ကာမေသုမိစ္ဆာစာရအကြောင်း မပြောခင် ကာမသေုမိစ္ဆာစာရထဲ ထည့်ထားခြင်းခံရတဲ့ သူရာမေရယအကြောင်း ပြောချင်ပါတယ်။
တစ်ခါတော့ ရပ်ကွက်ထဲမှာ လူတစ်ယောက်ကို ဒီလိုခေါ်သတဲ့။ “ဘုန်းကြီးသရဲ” လို့။ ဘာလို့လဲဆိုတော့ သူက သူ့ကိုယ်သူ သောတာပန်လို့လည်း ပြောသေး အရက်လည်းသောက်သေးတယ်တဲ့။ သောတာပန်ဆိုပြီး ဘာလုပ်လို့ အရက်သောက်လဲမေးတော့ ဒုစရိုက်ဆယ်ပါးထဲမှာ သူရာမေရယမှ မပါတာလို့ ဆိုသကိုး။ ဒါနဲ့ ပြောမရလို့ ပညတ်တော်ကို လက်တလုံးခြားလုပ်လို့ သူ့ကို ဘုန်းကြီးသရဲလို့ ခေါ်ကြရပါသတဲ့။ အဲလို မဖြစ်အောင် သူရာမေရယကို ကာမေသုမိစ္ဆာစာရထဲ ထည့်သွင်းထားပါကြောင်း ကြိုတင် ရှင်းလင်းတာပါ။ တချို့ဆရာတော်တွေက သူရာမေရယကို ဒုစရိုက်ဆယ်ပါးလုံးနဲ့ ဆက်ဆံကြောင်း ပြောတယ်ဗျ။ ဒါကို တချို့ဆရာတော်က အထိအတွေ့မှန်သမျှ ကာမေသုမျှသာ ဖြစ်သောကြောင့် သူရာမေရယကို ကာမေသုထဲသာ ထည့်သင့်ကြောင်း ဆိုပါတယ်ခင်ဗျာ။
ကာမေသု… ကာမဂုဏ်တို့၌ မိစ္ဆာစာရ … မှားယွင်းစွာကျင့်ခြင်း တဲ့။ ရူပါရုံမှာလည်း မှားယွင်းစွာ ကျင့်နိုင်တယ်။ သဒ္ဒါရုံမှာလည်း မှားယွင်းစွာကျင့်နိုင်တယ်။ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံနှင့် ဓမ္မာရုံမှာလည်း မှားယွင်းစွာ ကျင့်မိနိုင်ပါတယ်။ တော်တော်များများသိထားတာက ဖောဋ္ဌဗ္ဗာရုံတစ်ခုတည်းမှာ။ လောကဝဇ္ဇအရလည်း ဖောဋ္ဌဗ္ဗာရုံမှာပါ။ သူတပါး သားပျို၊ သမီးပျိုအပေါ် မှားယွင်းစွာ ကျင့်တာကို အဓိက ယူကြပါတယ်။ ဘုရားရှင်ရဲ့ တရားတော်တွေဟာ အလွန်သိမ်မွေ့လွန်းတဲ့အတွက် နက်နဲလွန်းတဲ့အတွက် အပေါ်ယံရှပ်သိသူများ အမှတ်မှား အမြင်မှားဖြစ်သွားကြတာ မဆန်းပါဘူး။ ဘုရားရှင်ရဲ့ တရားနဲ့ပတ်သက်ရင် ထဲထဲဝင်ဝင်သိတာပဲ ကောင်းပါတယ်။
ကဲ ကာမေသုမိစ္ဆာစာရနဲ့ ပတ်သက်လို့ ဦးရွှေအောင်က သူတစ်ပါး သားပျို သမီးပျိုများနှင့်သူတစ်ပါးအိမ်ယာကို မလွန်ကျူးခြင်းအားဖြင့် ဤသိက္ခာပုဒ်ကို စောင့်ထိန်းလိုက်နာခြင်းအားဖြင့် မိမိတို့၏ အတိုင်းအတာ မိမိတို့၏ပမာဏကို မကျော်လွန် မိမိတို့၏ လုပ်ငန်းများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းအားဖြင့် ဤသိက္ခာပုဒ်ကို အနှစ်သာရ အားဖြင့် စောင့်ထိန်းအပ်ပါ၏။ ဤသို့ စောင့်ထိန်းပါက ဤသိက္ခာပုဒ်ကို အသွင်သဏ္ဌာန်ရော အနှစ်သာရပါ နှစ်မျိုးစုံသော ရှုထောင့်မှ စောင့်ထိန်းရာရောက်၏။ ပို၍လည်း လေးနက်စေလေ၏။ ပို၍လည်းမြတ်စွာဘုရား၏ အလိုတော်နှင့် ညီညွတ်စေ၏။ ပို၍လည်း လောက၌ ငြိမ်းချမ်း မှုကိုပေါ်ပေါက်စေနိုင်၏။ လို့ ဆိုပါတယ်။
ကာမေသုမိစ္ဆာစာရဒုစရိုက်ဟာ
၁။ မသွားမလာထိုက်သော ဝတ္ထု (ပုဂ္ဂိုလ်) ဖြစ်ခြင်း၊
၂။ ထိုမသွားမလာထိုက်သော ဝတ္ထုတို့၌ မှီဝဲလိုသော စိတ်၊ ပျော်ပါးလိုသော စိတ်ရှိခြင်း၊
၃။ လုံ့လပြုခြင်း (မိမိပယောဂ၊ သူတစ်ပါးပယောဂ မိန်းမဘက် ယောကျ်ားဘက် နှစ်ဘက်လုံးဆိုင်ပါတယ်)၊
၄။ မဂ်အခြင်းခြင်း ကျင့်ခြင်းကိုသာယာခြင်း လို့ အင်္ဂါလေးပါးရှိပါတယ်။အင်္ဂါလေးပါးပြည့်စုံလျှင် ကံအထ မြောက်ပါတယ်။
ကိုယ် ပြစ်မှားလိုက်တဲ့သူက သီလရှိတဲ့သူ ဂုဏ်ရှိတဲ့သူဆိုရင် ပိုအပြစ်ကြီးပါတယ်။ ဥပမာ ဘုရားရှင်လက်ထက်က နန္ဒလုလင်။ သူ ဥပ္ပလဝဏ်ရဟန္တာမကို ပြစ်မှားလို့ ချက်ချင်း ငရဲကျရတယ်။
မိန်းမတွေတော့ အမျိုးမျိုးရှိတယ်။
၁။ မာတုရက္ခိတာ- အမေစောင့်တဲ့မိန်းမ။
၂။ ပိတုရက္ခိတာ- အဖေစောင့်တဲ့ မိန်းမ။
၃။ မာတာပိတုရက္ခိတာ-မိဘနှစ်ပါးလုံးစောင့်တဲ့ သောမိန်းမ။
၄။ ဘဂိနိရက္ခိတာ- မိဘနှစ်ပါးလုံးမရှိတော့လို့ အစ်မ ညီမ စောင့်ရှောက်ထားတဲ့မိန်းမ။
၅။ ဘာတုရက္ခိတာ- မောင်ကြီး မောင်ငယ် စောင့်ရှောက်ထားတဲ့မိန်းမ။
၆။ ဉာတိရက္ခိတာ- ဆွေးမျိုးစောင့်ရှောက်ထားသောမိန်းမ။
၇။ ဂေါတ္တရက္ခိတာ- အနွယ်တူ လူတို့ကစောင့်ရှောက်ထားတဲ့မိန်းမ။
၈။ ဓမ္မရက္ခိတာ- အတူတူ တရားကျင့်ဖော်တို့က စောင့်ရှောက်ထားသောမိန်းမ။
ဒီမိန်းမရှစ်ယောက်ဟာ ကာမပိုင်မရှိတဲ့ မိန်းတွေ ဖြစ်ရမယ်။ ကာမကို မိမိသဘောအလျောက်တော့ ပေးနိုင်တယ်။ ကာမကို မိဘစတဲ့ သူတွေက မပိုင်ဘူးလေ။ စောင့်ရှောက်ထားတယ်ဆိုတာက သူတပါး မစော်ကားအောင် စောင့်ရှောက်တာ။ မိန်းမက သဘောတူရင် ကာမေသုမိစ္ဆာစာရ မဖြစ်ဘူး။ သဘောမတူရင်တော့ ကာမေသုမိစ္ဆာစာရပဲ။
၉။ သပရိဒဏ္ဍာ – မင်းပြစ် မင်းဒဏ် မကင်းတဲ့ ဒဏ်ထိုက်တဲ့ သိမ်းပိုက်ခံထားရတဲ့ မိန်းမ။
၁၀။ သာရက္ခာ – အစောင့်အရှောက်ရှိသော မိန်းမ။ (စေ့စပ်ထားတဲ့ မိန်းမ)
ဒီနှစ်ယောက်က ပိုင်ရှင်ရှိပြီးသား ဖြစ်နေတော့ မိန်းမခွင့်ပြုချက်နဲ့ ကာမဆက်ဆံလည်း အပြစ်ဖြစ်ပါတယ်။ နှစ်ယောက်လုံးမှာ ဖြစ်ပါတယ်။ ဒါက အပျိုတွေအတွက်ပါ။
အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက်က
၁။ ဓနက္ကီတာ – ဥစ္စာနဲ့ ဝယ်ထားတဲ့ မိန်းမ။
၂။ ဆန္ဒဝါသိနီ – မိန်းမကိုယ်နိုက်က သဘောတူပြီးတဲ့ မိန်းမ။ (လက်မထပ်ရသေး)
၃။ ဘောဂဝါသိနီ – စည်းစိမ်အတွက် ယောကျာ်းတစ်ယောက်ယောက်ဆီ သွားနေထိုင်တဲ့မိန်းမ။
၄။ ပဋာဝါသိနီ – အဝတ်အစားအတွက် နေထိုင်တဲ့မိန်းမ။
၅။ သြဒပတ္တကိနီ – ရေခွက်လက်ဆုံ လက်ထပ်တားတဲ့ မိန်းမ။
၆။ သြဘဋစုမ္ဗဋာ – ဆင်းရဲသဖြင့် ထောက်ပံ့၍ သိမ်းပိုက်ထားသော မိန်းမ။
၇။ ဓဇာဟဋာ – သုံ့ပန်းမိန်းမ။
၈။ ဒါသိဘာရိယာ – ကျွန်မကို သိမ်းပိုက်ထားတဲ့ မိန်းမ။
၉။ ကမ္မကာရီ – အိမ်ဖော်မိန်းမ။
၁၀။ မုဟုတ္တိကာ – ခဏမိန်းမ။
ဒီမိန်းမတွေက သူတပါးနဲ့ ကာမကျူးလွန်ရင် ယောကျာ်းရော မိန်းမပါ အပြစ်ထိုက်ပါတယ်။ ဒီမှာ ဘာလို့ ယောကျ်ားတွေဘက်က ကာမေသုအပြစ်ကို ထင်ထင်ရှားရှား ပြောကြရတာလဲဆိုတော့ ကာမကို မိန်းမက ပိုင်လို့ပါ။
ဤကာမေသုမိစ္ဆာစာရ အထမြောက်ရင် သေလွန်တဲ့အခါ ငရဲစတဲ့ မကောင်းတဲ့ ဘဝတွေကို ရောက်ရမယ်။ ဖြစ်လေရာဘဝတိုင်းမှာလည်း မလိုမုန်းထားသူပေါများခြင်း ရန်သူများခြင်း မိန်းမဖြစ်ရခြင်း မိန်းမမဟုတ် ယောကျာ်းမဟုတ် ဖြစ်ရခြင်း လာဘ်တိပ်ခြင်း အမျိုးယုတ်၌ဖြစ်ရခြင်း ချစ်သူနဲ့ ေကွေကွင်ရခြင်း အရှက်တကွဲအကျိုးနဲဖြစ်ခြင်း စတဲ့အကျိုးတွေကို ခံစားရမယ်။
ကာမေသုမိစ္ဆာစာရ ကရှောင်ရင်
၁။ ခပ်သိမ်းသူတို့ချစ်ခြင်း
၂။ မိန်းမ၊ နပုံး၊ ပဏ္ဍုပ်၊ ဥဘတောဗျည်းအဖြစ်မှလွတ်ခြင်း
၃။ ဣန္ဒြေနှင့် ပြည့်စုံခြင်း
၄။ ချစ်သူနှင့် မကွေကွင်းရခြင်း
၅။ ခပ်သိမ်းသော လက္ခဏာပြည့်စုံခြင်း ဆိုတဲ့ အကျိုးကို ရရှိမှာ ဖြစ်ပါတယ်။
ဘာလို့ ဒီကံသုံးပါးကို ကာယကံလို့ သတ်မှတ်ရသလဲ။ ပါးစပ်နဲ့ စိတ်နဲ့ သတ်လို့ ခိုးလို့ စော်ကားလို့ရတယ်လေ။ ဟုတ်တော့ဟုတ်တယ်။ ဒါပေမယ့် ပါးစပ်နဲ့ စိတ်နဲ့သတ်တာ ခိုးတာ စော်ကားတာက သိပ်ပြီး အထမြောက်မှုနည်းပါးတဲ့ပြီး ကိုယ်ဖြင့် ကျူးလွန်ခြင်းဖြင့်သာလျှင် ပိုမိုထိရောက်လို့ ကာယကံလို့ သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။