ငယ်ငယ်တုန်းက စာ စစသင်ချင်းမှာပဲ ဘဝင်မကျဖြစ်ခဲ့ရတဲ့ စာလုံး တလုံးနဲ့တွေ့တယ်။ “ရွာသူ သားငယ်တို့ကဲ့သို့ မြူးတူးပျော်ပါး ကစားချင်းငှါ” ဆိုတဲ့စာလုံး။ ဘဝင်မကျ အခဲမကြေပေမယ့် ဘဝင်ကျကျ မကျကျ အဲဒီခေတ်က နားမလည်တဲ့ စာကို ထမေးခွင့်ရှိတဲ့ခေတ်မဟုတ်တော့ အောင့်သက်သက်နဲ့ပဲ သင်ယူလိုက်တယ်။ ကိုယ်စာသင်ခဲ့တဲ့ ကာလတလျှောက်လုံးမှာ “နားလည်သလားဟေ့” လို့မေးလိုက်တဲ့အခါ “နားလည်ပါတယ်ဘုရား” ဆိုတဲ့ ခေတ်ကြီးနဲ့တိုးခဲ့တာဆိုတော့ အဲဒီစာလုံးကို နောက်တခါ ထပ်ပြီးတွေ့ပြန်တော့လည်း ဒီတိုင်းအခဲမကြေမြဲ မကြေပါဘဲ။ အလင်္ကာဆန်းကိုသင်တော့ ဂါမ္မဒေါသကို ဖွင့်ပြတဲ့အခါမှာ ရွာတွင်နေသောသူများ ဝေးလံခေါင်ဖျားသောဒေသတွင်နေသော သူများကဲ့သို့ ရုန်းရင်းစွာပြောသောစကား/ရေးသားသောစာ ဆိုတာလေးကို ထပ်ပြီးသင်ခံရပြန်တာပဲ။ အဲမှာ ပြီးရော့လားဆိုတော့ မဟုတ်ဘူး။ ပဋ္ဌာန်းကျမ်းကို ရွတ်ဖတ်ပူဇော်တဲ့အခါ ဥပနိဿယပစ္စည်းရောက်တိုင်း တွေ့နေကျ စာသားက “ဂါမံ ကရောတိ၊ နိဂမံ ကရောတိ” ဆိုတာပါပဲ။ ရွာသားတို့ကဲ့သို့ ပြုကျင့်၏။ ဝေလံခေါင်ဖျားသော ဒေသတွင်နေသော သူတို့ကဲ့သို့ ပြုကျင့်၏ ဆိုတော့ ကိုယ့်မှာ “အမလေးဟဲ့” ဆိုပြီး ဘုရားတခဲ့ရတယ်။
“ငါဟဲ့ ရွာသား၊ စကားကို ရုန်းရုန်းရင်းရင်း တကယ်မပြောဖူးဘဲနဲ့ အပြောခံရတယ် မကျေနပ်ဘူးကွ” ဆိုပြီး ဆွမ်းစား ပစ္စဝေက္ခဏာ ဆင်ခြင်တိုင်း “နေဝ ဒဝါယ နမဏ္ဍာနာယ- ရွာသူ သားငယ်တို့ကဲ့သို့ မြူးတူးပျော်ပါး ကစားခြင်းငှါ ဆွမ်းကို မမှီဝဲပါ” ကို အသံဖျော့ပြီးတော့ဆိုတယ်။ ပဋ္ဌာန်းပူဇော်တဲ့အခါ ဥပနိဿယပစ္စည်းရောက်တိုင်း “ဂါမံ ကရောတိ၊ နိဂမံ ကရောတိ” ကို ခပ်သွက်သွက်လေး ပူဇော်လိုက်တယ်။
ရွာသားတွေ ဘယ်လိုများ ပြုမူနေလို့လဲ။ ပြောဆိုနေလို့လဲလို့ စဉ်းစားတယ်။ စဉ်းစားတယ်။ ထပ်ထပ် စဉ်းစားတယ်။ လေ့လာတယ်။ လေ့လာတယ်။ သုံးသပ်တယ်။ ဪ ဒီလိုကိုးလို့ တွေ့လာတယ်။ ကိုယ့်မှာ ဥပမာတွေ အများကြီးမရှိဘူး။ စာတွေ ဘာတွေ ဖတ်ရမှာလည်း သိပ်ပျင်းတော့ သိထားပြီးသား ဥပမာလေး သူများလည်း ပေးနေကျ ဥပမာလေးနဲ့ ဆက်ပေးရမှာပဲ။
တခါက အမေတယောက်ဟာ သူ့သားလေး ဟိုဟိုဒီဒီ လျှောက်လည်မှာစိုးတယ်။ မလည်ဖို့ ပြောတယ်။ သို့ပေမယ့် သားဖြစ်သူက ပြောမရဘူး။ အိမ်ကနေ ထွက်တယ်။ အမေဖြစ်သူက သားကို ပြောမရတဲ့အဆုံး “အေး နင် အဲလို လျှောက်လည်နေရင် ချီးကားတိုက်လို့ အသေဆိုးနဲ့ သေပါစေဟယ်” ဆိုပြီး ဖရုသဝါစာနဲ့ အော်လွတ်လိုက်တယ်။ ကျမ်းဂန်မှာတော့ အမေဖြစ်သူဟာ အဲဒီလို ပြောလိုက်ပေမယ့်လည်း ဝစီဒုစရိုက်မဖြစ်ဘူးလို့ အတည်ပြုတယ်။ အဘိဓမ္မာအရကြည့်မှာဆိုရင်တော့ အနုစား ဝစီဒုစရိုက်ကတော့ဖြင့် ဖြစ်သပေါ့။ သို့သော်လည်း အမေဖြစ်သူရဲ့ ရင်ထဲမှာ သားကို ချစ်တဲ့ ဇောနဲ့ ပြောတာမို့လို့ မိခင်ရဲ့ မေတ္တာကြောင့် ဝစီဒုစရိုက်အဆင့်အထိ မရောက်ပါဘူးတဲ့။
နောက် ဥပမာကတော့ လွှတ်တော်အမတ်တို့ ဝန်ကြီးတို့ ဝန်ကြီးချုပ်တို့တတွေ စီမံကိန်းတွေလုပ်တဲ့အခါ “မလွှတ်တဲ့ အဆောက်အဦးကို အဆင်ပြေအောင် လုပ်လိုက်ပါ၊ စီမံကိန်း ဒေသမှာရှိတဲ့ နေအိမ်တွေကို အစီအစဉ်အတိုင်း လုပ်လိုက်ပါ” လို့ လွှတ်တော်မှာ ဘယ်လိုပင် ငြင်ငြင်သာသာ ဆိုပေမယ့်လည်း ခံရတဲ့သူတွေဘက်က နစ်နာဆုံးရှုံးမှု များပြားလွန်းလှသမို့ ဝစီဒုစရိုက်မြှောက်ပါတယ်တဲ့။ ဝိနည်းမှာ ခိုးခြင်းနဲ့ပတ်သက်ရင် အရမ်းနူးညံ့သိမ်မွေ့သလို အဘိဓမ္မာမှာလည်း ဒုစရိုက်တွေနဲ့ ပတ်သက်ရင် နူးညံ့သိမ်မွေ့တာပဲ။ အဘိဓမ္မာကို သင်ရ မြင်ရတာ သမုဒ္ဒရာကို အပြင်ကနေ မြင်ရသလောက်ပဲ ရှိတယ်။ သူ့ရဲ့ နက်နဲ သိမ်မွေ့မှုက သမုဒ္ဒရာထက် ကျယ်ပြောတယ်လို့ ဆိုထားလေတော့ ဒုစရိုက်နဲ့ ပတ်သက်လို့မှ မဟုတ်ပါဘူး။ အကုန်သိမ်မွေ့တာချည်းပဲ။ နက်နဲတာချည်းပဲ။ ဒါကြောင့် မဟာဝိသုဒ္ဓါရုံဆရာတော်ရဲ့ ဝီထိမုတ်ပိုင်း အဖွင့်ကျမ်းကို ဖတ်မိတော့ အနောက်နိုင်ငံသားတွေက ဆရာတော်ကို ဘယ်မှာ ဆေးတက္ကသိုလ်တက်ခဲ့တာလဲလို့ မေးကြတာပေါ့။ ဒီလိုသော နက်နဲမှု သိမ်မွေ့မှုကြောင့် ဖရုသဝါစာသုံးတဲ့ အမေက ဝစီဒုစရိုက်အပျော့စားဖြစ်ပြီး ဖရုသဝါစာ တလုံးမှ မပါတဲ့ လွှတ်တော်ထဲက အမတ်တွေက ဝစီဒုစရိုက်အကြီးစား ဖြစ်သွားရတာ။ အဓိကကတော့ စိတ်က ရုန်းရင်းလို့ပါတဲ့။ အဲဂလိုပဲ နိုင်ငံတော်ရဲ့ လုပ်ငန်းဆောင်တာကို နားမလည်ဘဲ ရုန်းရင်းစွာ ဇွတ်အတင်း အဓမ္မ ဝစီဒုစရိုက်လို့ ခေါင်းစဉ်တပ်လိုက်တဲ့ ကျွန်တော်ကလည်း ဝစီဒုစရိုက်ကို သိမ်မွေ့ညင်သာစွာလေး ကျူးလွန်လိုက်မိတာပါပဲ။
အပြုအမူက သိမ်မွေ့ပေမယ့် စိတ်က ရုန်းရင်းတယ်။ ဒါတွေ ဘာကြောင့် ဖြစ်ရတာလည်းဆိုတော့ တချို့သူတွေဟာ စာပေကို သင်ကြားခွင့်မရဘူး။ တချို့မှာ သင်ကြားခွင့်ရပြန်တော့ နှလုံးသားထိ ရောက်အောင် သင်ကြားခွင့်မရဘူး။ နှလုံးသားထိရောက်အောင် သင်ကြားခွင့်ရသော်လည်း တချို့က နှလုံးသားနဲ့ သင်ယူရမယ် ဆိုတာ မသိသလို မိမိကိုယ်တိုင် နှလုံးသားနဲ့ ပြုမူနေထိုင်ရမယ်ဆိုတာလည်း မသိဘူး။ အဲဒီလို လူတွေဖြစ်ပါတယ်။ အဲလို လူတွေကို ရွာသူ ရွာသားတွေလို့ ဆိုတာ။ အပြုအမူ အပြောအဆို မယဉ်ကျေးသူ ရုန်းရင်းသူကို ခေတ်စကားနဲ့ တာဇံတွေလို့ ဖွင့်ကြတာ။
ပညာနဲ့ ခံစားချက်ကို မထိန်းညှိနိုင်ကြတော့တဲ့ တာဇံတွေလို တောသူတောင်သားတွေလို လူတွေဟာ မယဉ်မကျေး ရုန်းရုန်းရင်းရင်းစိတ်ထားနဲ့ ပြောတာတွေ အခုခေတ်မှာ ပိုများလာတယ်။ လူမှုကွန်ယက်ပေါ်မှာ တဖက်သား စိတ်သောကရောက်ရင် ပြီးရော။ တဖက်သား ပျက်စီးသွားရင် ပြီးရော ဖြစ်ချင်ရာဖြစ်ကွာ ဆိုတဲ့စိတ်နဲ့ ပြောကြ ဆိုကြလာတာတွေ တွေ့ရတယ်။ အကြောင်းရင်းကို ဂဃနဏမသိဘဲရယ်နဲ့ ကိုယ့်စိတ်ခဏပန်းလောက် ပေါ့သွားအောင် အဆင်အခြင်မဲ့ လက်လွတ်စပယ်ပြောကြတာတွေလည်း ရှိတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ ပြောတာလည်း ရှိသလို သူများပြောနေတာမို့လို့ ကိုယ်နဲ့ အနေသာကြီးကနေ ဝင်ငန်ဦးမှပဲ ဆိုတဲ့ ဆွမ်းကြီးလောင်းချင်သူတွေလည်း ရှိတယ်။ နိုင်ငံရေးအမြတ်ထုတ်ချင်လို့ ပြောတဲ့သူရှိသလို တစ်ဦးတယောက် အောက်ကျသွားရင် ငါတက်မှာပဲ ဆိုတဲ့အတွေးအဆနဲ့ ပြစ်တင်ကြသူတွေလည်း ရှိတယ်။ သမိုင်းကြောင်းမှာ အမည်းစက်ထင်ခဲ့ဖူးသူတယောက်ကို ဘာလုပ်လုပ် မင်းမှားတယ်ဆိုတဲ့ ဉာဏ်မပါတဲ့ ခံယူချက်နဲ့ ပြောကြဆိုကြတာတွေလည်း ရှိကြတာပါပဲ။
ဒီနေရာမှာ မဖွယ်မရာ စကားလုံးတွေကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒီနောက်ပိုင်းမှာ တချို့သော ခပ်ရဲရဲတင်းတင်း သမီးပျိုလေးတွေကအစ မဖွယ်မရာစကားလုံးတွေကို ထည်လဲသုံးလာတာကို တွေ့ရတယ်။ ဒါပေမယ့် သူတို့ရဲ့ ဆိုလိုရင်းတွေက မရုန်းရင်း မကြမ်းတမ်းတော့ မြင်ရတွေ့ရသူအဖို့ ခပ်ပြုံးပြုံးလေး ဖြစ်စေတယ်။ ဥပမ မေခလာရဲ့ “ရှ” ဆိုတဲ့ သီချင်းစာသားထဲမှာ “စောက်ရေးမပါတာတွေ လာမပြောနဲ့ မျက်ခွက် ဖြတ်ရိုက်ပလိုက်မယ်” ဆိုတဲ့ စာသားမျိုး။ ရုန်းရင်းတဲ့စကားဆိုတာ တဖက်သားကို ပိဿာလေးနဲ့ ပစ်ခံလိုက်ရသလို ရင်ထဲအောင့်သွားတဲ့ စကားလုံးမျိုးကို ဆိုလိုပါတယ်။
ကိုယ်က သမိုင်းဝင် လူမှုကွန်ယက်ပေါ် ရှေးဦးစွာ အပြောခံရဖူးသူမို့ အပြောခံရသူရဲ့ ခံစားချက်ကို သိတယ်။ နားလည်တယ်။ နစ်နာဆုံးရှုံးမှုကို သိတယ်။ လုံးဝ စိတ်ဒဏ်ရာဖြစ်သွားတာနော်။ ကိုယ်မှားမှား ကိုယ်မှန်မှန် အပြောခံရပြီဆိုကတည်းက ဘယ်လောက်ပဲ ရှက်ကြောပြတ်သူ ဖြစ်နေပါစေ အနည်းနဲ့အများ ရင်ထဲ ဆို့သွားရတာပဲ။ အောင့်သွားတာပဲ။ အခုထက်ထိ မှတ်မိနေတဲ့ စကားလုံးတွေ ခေါင်းထဲမှာ စီရရီရှိသေးတယ်။ ဒါကြောင့် နည်းနည်းလေးဖြစ်ဖြစ် အဲဒီနေရာမှာ ငါသာဆိုရင်လို့ တွေးကြည့်ပါ။ ခံစားကြည့်ပါ။ ဆင်ခြင်ကြည့်ကြပါလို့။
အမူအကျင့်ဆိုတာက စွဲလန်းတတ်တဲ့ သဘောလည်းရှိတာမို့ အထုံဖြစ်သွားတာမျိုးလည်း ရှိတတ်ပါသေးတယ်။ ဒါကိုလည်း ကြောက်ကြပါဦး လို့။