ငါ တဲ့။ တစ်လုံးတည်း။ ငါ့လို တော်တတ် မြင့်မြတ်ပုဂ္ဂိုလ်က .. ငါ့လို ဂုဏ်သိက္ခာရှိတဲ့သူက ငါ့လို ပရဟိတအကျိုး ရွက်သယ်ပိုးနေသူက သူ့လိုပုဂ္ဂိုလ်မျိုးကို ဘာလို့ တောင်းပန်ရမလဲ။ မတောင်းပန်နိုင်ဘူး။ လုံးဝမတောင်းပန်နိုင်ဘူး။
အဲဒီလိုနဲ့ ပြီးရင်လည်း ပြီးသွားမယ့် ကိစ္စကို မတောင်းပန်နိုင်လောက်အောင် “ငါ” ဆိုတဲ့ တရားက လူတွေကို လှုပ်မရအောင် ချုပ်ကိုင်ထားတတ်တယ်။ တရားတွေကို သိတဲ့ ပုဂ္ဂိုလ်၊ အားလုံးကို ဆင်ခြင်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်မျိုး ကိုတောင် ငါဆိုတဲ့ တရားက ချုပ်ကိုင်လိုက်ပြီးဆိုရင် အချုပ်ကိုင်ခံရတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်လိုမှ လှုပ်လို့ မရတော့ဘူး။ ကိုယ်မှားနေတာကို မှားနေမှန်း မသိအောင် အသာအယာလေး တိုးတိုးတိတ်တိတ်လေး ဖုံးကွယ်ပေးထားတတ်တဲ့ အနုသယ တရားတွေကြောင့်လေ။ တည့်တည့်ပြောရရင် ပုန်းနေတဲ့ တရားပေါ့။
ခုလည်း ကြည့်လေ။ ဝဿကာရ ပုဏ္ဏားဟာ အရှင်မဟာကစ္စည်းထေရ်ကို “တပည့်တော်မှ အရှင်ဘုရားကို မျောက်လို့ ခိုင်းနှိုင်းမိတဲ့ အတွက် တောင်းပန်ပါတယ် ဘုရား”လို့ ပြောလိုက်တာနဲ့ ပြီးသွားပြီ။ ဒါပေမယ့် သူတောင်းပန်လား။ မတောင်းပန်ဘူး။ လုံးဝ မတောင်းပန်ဘူး။ ဘယ်တောင်းပန်မလဲ။ သူက နယ်နယ်ရရပုဂ္ဂိုလ်မှ မဟုတ်ဘဲ။ ဗိမ္မိသာရလက်ထက်ကတည်းက ရှင်ဘုရင်ဆီမှာ အမှုတော် ထမ်းလာခဲ့တာ အခု အဇာတသတ်လက်ထက်ထိလေ။ ပြီးတော့ ဝဇ္ဇီမင်းတွေ ပြိုကွဲသွားအောင် ဖန်တီးနိုင်ခဲ့တာ သူပဲ မဟုတ်လား။ ခိုင်ခံ့လှပါတယ်။ ညီညွတ်လှပါတယ် ဆိုတဲ့ ဝဇ္ဇီမင်းတွေရဲ့ တိုင်းပြည်ကို သွေးတစ်ချက်မစွန်းဘဲ ခရုကောက်သလို ဖမ်ဆီးနိုင်ခဲ့တာ သူ့လိုပုဂ္ဂိုလ်မျိုးမှ မဟုတ်ရင် ဘယ်ပုဂ္ဂိုလ်မျိုးက လုပ်နိုင်မှာလဲ။ ဒီလို ထက်မြက်တဲ့ သူက ဘယ်သူ့ဆီကိုမှ မတောင်းပန်နိုင်ဘူးလေ။ တောင်းပန်တယ်ဆိုတာ ခပ်ညံ့ညံ့လူတွေရဲ့ အလုပ်ပဲ။
တစ်ခါက အုပ်ချုပ်တဲ့ ဝဇ္ဇီမင်းတွေ အုပ်ချုပ်တဲ့ ဝေသာလီပြည်ကို မိမိဘုရင် အဇာတသတ်က သိမ်းပိုက်ချင်ခဲ့တယ်။ ဝဇ္ဇီတွေက သိမ်းပိုက်ဖို့ အတော်လေး ခက်နေတဲ့ အနေအထားမှာ ရှိနေတယ်။ ဒါကြောင့် အဇာတသတ်က သူ့ကို ဘုရားရှင်ဆီသွားပြီး အဇာတသတ်မှ ဝေသာလီကို အုပ်ချုပ်ဖို့ ကြံစည်နေတဲ့အကြောင်း လျှောက်ခိုင်းတယ်။ လျှောက်ခိုင်းပြီးတော့ ဘုရားရှင်က မိန့်ကြားတဲ့ စကားတွေကို တစ်လုံးမကျန် မှတ်သားခဲ့ဖို့လည်း မှာလိုက်တယ်။ သူလည်း အမိန့်အတိုင်း လုပ်တယ်။ အဲဒီမှာ ဘုရားရှင်က သူ့ကို ဘာမှ မမိန့်ကြားပါဘူး။ အရှင်အာနန္ဒာကိုပဲ ဒီမေးခွန်း မေးလိုက်တယ်။
ဝဇ္ဇီတွေဟာ…
၁။ တစ်နေ့တစ်ကြိမ် အစည်းအဝေးလုပ်နေဆဲလား
၂။ မင်းကိစ္စမှန်သမျှ ညီညီညွတ်ညွတ် တိုင်ပင်နေဆဲလား
၃။ မပြဋ္ဌာန်းဖူးတဲ့ ဥပဒေကို ပြဋ္ဌာန်းတာ၊ ပြဋ္ဌာန်းပြီးသား ဥပဒေကို ထုတ်ပယ်တာမျိုးရှိလား၊
၄။ အသက်သိက္ခာ ကြီးသူတို့ကို လေးစားနေဆဲလား
၅။ အမျိုးသမီးတွေကို အဓမ္မသိမ်းပိုက်တာမျိုး မလုပ်ဘူး မလား
၆။ မြို့တွင်း မြို့ပြင်နတ်တွေကို ပူဇော်နေဆဲလား
၇။ ပညာရှိတို့ထံ နည်းနာနိဿယ ခံယူနေဆဲလား
လို့ မေးတယ်။ အာနန္ဒာက အားလုံး ပြုလုပ်ဆဲလိုက်နာဆဲ ဖြစ်ကြောင်း ပြန်လျှောက်ထားတယ်။ ဒီတော့ ဘုရားရှင်က
“ဒီလိုဆို ဝေသာလီကို ဘယ်သူမှ သိမ်းပိုက်နိုင်မှာ မဟုတ်ပါဘူး” လို့ မိန့်တော်မူတယ်။ ဒီစကားကို တစ်လုံးမကျန်အောင် သူကပဲ အဇာတသတ်ဘုရင်ကို ပြန်လည်သံတော်ဦးတင်နိုင်ခဲ့တယ်လေ။
နောက် တိုင်းပြည်က နှင်ထုတ်လိုက်သယောင်နဲ့ သူ့ကိုပဲ ဘုရင်က အားကိုးတကြီး သူလျှိူလုပ်ခိုင်းခဲ့တယ်။ တစ်ယောက်နဲ့ တစ်ယောက် မြင်ရပြီး အသံမကြားရတဲ့ အရပ်မှာ “စားပြီးပြီလား”၊ “ဘာဟင်းနဲ့လဲ” စတဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေနဲ့ သူသွေးခွဲနိုင်လို့ ဝေသာလီပြည်က သူ့တို့ လက်အောက်ထဲ မဆိုင်းမတွ ရောက်ခဲ့ရတာလေ။ သူပြောသမျှ တင့်တယ်၊ သူပြောသမျှ အမှန်၊ သူပြောသမျှ အားလုံး လက်ခံရမယ့် အနေအထားကို ပိုင်ဆိုင်ထားသူအဖို့ အရှင်မဟာကစ္စည်းထေရ် တောင်ပေါ်က မျောက်တစ်ကောင် ဆင်းလာသလို ဆင်းလာတာကို “မျောက်တစ်ကောင် ဆင်းလာတာနဲ့ တူတယ်” လို့ သူပြောတာ အားလုံး လက်ခံ ပေးရမယ်လေ။ ဘုရားက ကြားပြီး “အရှင်မဟာကစ္စည်းထေရ်ကို မတောင်းပန်ရင် မျောက်ဖြစ်မယ်” ဆိုရင်လည်း မျောက်လုပ်လိုက်ရုံပေါ့။ ဘယ်တော ဘယ်တောင်မှာ မျောက်သွားဖြစ်ရမလဲ။ ဝေဠုဝန်တောလား။ ဒါဆို မျောက်ဖြစ်တဲ့အခါ အဆင်ပြေအောင် အဲဒီတောမှာ မျောက်ကြိုက်တတ်တဲ့ အသီးအပင်တွေ သွားစိုက်ထားရုံပေါ့။ တောင်းတော့ မပန်နိုင်ဘူး။ တောင်းပန်တယ်ဆိုရင် ပတ်ဝန်းကျင်ကလည်း ကဲ့ရဲ့မယ်။ ဘာ မဟုတ်တဲ့ အရှင်မဟာကစ္စည်းလည်း ပိုမြောက်သွားမယ်။
ဝဿကာရ ပုဏ္ဏားဟာ သူသေတော့ အဲဒီတောမှာ မျောက်တကယ် သွားဖြစ်ခဲ့ပါတယ်။ မျောက်ဖြစ်ပြီးနောက်ပိုင်း လူတွေက ဝဿကာရလို့ ခေါ်ရင် ထူးတတ်ပြီး မြို့တော်ဝန် လို့ခေါ်ရင် မျက်နှာကို လက်နဲ့အုပ်ထားတတ်တယ်။ မျောက်ဖြစ်မယ်မှန်း သိလျက် မတောင်းပန်ခဲ့တဲ့ မာနဟာ တကယ့်ကို ကြောက်ဖို့ ကောင်းပါတယ်။ သင့်ဆီမှာ အဲလိုမာနမျိုး ရှိနေရင် မြန်မြန်လေး ဖယ်ထားဗျို့။
Your point of view caught my eye and was very interesting. Thanks. I have a question for you.