဌိလို့ပြောမှာ ဖြစ်ပါတယ်။ ဘာသာရေးမှာ ဉာဏ်ထက်မြက်ခြင်းနဲ့ စဉ်းစားဆင်ခြင်ခြင်းကို အကန့်အသတ်နဲ့ ပေးပါတယ်။ ဘာသာရေးမှာ သင့်လမ်းသင်လျှောက်ခွင့် မရှိပါဘူး။ ဘုန်းကြီးတွေဟာ သင့်ကို ကြီးကြီးကျယ်ကျယ် မျက်မှုန်းကျိုးမှာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာလှန်တာဖြစ်ဖြစ်၊ ကိုရန်ကျမ်းစာကို ကိုးကားတာဖြစ်ဖြစ် ပိဋကတ်သုံးပုံထဲမှာ ဘယ်လိုလာတယ်ဆိုတာမျိုးဖြစ်ဖြစ် ဟောပြောပြီး သူတို့ချပေးတဲ့ လမ်းကိုပဲ လျှောက်ခိုင်းပါတယ် တဲ့။ ဒါကတော့ အနောက်တိုင်းဘက်က လူတချို့ပြောတဲ့ ဘာသာရေးအဟောင်းတွေအပေါ် လူတွေ မယုံကြည်မှု စတင်လာခြင်းနဲ့ ဘာသာရေးအသစ်ကို တည်ထောင်လာရခြင်း အကြောင်းတွေ ဖြစ်ပါတယ်။ ဘာသာရေးကို နတ္ထိတသိုက်က တံခါးလာခေါက်နေသလိုပဲ။
လူတယောက် မွေးဖွားလာပြီးနောက် မရှိခြင်းဆိုတဲ့ နတ္ထိကို ပိုင်ဆိုင်ထားတယ်။ နာရီပေါ်က စက္ကန့်လက်တံ တွန်းပို့လိုက်တဲ့အတိုင်း သူ့အသက်ကို တရက်ပြီးတရက် တလပြီးတလ တနှစ်ပြီးတနှစ်တွက်ချက်ရပါတယ်။ စက္ကန့်လက်တံလေးကတော့ ဘာအပြစ်မှ မရှိသလိုပဲ။ လူကတော့ အသက်ကြီးသွားပေါ့။ အသက်ကြီးလာတာ နဲ့အမျှ ထမင်းကို မစားဘဲ နေချင်နေလို့ရမယ်။ အယူဝါဒကိုတော့ မယူလို့မရပါဘူး။ သင့်မိသားစု သင့်အသိုင်းအဝိုင်းက ဘာသာရေးကို လူ့အဖွဲ့အစည်းထဲက အဖွဲ့အစည်းတခု သို့မဟုတ် ဂိုဏ်းဂဏတခုလို့ မယူဆသေးသမျှ သင့်အနေနဲ့ ဘုရားကျောင်းဖြစ်ဖြစ်၊ ပလီဖြစ်ဖြစ်၊ ဘုန်းတော်ကြီးကျောင်းကိုဖြစ်ဖြစ် တက်ရမှာ ဖြစ်ပါတယ်။ သင့်ရဲ့ ပတ်ဝန်းကျင်ကလူတွေက သင့်ကို ဘာသာရေးကိုင်းရှိုင်းသူတဦးလို့ မြင်ချင်နေကြပါပြီ။ သင့်ကို မြင့်မြတ်သော လူတဦး၊ မြတ်သောအကျင့်ကို ကျင့်သူတဦး၊ ဘာသာရေးအသိပညာ ကြွယ်ဝသူတဦး၊ ဘာသာတရားကပေးသော အနှစ်သာရကို အပြည့်အဝခံစားနေရသူတဦးဖြစ်လာဖို့ သင့်ပတ်ဝန်းကျင်က မစောင့်နိုင်တော့ဘူး။ ကမ္ဘာပေါ်ရှိ ငြိမ်းရေးချမ်းနိုဗယ်ဆုရှင် တော်တော်များများဟာ ဘာသာမဲ့တွေချည်း ဖြစ်ပေမယ့်လည်း သင့်ကိုတော့ တခြားဘာသာဝင်တွေက မြူဆွယ်သွားမှာ ကြောက်ရပါတယ်။ ဒါနဲ့ သင့်ကို ဘယ်မှာ မွေးတာလဲ။ အစ္စရေးမှာလား။ ဒါဆို ယေဟောဝါကို ကိုးကွယ်တဲ့ ဂျူးဘာသာဝင်ဖြစ်ပေးရပါမယ်။ ဓမ္မဟောင်းကျမ်းကိုလည်း ယုံကြည်ရမှာပေါ့။ ဘုရားသခင်ရဲ့ သားတော်ကလည်း ရောက်မလာသေးဘူး။ အမေရိကန်မှာမွေးလိုက်။ သေချာတာကတော့ ခရိယာန်ဖြစ်ဖို့များမယ်။ လက်ဝါးကပ်တိုင်ရယ် ဓမ္မဟောင်းနဲ့ ဓမ္မသစ်ကို ဖတ်နေပြီ။ ကက်သလစ်လား၊ နှစ်ခြင်းလား၊ အောသိုဒေါ့လား ဂိုဏ်းကွဲတခုခုထဲတော့ ရောက်နေမှာ။ အာရပ်နိုင်ငံထဲက တနိုင်ငံငံမှာဆိုရင်တော့ မွတ်စလင်ဖြစ်နေပြီ။ ကိုရန်ဖတ်နေပြီ။ အလ္လာအရှင်မြတ်နဲ့ တမန်တော်မိုဟာမက်ကို ဝတ်ပြုနေပြီ။ အိန္ဒိယမှာမှ သင့်ကို မွေးမိသွားတယ်။ ဗြဟ္မ၊ ဗိဿနိုး၊ သျှီဝစတဲ့ ဘုရားတွေကို ကိုးကွယ်တဲ့ ဟိန္ဒူဘာသာဝင်တဦးဖြစ်နေပြီပေါ့။ ကျမ်းစာဖတ်နိုင်ဖို့ သက္ကတဘာသာကိုတောင် သင်နေပြီ။ မြန်မာမှာ မွေးပြီကော။ ဩကာ၊ သာဓုဆိုတဲ့ စကားလုံးနဲ့ ကြီးပြင်းလာပြီး မိဘက သင့်ကို အလှူကြီးတခုပေးဖို့ စီစဉ်နေပြီ။ ဆင်းရဲအပေါင်းမှ လွတ်ငြိမ်းစေတဲ့ မဇ္ဈိမပဋိပဒါလမ်းစဉ်ကို ကျင့်နေပြီ။ သင်က ဘုတ်ပီးပဲလ်ဖြစ်လာခဲ့သူ၊ ဒုက္ခသည်စခန်းမှာ ကြီးပြင်းလာသူ ဆိုရင်တောင်မှ တခုခုကို ကိုးကွယ်တဲ့ ဘာသာရေးအယူဝါဒကို ယူရမှာ ဖြစ်ပါတယ်။ Boat People ဖြစ်ရခြင်းနဲ့ ဒုက္ခသည်စခန်းမှာ လူဖြစ်လာခြင်းကို တချို့က ဘုရားသခင်အလိုအတော်အရလို့ပြောမယ်။ တချို့က ဘဝပေးကံလို့ ပြောကြမယ်။ တကယ်တော့ နတ္ထိပါ။ မေတ္တာမရှိကြသူတွေ။ အကြင်နာမရှိကြသူတွေ။ ကိုယ်ချင်းစာတရား ခေါင်းပါးသူတွေကြောင့်ပါ။ နတ္ထိ မရှိဘူး။ ဘာလဲ။ လူသားချင်းစာနာစိတ်ပေါ့လေ။ ဒီမှာတော့။ သိစိတ်စီးကြောင်း ဖြစ်တည်မှုအရ ပဥ္စလက်သရုပ်မှန် ဘာသာသာရကာဖြစ်ခဲ့ရင် တနေ့နေ့တော့ ဒီ ဘာသာကြီးတွေကို တခြားဘာသာဝင်တွေ ဘယ်လို အပုပ်ချပြောဆိုနေကြသလဲ၊ တကယ့်လက်တွေ့ သူတို့ကျင့်ကြံနေတာကဘာလဲ၊ ဘာသာဝင် အစစ်အမှန်ဆိုတာ ဘယ်လိုလဲ။ ကျန်းဂန်က ဘယ်လိုဟောပြောသလဲ။ လက်ရှိကျမ်းဂန်တွေထဲ ဘယ်အယူဝါဒတွေ ရောနှောထည့်ခံထားရသလဲ။ ဘုန်းကြီးတွေ ကျမ်းစာကို ဘယ်လိုပြုပြင်လိုက်ကြသလဲ။ ဘာသာဝင်တွေ ဘယ်လို ယူဆကြသလဲ။ ဘယ်သူတွေ အစွန်းရောက်လာကြသလဲ။ ဘယ်လိုကြောင့် အစွန်းရောက်လာကြသလဲ ဆိုတာကို ရေးမိတဲ့အကြောင်းအရာနဲ့ မရမကဆွဲညှိလို့ရရင် ရေးပါဦးမယ်။ တကယ်ရေးချင်စိတ်ပေါက်လာရင် ရေးမှာဖြစ်ပြီး ရေးချင်စိတ်မပေါက်ရင် ရေးမှာ မဟုတ်ပါဘူး။ စိတ်ကူးက နတ္ထိဖြစ်နေသေးတယ်။ လောလောဆယ် အနာဂတ်ကမ္ဘာ့ သာသနာအကျဉ်းကို ဟောပါမယ်။ ၂၀၇၀ ခုနှစ်ကျရင် ကမ္ဘာပေါ်မှာ မွတ်စလင်၊ ခရိယာန်နဲ့ ဘာသာမဲ့ဦးရေဟာ ညီမျှသွားမယ်။ ခရိယာန်တွေ ဘာသာမဲ့အဖြစ် များလာမယ်။ ဂျူးကတော့ မဖြစ်ဘူး။ မွတ်စလင်ဦးရေဟာ ဒီကြားထဲမှာ ၇၃ ရာခိုင်နှုန်းအထိ တိုးလာမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာက ၄၈၈ သန်းကနေ ၅၁၁ သန်းအထိတိုးလာမယ်။ သို့သော် ဒါက သီရိလင်္ကာနဲ့ မြန်မာတို့ ပဋိပက္ခမဖြစ်ခင်က စစ်တမ်းဖြစ်ပါတယ်။ IIASA အဖွဲ့က ကမ္ဘာ့သန်းခေါင်စာရင်း ကောက်ရင်း ၆ နှစ်ကြီးတောင် တွက်ခဲ့ရတာမို့ နောက်တကြိမ်ပြန်တွက်ဖို့ မလွယ်သေးပါဘူး။ သီရိလင်္ကာရဲ့ နိုင်ငံရေးနဲ့ မြန်မာ့နိုင်ငံရေး ပြန်ကောင်းမွန်မလာရင် ၄၈၈ ရဲ့ ၇ ရာခိုင်နှုန်းလျော့ကျသွားနိုင်ပါတယ်။ ပြီးတော့ တရုတ်နိုင်ငံမှာ ဗုဒ္ဓဘာသာဝင်ဟာ ၅ ယောက်မှာ တယောက်သာ ကျန်တော့တာမို့လို့ သူတို့တွေ ရေများရေနိုင် မီးများမီးနိုင်ဖြစ်ပြီး ခရိယာန်တွေ ဖြစ်သွားနိုင်ပါတယ်။ အဲဒါဆိုရင် ဗုဒ္ဓဘာသာဝင်ဦးရေ ပိုပြီးကျဆင်းနိုင်ပါတယ်။ ၂၀၁၀ ခုနှစ်ကအတိုင်းတောင် ပြန်ဖြစ်သွားနိုင်ပါသတဲ့။ ခရိယာန်ဘာသာဝင်အနေနဲ့ တရုတ်ရဲ့ ပြောင်းလဲမှုဟာ အယားတောင် မပြေတဲ့အရေအတွက်ပါ။ ဒီအကြောင်းတွေကို အရင် သင့်ဘဝကိုပြောင်းလဲစေမည့်စာအုပ် (၁) ထဲမှာ ရေးဖူးပြီးသားပါ။ အဲအချိန်တုန်းက နည်းနည်းကလေး လွဲရေးလိုက်တာပါလို့ အခုအမှန်ပြန်ရေးတာပါ။
နတ္ထိဆိုတာ မရှိခြင်းပါပဲ။ လူတယောက်မှာ သူပိုင်ဆိုင်ထားတာတွေ ရှိခြင်းကနေ မရှိခြင်းဘက်ကို ပြောင်းသွားတယ်။ ဒါမှမဟုတ် လူတယောက်မှာ ဘာဆိုဘာမှ မရှိသေးလို့ အဲဒီဘာမှ မရှိခြင်းကိုပဲ နတ္ထိလို့ ဆိုပါတယ်။ အခု ရှိရာမှ မရှိခြင်း၊ ပြီးတော့ မရှိသေးတဲ့ မရှိခြင်းနှစ်ခု စလုံးကို နည်းနည်းပါးပါးလေး ပြောပြီးပါပြီ။ တကယ်ပါ။ နည်းနည်းပါးပါးလေး ပြောလိုက်တာပါ။ မရှိသေးတဲ့ မရှိခြင်းမှာ နိုင်ငံရေးအယူဝါဒကို အာဏာရှင်ဝါဒတခုနဲ့ပဲ ဥပမာပြရပါသေးတယ်။ အကယ်၍များ တကယ်လို့များပေါ့ဗျာ။ မပြောကောင်း မဆိုကောင်း တခြားသောစနစ်တွေ ကျင့်သုံးတဲ့ နိုင်ငံမှာ ရောက်သွားခွင့်ရခဲ့ရင် ခိုလှုံခွင့်ရခဲ့ရင် သို့တည်းမဟုတ် တာဝန်အရသွားခဲ့ရတာမျိုးကြုံရင် ကြိုသိထားရတာပေါ့။ အဲသည်နိုင်ငံရေးဝါဒတွေကို ကော်လိုရာဒိုကရေးတဲ့စာ ဆိုတဲ့ပိုစ့်မှာ ပါပြီးသားပါ။ သို့ပေတဲ့ နည်းနည်းကလေး ထပ်ကွန့်ချင်ပါသေးတယ်။ နောက်တခါ စိတ်ကူးပေါက်ရင်တော့ နိုင်ငံတကာက ကျင့်သုံးတဲ့ စီးပွားရေးဝါဒတွေရေးပါ့မယ်။ အခုတော့ နိုင်ငံရေးဝါဒကနေ စကြည့်ကြစို့။ ဒီမိုကရေစီဆိုတာ ပြည်သူကနေ ခေါင်းဆောင်ကိုရွေးတာ။ ရည်ရွယ်ချက်ကတော့ တရားမျှတစွာအုပ်ချုပ်ဖို့နဲ့ အာဏာအလွှဲသုံးစား မလုပ်ဖို့။ ပွင့်လင်းမြင်သာမှုရှိပြီး တရားဥပဒေစိုးမိုးဖို့နဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ ဒါပါပဲ။ ဒီမိုကရေစနစ်ကို အိုက်စလန်ကျွန်းမှာ အစောဆုံး ကျင့်သုံးခဲ့ပါတယ်။ ၈၇၄ ခုနှစ်ကနေ ၁၉၁၈ ခုနှစ်အထိပါ။ ဒါပေမယ့် အဲနိုင်ငံက နှစ်ပေါင်း တထောင်ကျော်လုံးလုံး ဒီမိုကရေစီစနစ်တခုတည်းကို ကျင့်သုံးခဲ့တာတော့ မဟုတ်ပါဘူး။ ၁၉၁၈ ခုနှစ်မှာမှ ဒိန်းမတ်နဲ့ သဘောတူစာချုပ်ချုပ်ဆိုပြီး လွတ်လပ်တဲ့နိုင်ငံ ဖြစ်ခဲ့တာပါ။ ၁၉၄၄ မှာတော့ သမ္မတနိုင်ငံအဖြစ် ကြေငြာနိုင်ခဲ့ပြီး ကမ္ဘာစံအထားထိုက်ဆုံး ဒီမိုကရေစီ စနစ်ကိုကျင့်သုံးတဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာပါတယ်။ အကောင်းဆုံးပညာရေးစနစ်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ မြန်မာ့ပညာရေးလောကမှာတော့ ဖင်လန်ပညာရေးကို အတော်ချီးကျူးကြပါတယ်။ ကွန်မြူနစ်စနစ်ကတော့ ဂျာမာန်ဒသနပညာရှင် ကားမက်စ်ဆိုတဲ့သူ အရူးထခဲ့သမျှ ကမ္ဘာပေါ်မှာ လူသန်းတရာလောက် ပျောက်ဆုံးသွားရတဲ့ စနစ်ပါ။ ဆရာဘသန်းဓမ္မိကက အရင်းကျမ်းဆိုပြီး ဘာသာပြန်ထားဖူးတယ်ထင်ရဲ့။ အပေါ်မှာ ရေးခဲ့သလိုပါပဲ။ အာဏာရှင်တဦးတည်းသာ အုပ်ချုပ်တဲ့စနစ်ဖြစ်ပြီး တိုင်းပြည်တခုလုံး လူတန်းစားစနစ်ညှိတဲ့စနစ်ပါ။ ပုဂ္ဂလိကပိုင်ပစ္စည်းတွေနဲ့ နိုင်ငံအတွက် စီးပွားရေးလုပ်ပြီး ရလာသမျှအမြတ်နဲ့ ပိုင်ဆိုင်မှုကို ခေါင်းဆောင်က ထိန်းချုပ်ပြီး ပြန်လည်ဝေငှပေးပါတယ်။ ၁၉၂၂ ကနေ ၁၉၉၁ ခုနှစ်အထိ ဆိုဗီယက်ပြည်ထောင်စုကြီးဟာ ဒီစနစ်ကျင့်သုံးခဲ့တာပေါ့။ ကားမက်စရဲ့ အယူဝါဒကို အကုန်လုံးသိမ်းကြုံးပြီး ယူခဲ့တာမဟုတ်တဲ့အတွက် ဒီနေရာမှာပဲ မာက်စ်-လီနင်ဝါဒဆိုတာကြီး ပေါ်လာခဲ့ရတာပါပဲ။ ကားမက်စဝါဒနဲ့ ပလာတီမာလီနင်ဝါဒနှစ်ခုကို ပေါင်းထားတဲ့ မာက်စ-လီနင်ဝါဒကို ဆက်လက်ကျင့်သုံးခဲ့တာက တရုတ်၊ ကျူးဘား၊ လာအိုနဲ့ ဗီယက်နမ်ဖြစ်ပါတယ်။ လူသန်းတရာကျော် အသက်ပေးလိုက်ရရောဆိုပါတော့။ ဆိုရှယ်လစ်စနစ်ကျပြန်တော့ ပြိုင်ဆိုင်ခြင်းထက် ပူးပေါင်းခြင်းကို အဓိကထားတဲ့စနစ်ဖြစ်ပါတယ်။ ပြည်သူ့ထုတ်ကုန်ကို အစိုးရမှ ချုပ်ကိုင်ပါတယ်။ စီမံခန့်ခွဲပေးတယ်လို့ စကားအလှကလေးတော့ သုံးတာပေါ့။ ပြီးမှ လိုအပ်ချက်အရ ပြည်သူတွေကို ခွဲတမ်းပြန်ချပါတယ်။ လက်တွေ့ကျင့်သုံးကြတဲ့နိုင်ငံတွေကို ကြည့်ရင်တော့ ပြည်သူတွေရဲ့ ထုတ်လုပ်မှုကို ဘယ်လိုချုပ်ကိုင်ပြီး ဘယ်လိုဖြန့်ဖြူးတယ်ဆိုတာ သိလာပါလိမ့်မယ်။ မြန်မာနိုင်ငံလည်း တချိန်က ကျင့်သုံးခဲ့သေးတယ်လေ။ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ဆိုတာကို ကြားဖူးရင် ကြားဖူးကြမှာပါ။ ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက် ကြာသပတေးနေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုပြဋ္ဌာန်းလိုက်သည်ဆိုပြီးတော့လေ။ မှတ်မိကြမယ်ထင်တယ်။ ၂၀၀၈ ခုနှစ်မေလ (၁၀) ရက်နဲ့ (၂၄) ရက်မှာ ဘယ်လို ဆန္ဒခံယူပွဲ ခံယူသွားသလဲဆိုတာ။ တကယ်တမ်း ၁၉၇၄ ခုနှစ်မှာ ဖွဲ့စည်းပုံတွေ ဘာတွေလျှောက်ရေးနေတာ။ ၁၉၆၂ ခုနှစ်မှာကတည်းက ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုပြီး နိုင်ငံကို ဆိုရှယ်လစ်စနစ်နဲ့ အုပ်ချုပ်ခဲ့တယ်လို့ ပြောခဲ့တာပါ။ ၁၉၇၄ မှာ ဖွဲ့စည်းပုံရေးပြီးပြီ ဆန္ဒခံယူပွဲလည်း လုပ်ပြီးပြီဆိုတော့ ရွေးကောက်ပွဲလုပ်ရတာပေါ့။ အဲဒီခုနှစ် ဇန်နဝါရီလ (၂ရ) ရက်နဲ့ ဖေဖော်ဝါရီ (၁၀) ရက်ကြားမှာ ရွေးကောက်ပွဲလုပ်ပြခဲ့သေးတယ်။ တရုတ်ကွန်မြူနစ်ပါတီလိုပါပဲ။ တပါတီပဲရှိတာကို ရွေးကောက်ပွဲ ထလုပ်ပြနေသေးတယ်။ အမတ် ၄၅၁ နေရာကို သူတို့ပဲ ပြန်ရတော့တာပေါ့။ ၁၉၆၂ ကစပြီး စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တာ ၂၀၁၀ အထိပါပဲ။ နိုင်ငံနာမည်ကလည်း အလကားပါပဲ။ တကယ်တမ်း ဆိုရှယ်လစ်နစ်ကို လက်တွေ့ကျကျက ကျင့်သုံးတဲ့နိုင်ငံတွေက ဒိန်းမတ်၊ ဖင်လန်၊ အိုက်စလန်၊ နော်ဝေ၊ ဆွိဒင်နဲ့ စကင်ဒီးနေဗီးယားနိုင်ငံတွေပါ။ လူထုတွေက အခမဲ့ပညာရေး၊ အခမဲ့ကျန်းမာရေး၊ လူမှုဖူလုံရေးအပြည့်အဝရပြီး အစိုးရလုပ်ငန်းနဲ့ ပြည်သူလုပ်ငန်းဆိုတာ အတူတူပဲဖြစ်ပါတယ်။ နိုင်ငံတော်ပိုင်ဆိုင်မှုဆိုတာ တနိုင်ငံသားလုံးရဲ့ ပိုင်ဆိုင်မှုပဲ ဖြစ်ပါတယ်။ အခုအစိုးရလည်း ဆိုရှယ်လစ်စနစ်ကျင့်သုံးမယ် ပြောနေသံကြားရသလိုပဲ။ အာဏာရှင်စနစ်ဆိုတာကတော့ အခွင့်အာဏာရှိသူများအားလုံး စုပြီး အာဏာတည်မြဲရေး လုပ်ကြပြီး နိုင်ငံစည်းစိမ်ဥစ္စာအားလုံးဟာ သူတို့ပိုင်အောင် လုပ်ကြတဲ့စနစ်ဖြစ်ပါတယ်။ အာဏာအားလုံးကို ဆုပ်ကိုင်ထားပြီး ပြည်သူကို အပြင်းအထန်နှိပ်ကွပ်ပြီး အုပ်ချုပ်တဲ့စနစ်ပေါ့။ အပြင်းထန်ဆုံး အာဏာရှင်စနစ် ကတော့ ၁၉၄၈ ကနေ ၁၉၉၁ ခုနှစ်အထိ တောင်အာဖရိကမှာ အုပ်ချုပ်ခဲ့တဲ့စနစ် ဖြစ်ပါတယ်။ လူမျိုးရေးဝါဒနဲ့ ခွဲခြားအုပ်ချုပ်ခဲ့တယ်။ မူဝါဒကို ထိန်းချုပ်ထားတယ်။ ပြည်သူ့အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးက အုပ်ချုပ်သူရဲ့ လက်ထက်မှာ ကြိုက်သလိုကစားနိုင်တဲ့ အနေအထားနဲ့ ရှိနေခဲ့တယ်။ အမျိုးအနွယ်စနစ် ကတော့ အလွှာတခုက လူတန်းစားတရပ်က အလွှာပေါင်းစုံက လူတန်းစားအားလုံးကို အုပ်ချုပ်တဲ့ စနစ်မျိုးဖြစ်ပါတယ်။ ပထမကမ္ဘာစစ်မဖြစ်ခင်တုန်းက အင်္ဂလန်၊ ဂျာမဏီနဲ့ ရုရှားတို့ဟာ မင်းမျိုးမင်းနွယ်စနစ်က ဆင်းသက်လာသူ အဆင့်ဆင့်ကသာ အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိကတော့ မြောက်ကိုးရီးယားပါ။ ကင်မျိုးဆက်တွေကပဲ အုပ်ချုပ်နေတာပါ။ ဘုရင်စနစ်ကတော့ တော်ဝင်သွေးပိုင်ရှင်က အုပ်ချုပ်တဲ့စနစ်ပါ။ မြန်မာမှာတော့ ၁၈၈၅ ကတည်းက ဘုရင်စနစ်မရှိတော့ပါဘူး။ ကမ္ဘာမှာတော့ အခုထိ ဘုရင်စနစ်နဲ့အုပ်ချုပ်နေတဲ့ နိုင်ငံပေါင်းက (၄၅) နိုင်ငံရှိပါတယ်။ ဘုရင့်အာဏာကို တင်းပြည့်ကျပ်ပြည့် ကျင့်သုံးနေဆဲနိုင်ငံကတော့ အိုမန်၊ ဆော်ဒီနဲ့ မော်ရိုကိုပါ။ သီယိုဂါခီစနစ်ကတော့ ဘာသာရေးနဲ့ အုပ်ချုပ်တဲ့ စနစ်။ ဥပမာ အီရန်။ ဒီအကြောင်းအပြည့်အစုံကို ကော်လိုရာဒိုက ရေးတဲ့စာ ပိုစ့်မှာ သွားဖတ်ပါ။ ကိုလိုနီစနစ်ကတော့ မြန်မာနိုင်ငံသားတွေ ၁၈၂၄ ကတည်းက အကျွမ်းဝင်ခဲ့ပါတယ်။ နယ်မြေချဲ့ပြီး အုပ်ချုပ်တာ။ ဖက်ဆစ်စနစ်ကိုလည်း သိကြပြီးသားပါ။ သီဟတင်စိုးဇာတ်ကားနဲ့ နေထူးနိုင်တို့ ဇာတ်ကား ကြည့်ဖူးကြတယ် မဟုတ်လား။ အုပ်ချုပ်သူက သူ့အပေါ် ဘယ်ကန့်သတ်ချက်မျိုးမှ မလိုလားတာ။ လူတဦးတည်းကနေ တနိုင်ငံလုံးကို ဘက်စုံထိန်းသိမ်း အုပ်ချုပ်တာ။ စစ်တပ်၊ ရဲအားလုံးကို အမြဲခါးပိုက်ဆောင်ထားတာ။ အုပ်ချုပ်သူက ငိုဆိုဆို ရယ်ဆိုရယ်ရပြီး တနိုင်ငံလုံးကို သူ့စိတ်တိုင်းကျ ဖြစ်ချင်တာဖြစ် လုပ်တတ်ကြပါတယ်။ စစ်အုပ်ချုပ်ရေးစနစ် ကကော။ စစ်အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံပေါင်း ၅၀ လောက် ရှိနေပါတယ်။ စစ်အုပ်ချုပ်ရေးစနစ်နဲ့ အုပ်ချုပ်တိုင်း နိုင်ငံက ကသောင်းကနင်းဖြစ်လေ့ ဖြစ်ထရှိပါတယ်။ လူသတ်ဖို့ အသင့်စောင့်နေတဲ့ လက်နက်ကိုင် စစ်သားတွေကို နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။ ညမထွက်ရအမိန့်တွေ မကြာခဏထုတ်ရလေ့ရှိပါတယ်။ ပြည်သူလူထုနဲ့အတူ မီဒီယာအကုန်လုံးကို ထိန်းချုပ်ထားပါတယ်။ အဲ ကိုယ့်နိုင်ငံကိုယ်ကြည့်ကြလို့ ပြောရင်လည်း ဖြစ်သပေါ့လေ။ စစ်အုပ်ချုပ်မှုအောက်မှာ ရှိတဲ့နိုင်ငံမှန်သမျှ အကုန်လုံး ဟန်ဆောင်နေတာချည်းဖြစ်ပါတယ်။
နတ္ထိမရှိခြင်းက ရှိရာကနေ မရှိခြင်း၊ မရှိသေးတဲ့ မရှိခြင်းနှစ်မျိုးကို ပြေချင်တဲ့ ဥပမာသေးသေးကလေး နှစ်ခုလောက်နဲ့ ပေးလိုက်ပြီးပြီ။ ရှိရာကနေ အဓမ္မအတင်းပဲ မရှိအောင် အလုပ်ခံရခြင်းကလည်း နတ္ထိပါပဲ။ မနေ့ကအထိ သင့်ဘေးမှာ သင့်အရင်းနှီးဆုံး မိဘရှိသေးတယ်။ ဟော လက်နက်ကိုင်ထားတဲ့ လူတစု ရောက်လာတယ်။ ခဏနေ သင့်မိဘတွေဆီမှာ အသက်ဆိုတာကြီး မရှိတော့ဘူး။ ခုနကပဲ ပခုံးဖက်ပေါင်းနေတဲ့ သူငယ်ချင်းက စက္ကန့်ပိုင်းအတွင်း သူ့ကိုယ်မှာ ကျည်တွေ ဇကာပေါက်ဖြစ်ပြီး ရုပ်အလောင်းဆိုတာကြီးပဲ ဖြစ်သွားတယ်။ သတိတရလွမ်းနေမိတဲ့ ချစ်သူ့ဆီက ဖုန်းရောက်လာတယ်။ ဖုန်းဆက်လာသူက ကိုယ့်ချစ်ရသူ မဟုတ်ဘဲ တခြားတယောက်ဖြစ်နေတယ်။ စကားတခွန်း ကြိုပြောတယ်။ စိတ်တင်းထားနော် တဲ့။ အမေ့ဗိုက်က ထွက်လာကတည်းက ဒီရွာမှာ နေထိုင်လာတာဆိုရင်ဖြင့် တသက်လုံးလို့တောင် ပြောရမလိုလို အခြေအနေ။ ဘယ်သူမေးမေး ကိုယ့်ရွာနာမည်လေးကို ရွတ်ပြရတာ ကျက်သရေကို ရှိလို့။ အားအင်တွေ ဖြစ်လို့။ ရွာလေးဟာ အခုတော့ နောက်ဆုံးကျန်တဲ့ ပြာမှုန့်ကို လှည်းထုတ်ပြီးတဲ့နောက် ဟင်းလင်းပြင် မြင်ကွင်း။ မျက်လုံးတွေများ မှားသလားလို့ ခဏခဏပွတ်ကြည့်ပေမယ့် မျက်ရည်ပူတွေပဲ လက်ခုံမှာ စိုရွှဲလာတယ်။ ဟောဒီနေရာကလေးမှာ ငါတို့အိမ်ရှိခဲ့ဖူးတယ်။ အိမ်။ နှလုံးတခုလုံး အေးစက်ပြီး မခုန်တော့ဘူးလားတောင် ထင်ရလောက်အောင် မာကြောသွားတယ်။ ရင်ဘတ်တခုလုံး သံဆူးတွေ အထပ်ထပ်နဲ့ အခါခါ ခြစ်မိလိုက်သလို နာနေတယ်။ ရပ်နေတဲ့ ခြေထောက်အောက်က မြေကြီးတွေဟာ လှိုင်းထလာသလား။ လှိုင်းထနေတဲ့ မြေကြီးဟာ တဖြည်းဖြည်းနဲ့ ဝေးဝေးသွားတယ်။ သင်ရပ်နေတဲ့နေရာက ဘယ်မှာရှိမှန်း မသိတော့ဘူး။ လောကရဲ့ သဘာဝအလင်းဟာ တုန်ခါနေတယ်။ အလင်းထဲမှာ အမှောင်တွေ အထပ်ထပ်နဲ့ တလိပ်လပ်သင့်ဆီလာနေတယ်။ သင်ပိုင်ဆိုင်ခဲ့သမျှ မရှိတော့။ ဘာမှ မရှိတော့ခြင်း။ နတ္ထိ။ ဘေးဘီမှာ လူတွေရှိနေကြတယ်။ သူတို့ခန္ဓာကိုယ်တခုလုံးကပဲ မျက်ရည်တွေဖြစ်သွားသလား။ ဒါမှမဟုတ် လူဟာ မတ်တပ်ရပ်နေရင်းက အလင်းယိုင်သလို ယိုင်နိုင်သလား။ လူတွေဟာ လေလိုက်တဲ့အခါ မြက်ပင်တွေလို ဘယ်ညာယိမ်းတတ်သလား။ သူတို့က ဘယ်သူတွေလဲ။ သင်ကော ဘာလို့ လေထဲ ထွန်းထားတဲ့ ဖယောင်းတိုင်လို ယိုင်နဲ့နဲ့ဖြစ်နေတာလဲ။ အတိတ်က ကြိုးစားခဲ့သမျှ ပစ္စုပ္ပန်မှာ ဘာမှ မရှိတော့တဲ့အခါ မနက်ဖန်ဆိုတာ ရှိလာနိုင်သလားတောင် မတွေးနိုင်တော့ဘူး။ ဒီနတ္ထိမျိုးက မိမိပိုင်ဆိုင်မှုကို အတင်းအဓမ္မ ဖျက်ဆီးခံလိုက်ရတဲ့ မရှိခြင်း နတ္ထိဖြစ်သွားရတာပါပဲ။ လက်ယက်ကုန်း စာသင်ကျောင်းက ကျောင်းသားကလေး မရှိတော့ဘူး။ အနန့်ပါရွာက တေးဂီတဝိုင်းလေး မရှိတော့ဘူး။ တချို့ကလေးတွေ မိဘရင်ခွင်ထဲကနေ မရှိတော့ဘူး။ တချို့ကလေးတွေဟာ စိတ်ကူးထဲတောင် မထည့်ဖူးတဲ့ ထောင်ဆိုတဲ့ အခန်းကျဉ်းလေးထဲမှာ။ ခွေးကလေးတွေ ကြောင်ကလေးတွေ တခုခုနဲ့ထိခိုက်မိလို့ နာသွားရင် လိုက်ပြီး စိတ်မကောင်းတတ်တဲ့ ကလေးလေးတွေက အရှင်လတ်လတ်ငရဲခန်းထဲမှာ။ အမျိုးသမီးတွေ။ ကျောင်းသားတွေ။ အရမ်းကာရော စွပ်စွဲခံရသူတွေ။ တော်လှန်ရေးရဲဘော်တွေ။ အမှန်တရား ဘက်တော်သားတွေ။ ဘဝက အလိုအလျောက် ပိတ်သိမ်းသွားသတဲ့။ ဘဝက အလိုအလျောက် ရပ်တန့်သွားသတဲ့။ သူတို့ သရဲအိမ်နဲ့ ငရဲအိမ်မှားဝင်မိကြသလို တုန်လှုပ်စရာတွေနဲ့ အမှုမဲ့ အမှတ်မဲ့ ဝင်တိုက်မိကြပေါ့။ AAPP ဝက်ဆိုက်မှာ ဂဏန်းတွေက ဘာလို့ တက်နေတာလဲ။ အဲဒါက အသက်တွေ။ ဘဝတွေ။ သူရဲကောင်းတွေ။ အနာဂတ်မျိုးဆက်တွေ။ လတ်တလော မျက်ရည်မိုးတွေ ရွာရန်ရှိပါပကော။ မပြောမဆို ဘဝဖျက် မုန်တိုင်းတွေ ထပ်တိုက်ဦးမှာပေါ့။ နတ္ထိတွေ။ မရှိတော့ခြင်းတွေနဲ့ မနက်ဖန်ကို သတ်ပုံမှန်အောင် ဘယ်လိုရေးကြမှာတဲ့လဲ။ နတ္ထိ၊ အမှန်တရားရယ်လို့မရှိ ဆိုပြီးရေးရင် သတ်ပုံမှန်လား။ ဒါမှမဟုတ် နတ္ထိ၊ ဉာဏ်ပညာပြည့်ဝသူများမရှိ လို့ရေးရင် ဆရာမက အမှန်ခြစ်မှာလား။ အမှားခြစ်မှာလား။
ရှိသင့်ခြင်းများ မရှိတော့ခြင်းတွေပေါ့။ နတ္ထိပေါ့။ ဒီနတ္ထိဟာ နိုင်ငံတခုအပေါ် ကျသွားတယ်။ ဒီလိုနဲ့ နိုင်ငံဟာ မရှိတော့ဘူး။
ဂျေဂျူဝိုင်
ဓာတ်ပုံကတော့ ဆရာတင်ဝင်းအောင်(ကြို့ပင်ကောက်) ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။