တောင်းဆိုတာ ဝါးတွေ နှီးတွေနဲ့ ယက်လုပ်ထားတဲ့ ထည့်စရာကို တောင်းလို့ခေါ်တယ်။ ပလုံးလည်း အတူတူပဲ။ တောင်းကျတော့ ဆန်တပြည် နှစ်ပြည်ဆိုပြီး တခုခုကို တိတိပပထည့်လို့ရတာကို တောင်းလို့ခေါ်တာ။ ပလုံးကျတော့ ငယ်တယ်။ ပြည်၊ စိတ်၊ ခွဲနဲ့ တင်းစသဖြင့် တခုခုကို သတ်မှတ်ထည့်လို့ မရဘူး။ သေးတယ်လို့ ဆိုပါတော့။ ဒါမျိုးကို ပလုံးလို့ခေါ်တယ်။ ပြည်တောင်း၊ စိတ်တောင်း၊ ခွဲတောင်း၊ တင်းတောင်းတို့ မပြောနဲ့။ ခုခေတ်မှာ ပိဿာတွေ ငါးဆယ်သားတွေတောင် လူတွေက သိပ်သိတော့တာ မဟုတ်ဘူး။ အရင်တုန်းကများ ဒီဘက်မှာ ပိဿာတွေကို ဘယ်လောက်ထိ သုံးသလဲဆိုရင် ထမင်းကိုလည်း ပိဿာနဲ့ ရောင်းတယ်။ လိမ္မော်သီး၊ ဇီးသီးစတဲ့ အသီးတွေတောင် ပိဿာနဲ့ရောင်းတာ။ ဒီဒွန္နယာမှာတော့ ငါတို့က ဒါမျိုးပဲ လုပ်တတ်တယ်လို့ သည်းနေလို့ မဖြစ်တော့ဘူး။ လိုက်ပြောင်းရတယ်။ စပါးတောင် ပြည်နဲ့ တင်းနဲ့မဟုတ်တော့ဘူး။ ကီလိုနဲ့ ရောင်းပေးရတယ်။ အခုဆို ရွာက လူတွေတောင် စပါးအိတ်ကြည့်ရင်း ဘယ်နှစ်ကီလိုလောက် ရှိနိုင်တယ်ဆိုတာ သိနေပြီ။ ဒီခေတ်များကျတော့ ဈေးသုံးလည်းမလွယ်နဲ့ ရှေးထုံးလည်းမပယ်နဲ့ ဆိုတဲ့ ဖိုးသူတော်ဦးနုတို့လို စကားကို လက်ကိုင်ထားလို့ မဖြစ်တော့ဘူး။ ဒါနဲ့ ဒီစကားကို ဖိုးသူတော်ဦးနုက ပြောခဲ့တာ ဟုတ်ကဲ့လား။ ဈေးသုံးလွယ်က မွဲတတ်သည်။ ရှေးထုံးပယ်က လွဲတတ်သည်လို့ ဖွင့်လိုက်ရင်ဖြင့် သူ့ရဲ့ စကားပုံနဲ့ နည်းနည်းဆင်လို့ ရမ်းဦးနုလိုက်တာ။ ဘယ်ခေတ်ကလဲလည်း မသိပါဘူး။ ဖိုးသူတော်ဦးမင်းတို့နဲ့များ ခေတ်ပြိုင်လား။ ဒါဆိုရင်တော့ဖြင့် ကုန်းဘောင်ခေတ်ပေါ့။ ကုန်းဘောင်ခေတ်က စာဆိုတွေ တော်တော်များများက ဆုံးမစာတွေ ရေးလေ့ မရှိဘူး။ အင်းဝခေတ်ကပဲ သူတော်ကောင်းလုပ်ကြတာ။ ဘိုးသူတော်ဦးနုက အင်းဝခေတ်ကများလား။ ဘိုးသူတော်ဆိုတဲ့ နာမည်က ဦးမင်းက ခိုးတာများလား။ မည်သို့ပင် ဆိုစေကာမူ ဆုံးမစာတွေက သူ့ခေတ်နဲ့ သူခါဆိုရင်တော့ သူ့စာတွေနဲ့ ကိုက်ရင်ကိုက်မပေါ့။ ခုတော့ သိပ်မဟန်ချင်တော့ဘူး။ ငယ်ငယ်တုန်းက ကိုယ်လည်း မကျင့်နိုင် သူလည်းမကျင့်နိုင်ဘဲနဲ့ သမ္မတဆယ်စောင်တွဲ စာအုပ်မှာပါတဲ့ ဆုံးမစာကြီးတွေကို ကျက်ခိုင်းလို့ အလွှတ်ကျက်ခဲ့ရတယ်။ ဒါကြောင့် ဖိုးသူတော်ဦးနုကို မှတ်မိနေတာ။ ဗုဒ္ဓဆာယာကို တွယ်ရမည်။ ယုတ်လှတာကို ပယ်ရမည်။ ဆိုတဲ့ အပိုဒ်ကိုများ ငယ်ငယ်က သူများ ဘယ်လို ရှင်းပြပြနားမလည်ဘဲနဲ့ အလွတ်ရခဲ့တာ။ သေရည်ကို မသောက်နဲ့၊ ရေကြည်ကို မနှောက်နဲ့စတာတွေလည်း တကယ်နားမလည်ခဲ့ပါဘူး။ တိုင်းရင်းသားတွေဟာ ဗမာလို ရေးထားတဲ့ စာကို အကုန်လုံး နားမလည်ဘူးရယ်။ အဲဒါကြောင့် ဘုန်းကြီးတပါးဆိုရင် စုန်းပြူးတယောက်တော့ဖြင့် ပါမှာပဲ ဆိုတဲ့ စကားကို ပိုးစုန်းကြူးကတော့ ပါမှာပဲဆိုပြီး ဒီစကားအလွဲကြီးကိုပဲ တွင်တွင်မှားပြနေတာ။ နောက်ဘုန်းကြီးတပါးက ဘာတဲ့။ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စကားပုံကို ဘယ်သူသေသေ ငါမပါရင်ပြီးရောဆိုပြီး တရားထဲမှာတောင် မှားမှားပြတာ။ အဲလိုမှားမှားပြနေတာ စာတတ်ပါတယ်ဆိုတဲ့ ဘုန်းကြီးတွေဗျ။ ဘုန်းကြီးတပါးများဆို ကိုယ်နဲ့နှိုင်း မရိုင်းနဲ့ဆိုတာ မဖြစ်နိုင်ဘူး။ သူနဲ့နှိုင်း မရိုင်းနဲ့ပဲ ဖြစ်ရမယ်ဆိုပြီး အတင်းငြင်းတာ။ ၂၀၀၆၊ ၂၀၀၇ ခုနှစ်လောက် ဘလော့ဂါလောကမှာ တသတ်နဲ့ ကသတ်မှားတာတွေ စလုံးနဲ့ ဆလိမ်မှားတာတွေကို ထောက်ပြကြရင်း ရှေးသတ်ပုံအတိုင်းက အမှန်လား။ ငါတို့လူငယ်တွေလည်း သတ်ပုံအသစ် ထပ်သတ်မှတ်လို့မရဘူးလားဆိုပြီး ကျယ်ကျယ်လှောင်လှောင်ဖြစ်ခဲ့ဖူးသေးတယ်။ စာပေလောကမှာတော့ အခုထက်ထိ တစ်နဲ့ တ ကို ငြင်းနေကြကောင်းတုန်းပဲ။ ဘယ်ဟာမှန်မှန်းတောင် ဘယ်သူ့စကားယုံလို့ ယုံရမှန်း မသိဖြစ်နေတော့ ကျန်တဲ့သူတွေ ပိုဆိုးကုန်တာပေါ့။ အရင့်အရင် ဟိုပုံးဘက်မှာနေတုန်းက ကျောင်းသားတယောက် စာအုပ်တအုပ်ဝယ်လာတယ်။ စာရေးဆရာအမည်က သိုးဆောင်းဆိုလားပဲ။ ဖတ်ကြည့် အရမ်းကောင်းတယ်ဖရာ့ဆိုတာနဲ့ စာအုပ်ကောက်လှန်လိုက်တယ်။ စစချင်း ကသတ်နဲ့ တသတ်အမှားကြီးကို စတွေ့တာနဲ့ မအားသေးလို့ နောက်မှ ဖတ်တော့မယ်လို့ပဲ ပြောလိုက်တယ်။ ဘယ်တော့မှ ဖတ်မှာမဟုတ်တော့တဲ့ စာရေးဆရာနာမည်စာရင်းတခုတော့ ရသွားတာပေါ့။ သို့ကလိုဆိုရရင်တော့ဖြင့် ကိုယ်ကတော့ သတ်ပုံမှန်မှ သဘောကျတဲ့အထဲ ပါတဲ့သူပဲ။ သဘောကျလို့သာ ကျတာရယ်။ သတ်ပုံတွေ မှန်အောင်တော့ဖြင့် သိပ်မရေးနိုင်ပါဘူး။ ကိုယ်မှန်တယ်ထင်ပြီး လွဲနေတဲ့ စကားပုံမျိုးကိုလည်း အလွတ်ရွတ်ပြရင် ရွတ်ပြနေမှာ။ ကိုယ်က ပအိုဝ်းတပိုင်း ဓနုတပိုင်းဆိုတော့ ဟထိုးကိစ္စတော်တော်ကို လွဲတတ်တာ။ တနေ့တော့ “တောင်ကြီးသားက ပြောသတဲ့၊ ပန်းတွေက မွေးလိုက်တာလို့။ ရန်ကုန်သားက မေးတယ်။ ပန်းက ဘယ်လို မွေးတာတုန်းဟဆိုတော့ ရခိုင်သားက ဝင်ပြောတယ်။ သူက ပန်းနံ့မွှီးတယ်လို့ ပြောတာ၊ တောင်ကြီးသားဆိုတော့ စကားမပီလို့” ဆိုသလိုကို ဖြစ်နေတာ။ လူတွေဆိုတာက ဒီလိုမျိုးပဲ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တလွဲကြီး မှန်တတ်ကြတာ။ ဒါကြောင့် အာဏာသာ မသိမ်းခဲ့ရင် ဘယ်လိုမှ အိပ်ပျော်နိုင်မှာ မဟုတ်ဘူးလို့ ရေတပ်ဗိုလ်ချုပ် အငြိမ်းစားဖြစ်သူ စိုးသိန်းက စာတတန်ပေတဖွဲ့ လုပ်တာ။ မိုးဟိန်းတို့ ဟန်ငြိမ်းဦးတို့ စိုးသန်းနိုင်တို့ ရခိုင်က အေးမောင်တို့ ရွှေရူပါဦးတို့ သူများဆိုင်ရှေ့ သွားဝုန်းတဲ့ စောသန္တာအေးတို့လို လူမျိုးပေါ်လာတာ။ ဖေ့ဘွတ်လေးပွတ်တဲ့ ကိုယ့်ဘေးနားက ဘုန်းကြီးတွေတောင် ပြည်သူလူထုကိုသတ် အိမ်မီးရှို့နေတာ ပီဒက်လို့ ယုံကြည်သေးတာပဲ။ ဒင်းတို့လိုလူမျိုးဆို ပိုဆိုးတာပေါ့။ အင်တာနက်ဂိတ်ဝေးလျှော့ချတာ၊ စက်သုံးဆီဈေးတက်တာ၊ မီးပြတ်တာတွေကို နုကြည်ကို ဘယ်လိုများ အပြစ်ဖို့နေကြမလဲ မသိဘူး။ မီပြတ်တာလို့ သုံးနှုန်းထားပါတယ်။ ဖြတ်လို့ ပြတ်လပ်သွားတယ်လို့ ဆိုချင်တာ။ ဖျက်တယ်လို့ယူဆရင်တော့ ပျက်လို့သုံးတယ်လို့ သုံးမှာပါ။ သတ်ပုံကျမ်းမှာတော့ “ပြက်(လျှပ်စစ်)” လို့ ရေးထားပါတယ်။ ကသတ်နဲ့ တသတ်က အွန်လိုင်းမြန်မာသတ်ပုံကျမ်း ကိုယ်တိုင်မှားနေပြီလားပဲ။ ဒီပြက်(လျှပ်စစ်)က လျှပ်ပြက်တာကို ဆိုရင်ဖြင့် တမျိုးပေါ့လေ။ သတ်ပုံအကြောင်းပြောရရင်တော့ သူလည်း ပုဂံရာဇဝင်ဖြစ်မယ်ထင်ရဲ့။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။ လက်ရှိ အားလုံး တန်းညှိခံရတဲ့ အနေအထားတခုမှာ သူတို့ရဲ့ လူမှုကွန်ယက်မီဒီယာကို သွားကြည့်ချင်မိသေးတော့။ ဒီအင်တာနက်၊ စက်သုံးဆီနဲ့ မီးပြတ်တာကို သူတို့ ဘယ်လို ယူဆလဲလောက်ပဲ ကြည့်ချင်တာပါ။ သူတို့ရဲ့ အာဏာသိမ်းမှုအပေါ် ရေးသားချက်တွေကို မကြည့်ချင်ပါဘူး။ သူတို့ ယုံကြည်တဲ့ သူတို့ရဲ့ မီဒီယာရေးသမျှ ယုံရင်း ရှယ်ရင်း အမှန်ပျောက်နေကြတဲ့ လူတစ်စုကိုတော့ဖြင့် မစင်ပုံမခြောက်တခြောက်အနေအထားမှာ စားလို့ ဝပြီး အမြှီးတောင် ထွက်နေပြီဖြစ်တဲ့ လောက်ကောင်လိုပဲ မြင်မြင်နေမိတယ်။ မဖြစ်မနေ ဝင်ကြည့်ရမယ်ဆိုရင် အိမ်သာခွက်ပေါ် မျက်နှာအပ်ပြီးမှ ဒင်းတို့စာမျက်နှာကို ကြည့်မှာ။ အို မဖြစ်နိုင်လောက်ပါဘူး။ စကစကို ထောက်ခံသူတွေကို ကိုယ်က အပြင်မှာတောင် မျက်နှာချင်း ဆိုင်ချင်တာ မဟုတ်ဘူး။ သူတို့ရဲ့ ယုံကြည်မှုတွေက ကိုယ့်အတွက် ပျို့ချင်စရာ ဖြစ်လွန်းလို့ပါ။ အာဏာသိမ်းတာကို ထောက်ခံသူရယ် ဆန့်ကျင်သူရယ်ပဲ ကွဲတယ်ထင်တာ။ အာဏာသိမ်းလိုက်မှန်း မသိမ်းလိုက်မှန်းတောင် မသိတဲ့သူတွေ တပုံကြီး။ ကိုယ့်ဝန်းကျင်နဲ့သာ တိုင်းတာပြရရင် မြန်မာလူဦးရေ ထက်ဝက်များလားတောင် ထင်ရတယ်။ ကြားနေတာ မဟုတ်ဘူးနော်။ သိကို မသိတာ။ မသိတဲ့သူတွေကို ခွဲကြည့်လိုက်တယ်။ ခွဲကြည့်တယ်ဆိုပေမယ့် စာတတန် ပေတဖွဲ့ နံပါတ်စဉ်တပ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီလိုပဲ တွေးကြည့် ရေးကြည့်တာ။ အာဏာသိမ်းတာကို မသိသူ တချို့က ထုံနေတာ။ ၈၈ အာဏာသိမ်းပြီးကတည်းက ဘာမှကို မသိတော့လောက်အောင် ထုံသွားတာ။ ထုံသွားရခြင်း အကြောင်းအရင်းကလည်း အမျိုးမျိုးရှိတယ်။ စီးပွားရေးအရမ်းကြပ်တည်းပြီး စားစရာ အိပ်စရာကို ရှာရင်းဖွေရင်း လိုက်ရင်းမမီရင်းဖြစ်ရာကနေ နောက်ကောက်ကျန်ပြီး ထုံကျန်ခဲ့တာ။ လူမှုရေးအရ အာဏာသိမ်းတဲ့ အသိုင်းအဝိုင်းနဲ့ နီးစပ်လို့ဖြစ်ဖြစ် အကပ်ကောင်းလို့ဖြစ်ဖြစ် ဟိုဘက်နဲ့ နီးစပ်လွန်းပြီး ထုံသွားတာ။ နောက်ဆုံးထုံရတဲ့ အကြောင်းက ပညာရေး။ ဘာပညာမှ မတတ်လို့ ထုံတာ။ ပညာမတတ်လို့ ထုံတာထက် ပိုနှလုံးနာစရာကောင်းအောင်ထုံတဲ့ ပညာတတ်များရယ်လို့ ကိုယ့်ကိုယ်ကို ထင်နေကြတဲ့ သူတွေတစုရယ်။ သူတို့က လူသားစက်ရုပ် ထုတ်လုပ်တဲ့ ပညာရေးစနစ်ကို မသိနိုင်လောက်အောင် ဒီပညာရေးကြောင့်ပဲ သူတို့ ဒီအလုပ်ကို ရနေတယ်ဆိုပြီး ထုံတဲ့လူတစုရယ်။ စာမေးပွဲအောင်တာကိုပဲ ပညာရေးလို့ ထင်ကြတဲ့ လူထုံတစုရယ်၊ ဘွဲ့ရပြီး မြှောင်တတ်လို့ အလုပ် တခုခုမှာ ရာထူးတခုခု ရနေတဲ့ လူတစုရယ်ကတော့ဖြင့် လူသားစက်ရုပ်ပညာရေးကြောင့် ထုံတာ။ အာဏာသိမ်းလိုက်မှန်းကို မသိလောက်အောင် ဖြစ်နေသူတချို့ကတော့ မြို့ရွာနဲ့ အလှမ်းဝေးပြီး အသွားအလာနည်းတာ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူး။ ကိုယ့်ဘေးနားက အဒူလေးတွေ အကြောင်းလည်း ပြောချင်သေးတာ။ “လူတွေ ဘာကြောင့် ဆန္ဒပြကြတာလဲ အရှင်ဘုရား” “အာဏာသိမ်းခံရလို့” “ဘာဖြစ်လို့လဲဟင်”၊ ဆိုပြီး လာလုပ်နေသူက ရှိသေးတာ။ ဒါကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းလိုက်တာမှာ လူလေးမျိုး ကွဲသွားတယ်ဆိုပါစို့။ ထောက်ခံသူ။ ကန့်ကွက်သူ၊ ကြားနေသူနှင့် မသိသူဆိုပြီးတော့ပေါ့။ လေးမျိုးမကလို့ ငါးမျိုး ထပ်ကွဲဦးတော့။ ကုန်ဈေးနှုန်းဒဏ်၊ မီးပျက်ဒဏ်၊ အသွားအသာတွေမှာ အစစ်ခံရတဲ့ဒဏ်၊ အိမ်ကို ဧည့်သည်လာရင် အုပ်ကြီးသွားအကြောင်းကြားရတဲ့ဒဏ်စသဖြင့် ဒဏ်ပေါင်းစုံ အတူတူခံရတာပဲ။ စာသင်ကျောင်း တကျောင်းက ကလေးတွေကို စာမသင်ပဲ ကျောင်းခေါ်ထားရုံ ခေါ်ထားသတဲ့။ ဒါနဲ့ ကျောင်းသားမိဘတွေက ဆရာဆရာမကို ခေါ်ကြတယ်ဆိုပဲ။ ဆုံလည်းဆုံရော တနေ့က ငွေကောက်တာ ဘယ်ကျောင်းသားရဲ့ မိဘက ဘယ်လောက်ကျန်သေးတယ်ဆိုတဲ့ စာရင်းပဲ အဖတ်ပြခံရလိုက်တယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကများ လိုအပ်လွန်းလို့ ငွေနှစ်ရာလောက် ကောက်မိရင်တောင် ကျောင်းစစ်လာရင် ကျောင်းသားတိုင်းကို အဲကိစ္စ မပြောဖို့ တောင်းပန်ရတာ အမော။ ကြည့်ရတာ အရင်ခေတ် ဆရာ့ကန်တော့ပွဲမှာ ငါ ရွှေတစ်မတ်သား ဝယ်ရုံလောက်ပဲ ရတာအေလို့ ညည်းချင်းတွေကို ပြန်လည်နားဝင်ချိုရဖွယ် ရှိတော့ ထင်ပါရဲ့။ ဒဏ်တွေပိ အလုပ်က မရှိ လူမမယ် ကလေးက နှစ်ယောက် သုံးယောက်။
“အရှင်ဘုရားကျောင်းမှာ သားနှစ်ယောက်ကို ကိုရင်ဝတ်ပေးထားချင်လို့ ဘုရား”
၁၀ နှစ်အရွယ်နဲ့ ၆ နှစ်အရွယ် ပေတူးတူး ကလေး ၂ ယောက်ကို ခေါ်လာပြီးပြောတဲ့ မိဘနှစ်ပါး။
“စာသင်ကျောင်း မထားဘူးလား”
ဒီနယ်က ဆရာဆရာမတွေလည်း နန်း၊ ကလေးတွေလည်း နန်း။ ဒါကြောင့် ဒီလိုပဲ မေးစရာ ရှိတယ်။
“ထားတော့ ထားပါတယ်၊ အခုက တပည့်တော်တို့ အရှေ့သွားမလို့”
ဒီဘက်က ထိုင်းဘက်ကို အရှေ့လို့ပဲ ခေါ်ကြတယ်။ ရှေ့ကို သွားမယ့် ခရီးအစီအစဉ်တွေ မေးရင်း သူတို့ဘဝကို မေးရင်း “အလတ်မလေးကို တောင်ကြီး ခရိယာန်ကျောင်း ပို့ထားတယ်” ဆိုတာလေး ပါလာတယ်။ မိန်းကလေးတွေကိုတော့ သူတို့ရွာက လူတွေ ခရိယာန်ကျောင်းပို့ကြောင်းနဲ့ သားတွေကို နီးစပ်ရာ သင့်တော်ရာ ဘုန်းတော်ကြီးကျောင်း အပ်ကြကြောင်း ရင်ဖွင့်လာကြတယ်။ ဒီဒေသမှာ နောက်တကြိမ် ကိုရင်လေးတွေ ပေါများလာပြန်ဦးမပေါ့။ ဘာသာ သာသနာကြီး နောက်တဖန် ပြန်လည်ထွန်းကားပါပြီ။ အမျိုး ဘာသာ သာသနာစောင့်ရှောက်လိုသူတွေ ဘာသာ သာသနာပျက်မှာ စိုးရိမ်စရာ မလိုတော့ပြီ။