ကျွန်တော် (၂) မှာ ပြောခဲ့သလိုပဲ ဟိုစာအုပ်လှန် ဒီစာအုပ်လှန် မလုပ်ချင်တဲ့ အတွက် သိသလောက်ပဲ ဆက်ရှင်းပြပါမယ်။ ဒါပေမယ့် လိုအပ်လို့ တကယ်သိချင်တယ်ဆိုရင် ကျွန်တော် ကျမ်းစာအုပ်တွေ လှန်ပြီး ရှာဖွေ ရေးသား တင်ပြပေးသွားပါမယ်။ သီလကို သုံးမျိုးခွဲမယ်ဆိုရင် သုံးမျိုးခွဲလို့ရတဲ့ သီလပေါင်း (၅) မျိုးရှိတဲ့ အထဲက ပထမဆုံး ဖြစ်တဲ့ တမျိုးက ဟီန၊ မဇ္ဈိမ၊ ပဏီတ ဆိုတဲ့ သီလအမျိုးအစားတွေ ဖြစ်ပါတယ်။
သီလဆောက်တည်တယ်။ ဆောက်တည်တဲ့ သီလကြောင့် အခြွေအရံ ပေါများရပါလို၏။ လူရိုသေ ရှင်ရိုသေဖြစ်ရပါလို၏ ဆိုတဲ့သီလ၊ သီလဆောက်တည်ထားပြီးနောက် ကိုယ်က သီလရှိသူပါလို့ ဟိုလူရှေ့မရှောင် ဒီလူရှေ့မရှောင် ကြွားဖို့ သက်သက် ဆောက်တည်ထားတဲ့၊ ငါလိုလူသာ သီလစောင့်ထိန်းတာ ဟိုကောင်တွေ အလကား သီလမရှိ ဘာမရှိ ဒုဿီလကောင်တွေ စသဖြင့် သူတပါးကို ဖိနှိပ်ရှုတ်ချလိုတဲ့ စိတ်နဲ့ ခံယူထားတဲ့ သီလ၊ စည်းစမ်ဥစ္စာဖြင့် ပြည့်စုံရပါလို၏။ ဘယ်ဘဝတွင် ညာဘဝတွင် ဖြစ်ရပါလို၏ ဆိုပြီး တောင့်တမှုနဲ့ ဆောက်တည်တဲ့ သီလတွေဟာ ယုတ်ညံ့တဲ့ ဟီနသီလဖြစ်ပါတယ်။
သီလဆောက်တည်တယ်။ စောင့်ထိန်းတယ်။ စိတ်က သီလရဲ့ ကောင်းကျိုးကို ခံစားလိုတဲ့ သီလ။ သူတို့ သီလဆောက်တည်ကြတယ် ငါလည်း သီလဆောက်တည်မှ ဖြစ်မယ်ဆိုပြီး ဆောက်တည်ထားတဲ့ သီလ၊ သံသရာဝဋ်မှ လွတ်မြောက်ဖို့အလို့ငါ ဆောက်တည်တဲ့ သီလ။ ဒီသီလတွေဟာ အလယ်အလတ်စားဖြစ်တဲ့ မဇ္ဈိမသီလဖြစ်ပါတယ်။
အရိယာဖြစ်လိုတဲ့ အတွက် စောင့်ထိန်းတဲ့ သီလ၊ လောကုတ္တရာဖြစ်တဲ့ သီလ၊ သတ္တဝါအားလုံး သံသရာမှ လွတ်မြောက်ရေးအတွက် ဆောက်တည် စောင့်ထိန်းတဲ့ သီလကတော့ မြင့်မြတ်တဲ့ ပဏီတသီလဖြစ်ပါတယ်။
ကျန်တဲ့ အတ္တာသီလစု၊ ပရာမဋ္ဌသီလစု စတဲ့သုံးလီစု လေးမျိုးကို ကျွန်တော် တိတိကျကျ မသိတဲ့အတွက် ရေးမပြတော့ပါဘူး။ ဒေါက်တာသန်းထွန်းက “မတိကျရင် သေချာ မသိရင် မရေးတာကောင်းတယ်။ ရေးပြီးခါမှ ကျွန်တော် မှားသွားတယ်လို့ တောင်းပန်ရတာ ရှက်စရာကောင်းတယ်” တဲ့။ ပြီးတော့ ခုက ဘာသာရေး ဖြစ်တယ်။ ဖတ်သူမှားလို့ မိစ္ဆာအယူ ယူမိရင် ရေးသူက ဖတ်သူထက် ပိုပြီး အပါယ်ဘဝကို လားရပါတယ်။ ဒီတော့ ကျွန်တော် တိတိကျကျ မသိတာကို မရေးရဲဘူး။ နောက်မှ ကျွန်တော် သေချာသိခဲ့ရင် ကွန်းမန့်အနေနဲ့ ပြန်ရေးပေးသွားပါမယ်။ သိချင်နေရင်တော့ မေးပါ။ ကျွန်တော် ရှာပေးပါ့မယ်။ လောလောဆယ် ဝီရိယမစိုက်ချင်လို့။
သုံးလီစု ငါးမျိုးပြီးတဲ့နောက် လေးလီစု လေးမျိုးပါ။ ဟာန၊ ဌိတိ၊ ဝိသေသ၊ နိဗ္ဗေဓ အစုပါ။ ဟာနဆိုတာက ယုတ်လျော့တာ။ လက်ရှိသီလကနေ လျော့နေတာ။ လူဆိုတာ ပတ်ဝန်းကျင်နဲ့ နေတဲ့ အမျိုးပဲ။ အပေါင်းတွေ အသင်းတွေနဲ့ နေတာပဲ။ ငါးပါးသီဆောက်တည်ထားတယ်။ ပြီးတော့ ပေါင်းသင်းတော့ကာ မင်းကွာ ဘာလုပ်မှာတုန်း သီလကိုများ အရေးလုပ်နေလို့။ သတ်တာ၊ ခိုးတာ၊ သူတပါးသားမယားကို ပြစ်မှားတာ၊ လိမ်တာ၊ သောက်စားတာ လုပ်စမ်းပါကွာဆိုတဲ့ သူငယ်ချင်းမျိုးနဲ့ ပေါင်းမိပြီး ခုဘဝရော နောင်ဘဝပါ ကိုယ်ကိုဆွဲနစ်မယ့် ပတ်ဝန်းကျင်နဲ့ သူငယ်ချင်းကြောင့် သီလတွေ ဆောက်တည်ထားပါလျက် လျော့ရတဲ့ သီလကို ဟာနသီလလို့ ခေါ်ပါတယ်။ ဘုရားရှင်က အာနန္ဒာကို ပတ်ဝန်းကျင်ဟာ ၉၀ ရာခိုင်နှုန်း အရေးကြီးကြောင်း။ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ဦးနှောက်ထဲကို ရိုက်သွင်းလိုက်တဲ့ အသိဟာ ခုဘဝရော သံသရာအတွက်ပါ အရေးကြီးကြောင်း မိန့်တော်မူခဲ့ဖူးပါတယ်။ ငါကဲ့သို့သော ကလျာဏမိတ္တကြောင့် သင်အခုလို နေရာကို ရောက်နေရတာပါ အာနန္ဒာ တဲ့။ ဟုတ်ပါတယ်။ ပတ်ဝန်းကျင်က ပေးတဲ့ အသိတွေဟာ အပြစ်ကို အပြစ်လို့ မမြင်အောင် ဖုံးလွှမ်းနိုင်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို စိစစ်လိုက်ပါ။ ကိုယ့်ပတ်ဝန်းကျင်ဟာ ကိုယ့်ကောင်းကျိုးကို လျစ်လျူရှုနေကြလားလို့ပေါ့။
နောက် ဆောက်တည်ထားတဲ့ သီလလျော့ရခြင်းအကြောင်းလည်း ရှိပါသေးတယ်။ အဲဒါကတော့ ကိုယ့်မိစ္ဆာသင်္ကပ္ပကြောင့်ပါပဲ။ မှားယွင်းတဲ့ အကြံအစည်ကြီးတွေကြောင့် ဆိုပါတော့။ ဘယ်လို မှားယွင်းတဲ့ အကြံအစည်ကြီးတွေလည်း ဆိုတော့
(၁) ကာမဂုဏ်နဲ့ ပတ်သက်တဲ့ မှားယွင်းတဲ့ ကြံစည်မှု။
(၂) ငါ့ဆွေမျိုးတွေက ဘယ်လို ချမ်းသာနေတာ။ ငါ့ဆွေမျိုးတွေကြားမှာ ငါက ဘယ်လို မွဲနေတာ။ မဖြစ်ဘူး။ ချမ်းသာအောင် ဘယ်လိုလုပ်လိုက်မယ်ဆိုတဲ့ ကြံစည်မှု။
(၃) ကိုယ့်ရပ်ကွက်က လူတွေ၊ ကိုယ့်ပတ်ဝန်းကျင်ကလူတွေ ကြီးပွားချမ်းသာနေတာကို တွေ့မြင်ပြီး သူတို့လို ကြီးပွားအောင် မှားယွင်းတဲ့ ကြံစည်မှု။
(၄ ) ဘယ်လိုကျင့်ရင် မသေဘူးတဲ့။ ဘယ်အရာကို စားနိုင်ရင် မသေတော့ဘူးတဲ့။ ထွက်ရပ်လမ်းတဲ့။ အရှင်ထွက်တဲ့ စတဲ့ သေမှာ ကြောက်တာနဲ့ မသေဖို့ အကြောင်းတွေ ကြံဖန်တီထွင် ကြံဆမှု။
(၅) ငါ့ကို လူတွေ အထင်သေးကြလိုက်တာ၊ ငါ့ကို လူတွေ စော်ကား မော်ကား ပြောလိုက်ကြတာ၊ ငါဘယ်လိုလူဆိုတာ ဒင်းတို့ကို သိအောင် ပြလိုက်ဦးမှပဲ ဆိုပြီး အထင်ကြီးခံရအောင် လေးစားခံရအောင် ကြံစည်မှု။
(၆) ဘယ်လိုနေပြ၊ ဘယ်လိုလုပ်ပြ၊ ဘယ်လိုကျင့်ပြလို့ ရှိရင်ဖြင့် ငါ လာဘ်လာဘတိုးပွားလာမှာပဲ စတဲ့ လာဘ်လာဘတိုးပွားအောင် ကြံစည်မှု။ (အထူးသဖြင့် ရဟန်း)
(၇) လူတွေ အားလုံးက ကိုယ့်ကို ကြည်ညိုနေတာကို၊ ကိုယ့်ကို လူတွေ တရိုတသေ တလေးတစား လုပ်နေတာကို လိုချင်တဲ့ ကြံစည်မှု။
(၈) လူတွေ ပါးစပ်ဖျားမှာ ကိုယ့်နာမည် ရေပန်းစားနေတာကို၊ နာမည်ကြီးတာကို လိုချင်တဲ့ ကြံစည်မှု။
(၉) ဟိုလူကို သနားလို့ ဒီလူကို မကြည့်ရက်လို့၊ ဟိုအမှုဟာ မတရားဘူးဆိုတာ သေချာလို့၊ ဒီအမှုပေါ်မှာ စိုးရိမ်လို့ဆိုပြီး သူများ ကြုံတွေ့ရမယ့် ဝမ်းနည်းမှုကို ခေါင်းဝင်ခံမှု။ မင်းနဲ့ငါ အေးအတူ ပူအမျှပေါ့ကွာ စတဲ့ ရင်းနှီးကျွမ်းဝင်မှုကြောင့် မိမိသီလကို ဖျက်ပစ်လိုသော ကြံစည်မှု။
ဒီမှားယွင်းစွာ ကြံစည်တဲ့အမှုတွေကြောင့် သီလတွေ ပျက်ယွင်းရပါတယ်။ ပတ်ဝန်းကျင်ကြောင့်ဖြစ်ဖြစ်၊ ကိုယ့်ကြောင့်ဖြစ်ဖြစ် သီလတွေ လျော့လျော့သွားတာဟာ ဟာနသီလဖြစ်ပါတယ်။
(ဒီကိုးပါးက သီလပျက်ကြောင်း မိစ္ဆာသင်္ကပ္ပတရားကိုးပါးပါ။ သို့မဟုတ် မဟာဝိတက် – ကြီးကျယ်ခမ်းနားသော ကြံစည်မှုကြီး ကိုးမှု လို့လည်း ခေါ်ဆိုနိုင်ပါတယ်။)
ဌိတိသီလဆိုတာက ကိုယ်ဆောက်တည်ထားတဲ့ သီလလောက်နဲ့ပဲ ကျေနပ်တာ။ ဘာဖြစ်လဲကွာ ငါးပါးသီလလုံရင် အပါယ်တံခါးပိတ်ပြီတဲ့ ရှစ်ပါးသီလစောင့် ဥပုသ်စောင့်တာတွေ မလိုပါဘူးကွာဆိုတဲ့ ကိုယ့်လက်ရှိသီလကို တိုးတက်အောင် မလုပ်တာဟာ ဌိတိသီလပါ။
ဝိသေသသီလကတော့ ငါးပါးသီလဆောက်တည်ထားတယ်။ ဒါနဲ့တင် မကျေနပ်နိုင်ဘူး။ ခြောက်ပါးသီလဆောက်တည်ချင်တယ်။ ရှစ်ပါးသီလဆောက်တည်နိုင်အောင် ကြိုးစားတယ်။ အဲလို ကိုယ့်လက်ရှိ သီလကနေ ရှေ့သီလဆီ တိုးတက်အောင် ကျင့်ကြံဆောက်တည်တဲ့ သီလဟာ ဝိသေသသီလဖြစ်ပါတယ်။
နိဗ္ဗေဓသီလဆိုတာက သီလဆောက်တည်နေရုံနဲ့ မကျေနပ်ပါဘူး။ ဝိပဿနာတရားပါ အားထုတ်လိုက်ရမှ၊ တစ်မဂ် တစ်ဖိုလ်ရအောင် ကျင့်ကြံရမှ စတဲ့ ကိလေသာ ရန်မှန်သမျှကို ဖောက်ဖျက်လိုသော ကျင့်ကြံဆောက်တည်မှုနဲ့ သီလကို နိဗ္ဗေဓသီလလို့ ခေါ်ပါတယ်။