ကျွန်တော်က စတီရီယိုခေတ် ရွှေခေတ်လို့ခေါ်ကြတဲ့ ခေတ်ကို မီခဲ့တယ်။ အဲဒီခေတ်မှာ ဆိုရင်ဖြင့် သီချင်းတပုဒ်နားထောင်ခွင့်ရတာ၊ အဆိုတော်အသစ်တယောက်ကို သိခွင့်ရတာက တကယ့် အခွင့်အရေးကြီး။ အဲသည်ခေတ်မှာ Walkman ကလေးတလုံးလောက်ကို ခါးစောင်းချိတ်ပြီး နားကြပ်လေးတပ်ထားရင်ကို တကယ်မိုက်တဲ့ခေတ်ပေါ့။ ကျွန်တော်လည်း Walkman တလုံးလောက်တော့ ပိုင်ဆိုင်ခဲ့ဖူးတယ်။ သို့ပေမယ့် Sony တို့ Panasonic တို့ကို ဘယ်ကိုင်နိုင်လိမ့်မတုန်း။ တရုတ်က ထုတ်တဲ့ Sony လိုလို Panasonic လိုလို နာမည်အတော်ကလေး ဆင်တဲ့ ၃၀၀၀ တန် Walkman အတုနဲ့ပေါ့။ အတုမှာ အောင်တယ် မအောင်ဘူးဆိုတဲ့ စကားကတော့ဖြင့် ရှိသေးတယ်။ ဝယ်ပြီးလို့ ဘယ်လိုသုံးသုံး အကြမ်းခံ တာရှည်ခံဆိုရင် အောင်တယ်ပေါ့။ တခြားနိုင်ငံမှာ ရှိမရှိတော့ မသိပေမယ့်လို့ မြန်မာမှာတော့ အဲလိုလေးတွေ ရှိတယ်။ အောင်တဲ့စက်ကို ဝယ်မိတဲ့အခါ အတုဆိုပေမယ့် ငြိမ့်ငြိမ့်ကလေး ဖြစ်မနေတာကလွဲလို့ နားဆင်သဖို့ အတော်ကလေး အဆင်ပြေတယ်။ ခေတ်စဉ်မီတဲ့လူကလေး ဖြစ်ခွင့်ရခဲ့သပေါ့ဗျာ။
မြန်မာနိုင်ငံမှာတော့ အတုကလေးကို အတုကလေးရယ်လို့ သိပြီးတော့ ကိုင်နိုင်တဲ့ လူတန်းစားတရပ် ရှိပြီးတော့ အတုကိုတောင် အစစ်လုပ်ပြီးကိုင်ရတဲ့ လူတန်းစားလည်း ရှိတယ်။ အစစ်မှ အစစ်ဆိုပြီး ကိုင်ကြတဲ့ လူတန်းစားတရပ်လည်း ရှိသလို အတုကိုတောင်မှ မကိုင်နိုင်တဲ့ လူတန်းစားတရပ်လည်း ရှိပြီး ရှိမှန်းသိတဲ့သူနဲ့ ရှိမှန်းတောင် မသိတဲ့သူတွေလည်း ရှိပြန်ပါတယ်။
ဘီစီ ၆၀၀ လောက်ကနေ လူတစုဟာ အတုဆိုတာတွေကို စတင်ဖန်တီးခဲ့ကြတယ်။ အတု ဆိုတာကို လူတန်းစားတရပ်က အသုံးပြုလာကြတယ်။ ပါးပါးလျလျနဲ့ သက်ဆိုးရှည်လာခဲ့တဲ့ အတုဆိုတာလေးက အရင်ရာစု အဆုံးမသတ်ခင်လေးမှာ အုံနဲ့ကျင်းနဲ့ပေါ်လာတယ်။ အဝတ်အစားအတု၊ စက်ပစ္စည်းအတု၊ မိတ်ကပ်အတုစသော စသော လူ့အသုံးအဆောင်ပစ္စည်း မှန်သမျှ အစစ်နဲ့တကွ အတုတွေ အတုတွေ တန်းစီပေါ်လာတယ်။ အဲလိုပေါ်လာရင်းကနေ အတုဆိုတဲ့ စကားလုံးဟာ လုံးပါးပါးလာခဲ့တယ်။ နောက်တော့ ဈေးသက်သာတာနဲ့ ဈေးကြီးတာဆိုတဲ့ ကွာဟမှုတစ်ခုလောက်ပဲ အတုကဖြစ်သွားပြီး ဂုဏ်တခုတောင် ဖြစ်တာတယ်။ အတုဆိုတာကလည်း တပုံစံတည်းမို့ ထူးမခြားနား။ သုံးလို့ ပြုလို့ကလည်း အဆင်ကို ပြေလို့။
ကမ္ဘာကြီးမှာ အစစ်နဲ့ အတုတွေ သိပ်ပြီး မခြားနားတော့ပေမယ့် ဒါကတော့ဖြင့် အတုပါပဲဆိုတဲ့ အသိကလေးကတော့ဖြင့် လူတိုင်းဆီမှာ ကပ်နေတယ်။ သို့သော်လည်း အဲဒီအသိက မသိစိတ်ထဲမှာသာ ရှိပြီး သိစိတ်ထဲမှာကတော့ဖြင့် အစစ်လို့ တရားသေ ယူဆတယ်။ အတုဆိုတဲ့ စိတ်ကတော့ မသိစိတ်ထဲမှာ သိနေတာဖြစ်တော့ကာ လုံခြုံမှုရှိတယ်ရယ်လို့ကတော့ဖြင့် မခံစားရဘူးပေါ့။ သို့သော်လည်း လုံခြုံခြင်း မလုံခြုံခြင်းကို နောက်ထား အသုံးပြုရဖို့ကလည်း အရေးပါသမို့ အတုရယ် အစစ်ရယ်လို့ သိပ်ပြီးတော့ဖြင့် စိတ်ထဲ ထားမနေတော့ဘူး။ ထားထား မထားထား ပစ္စည်းအသစ်တခု တီထွင်ခံရပြီဆိုတာနဲ့ သူ့နဲ့ပုံစံတူ ဈေးခပ်သင့်သင်ပစ္စည်းလေး တခုလောက် ဘယ်နိုင်ငံကိုဖြစ်ဖြစ် ထုတ်လုပ်စေချင်ကြတယ်။ အစစ်က ဈေးတန်တယ်။ ပိုက်ဆံကို ချင့်သုံးနေရသူအဖို့ ဝယ်ဖို့က မလွယ်ဘူး။ ဒီတော့ ပုံစံတူလေးပဲ ရချင်တယ်။ အတုက ပျော်ပျော်ကြီး သုံးလို့ကောင်းတယ်။ အရမ်းကြီး တန်ဖိုးထားနေစရာ မလို။ ပျက်သွားလည်း နောက်တခုပေါ့လို့ ပေါ့ပေါ့လေးတွေးပြီး သုံးလို့ရတယ်။
ဒီလိုနဲ့ လူတွေဟာ အတုအပေါ် ခုံမင်လာကြတယ်။ နောက်ဆုံး ကမ္ဘာကြီးကိုတောင် အတုတလုံးလောက် ဖန်တီးစေချင်လာကြတယ်။ ကမ္ဘာကြီးအတု မရခဲ့ပေမယ့်လည်း လူတွေအားလုံး အာသာပြေလောက်တဲ့အထိ ဘဝအတုတွေကို ရရှိလာခဲ့ကြတယ်။ ဈေးစကားပြောစရာ မလိုဘူး။ အင်မတိအင်မတန်လည်း ဘဝအတုတခုကို ရယူဖို့ လွယ်သမှ လွယ်လွယ်လွယ်ကို မြည်လို့။ ပြီးတော့ ဘာမှ သိပ်မလိုဘူး။ လူတယောက်ရဲ့ ဘဝအတု တစ်ခုရဖို့အတွက် ဖုန်းတစ်လုံးရှိပြီး Application တခု နှစ်ခုလောက် ထည့်ထားလိုက်ရုံနဲ့ ဘဝတစ်ခုလို့ မျက်စိစုံမှိတ် တင်စားလို့ရတဲ့ platform ကြီးတွေ။ နည်းပညာတော်လှန်မှုကြီးဆိုတဲ့ ခေါင်းစဉ်အောက်မှာ 2003 ခုနှစ်လောက်က Zuckerberg ဆိုတဲ့ လူငယ်လေးတယောက် ဖန်တီးပေးလိုက်တဲ့ Facemash ဆိုတာကြီးရယ် (အခုတော့ facebook ပေါ့) အခုထိ ကြော်ငြာဘုတ်ပုံစံကနေ မလျောကျသေးတဲ့ Twitter ဆိုတာကြီးရယ်က လုံးဝလုံးဝကို ကျွန်တော်တို့ ပိုင်ဆိုင်ခွင့်ရတဲ့ ဘဝအတုကြီး တခုပါပဲ။ ဘဝအတုကြီးဆိုပေမယ့် လက်ရှိဘဝတခုလို ပြုစုပျိုးထောင်ပေးရတယ်။ ပြောရရင် တလောက ကျွန်တော်တောင်မှ ငါ့ Facebook Account ကြီး Active ဖြစ်နေသေးကြောင်း သိစေချင်လွန်းတဲ့အတွက် ကိုယ်နဲ့လည်း ဘာမှမဆိုင်တဲ့ Wonder Woman ဇာတ်ကားကြီးအကြောင်းကို တင်ပြလိုက်ရသေးတယ်။ မဟုတ်ရင် သေနေတဲ့ အကောင့်တခုအဖြစ် သတ်မှတ်ကြပြီး လက်ရှိ အဲဒီအပေါ်မှာ သူငယ်ချင်းဖြစ်နေကြသူတွေ unfriend လုပ်သွားမှာစိုးလို့။ ဘဝအတုဟာ ဘယ်၍ဘယ်မျ အရေးပါသလဲဆိုရင် နိုင်ငံတော်ကြီးကတောင် လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ၆၆ (ဃ) ဆိုပြီး ဥပဒေကြီးတခု ထုတ်ပြန်ပြဋ္ဌာန်းရတဲ့အထိပါပဲ။ နောက်ဆုံး ကမ္ဘာလူတွင်ကျယ်ကြီးလုပ်နေကြတဲ့ သမ္မတတွေ ဝန်ကြီးချုပ်တွေ ဘာသာရေးခေါင်းဆောင်တွေတောင်မှ အသုံးပြုရတယ်။ လူဆိုတာ သွေးနွေးသတ္တဝါတမျိုးဖြစ်တာကြောင့်ရယ် မြတ်စွာဘုရားက ပါပသ္မိံ ရမတိ မနောလို့ ဟောထားတာကြောင့်ရယ်ကြောင့် animal instinct နဲ့ ဘဝအတုကို အသုံးပြုကြသူ ရှိသလို မိမိရဲ့ ဖြစ်တည်မှုကို ပြချင်ကြသူနဲ့ ကောင်းရောင်းကောင်းဝယ်နဲ့ မွန်မွန်ရည်ရည် အသုံးပြုနေသူလည်း ဒုနဲ့ဒေးပါဝင်ပါတယ်။ Zuckerberg ကြီးတယောက် ၂၀၁၁ မှာ The Year of person ဖြစ်ချိန်မှာတောင်မှ Facebook ကို အသုံးပြုသူပေါင်း သန်း ၈၀၀ ရှိခဲ့တယ်။ ခုချိန်မှာ အသုံးပြုခွင့် ပိတ်ပင်ခံရတဲ့ တရုတ်၊ အီရန်၊ ဆီးရီးယားနှင့် မြောက်ကိုးရီးယားမှာတောင် ခိုးသုံးတဲ့သူတွေ ရှိနေနိုင်တယ်။ Facebook ဆိုတဲ့ လူတွေရဲ့ ဘဝအတု တခုကို ကြည့်ရင်း ကျွန်တော် သူ့ကို ကူနီကျော့စံကွန်းလို့ အမည်ပေးမိတယ်။
သဘင်သည်တွေ သူတို့ သဘင်အဖွင့်မှာ ဆိုကလေ့ရှိတဲ့ အပျိုတော်နတ်ချင်းထဲက စာသားပါ။ အဲဒီ နတ်ချင်းထဲက စာသားတွေက လူတွေအသုံးပြုနေကြတဲ့ ဘဝအတုဖြစ်တဲ့ Facebook နဲ့ သွားတူနေတယ်လို့ ခံစားရလို့ပါ။ ကြံတိကြံဖန်ဆွဲတွေးတယ်ရယ်လို့ ပြောချင်လည်း ပြောပေါ့ဗျာ။ နတ်ချော့တေးဖြစ်တဲ့ နတ်ချင်းထဲက စာသားများကိုသာ နှိုင်းယှဉ်ပြမှာမို့ သူတို့ဇာတ်ကြောင်းကို ခဏမေ့လိုက်ကြပါစို့ရဲ့။
လာဗျာ။ ကြည့်ကြရအောာင်။
“ခုနှစ်ခွေ သီတာရေမှ ပတ်ခါဆင်း၊ သာတောင့်သာတယ်လေ့.. နတ်ပြည်သနင်း”
စမ်းချောင်းပေါင်း ခုနှစ်ခုတောင်မှ ပတ်ပြီးတော့ ဆင်းလာတဲ့ အဲဒီကူနီကျော့စံကွန်းလေးဟာ သာယာလိုက်သမှ နတ်ပြည်လားလို့တောင် မှတ်ယူရတယ်လို့ ဆိုထားတယ်။ Zuckerberg ကြီး သူ့ဝက်ဆိုက်ဒိုမိန်းကို ၈ သန်းခွဲနဲ့ ဝယ်ပြီးနောက် သူပြင်ဆင်ထည့်လိုက်တာ အခုဆို Facebook သုံးရင်ကို တကယ့်နတ်ပြည်ရောက်နေသလောက် ဇိမ်ရှိနေရော။
” ဘုန်း ဘုန်းတန်း တေဇာ ဖြာဖြာရောင်လင်းပါလို့ မင်း မင်းမြတ် ထွဋ်ခေါင်မွှေ”
ကိုယ့် Wall မှာ ကိုယ်က ဘုရင်ပဲလေ။ မဟုတ်တာများလာရေးလို့ကတော့ Block တာ Unfriend လုပ်တာ ကိုယ်ပိုင်တယ်။ ကိုယ့်အကြောင်း ကိုယ်တင်လိုက်တာများ ဘုန်းတန်းတေဇာတွေ ဖြာလို့။
” အတူလေးရယ်တဲ့ ယှဉ်ကာပြိုင် ပန်းမွေ့ရာ ရွှေကော်ဇော ရောနှောလို့ထိုင်”
ဘယ်သူနဲ့ ယှဉ်မလဲ။ တကယ်ပဲ ပန်းမွေ့ရာ ရွှေကော်ဇော်ပေါ် ထိုင်ရတဲ့အတိုင်း။ ရွှေကော်ဇောက ဘယ်လောက်အထိလဲဆိုရင် ကော်ဇောနီကိုပါ တက်ပြီးခလုတ်တိုက်တဲ့အထိ။
” ပျိုတိုင်းကြိုက်ပါတဲ့ နှင်းဆီခိုင်၊ ဝေတောင်းပိုက်တဲ့အဖွဲ့တော်သား ဝေးရာကရှား”
ဘယ်သူ မကြိုက်သလဲ။ ကြိုက်လွန်းလို့ အကောင့်ကို နှစ်ခု သုံးခုဖွင့်ထားတာတောင် ရှိပါသေး။ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဆိုတဲ့ ရူပကအလင်္ကာတောင် နည်းနည်းနိမ့်သွားတယ်။ တကယ်တမ်း နတ်ချင်းထဲပါတဲ့ စာသားလို ဝေတောင်းပိုက်တဲ့ ဒီအဖွဲ့တော်သားကို ဝေးရာက ရှားသင့်တာ။ သို့ပေမယ့် ဘယ်သူများ ရှောင်နိုင် ရှားနိုင်လို့လဲ။
“သန်းခေါင်ကို နေ့မှတ်ပါလို့ အရပ်ကလေးကိုတဲ့ အားမနာ၊ မသောက်ရရင် သီလဆောက်တဲ့ ကိုးကျောင်းဒကာ”
သူများဆီမှာ မှတ်ချက်သွားပေးတာတွေ သတင်းတခုကို ထင်ကြေးနဲ့ ဝေမျှတာတွေကိုကြည့်များ ကြည့်လိုက်ရင် သန်းခေါင်ကို နေ့မှတ်ကြသူချည်း။ တကယ်ပဲ။ အရပ်ကလေးကိုမှ အားမနာ။ တလောက Trump တယောက် FB က သမ္မတသက်တမ်းအတွင်း Twitter က ရာသက်ပန် ပိတ်လိုက်တာကို တွေ့ရတယ်။ သူတို့ ကိုးကျောင်းဒကာ လုပ်နေမယ်ထင်ရဲ့။
“သောက်တော်ဘူးရယ်တဲ့ ကိုယ်မကွာ၊ မင်းကျော်စွာလို့ မကျော်လား၊ ဝေးရာကရှား”
မင်းကျော်စွာလို့ မကျော်လားတဲ့နော်။ နောက်ထပ် ရှောင်ခိုင်း ရှားခိုင်းပုံက။
“ချစ်လို့ရယ်တဲ့ ခင်မင် ယဉ်ရှာရော့သလား၊ ကိုကြီးကျော်ရေ (ဗျို့…..) မောင်ကြီးကျော်ရေ (ဗျို့……) ဤဇဗ္ဗူမှာ ပြိုင်ဖက်ရှား မိုးကျနတ်သား”
မရှိမနေနိုင်။ မသုံးရမနေနိုင်လို့ ရူးလုနီးနီးဖြစ်ပြီး သုံးလို့ အဆင်မပြေတော့ရင်ကို ‘အမလေး ငါ့ facebook account ဘာဖြစ်နေလဲ ကြည့်ပေးပါဦး’ လို့ တတ်သိနားလည်သူဆီ ပြေးကြရတာလည်း အမော။ ယဉ်ရုံပါမကဘူး။ ရူးခါ ပါတယ်။ anti Facebook တွေပေါ်ခဲ့ပေမယ့်လည်း အလုပ်မဖြစ်ခဲ့ဘူး။ ချောင်းကြည့်ခံနေရပါတယ်လို့ ကြေငြာလည်း အေးဆေးပဲ။ တကယ် တကယ်ပါပဲ။ Facebook ဟာ ပြိုင်ဘက်ရှားတဲ့ မိုးကျနတ်သားအလားပါပဲ။
“ညနေ ညနေ စည်တယ်လေ၊ ကူနီကျော့စံကွန်း၊ ကိုကြီးကျော် ပလီလွန်းတယ်၊ ဆေးရှိုက်တဲ့ကျွန်း”
ညနေမှမဟုတ်ပါဘူး။ ၂၄ နာရီစည်နေတာ။ ဘယ်လောက်စည်သလဲဆိုရင် တစ်စက္ကန့်အတွင်းမှာတောင် ပိုစ့်တင်သူပေါင်း ၅၄၉၇၇ ပိုစ့်ရှိတယ်။ တကယ်တမ်းကျတော့ ကိုကြီးကျော် ပလီတဲ့အတိုင်း ဘဝအတုကြီးက ကျွန်တော်တို့ကို ပလီလွတ်လိုက်တာပါပဲ။ ကျွန်တော်တို့ ဆေးစွဲသလို စွဲခံရတာ။ သုရာ မေရယ မပါတဲ့ မဇ္ဇပမာဒဌာန ကြီးတခုပေါ့။ ကူနီကျော့စံကွန်းဆိုပြီး ကိုးကျောင်းဒကာကြီး ပလီလွတ်ခဲ့တဲ့ မေ့လျော့ခြင်းအကြောင်းကို ဖြစ်စေတဲ့ မူးယစ်ဆေးတမျိုးကြီး။ လက်ရှိဘဝကို သေမင်းတယောက်တည်း ပိုင်ပေမယ့် ဘဝအတုကတော့ လူဘယ်နှစ်ယောင်တောင် ပါဝင်ဖွဲ့စည်းထားလဲ မသိရတဲ့ အဖွဲ့တဖွဲ့ရဲ့ ကလစ်တချက်ပါပဲ။ အဲဒီအခါ ဘဝအတုဆိုတော့ သီလလေး ဘာလေးဆောက်နေကြပေါ့။
စာကြွင်း။ ။ ကူနီကျော့စံကွန်းကနေ ဆေးရှိုက်ပေးကြပါဦးလို့။