သာသနာတော်နှစ် ၂၅၆၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ပြာသိုလ်လပြည့်ကျော် (၅) ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရလ (၁) ရက်၊ တနင်္လာနေ့ မနက်ပိုင်း မြဝတီရုပ်မြင်သံကြားကနေ ဒုတိယသမ္မတက အာဏာလွှဲပြောင်းယူပြီး အာဏာသုံးရပ်ကို စစ်တပ်သို့ အပ်နှင်းကြောင်း ကြေငြာပြီး စစ်တပ်အာဏာသိမ်းမှုတစ်ရပ် ဖြစ်ခဲ့တယ်။ အဲဒါတွေအပေါ် သိမီသလောက်လေး တွေးကြည့်ပါဦးမယ်။ အားလုံးက ကျွန်တော့် တယောက်တည်းရဲ့ ထင်ကြေးတွေမျှသာ ဖြစ်ပါတယ်။ ထင်ကြေးမျှသာဖြစ်တဲ့အတွက် အမှန်မဟုတ်ဘူးလို့ ပြောလိုတာပါ။
အာဏာမသိမ်းမီကတည်းက စစ်တပ်ကနေ အာဏာသိမ်းနိုင်တယ်ဆိုတဲ့ အရိပ်အရောင်များကို ဒီလိုမြင်ခဲ့တယ်။
၁။ ၂၀၂၀ ဩဂုတ်လ ၁၄ ရက်မှာ စစ်တပ်နှင့် နိုင်ငံရေးပါတီ ၃၄ ခု၏ ဥက္ကဋ္ဌများနှင့် တွေ့ဆုံခြင်း
၂။ ရွေးကောက်ပွဲ မကျင်းပမီ ရက်ပိုင်းအလိုမှာ ဝီရသူ အစရှိသော ဝရမ်းထုတ်ခံရသည့် ပုဂ္ဂိုလ်များ လာရောက်အဖမ်းခံခြင်း
၃။ တပ်မတော်မှ မဲ မသာမှုရှိသည်ဆိုကာ ‘ဖွဲ့စည်းပုံအခြေခံဥပဒေ’ ဆိုသည့်စကားကို မကြာခဏ ထုတ်ဖော်ပြောဆိုခြင်း၊ လွှတ်တော်ကျင်းပရက် နောက်ဆုတ်ခိုင်းခြင်း
နံပါတ် (၁) ဖြစ်ရပ်မှာကတည်းက တပ်ချုပ်ပြောတဲ့ စကားက “တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေး”လို့ ပြောပြီး ရွေးကောက်ပွဲကို အာရုံစိုက်နေကြာင်း အရိပ်ပြခဲ့ပါတယ်။ မုံရွာအောင်ရှင်က သူ့တူရာတူရာ ပေါင်းတာပဲ မှားတယ် မှန်တယ် မပြောလိုဘူးလို့ပဲ တုန့်ပြန်ခဲ့တယ်။ တွေ့ဆုံခဲ့မှုကြောင့်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ပါတီတွေတခုမှ သဘောမတူကြောင်း ကန့်ကွက်စာ မထုတ်ခဲ့ကြတာပဲ ဖြစ်တယ်။
နံပါတ် (၂) ဝီရသူ စတဲ့ ပုဂ္ဂိုလ်တွေ အဖမ်းခံခြင်းဟာ အစိုးရ အကူးအပြောင်း ဖြစ်တော့မှာမို့ ဝရမ်း ပျက်ပြယ်သွားစေလိုတဲ့ သဘောရှိသလို အဖမ်းခံပြီး မကြာခင် ပြန်လွတ်ရတော့မယ်ဆိုတာ သူကြိုသိနေခဲ့လို့ပဲ ဖြစ်တယ်။ သူပြောသွားတာမှာလည်း ၂၀၂၀ ရွေးကောက်ပွဲ အကြောင်း ပါခဲ့ပါတယ်။ NLD ဘက်ကတော့ ဝမ်းသာအားရ မဖြစ်ခဲ့ပေမယ့် ကောင်းတဲ့ ကိစ္စ တခုလို့ ထင်ခဲ့ပုံရတယ်။
နံပါတ် (၃) မှာ NLD ဟာ တပ်ချုပ်ကို ပြိုင်ဘက်လို့ကို လုံးဝ သဘောမထားတာ တွေ့ရတယ်။ ဘာလို့ ပြိုင်ဘက်လို့ သဘောမထားတာလည်းကလည်း ရှင်းနေပါတယ်။ ပြိုင်ဘက် ပါတီမဟုတ်လို့ပါပဲ။ မဲကိစ္စကို အပူတပြင်း၊ ပြီးတော့ ပြင်းပြင်းထန်ထန်၊ ခြိမ်းခြိမ်းခြောက်ခြောက် ပြောနေပေမယ့် လုံးဝတုပ်တုပ်မလှုပ်တာဟာ Confidence နည်းနည်းလွန်ကဲသွားတယ်လို့ ထင်ပါတယ်။ သို့ပေမယ့် သူတို့ ရထားတဲ့ အာဏာဟာ မကြာသေးမီက စစ်တပ်က လက်လွှတ်ထားပေးတဲ့ အာဏာဆိုတာ မမေ့သင့်ခဲ့ဘူး။ လွှတ်တော်ကျင်းပရက် နောက်ဆုတ်ခိုင်းခဲ့ပေမယ့် မဲရလဒ် အပေါ် Proud အရမ်းဖြစ်လွန်းပြီး ဘေးဘီကို မမြင်တော့ဘူး ဖြစ်သွားတယ်လို့ မြင်တယ်။ Civil Disobediences တိုင်းသူပြည်သားရဲ့ သဘောထားကို စစ်တပ်က ဆန့်ကျင်လိမ့်မယ်လို့ လုံးဝ ယူဆမထားတဲ့ပုံကိုလည်း တွေ့နေရတယ်။ ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားက မကြာသေးခင်က မယ်မွေးရဲ့ နိုင်ငံသစ်ဇတ်ကြောင်း စာအုပ် အခန်း (၁၁) ထဲက ဖတ်လိုက်ရပြီး အနည်းငယ် သိခွင့်ရတဲ့ ဝါရှင်တန်ရဲ့ စိတ်သဘောထားလိုများ ဖြစ်နေလို့ရယ်လားတော့ မသိ။ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဝါရှင်တန်လို စိတ်ထားမျိုးကို သဘောကျရယ်လို့များလားလို့လည်း တွေးမိတာရှိတယ်။ အဲအခန်းကြောင့် ဝါရှင်တန်အကြောင်းကိုတောင် သိချင်သွားတယ်။ မဟုတ်သော်ရှိလည်း ဂန္ဓီလိုများ အဟိံသဝါဒကို မူထားလို့ရယ်လား။ အရမ်းသဘောထားကြီးလွန်းနေတယ်လို့ မြင်မိတယ်။ နောက်တခု တွေးမိတာက သိကြားမင်းဟာ မာရ်နတ်ရဲ့ အောက်လေးထပ်မြောက်ဘုံမှာပဲ နေပါတယ်။ ဘာကြောင့်ဆို မာရန်နတ်ဆိုတာက ရမ်းကားတတ်လွန်းလို့ သူ့ဘာသူ နတ်ပြည် အထက်ဆုံး အထပ်မှာနေပြီး သိကြားမင်းဖြစ်တဲ့ သူနဲ့အတူ အခြားသော နတ်တွေကို ရန်မလုပ်ရင် ပြီးတာပဲလို့များ ယူဆလိုက်လို့လားလို့လည်း ယောင်ရမ်းတွေးမိသေးတယ်။
၄။ ဘာကြောင့်ဖြစ်ဖြစ် စစ်တပ်က အာဏာ သိမ်းကို သိမ်းမှာ ဖြစ်ခြင်း
ဒီတချက်က အရေးပါတယ်။ စစ်တပ်ဟာ မဖြစ်မနေ အာဏာသိမ်းတော့မယ်ဆိုတာ လုံးဝ သေချာထားပြီးသားလို့ ယူဆရပါတယ်။ အာဏာသိမ်းမည့် အစီအစဉ်ကို နိုင်ငံရေးပါတီ ၃၄ ခုနှင့် မတွေ့ခင်ကတည်းက သေချာပြီးသားဖြစ်နေပြီလို့လည်း ထင်ပါတယ်။ အာဏာသိမ်းဖို့လည်း Plan A, B, C, D ချထားလောက်ပါတယ်။ မဲကိစ္စဟာ Plan A မှာပဲ ရှိမယ်လို့ ထင်ပါတယ်။ ရွေးကော် ဦးလှသိန်းဟာ ဒီအချက်ကို ကြိုသိထားပြီးသားလို့ ခပ်ရေးရေး ထင်မိတာလည်း ရှိတယ်။ ဒီအထင်မှန်တယ်ဆိုရင်တော့ အစတေးခံလိုက်တယ်လို့ ယူဆလို့ရမယ်။ မဟုတ်ရင် စစ်တပ်အာဏာသိမ်းမှုတိုင်းမှာ အစတေးခံတွေ ဘယ်လောက်များလိမ့်မလဲဆိုတာ တွေးတောင် မကြည့်ရဲဘူး။ ဒါပေမယ့် ဒီအချက်က ဦးလှသိန်းကိုယ်တိုင်သာ သိမှာမို့ ဆန့်ကျင်ဘက် အနေနဲ့ သိမ်းစေလိုလို့ တမင်တကာ ပြုလုပ်တာမျိုးလားရယ်လို့လည်း ထင်မိပြန်တယ်။
ဘာကြောင့် သိမ်းရတာလဲကတော့ အကြောင်းအများကြီး ရှိမယ်။ အများဆုံးဖြစ်နိုင်ချေကတော့ သိမ်းချင်လို့ သိမ်းတာပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့အိပ်ထောင်က နည်းနည်းချောင်းကြည့်ခံရလို့ လို့ထင်ပါတယ်။ သို့တည်းမဟုတ် ပြည်သူအစိုးရ ငါးနှစ်သက်တမ်းမှာ ကာလုံကို အဖက်မလုပ်ခဲ့တာကြောင့်များလား ပေါ့လေ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ချင်တယ် ဆိုတာကတော့ ပလီတဲ့အချက် သက်သက်သာပဲရယ်လို့လားလို့ ထင်ကြည့်တယ်။
၅။ NLD ဘက်မှာ အကယ်၍ ဆိုသည့် Plan ရှိမနေခြင်း
သိသာထင်ရှင်းတဲ့အချက်က ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ပြန်လွတ်မြောက် လာချိန်မှာပါ။ စစ်တပ်ဧည့်ရိပ်သာမှာ သူမက အခုလာခေါ်တဲ့ တပ်မမှူးနဲ့ နှစ်ယောက်ယှဉ်ပြီး လျှို့ဝှက်မဲ မဟုတ်ဘဲ စင်ပေါ်မှာရပ်ပြီး အရွေးခံရဲတယ်လို့ ပြောခဲ့ပါသတဲ့။ ကျားကိုက်ပါတယ်ဆိုမှ အပေါက်နဲ့များလားဆိုပြီးတောင် မစဉ်းစားမိပုံဘဲ။ NLD မှာ စစ်တပ်က အာဏာသိမ်းခဲ့သည်ရှိသော် ဆိုတဲ့ အတွေးမျိုး လုံးဝ မဝင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ 31, Jan, 2021 ဒီဘိတ်တခုမှာတောင် အာဏာမသိမ်းနိုင်ဘူးလို့ ငြင်းခုံခဲ့ကြသေးတာဆိုတော့ ဘယ်သူမှလည်း ထင်မှာ မဟုတ်တာ သေချာတယ်။ If ဆိုတာကို စဉ်းစားမိတာတော့ဖြင့် မင်းကိုနိုင် တချို့သော စာရေးဆရာတွေပဲရှိမယ်လို့ ထင်မိတယ်။ ကျောင်းတော်ရဲ့ ပုံစံခွက်ကို သူတို့ ဝနေပြီကိုး။
၆။ ပြည်သူတွေ ဘယ်လိုနေကြရမလဲ တွေးကြည့်ခြင်း
(က) ငယ်ငယ်တုန်းက မန္တလေးမှာ ဆွမ်းခံရင်းနဲ့ သူငယ်ချင်း ဦးဇင်းတပါးက ပြောဖူးတယ်။ တိုက်ကြီး တာကြီးကနေ ထွက်လာရင် တရုတ်တွေချည်းပဲကွာ၊ တိုက်ကြီးတာကြီးထဲမှာနေတာက ဗမာဖြစ်ရင် ဆွမ်းထွက်မလောင်းချင်နေ ပြင်းတင်းပေါက်ဖွင့်ပြီး ဆွမ်းခံသွားနေတဲ့ ငါ့ခေါင်းပေါ်တံတွေး ထွေးချင်လိုက်ရင်တောင် ဗမာဖြစ်နေရုံနဲ့ ငါကျေနပ်သကွာ တဲ့။ နောက် ဥပမာက လောကုတ္တရာစာအတွက် မန္တလေး မဟာမုနိ ဘုရားကြီးအနီးတဝိုက်ရှိ ကျောင်းတကျောင်းက ဆရာတော် တပါးဟာ သဒ္ဒါပုဒ်စစ်ကျမ်းတစောင်ကို ရေးထားခဲ့တယ်။ ဆရာတော်ကြီး ပျံလွန်တော်မူတော့ ကျမ်းစာအုပ်ကို သူ့တပည့် နောက်ဆရာတော်က ဆက်လက်ထိန်းသိမ်းထားတယ်။ ဒီကျမ်းစာအုပ်အကြောင်းကို ကြားတဲ့ ဦးပဇင်းငယ်တပါးက အဲဒီကျမ်းစာအုပ်ကို ငှါးဖတ်တယ်။ ဖတ်ပြီး ပြန်အပ်ရင်း ကျမ်းကို ထိန်းသိမ်းထားတဲ့ ဆရာတော်ကို လျှောက်တယ်။
“အမှားလေး နည်းနည်းတွေ့တယ်ဘုရား။ ဒါပေမယ့် မပူပါနဲ့ တပည့်တော် ပြင်ပေးလိုက်ပါပြီဘုရား”
လို့လျှောက်တယ်။ စာအုပ်ထိန်းသိမ်းတဲ့ ဆရာတော်က စိတ်တိုတိုနဲ့ ပြန်ပြောတယ်။
“ငါ့ဆရာတော်ရဲ့ အမှားမို့လို့ ငါက အမြတ်တနိုးသိမ်းထားတာကို မင်းကွာ လုပ်ရက်တယ်”
တဲ့။ ဒီလို အမှတ်ကို မရှိကြတဲ့ ပြည်သူတချို့။
(ခ) ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်ကြမယ့် သူတွေရှိမယ်။ သူတို့ခမျာ မျက်လုံးထဲမှာ သေနတ်ပြောင်းဝကြီးကို မြင်နေတော့မှာ။ သေနတ်သံကို ကြားယောင်နေမှာ။ ပြီးတော့ ဘာမှ မပြောမဆိုရဲတော့ဘဲ ကျီးကြည့် ကြောင်ကြည့်နဲ့ ငါ့ကို ဘယ်သူများ စောင့်ကြည့်နေမလဲ၊ ငါနဲ့ ပြောနေတဲ့သူက ထောက်လှမ်းရေး ဖြစ်နေရင် ဘယ့်နှယ်လုပ်မလဲ၊ ညကြီးအချိန်မတော် အိမ်တံခါးကိုများ ဘယ်သူ လာခေါက်လေမလဲ၊ ငါပြောတာ ဘယ်သူများ ကြားသွားမလဲ စသဖြင့် တခုခုဆိုရင် လန့်နေတော့မယ့် လွတ်လပ်မှုကို ငါးနှစ်စာလောက် ခဏတာ ခံစားကြည့်ဖူးခဲ့ကြတဲ့ တချို့ပြည်သူ။
(ဂ) စစ်အာဏာရှိမှန်သမျှ တွန်းလှန်ရမယ်ဆိုတဲ့ ပြည်သူတွေ ရှိမယ်။ သူတို့ ရှေ့ရေးကို ပြန်မြင်ယောင်ရင်း ရင်ပူကြမယ်။ သူတို့ သားသမီးရှေ့ရေးကို သူတို့ ကြုံခဲ့သလို မကြုံစေချင်တဲ့သူတွေ ရှိမယ်။ ဒီလူတွေက အသက် ၃၀ စွန်းစွန်းတွေကနေ စမယ်။ ၉၀ ခုနှစ်ကနေ ၂၀၀၀ ဝန်းကျင်အထိကို ကောင်းကောင်းမီခဲ့ကြတဲ့ တချို့ပြည်သူ။
(ဃ) အရင်တုန်းက စစ်အာဏာရှင်တွေက ကြမ်းသတဲ့။ အဲဒါက ဦးသန်းရွှေကိုး။ မင်းအောင်လှိုင်မှ မဟုတ်တာ။ မင်းအောင်လှိုင်ကတော့ဖြင့် အရင်စစ်တပ်လို ပြည်သူတွေကို ကြမ်းကြမ်းတမ်းတမ်း မအုပ်ချုပ်လောက်ပါဘူး။ ဒီမိုကရေစီ ဆန်ဆန်ပဲ သွားမှာပါလို့ မျှော်လင့်တဲ့သူ ရှိမယ်။ အသက် ၂၀ ဝန်းကျင်ရှိမယ် အာဏာရှင်စံနစ်ကို မကြုံဖူးခဲ့ကြတဲ့ တချို့ပြည်သူ။
(င) ဂိမ်းဆောင့်မပျက်၊ ဖွန်ကြောင်မပျက်တဲ့ တချို့ ငါ့လခွမ်းပြည်သူ။
(စ) စားပေါက်ချောင်ပြီကွ ဆိုတဲ့ ခရိုနီနဲ့ ခရိုနီခြေနင်းဖတ်ကနေ ကျန်ခဲ့တဲ့ အကြွင်းအကျန်ကို အသာငမ်းကြတဲ့ တချို့ပြည်သူ။
၇။ ၂၀၂၁ ၏ အနာဂတ်ကို မြင်ယောင်ကြည့်ခြင်း
A: ကုလသမဂ္ဂက တရစ်ချင်းစီ တင်းမယ်။ ကြပ်မယ်။
B: အိမ်ဖြူတော်က အမိန့်တွေ တခုပြီး တခုထုတ်မယ်။
C: အနောက်နိုင်ငံတော်တော်များများက စီးပွားရေးပိတ်ဆို့မယ်။
D: အသက် ၁၈ နှစ်အောက်ကို Brain wash လုပ်မယ်။ နည်းမျိုုးစုံနဲ့ လုပ်မယ်။
E: လူတစု စီးပွားရေး ထိုးတက်လာမယ်။
F: ငြိမ်းစုစီတွေ အသာထား၊ အသွားအလာတောင် ဆင်ခြင်ရမယ်။
G: နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ရုပ်သိမ်းမယ်။
ဆက်ပြောချင်တာ များပေမယ့် အခုက စစ်အာဏာရှင်အောက် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” ဆိုတဲ့ ကောင်စီခေတ်မှာဘယ်လို နေရမယ်ဆိုတာ အားလုံး လက်တွေ့ ပြန်လည်ခံစားနိုင်ကြပြီမို့ ဆက်မရေးတော့ဘူး။ မကြုံဖူးသေးတဲ့သူတွေလည်း အရသာလည်း ခံကြည့်ပေါ့။ ခါးတယ်ဆိုပြီးထွေးထုတ်လို့ မရတော့ဘူးဗျ။ တစ်နှစ်ဆိုတာ လိမ်တယ်ဆိုတာလည်း ၂၀၂၂ မှာ သိရမှာ ဖြစ်ပါတယ်လို့။