ဖြစ်ချင်တိုင်းသာ ဖြစ်ရပါမူ ဘယ်မှာအနတ္တရှိမည်နည်း ဆိုတဲ့ လင်္ကာလေးဆုတ်ကိုင်ပြီးတော့ ဒီ ဗုဒ္ဓဖြစ်စဉ် (၁၇) ကို နောက်တစ်ကြိမ်ပြန်ရေးလိုက်ပါတယ်။ (တော်တော်ဆိုးတဲ့ “system s” ဆိုတဲ့ 370 MB ရှိတဲ့ Virus) ပြန်ရေးထားရတာဆိုတော့ သိပ်ပြီး ဖီလင်မလာဘူးဗျ။ ဖတ်လို့မကောင်းရင် ဂျေဂျူဝိုင် အပြစ်ပါခင်ဗျာ။
တကယ်တမ်း ဒီအဖြစ်အပျက်လေးကို သူငယ်ချင်း “လင်းလက်ဟန်” ရေးတဲ့ “နှုတ်ဆက်ခဲ့သည် ဝေသာလီ” ဆိုတဲ့ဆောင်းပါးကို အရင်ရေးပြနိုင်မှ ပိုပြည့်စုံနိုင်မှာ။ သို့သော် သူ့ဆီ ခွင့်မတောင်းရသေးသည်ကတစ်ကြောင်း ကျောင်းပိတ်လို့ နယ်ပြန်သွားသည်ကတစ်ကြောင်းကြောင့် ကျွန်တော်သိမီသလောက်ကလေး “ဝေသာလီ” အကြောင်းကို ရေးမှာပါ။ တစ်ခုလည်းကွဲတာရှိပါတယ်။ ကျွန်တော်က ဘုရားရှင်ဝေသာလီပြည် စတင်ရောက်ရှိပုံကို ရေးမှာဖြစ်ပြီး လင်းလက်ဟန်ကတော့ဖြင့် ဘုရားရှင် ဝေသာလီကို နောက်ဆုံးအကြည့်ကြည့်ပုံကို ရေးထားတာ ဖြစ်ပါတယ်။
တိုင်းပြည်တစ်ခု တည်လာတော့မယ် ပျက်တော့မယ်ဆိုတဲ့ကိစ္စက သိပ္ပံနယ်လွန်ကိစ္စလို သဘာဝလွန်ကိစ္စလိုပါပဲ။ ဖြစ်ရိုးဖြစ်စဉ်ထက်ကျော်တဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်တတ်ပါတယ်။ တော်တော်လေးရှေးတဲ့ ရှေးတုန်းကပေါ့။ မိန်းမတစ်ယောက်ဟာ မီးဖွားလိုက်တာ သား သမီးကို မွေးဖွားရမယ့်အစား သားတစ်စိုင်လေးတစ်ခုကို မွေးဖွားခဲ့ပါတယ်။ ဖွားမြင်လိုက်တဲ့မိန်းမက တခြားသူမဟုတ်ပါဘူး။ ဗာရာဏသီ မိဖုရားခေါင်ကြီး။ ဒီကိစ္စ ဘုရင်လည်း အရှက်ကွဲသွားနိုင်တယ်။ သူမလည်း အကျိုးနည်းသွားနိုင်တယ်မဟုတ်လား။ ဒါဆို ဒီပြဿနာကို ဘယ်လိုရှင်းမလဲ။ သတ်လိုက်၊ မလုပ်နဲ့၊ ရေထဲမျှောလိုက်။
ထူးခြားတာကတော့ အဲဒီနေ့မှာ မြစ်ပြင်ကလေ ငြိမ်သက်လိုက်ပုံ။ ရေစီးကလည်း ငြင်သာလိုက်ပုံ။ ဘုန်းတန်ခိုးကြီးတဲ့သူကို သဘာဝတရားက ကူညီတာလေ။ သို့မဟုတ် နတ်တွေ ကူညီတာလေ။ မိဖုရားရဲ့ ရံရွေတော်တွေက ခြင်းလေးထဲ သားတစ်စိုင်ကိုထည့်ပြီး မျှောလိုက်ပေမယ့် စာလေးရေးပေးလိုက်တယ်။ ကိုယ်ဝန်သားဖြစ်ကြောင်းပေါ့။ ဒါကို ရွာထဲ ဆွမ်းခံဝင်ခါနီး ရသေ့တစ်ပါးက တွေ့တယ်။ ကိုယ်ဝန်သားတစ်စိုင် ဆိုတော့ ရသေ့က တရိုတသေပဲထားပါတယ်။ ၁၅ ရက်ကြာတဲ့အခါ သားတစ်စိုင်က နှစ်ခုဖြစ်လာတယ်။ ၁၅ ရက်ကြာတဲ့အခါ လူလုံးပေါ်လာတယ်။ ၁၅ ထပ်ကြာတဲ့အခါ ယောက်ျားလေးတစ်ယောက် မိန်းကလေးတစ်ယောက် မွေးပါတယ်။ ရသေ့ရဲ့ ရလာတဲ့ သားသမီးအပေါ်ဖြစ်ပေါ်တဲ့ ချစ်ခြင်းဟာ ပြင်းထန်လွန်းတော့ လက်ချောင်းထိပ်ကနေ နို့ရည်ထွက်ပါတယ်။ (မပြောချင်ပြောချင်ပြောရဦးမယ်။ ဒီလိုဗျ။ တစ်နေ့တော့ ကချေသည်တစ်ယောက်က ဘုရားရှင်ကို မေးတယ်။ ကချေသည်တွေ သေရင် နတ်ပြည်ရောက်တယ်ဆိုတာ ဟုတ်ပါသလားတဲ့။ ဘုရားရှင် မဖြေပါဘူး။ ဘုန်းအာဏာကြီးတဲ့လူကို တော်ရုံတန်ရုံသိချင်ရုံနဲ့တော့ သုံးကြိမ်အထိ ဘယ်သူမှ မမေးရဲဘူးဗျ။ ဘုရားရှင် သုံးကြိမ်တိုင်တိုင် မဖြေတာကို ကချေသည်က လေးကြိမ်အထိမေးပါတယ်။ အဲဒီမှာ ဘုရားရှင်က င၇ဲကျရကြောင်းပြောလိုက်ပါတယ်။ မှန်ပါတယ်။ ကချေသည်တွေ ငရဲကျရမှာပါ။ ဒါနဲ့များ တစ်ချို့ကချေသည်တွေက ဒီ သားသမီးကို လက်ချောင်းနဲ့ နို့တိုက်တဲ့ကိစ္စကို ဘာဖြစ်လို့ ကုသိုလ်ရအောင် မပြောကြပဲ လူတွေ ယုံကြည်မှု နည်းအောင် ဟာသလုပ်ပစ်လိုက်တာလဲ။ ဂျေဂျူဝိုင် သိပ်ပြီး နားမလည်ပါဘူး။)
ကလေးတွေ မွေးပြီးတဲ့နောက် ရွာက နို့ဆွမ်းတွေ နေ့တိုင်းလောင်းလှူကြပါတယ်။ ကလေးဘုန်းကံပါပဲ။ ဒါပေမယ့် ရသေ့မှာတော့ ကလေးတွေကို ပြုစုရ။ ရွာထဲဆွမ်းခံပြေးဝင်ရနဲ့ တရားအလုပ်ကို သိပ်မလုပ်ဖြစ်ဘူး။ ဒါကို ရွာသားတွေက လျှောက်ကြတယ်။ ကလေးကို သူတို့ မွေးပေးမယ်ပေါ့။ ရသေ့အလိုအတိုင်း ကလေးကို သူတို့စောင့်ရှောက်မယ်။ ရသေ့က တရားကိုပဲ အားထုတ်ပါဆိုတော့ ရသေ့ကလက်ခံတယ်။ ဒါနဲ့ ကလေးတွေ ရွာထဲရောက်ခဲ့ပါတယ်။ အသက်ကလေးရာတော့ ဒီမောင်နှမနှစ်ယောက်ဟာ သူတပါးအပေါ် အလွန်အနိုင်ကျင့်ပါတယ်။ ကလေးမိဘတွေက ဒီကလေးကို ဝေးဝေးရှောင်ကြဟေ့ လို့ပြောကြတယ်။ ဒါနဲ့ဒီကလေးတွေ ၀ဇ္ဇီ လို့တွင်လာတယ်။ အရွယ်ရောက်လာတော့ သူတို့အချင်းချင်းကိုပဲ ရွာသားတွေက လက်ထပ်ပေးလိုက်တယ်။ ရသေ့လည်း အဲလိုပဲ မှာထားတာကိုး။ သူတို့နေတဲ့ အရပ်ကို လဇ္ဇီအရပ်လို့ခေါ်ပါတယ်။ သူတို့လင်မယားဟာ အမွာချည်းပဲ မွေးတယ်။ အမွာတိုင်းလည်း ကျားမ အမွှာချည့်ပဲ။ ၁၆ စုံတောင်မွေးတယ်။ သားသမီးကိုလည်း အချင်းချင်းလက်ထပ်ပေးတယ်။ အဲဒီသားသမီးကလည်း ကျားမ အမွှာချည်းချည်း ၁၆ စုံစီမွေးတယ်။ အဲဒီသူတို့ရဲ့ သားသမီးတွေကိုလည်း အချင်းချင်းလက်ထပ်ပေးတယ်။ အဲဒါကလည်း ကျားမအမွှာ ၁၆ စုံစီမွေးတာပဲ။ ဒါနဲ့ သူတို့ကိုပေးထားတဲ့ နယ်က ကျယ်ကျယ်လာတယ်။ ဒါနဲ့ ဝေသာလီ လို့အခေါ်ခံလိုက်ရပါတော့တယ်။ အဓိပ္ပါယ်က ချဲ့ကား တာလေ။ အရင်တုန်းက နင်ဝေသာလီမလုပ်နဲ့ ဆိုတဲ့ စကားပုံကို ခုမှနားလည်ပါတော့တယ်။
သူတို့ ဒီလိုနဲ့နေထိုင်လာတာ သူတို့ မင်းဆက်ပေါင်း ၇၇၀၇ မှာ ဘုရားပွင့်ပါတယ်။ ဘုရားပွင့်နေတာကိုတော့ သူတို့ကြားပဲကြားပါတယ်။ သူတို့ဆီကို ဘုရားမရောက်ပါဘူး။ ဘုရားရှင်က သာဝတ္ထိနဲ့ ရာဇဂြိုဟ်မှာပဲ နေတော်မူနေပါတယ်။ သူတို့က မင်းဆက်တွေ ကြာလာပြီဆိုပေမယ့် ဇာတ်တော့မပျက်ဘူးဗျ။ ကိုယ့်အမျိုး အချင်းချင်းပဲ ကိုယ်လက်ထပ်တာ ခုထိပါပဲ။ အဲ ဇာတ်မပျက်ပေမယ့် ပျက်တာက အကျင့်။ ကိုယ်ကျင့်တရားက ပျက်ကြတော့ မိုးမရွာ။ မိုးမရွာတော့ သီးနှံ၇ှားပါး။ ငတ်ပြတ်။ သေကြ။ အသေကောင်ကို မြို့ပြင်မှာ ဒီတိုင်း ပစ်ထားကြ။ ဘီလူးတွေက လာစားကြ။ ဘီလူးတွေက အသေကောင်စားလို့ အားမရတော့ လူအရှင်ကို လိုက်ဖမ်းစားကြ။ ဒီလိုနဲ့ မြို့ကြီးက ကျီးနဲ့ဖုတ်ဖုတ်ဖြစ်လာတယ်။ လူတွေ ထိတ်လန့်သထက် ထိန့်လန့်လာတယ်။ မူးမတ်တွေ ဘုရင်တွေ လုံခြုံရေးမှုးတွေတိုင်ပင်ကြတယ်။ ဘယ်လိုလုပ်ကြမလဲပေါ့။ နောက်ဆုံး အကြံက ဘုရားရှင်ကို ပင့်မယ်…တဲ့။ ဒါပေမယ့် ဘုရားရှင်ကို ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗိသာရကိုးကွယ် နေတာ။ ဘုရားရှင်ကို ပင့်ဖို့ သူခွင့်ပြုမလား။ အခက်အခဲဖြစ်နေတာကို ပွင့်ပွင့်လင်းလင်းပြောပြပေါ့။ ဆိုပြီး သံတမန်တွေကို ရာဇဂြိုဟ်ပြည်ကို လွတ်လိုက်တယ်။ ဘုရင့်ဆီရောက်တော့ သူတို့ ဘုရားရှင်ကို ပင့်လိုကြောင်းလျှောက်တင်တယ်။ ဗိမ္ဗိသာရ လက်မခံပါဘူး။ သူ့ကိစ္စလည်း မဟုတ်ဘူးတဲ့။ ဟုတ်တယ်လေ။ ဒါက ဘုရားရှင်နဲ့ပဲ ဆိုင်တဲ့ကိစ္စတဲ့။ ဘုရားရှင်ကိုသာ လျှောက်ချည်ပါ။ လို့ ပြောလိုက်တော့ သံတမန်တွေဟာ ဘုရားရှင်ကို သွားလျှောက်ပါတယ်။ ဝေသာလီမှာ ဟောကြားမယ့်တရားတော်ဟာ စင်္ကြာဝဠာတိုက်ပေါင်း တစ်သိန်းအထိ ပျံ့နှံ့ပြီး အန္တရာယ်ကင်းမှာကို မြင်တော်မူတဲ့အတွက် လိစ္ဆ၀ီမင်းတို့ပင့်လျှောက်ချက်ကို လက်ခံလိုက်ပါတယ်။
အဲဒီမှာ ဘုရားရှင်ကို အခမ်းအနားတွေ ပြိုင်ပြီး ဗိမ္ဗိသာရက ပို့တယ်။ လိစ္ဆ၀ီတို့ကလည်း ပြိုင်ပြီး ပင့်ကြပါတယ်။ သူတို့ပြည်နှစ်ပြည်ကြားမှာ ဂင်္ဂါမြစ်ကြီးခြားနေပါတယ်။ ဘုရားရှင်က ဝေသာလီသိုကြွလာချိန် မြစ်ရဲ့ အလယ်လောက်မှာပဲ ပေါက္ခရ၀ဿမိုးရွာပါတယ်။ မိုးရဲ့အဓိက ရည်ရွယ်ချက်က မြို့တော် သန့်ရှင်းသွားအောင်လို့ပါ။ မိုးမစိုချင်တဲ့လူကိုလည်း မိုးက မစိုဘူးလေ။ ဘုရားရှင်က ဝေသာလီပြည်ကို ရောက်တယ်ဆိုရင်ပဲ နတ်ကောင်းနတ်မြတ်တွေလည်း ရောက်လာကြလေတော့ ဘီလူးတွေလည်း တော်တော်လေးထွက်ပြေးကြတယ်။ မြို့အ၀င်မှာ ဘုရားရှင်က အာနန္ဒာကို “ရတနသုတ်” သင်ကြားပေးပြီး မြို့တံတိုင်းကို သုံးကြိမ်တိုင်တိုင်ပတ်ပြီး အသံမစဲ ရွတ်စေတော်မူတယ်။ ယံကိဉ္စ ၀ိတ္တံ စတဲ့ ပထမဂါထာပြီးတယ်ဆိုရင်ပဲ ဖုတ်သဘက်တွေ ထွက်ပြေးကြတာ မြို့တံခါးပေါက်တောင် မဆန့်ပါဘူး။ ဘုရားရှင်ကိုယ်တိုင်လည်း မြို့လည်မဏ္ဍပ်မှာ ရတနသုတ်ကို ရွတ်တော်မူပါတယ်။ ရတနသုတ်မှာ ဘုရားရှင်ရွတ်တဲ့ ဂါထာပေါင်း ၁၅ ဂါထာရှိပါတယ်။ နောက်ဆုံး သုံးဂါထာကိုတော့ တရားနာလာတဲ့ သိကြားမင်းက ရွတ်တာဖြစ်ပါတယ်။ ဘုရားရှင်ဟာ (၇) ရက်လုံးလုံး ရတနသုတ်ကိုသာ ဟောတော်မူပါတယ်။ (တစ်ဆက်တည်း ကျွန်တော် ပြောချင်တာက သြကာသစတဲ့ဘုရားရှိခိုးရယ်။ သီလပေးတဲ့အခါ ဘုန်းကြီးတွေ ရွတ်တာရယ် ပရိတ်တွေရယ် ဘာအဓိပ္ပါယ်လဲ လို့ မေးလာတဲ့ သူငယ်ချင်း နှစ်ယောက်ကို ကျွန်တော် ရှင်းလင်းရေးပြပါမယ်။ နည်းနည်းနောက်ကျမယ်ဆိုတာကိုလေး ဒီကနေ တစ်ဆက်တည်း တောင်းပန်ပါတယ်။)
၁၅ ရက်ကြာတော့ ဘုရားရှင်က ရာဇဂြိုဟ်ပြည်ကို ပြန်ကြွပါတယ်။ ဂင်္ဂါမြစ်ရောက်တော့ နဂါးတွေက ပူဇော်တယ်။ နဂါးတွေ ပူဇော်တာတွေ့တော့ တောစောင့်နတ်တွေက ပူဇော်ကြတယ်။ ရာဇဂြိုဟ်ဘုရင်ကလည်း ရှေးကထက် အခမ်းအနားပိုကောင်းအောင်ပြင်ပြီး ကြိုပါတယ်။ လမ်းတွေကို နဂါးကလည်း တန်ခိုးတွေနဲ့ ပြုပြင်ထားသလို တောစောင့်နတ်တွေကလည်း ပြုပြင်ထားတယ်။ ရာဇဂြိုဟ်ပြည်သားတွေကလည်း ပြင်ထားတယ်။ ဒီတော့ အတိုင်းထက်အလွန်ခန့်ညားနေတော့တာပေါ့။ ကျောင်းပြန်ရောက်တော့ ရဟန်းတွေက ဘုရားရှင်ရဲ့ ဘုန်းတန်ခိုးကို မချီးကျူးပဲ မနေနိုင်ကြတော့ဘူးလေ။ အဲဒီမှာ ဘုရားရှင်ရောက်လာတော့ ဘာတွေ ပြောဆိုနေကြတဲ့အခိုက် ငါရောက်လာပါသလဲ လို့ မေးတော်မူပါတယ်။ အရှင်ဘုရားရဲ့ ဘုန်းတန်ခိုးအကြောင်း ပြေနေကြခိုက် အရှင်ဘုရားရောက်လာကြောင်းလျှောက်ပါတယ်။
ဘုရားရှင်က
အဲဒါဟာ ငါဘုရားကြောင့်ဖြစ်တာလည်းမဟုတ်၊ နတ်နဂါးကြောင့်ဖြစ်တာလည်း မဟုတ်။ ရှေးတုန်းက နည်းနည်းပါးပါးပြုလုပ်ဖူးတဲ့ ကောင်းမှုတစ်ခုကြောင့်ဖြစ်တာပါ လို့မိန်တော်မူပြီး အတိတ်ဇာတ်တစ်ခုကို ဟောပါတယ်။
ဒီတစ်ခါ ထပ်ရှေးပါဦးမယ်။ တော်တော်လေးရှေးတဲ့ရှေးမှာ…။ သင်္ခ ဆိုတဲ့ ပုဏ္ဏားမှာ သုသိမ ဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်။ သားအရွယ်ရလာတော့ တက္ကသိုလ်ကို ပညာသင်လွတ်တယ်။ သုသိမက တော်လွန်းလေတော့ ဗေဒင်ကို ချက်ချင်းပဲတတ်ပါတယ်။ သုံးနှစ်လောက်ကြာတဲ့အခါ သုသိမက ဗေဒင်ကို အဖန်ဖန်အထပ်ထပ် ဆင်ခြင်ကြည့်တော့ အစ နဲ့ အလယ်ပဲပါတယ်။ အဆုံးမပါတာကို သွားတွေ့ပါတယ်။ ဒါနဲ့ သူ့ဆရာကိုမေးပါတယ်။ သူ့ကို ဘာလို့ အဆုံးကို သင်မပေးပါသလဲပေါ့။ ဆရာကလည်းပြောတယ်။ ငါလည်း မသိဘူး။ ဒါပေမယ့် သိတဲ့သူတော့ ရှိတယ်တဲ့။ ဘယ်သူလဲ ဆိုတော့ တောထဲမှာနေတဲ့ ရဟန်းတစ်ပါးတဲ့။ သုသိမက အဲဒီရဟန်းဆီမှာ ပညာသွားသင်ချင်တယ်။ သူ့ကို ခွင့်ပြုမလား မေးတော့ ဆရာက ကြည်ကြည်ဖြူဖြူပါပဲ။ ဒါနဲ့ သုသိမက အဲဒီရဟန်းဆီထွက်ခဲ့ပါတယ်။ တကယ်တော့ အဲဒီရဟန်းက ပစ္စေကဗုဒ္ဓါပါ။ အဲဒီပစ္စေကဗုဒ္ဓါဆီ ပညာသင်မယ်ပြောတော့ ပစ္စေကဗုဒ္ဓါက ရဟန်းဝတ်မှ သင်ပေးမယ်လို့ ပြောပါတယ်။ (ဒီအဖြစ်မျိုးကိုလယ်တီဆရာတော်လည်းဖြစ်ခဲ့တယ်နော်။ ဒီကမ္ဘာမှာ သို့မဟုတ် ဒီသံသရာမှာ အဖြစ်အပျက်တွေ အများကြီး မရှိပါဘူး။ ပြီးတော့ အဖြစ်အပျက်တွေက လူတမေ့အချိန်မှာ ထပ်ကာ ထပ်ကာဖြစ်နေပါတယ်။ ဆိုကြပါစို့။ ခင်ဗျားတို့ မရောက်ဖူးတဲ့ တစ်နေရာရာကို ရောက်သွားတယ်။ အဲဒီနေရာရောက်တော့ ခင်ဗျားအရင်က ရောက်ဖူးသလိုလိုဖြစ်နေတယ်။ နောက် အဖြစ်အပျက် တစ်ခု ခင်ဗျားရှေ့မှာဖြစ်ပျက်တယ်။ ဒီအဖြစ်အပျက်မျိုး ခင်ဗျားတစ်ခါမှ မတွေ့ဖူးပေမယ့် ခင်ဗျားဒီအဖြစ်အပျက်မျိုးကြုံဖူးသလိုလို ဖြစ်နေတယ်။ ဒါတွေဟာ လူတမေ့အချိန်မှာ ပုံစံတူဖြစ်ပျက်ကြတာပါပဲ။ သိပ္ပံပညာရှင်တွေ ဒီလိုဖြစ်ပေါ်တဲ့စိတ်မျိုးကို သူတို့ လေ့လာခဲ့ပါသေးတယ်။ အဖြေထွက်မလာပါဘူး) သုသိမအကြောင်း ဆက်ကြဦးစို့ရဲ့။ သုသိမကို ပစ္စေကဗုဒ္ဓါက ဒီလိုဝတ် ဒီလိုနေဆိုပြီး သင်တာကို သုသိမက ပညာရဖို့ သင်ငါ့ကို ဘာခိုင်းခိုင်းဆိုပြီး လိုက်နေပါတယ်။ ၀ိပဿနာရှုခိုင်းတော့လည်း ရှုပါတယ်။ ဒီလိုနဲ့ သုသိမဟာလည်း ပစ္စေကဗုဒ္ဓါတစ်ပါး ဖြစ်လာပါတယ်။ သို့သော် သုသိမမှာ အသက်တိုဖို့ရှေးကံတစ်ခု ပါလာပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပါဒိသေသပရိနိဗ္ဗာန်ပြုတော်မူပါတယ်။ မြို့သူမြို့သားတွေက အရိုးစုကို စေတီတည်ထားပါတယ်။ သင်္ခပုဏ္ဏားက ငါ့သားသွားတာကြာပြီ။ ဘာဖြစ်နေလဲ မသိဘူးဆိုပြီး တက္ကသိုလ်ကို လိုက်သွားပါတယ်။ တက္ကသိုလ်ရောက်တော့ တွေ့တဲ့သူကိုမေးကြည့်တယ်။ သုသိမဆိုတဲ့ ပညာသင်လာတဲ့ ကောင်လေးကို သိပါသလား ပေါ့။ လူတွေက သူ့ကို ဒီလိုရှင်းပြပါတယ်။
“သုသိမလား ။ ဆရာကြီးဆီမှာ ဗေဒင်သင်သွားတယ်။ နောက်တော့ ဗေဒင်အဆုံးကို တတ်မြောက်တဲ့ ပစ္စေကဗုဒ္ဓါတစ်ပါးဆီမှာ ရဟန်းပြုတယ်။ နောက် ပစ္စေကဗောဓိဉာဏ်ရပြီး ပရိနိဗ္ဗာန်ပြုသွားပါတယ်။ ဟိုမှာ တည်ထားတာ သူ့စေတီပေါ့” ဆိုတော့ သင်္ခပုဏ္ဏားဟာ စေတီဆီပြေးပြီး သူ့သားစေတီမှာပေါက်နေတဲ့ မြက်တွေကို စေတီကို ရှင်းလင်းစေချင်တဲ့စိတ်နဲ့ မြက်တွေနှုတ်ပြီး ငိုယိုနေပါတော့တယ်။ ဖုန်မထအောင် သဲဖြူးတယ်။ ပန်းပွင့်တွေကို ဖြန့်ကျဲပါတယ်။ စေတီကိုလည်း နောက်ဆုံးထီးတော်တင်ပါတယ်။
မေးခွန်းမမေးဖြစ်တာကြာပါပြီ။
မေးခွန်း ။ ။ ဒီ သင်္ခပုဏ္ဏားဇာတ်မှာ ဘုရားအလောင်းတော်က ဘယ်သူလဲ။
ကျွန်တော့်ရဲ့အရင့်အရင်ပိုစ့်ဟောင်းတွေကို Myanmar Blogger Society မှာတင်ထားပါတယ် ။ နောက်တော့ ဒီမှာ တစ်စုတစ်စည်းတည်းဖတ်နိုင်အောင် တင်ပေးပါဦးမယ်ခင်ဗျာ
Your point of view caught my eye and was very interesting. Thanks. I have a question for you.
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?