သူတို့ အဖွဲ့ကို ဒီခေတ် ဒီအခါနဲ့ ခေါ်ရမယ်ဆိုရင် လမ်းသူရဲတွေလို့ ခေါ်ရမှာပါ။ အုပ်စုဖွဲ့ပြီး အပျော်အပါး လိုက်စားကြတယ်။ အုပ်စုဖွဲ့ပြီး စကြနောက်ကြတယ်။ အုပ်စုဖွဲ့ပြီး သွားလာနေထိုင်ကြတယ်။ ဒီတော့ ခေတ်အခေါ်နဲ့ ခေါ်ရမယ်ဆိုရင် သူတို့ အဖွဲ့ဟာ တကယ့် လမ်းသူရဲတွေပါပဲ။ အဲဒီအဖွဲ့ကို ခေါင်းဆောင်တဲ့သူက “ဂဝေသီ” တဲ့။ လမ်းသူရဲခေါင်းဆောင် “ဂဝေသီ” ရဲ့ အကြောင်းက ဒီလိုဗျ။
ဒီအဖြစ်အပျက်က ကျွန်တော်တို့ ဂေါတမဘုရားရှင်လက်ထက်က အဖြစ်အပျက်မဟုတ်ပါဘူး။ ဟိုး ကဿပဘုရားရှင် လက်ထက်က ဖြစ်တာပါ။ ဒီအဖြစ်အပျက်ကို ပြန်ဖော်ထုတ်ပေးခဲ့သူကတော့ ကျွန်တော်တို့ ယခုကိုးကွယ်နေတဲ့ ဂေါတမဘုရားရှင်ပါ။ ဘယ်လိုလဲဆိုတော့ တစ်နေ့မှာ ကောသလတိုင်းထဲမှာပဲ နောက်လိုက်သံဃာတွေနဲ့ ဒေသစာရီကြွချီရင်း အင်ကြင်းတောတစ်နေရာမှာ အနားယူတယ်။ အနားယူရင်း ဘုရားရှင်က ပြုံးတော်မူတယ်။ ဘုရားရှင်တို့ မည်သည် အကြောင်းမရှိဘဲ ပြုံးတော်မမူတဲ့အတွက် ဘာကြောင့်ပြုံးရပါသလဲလို့ အရှင်အာနန္ဒာက မေးလျှောက်ပါတယ်။
“ချစ်သား အာနန္ဒာ၊ တစ်ချိန်က ဒီနေရာမှာ အလွန့်အလွန်ကြီးမားပြီး စည်ကားသိုက်မြိုက်တဲ့ မြို့ကြီးတစ်မြို့ တည်ခဲ့ဖူးတယ်။ မြို့ကကြီးသလို လူတွေကလည်းစုံတယ်။ အဲဒီလူတွေထဲမှာ ဂဝေသီဆိုတဲ့ လူတစ်ယောက်လည်း ပါဝင်ခဲ့တယ်။ သူအဲဒီမြို့မှာ ဘယ်လိုနေထိုင်ခဲ့လည်းဆိုတော့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ နေထိုင်ခဲ့တယ်။ ဘယ်သူရဲ့ ခေါင်းဆောင်လည်းဆိုတော့ ကောင်းမှုကုသိုလ်မပြုတဲ့ အပျော်အပါးလိုက်စားတဲ့ ရွှတ်နောက်တဲ့ (ဥပမာ “…စားသောက်ဆိုင်” ဆိုတဲ့ ဆိုင်းဘုတ်ကို ဘုံအိမ်သာမှာ သွားရိုက်ကပ်ထားတာမျိုး စတဲ့ ပျော်ရွှင်မှု၊ နောက်ပြောင်မှုမျိုး) အဖွဲ့တစ်ဖွဲ့ရဲ့ ခေါင်းဆောင် အနေနဲ့ဖြစ်ပါတယ်။
ခေါင်းဆောင်ဆိုတော့ သူက အများထက် ခေါင်းတစ်လုံးသာရမယ်ပေါ့။ ဒါပေမယ့် သူကလည်း အားလုံးနဲ့ တန်းတူပဲ။ ခေါင်းဆောင်ဖြစ်လို့သာ ခေါင်းဆောင်ဖြစ်နေတာ သူ့မှာ တခြားသူထက် ပိုတဲ့ အရည်အချင်းတစ်ခုမှ သူ့မှာ မရှိဘူး။ ဒီတော့ သူစဉ်းစားရပါပြီ။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါ ဘယ်လိုလုပ်သင့်သလဲ။ ငါ ဘယ်လိုနေထိုင်သင့်သလဲ။ စဉ်းစားတယ်။ အဖြေရတယ်။ အဖြေက “ငါ့အဖွဲ့ထဲမှာ တစ်ယောက်မှ သီလမရှိဘူး၊ ငါသီလဆောက်တည်လိုက်ရင် ငါသူတို့ထက်တော့ သီလရှိတယ်ဆိုတဲ့ ဂုဏ်လေးသာသွားပြီ” တဲ့။ ခေါင်းဆောင်ဆိုတော့ တစ်ခုခုလုပ်ရင် တပည့်တွေကို အသိပေးရတယ်။ ဒါနဲ့ သူ့အဖွဲ့သားတွေကို ခေါ်လိုက်တယ်။ အဖွဲ့သားစုံတော့ “ငါ ဒီနေ့ ဒီအချိန်က စပြီး ငါသီလဆောက်တည်တော့မယ်” လို့ ကြေငြာလိုက်တယ်။ “အစည်းအဝေးခေါ်ရခြင်းက ဒါပဲလား ခေါင်းဆောင်ကြီး” တဲ့။ မေးပြီလေ။ သူ့တပည့်တွေက နည်းနည်းနှောနှောမှ မဟုတ်ဘဲ။ ငါးရာကြီးများတောင် ရောက်လာတာ။ ရောက်လာတော့ ခေါင်းဆောင်ကြီး လုပ်တဲ့သူပြောတဲ့ စကားက ဒီတစ်ခွန်းတည်း။ “အေး ဒါပဲ” တဲ့။ ခေါင်းဆောင်ဖြစ်တဲ့ ဂဝေသီရဲ့ စကားကြောင့် အဖွဲ့သားတွေ ကိုယ်စီပြန်သွားကြတယ်။
နောက်တစ်နေ့ အဖွဲ့သားတွေ ဂဝေသီဆီရောက်လာကြတယ်။
“ခေါင်းဆောင်ကြီး၊ ဒီနေ့ ကျွန်တော်တို့ တောတစ်ခုခုဆီသွားပြီး သားကောင်ပစ်ရအောင်”
လာခေါ်ကြတယ်။
ဂဝေသီက
“မနေ့က မင်းတို့ကို ငါဘာပြောထားလဲ”
“သီလဆောက်တည်မယ်လို့ ပြောထားတာပဲ ခေါင်းဆောင်ကြီး”
“အေး ငါသီလဆောက်တည်ထားပြီ၊ သီလဆောက်တည်ထားတဲ့သူဟာ သူတပါးအသက်ကို မသတ်ရဘူးကွ၊ ဒီတော့ မင်းတို့နဲ့ ငါမလိုက်နိုင်ဘူး”
အဖွဲ့ဝင်တွေက စဉ်းစားကြတယ်။ “ငါတို့ ခေါင်းဆောင်ကြီးက လုပ်တာဆိုရင် ကောင်းတာပဲဖြစ်မှာပဲ” တဲ့။ ဒီမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ရော နောက်လိုက်အနေနဲ့ စဉ်းစားချင်စရာလေး။ ခေါင်းဆောင်လုပ်တဲ့ လူကများ “ဒီတိုင်း ပျော်ပါးရတာ အားမရဘူး၊ သောက်စားမယ်၊ ရမ်းကားမယ် ဟေ့” လို့ ထလုပ်တဲ့ ခေါင်းဆောင်ဆိုရင် သွားပြီ။ အဲ နောက်တစ်ခု ကျွန်တော်တို့ ခေါင်းဆောင်လုပ်တဲ့ လူက လုပ်တာဆိုတော့ ကောင်းမှာပဲ လို့တွေးပြီး ကုသိုလ်လား အကုသိုလ်လား မဆင်ခြင်ဘဲ လိုက်လုပ်တတ်တဲ့ နောက်လိုက်တွေ ဖြစ်နေရင်လည်း သွားပြီ။
“သီလဆောက်တည်တယ်ဆိုတာ ဘာလုပ်ရလဲ၊ သီလဆောက်တည်ရင် ဘာဖြစ်လဲ”
“သီလဆောက်တည်ရင် သူ့အသက်ကို မသတ်ရဘူးကွ”
“မသတ်ရင် ဘာဖြစ်လဲ ခေါင်းဆောင်ကြီး”
“သူ့အသက် မသတ်ရင် ဘ၀ဆက်တိုင်း ဆက်တိုင်း အဆင်းလှတယ်၊ အနာရောဂါကင်းတယ်၊ အသက်ရှည်တယ်ကွ”
“နောက်တော့ကော ခေါင်းဆောင်ကြီး”
“ပိုင်ရှင်က မပေးတဲ့ ပစ္စည်းဥစ္စာတွေ မယူရဘူးကွ၊ အဲလို မယူလို့ ရတဲ့ အကျိုးတရားကတော့ကွာ ဖြစ်လေရာ ဘ၀တိုင်းမှာ စည်းစိမ်ဥစ္စာပေါများမယ်၊ ကိုယ်ပိုင်ဆိုင်ထားတဲ့ ပစ္စည်းဥစ္စာကို မင်း၊ မီး၊ ရေ၊ ခိုးသူ၊ အမွေခံသားဆိုး သမီးဆိုးတွေကြောင့် မပျက်စီးဘူး၊ ကိုယ်လိုချင်တာ အလွယ်တကူရနိုင်တယ်ကွ”
“ကောင်းလိုက်တာ ခေါင်းဆောင်ကြီး”
“ပြီးတော့ကွ၊ သူတပါးသားမယားကို မပြစ်မှား မစော်ကားရဘူးကွ၊ အဲဒါလေးရှောင်လိုက်ရင် ဘ၀ဆက်တိုင်း ဆက်တိုင်း ဘေးရန်တွေ ငြိမ်းတယ်ကွ”
“ဆက်ပြောပါ ခေါင်းဆောင်ကြီး”
“နောက်တစ်ချက်က လိမ်မပြောရဘူး၊ အကျိုးကတော့ လှပညီညာတဲ့ သွားတွေပိုင်ဆိုင်မယ်၊ ခံတွင်းကစလို့ တစ်ကိုယ်လုံး မွှေးကြိုင်နေတဲ့ အကျိုးတရားရမယ်ကွ”
ခေါင်းဆောင်ဖြစ်သူက အားကြိုးမာန်တက် ဆက်ပြောပါတယ်။
“နောက်ဆုံး တစ်ချက်ကတော့ကွာ သေရည်အရက်ကို မသောက်ရဘူးကွ၊ သေရည်အရက် သောက်တာကို ရှောင်ကြဉ်ခြင်းအားဖြင့် ဒီဘ၀မှာလည်း ဉာဏ်ကောင်းတယ်။ နောက်ဘ၀ဆက်ဆက်လည်း ဉာဏ်ကောင်းတဲ့ အကျိုးတရားတွေ ရတယ်ပေါ့ကွာ၊ ဒီ ငါးချက်ကို စောင့်ထိန်းရင် သီလစောင့်ထိန်းတယ်လို့ ခေါ်တာပဲကွ”
“ကောင်းပါပြီ ခေါင်းဆောင်ကြီး၊ ကျွန်တော်တို့ ခုချိန်က စပြီး ခေါင်းဆောင်ကြီးလိုပဲ သီလဆောက်တည်တယ်လို့ မှတ်လိုက်ပါ”
နောက်လိုက်တပည့်သားတွေ ပြန်သွားတော့ ခေါင်းဆောင်ကြီး ဂဝေသီက စဉ်းစားတယ်။ သူတို့က ငါးပါးသီလရိုးရိုးပဲ ဆောက်တည်တာ။ ငါက ထူးပြီးတော့ ငါးပါးသီလထဲက ကာမေသုအစား အဗြဟ္မစရိယကို ဆောက်တည်မှ ဖြစ်မယ်ဆိုပြီး ဆောက်တည်ပါတယ်။ ပြီးတော့ သူက ရိုးရိုးငါးပါးသီလအစား ဗြဟ္မစရိယသီလကို ဆောက်တည်ကြောင်းလည်း ကြေငြာပါတယ်။ တပည့်တွေကလည်း
“ဟာ ခေါင်းဆောင်ကြီးက အဗြဟ္မစရိယငါးပါးသီလဆိုရင် ကျွန်တော်တို့လည်း အဗြဟ္မစရိယ ငါးပါးသီလ ဆောက်တည်မယ်” တဲ့။ နောက်လိုက် တပည့်တွေက အတူကျင့်ကြံပြန်တယ်။
ခေါင်းဆောင်ကြီး ဂဝေသီက ဆက်လက်စဉ်းစားတယ်။ ခေါင်းဆောင်ဆိုတာ တပည့်တွေထက်တော့ ဂုဏ်တစ်ခု သာနေသင့်တယ်။ ဒါနဲ့ ခေါင်းဆောင်ကြီးဟာ ခြောက်ပါးသီလ ဆောက်တည်ပြန်တယ်။ ပျောက်ကွယ်သွားပြီ ဖြစ်တဲ့ ခြောက်ပါးသီပေါ့ခင်ဗျာ။ ခုခေတ်မှာ ခြောက်ပါးသီလ ဆောက်တည်သူတွေ မရှိတော့ပါဘူး။ အသင်းသားတွေကလည်း တို့ခေါင်းဆောင်ကြီးက နေ့လွှဲညစာ စားခြင်းဖြစ်တဲ့ သီလကနေ ရှောင်ကြဉ်သတဲ့။ ဒီတော့ တို့လည်း နေ့လွှဲညစာ စားခြင်းမှ ရှောင်ကြဉ်ပြီး ခေါင်းဆောင်ကြီးနဲ့အတူ ခြောက်ပါး သီလဆောက်တည် ကြရအောင်ဟေ့” ဆိုပြီး ခြောက်ပါးသီလ လိုက်ဆောက်တည်ပါတယ်။ (နစ္စ ဂီတ ၀ါဒိတ နှင့် မာလဂန္ဓ ၀ိလေပန စသည့် သီလများကို မဆောက်တည်နိုင်လျှင် အထက်ပါ ခြောက်ပါးသီလကို ဆောက်တည် နိုင်ပါသည်။)
တပည့်တွေက ခြောက်ပါးသီလ ဆောက်တည်ပြီဆိုတော့ ခေါင်းဆောင်ဖြစ်သူက စဉ်းစားရပြီ။ သူတို့ထက် သာတဲ့ ဂုဏ်တစ်ခု ငါ့မှာ မရှိရင် ငါခေါင်းဆောင် မပီသဘဲ ဖြစ်သွားမယ်။ ဒီတော့ ငါဘာလုပ်ရမလဲပေါ့။ တစ်ခုခုကို ချက်ချင်း ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်ပြီးတာနဲ့ ကဿပဘုရားရှင်ဆီ သွားပြီး အကြောင်းစုံ လျှောက်ထား ရဟန်းပြုခွင့်တောင်းတယ်။ ဘုရားရှင်က ခွင့်ပြုတော်မူပါတယ်။ နောက်လိုက် တပည့်တွေကလည်း ဘယ်ရမလဲ။ ခေါင်းဆောင်ကြီးက ရဟန်းဝတ်တော့ သူတို့လည်း ရဟန်းလိုက်ဝတ်တာပဲ။
ဂဝေသီရဟန်းသစ်ကလေးကတော့ဖြင့် ဒီမှာ ဘုရားရှင်ဆီက ၀ိပဿနာတရားတောင်းပြီးတော့ ဆိတ်ငြိမ်ရာမှာ တရားသွားကျင့်ပါတယ်။ သူသွားနေတဲ့ နေရာလေးက စမ်းချောင်းလေးနဲ့ လေပြေလေညင်းနဲ့ ကျေးငှက်တေးသံလေးတွေနဲ့ အလွန်သာယာတဲ့ လူသူ ကင်းဆိတ်တဲ့ နေရာလေးမှာပေါ့။ အဲဒီမှာပဲ ၀ါဆိုတယ်။ ကျင့်ရင်း တစ်နှစ်ကြာလာတယ်။ ကျင့်နေစဉ်မှာ တောထဲမှာ နေတာဆိုတော့ သစ်ရွက်ကလေးကို ကြည့်မိတယ်။ သစ်ရွက်လေးတွေက ဖြစ်တည်ပြီး ၀ါကျင် ရင့်ရော်ကြွေကျသွားတာကို တွေ့ရတယ်။ အဲဒီမှာ မတည်မြဲခြင်းကို တွေ့ပြီး ရဟန္တာဖြစ်သွားပါတယ်။ ဂဝေသီက အကြံတစ်ခုရတယ်။ ငါအရဟတ္ထဖိုလ်ကို ရသလို ငါ့တပည့်တွေလည်း အရဟတ္ထဖိုလ်ကို ရရင် ကောင်းမှာပဲလို့။ သိပ်ပြီး မွန်မြတ်တဲ့ ခေါင်းဆောင်ရဲ့ စိတ်ထားပါ။ အကြံရပြီးနောက် တပည့်ရဟန်းတွေကို အဲဒီ ဆိတ်ငြိမ်ရာ တောထဲခေါ်တယ်။ ပြီးတော့ ဆုံးမတယ်။
“အချင်းချင်း ရန်မဖြစ်ကြနဲ့”
“မြင်ရတဲ့ သတ္တ၀ါ၊ မမြင်ရတဲ့ သတ္တ၀ါတွေကို မေတ္တာပို့ကြ”
“မိမိကြောင့် သူတပါး စီးပွားမဲ့ မဖြစ်စေနဲ့”
“တစ်ပါးနဲ့ တစ်ပါး စိတ်ဆိုး ဒေါသထွက်ခြင်း မဖြစ်ကြနဲ့”
“တစ်ပါးနဲ့ တစ်ပါး အချင်းချင်း အထင်မသေးကြနဲ့”
“တစ်ပါးနဲ့ တစ်ပါး မညဉ်းဆဲကြနဲ့၊ မနှိပ်စက်ကြနဲ့”
အဲလိုဆုံးမပြီး သူသိခဲ့တဲ့ သစ်ရွက်တို့က ပြတဲ့ အနိစ္စ ဒုက္ခ အနတ္တတရားကို ဟောပြတော်မူခဲ့တယ်။ သိပ်မကြာခင်မှာပဲ တပည့်ရဟန်းတွေကလည်း အရဟတ္ထဖိုလ်ဆိုက်ရောက်လို့ ရဟန္တာတွေ ဖြစ်ကုန်ကြပါတယ်။
ဒီနေရာမှာ ဂဝေသီကလည်း ခေါင်းဆောင်ကောင်း ပီသခဲ့လို့။ တပည့်တွေကလည်း ခေါင်းဆောင်ကောင်း ရွေးတတ်ခဲ့လို့။ ဂဝေသီတို့ ဖွဲ့ခဲ့တဲ့ အဖွဲ့အစည်းဆိုတာ ခုခေတ်အနေနဲ့ ပြောရမယ်ဆိုရင် လမ်းသရဲ ခေါင်းဆောင် ဆန်ဆန်ပါ။ ခိုးဆိုးလုယက် တိုက်ခိုက်တာ မပါပေမယ့် သူတို့အဖွဲ့က တောင့်တယ်။ ဟိုနေရာ ကျယ်ကျယ်။ ဒီနေရာ ကျယ်ကျယ်။ လုပ်ချင်ရာ လုပ်တယ်။ သွားချင်ရာ သွားတယ်။ ပြောချင်ရာ ပြောတယ်။ ဘယ်သူ့ကိုမှ ဘာမှ ဂရုမစိုက်တဲ့ အထာတွေနဲ့ နေထိုင်ကြတယ်။ သူတို့အဖွဲ့က လူငါးရာတောင်မှပဲ။ သူတို့ ခေါင်းဆောင်ကောင်း ရွေးတဲ့ အချိန်မှာ ခေါင်းဆောင်ကောင်းကို ရွေးနိုင်ခဲ့ကြလို့ပေါ့။ အခြားတစ်ယောက်ကိုများ ခေါင်းဆောင်ရွေးမှားခဲ့ရင် သူတို့ အနေနဲ့ ဒုက္ခရောက်ပြီဘဲ။ အဇာတသတ်လို ခေါင်းဆောင် ရွေးမှားခဲ့ရင် ကြောက်စရာပဲ။ ခေါင်းဆောင် မကောင်းဘူးဆိုရင် ရှင်မောဂ္ဂလာန်တို့ ရှင်သာရိပုတ္တရာတို့ သူတို့ခေါင်းဆောင် သိဉ္စည်းဆရာကြီးကို စွန့်သလို စွန့်ပစ်ရဲရမယ်။ သေချာ စဉ်းစားရမယ်။ ဒီခေါင်းဆောင်ရဲ့ ပန်းတိုင်က ဘာလဲ။ ပန်းတိုင်က အဆိုးဘက်ကို ဦးတည်နေရင် အားနာစရာ မလိုဘူး။ ကြောက်နေစရာ မလိုပါဘူး။ ခေါင်းဆောင် မကောင်းရင် စွန့်ပစ်ရဲရပါမယ်။
Your point of view caught my eye and was very interesting. Thanks. I have a question for you.