ပြုံးလို့ရယ်လည်း ဒီမျက်နှာ
ငိုကာ ရှိုက်လည်း ဒီမျက်နှာပဲ
(တဒင်္ဂထဲက တခဏဘဝ၊ ခွန်သန်းထွန်း)
ခွန်သန်းထွန်းသီချင်းများစွာထဲက ဒီ “တဒင်္ဂထဲက တခဏဘဝ” သီချင်းထဲက စာသားလေးကို စိတ်ထဲကနေ ခဏခဏရွတ်နေမိတယ်။ ဟုတ်တယ်။ လူတယောက် ပြုံးတာဖြစ်ဖြစ်၊ ငိုတာဖြစ်ဖြစ် ဒီမျက်နှာကနေပဲ လုပ်လို့ရတယ်။ ပြီးတော့ ပျော်နေသလား ဝမ်းနည်းနေသလား သိချင်ရင်လည်း ဒီမျက်နှာကိုပဲ ကြည့်တယ်။ ဒီလူရဲ့ သွင်ပြင်ကနေ စရိုက်ကို အများဆုံး ခန့်မှန်းကြတာကလည်း ဒီမျက်နှာကနေပါပဲ။ လှတယ် ရုပ်ဆိုးတယ်ကိုလည်း ဒီမျက်နှာကနေ ကြည့်ကြတာပဲ။ မျက်နှာက အရေးကြီးလွန်းလို့ အလှထုတ်ကုန်ရဲ့ ၉၀ ရာခိုင်နှုန်းဟာ မျက်နှာအတွက်ချည်းပါပဲ။ လူတယောက်အတွက် မျက်နှာဟာ အခရာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်တော့ မီးရှို့လိုက်မိတယ်။ မြန်မာ ခရိယာန်အများစုက Jesus မွေးတဲ့လကို ဂုဏ်ပြုတဲ့အနေနဲ့ Sweet December လုပ်တဲ့နေ့မှာပဲ ကိုယ့်မှာ Hot December ဖြစ်သွားခဲ့ရတယ်။
ဆရာတော် ဦးဗုဓ်ကတော့ မယ်နုကို “သူ့ကြွေးရှိရင် ဆပ်ရမယ်ပ မယ်နု” လို့မိန့်တော်မူတယ်။ ဗုဒ္ဓဝင်တွေထဲမှာ မီးလောင်အားကောင်းလွန်းလို့ မီးတွေက အကွင်းလိုက် အကွင်းလိုက် အပေါ်ကို လွှင့်လွှင့်တက်သွားတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မီးကွင်းတခုဟာ ပျံလာတဲ့ ကျီးကန်းတကောင်လည်ပင်းနဲ့ ကွက်တိတက်စွပ်မိလို့ ကျီးကန်းခမျာ မီးလောင်သေရရှာတယ်။ နောက်တခုက ပင်လယ်ထဲ ရွက်လွှင့်နေတုန်း လှေက ဘယ်လိုမှ မသွားတော့လို့ ကံဆိုးတဲ့သူ ပါလာလို့ထင်တယ်ဆိုပြီး မဲစနစ်နဲ့ လုပ်လိုက်တာ မဲသုံးခါလုံးကျတဲ့ လှေသူကြီးဇနီးကို အိုးထဲသဲအပြည့်ထည်ပြီး ရေနစ်သတ်လိုက်ရတယ်။ နောက်တခုက ရဟန်းတပါးဟာ ခရီးသွားရင်း မိုးရွာလို့ ဂူထဲ ခဏလေး ဝင်မိပါတယ်။ အပေါ်က ကျောက်တုံးကြီး ကျလာပြီး ဂူကြီးကို ပိတ်လိုက်သလို ဖြစ်သွားလို့ ခုနှစ်ရက်လောက် နေလိုက်ရတယ်။ ဒါက ထင်ရှားတဲ့ သာဓာကတွေ။ အများကြီး ကျန်သေးတယ်။ ပြောချင်တာက ဝဋ်မှာအမြဲ ဆိုတဲ့အတိုင်းပါပဲ။ အမြဲဆိုတော့ ရှောင်လို့ တိမ်းလို့မရဘူးပေါ့။
ဦးဂျေ အမှိုက်ကို ဓာတ်ဆီအများကြီးလောင်းပြီး မီးရှို့တာ သူ့ကို လောင်သွားလို့ ဆေးရုံတက်နေရတယ်လို့ ပြောတာ။ ဘယ်သူမှ မယုံဘူး။ ဟုတ်တယ်လေ။ ယုံစရာလား။ ကိုယ့်ကျောင်းမှာ ဘယ်တုန်းက သူများကို မီးရှို့ခွင့်ပေးဖူးလို့လဲ။ မီးရှို့ခွင့်မပေးတဲ့အပြင် မီးရှို့တဲ့သူဆိုရင် ဆူရုံမကဘူး ဆဲပါ ဆဲတတ်တာကို။ ကျောင်းက ဦးဇင်းတွေ ကိုရင်တွေ သစ်ရွက် သစ်ခက်အမှိုက်ကို မီးရှို့တိုင်း အမှိုက်ကို ဒီတိုင်းထားလို့ မင်းအိပ်ယာပေါ် တက်လာနေလို့လား စတာမျိုးတွေပြောပြီး တားနေကျ။ ခုတော့ ဘယ့်နှယ်။ ကိုယ်တိုင်ကြီး အမှိုက်စိမ်းစိုစိုကြီးကို မီးရှို့ချင်စိတ် ပေါက်ရတယ်လို့။ ဖြစ်ချင်လာတော့ အဲဒီနေ့ တစ်နာရီမှာ ကလေးတွေကို စာသင်တယ်။ စာသင်ရင်း ကလေးတွေက ပျင်းနေလို့ Brain Gym တွေချည်း သူတို့နဲ့ ဆော့နေလိုက်တယ်။ သူတို့ဆင်းသွားတော့ ဝှိုက်ဘုတ်ရှေ့မှာပဲ တုံးလုံးကြီး အိပ်ချလိုက်တယ်။ ဒါပေမယ့် ငါပျင်းနေလို့ မဖြစ်ချေဘူးလို့တွေးပြီး ဓားရှည်ထမ်းပြီး ချုံရှင်းတာ။ အဲဒီမှာ ဂွမ်းတာပဲ။
စာရေးဆရာမ ဒေါ်ခင်နှင်းယုနှင့် ဆရာအောင်သင်းတို့ရဲ့ စာပေဆွေးနွေးပွဲ ဆောင်းပါးတပုဒ်မှာ ဖတ်ဖူးတာက လူတယောက် အပြစ်ဒဏ်ခံရတာက ရှေးကံကြောင့်ချည်းလားလို့ မေးထားတာမျိုး ရှိဖူးတယ်။ ချက်ကျလက်ကျကြီး မမှတ်မိတော့ပေမယ့် ရှေးကံချည်းကြောင့်မဟုတ်ဘူးလို့ ဖြေထားတယ်။ လူတယောက် အပြစ်ဒဏ်ခံရတာ (၁) ကိုယ်ညံ့လို့၊ (၂) ဒုက္ခပေးမယ့်သူကို ရွေးပေါင်းမိလို့ (၃) ဝန်းကျင်က ညံ့လို့ (၄) ရှေ့က ပြုခဲ့ဖူးတဲ့ကရှိလို့ ဆိုပြီး ပြုခဲ့ဖူးတဲ့ကံကြောင့်က နောက်ဆုံးမှ ထည့်သွင်းထားတာ တွေ့ဖူးတယ်။ (ဒီအတိုင်း ဟုတ်ချင်မှ ဟုတ်မယ်ဖြစ်သော်ငြား ဒီသဘောလေးလောက်တော့ဖြင့် မှတ်မိတယ်) ။ ဒီတော့ ဒီဖြစ်စဉ်မှာ ကိုယ်ညံ့လို့ဆိုတဲ့ နံပါတ် (၁) တချက်နဲ့ ကိုယ့်ကိုယ်ကို ကောက်ချက်ချတယ်။ ဓာတ်ဆီဟာ ဘယ်လောက်ထိ မီးကူးစက်လွယ်သလဲ ဆိုရင် ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီဖြည့်နေ့တုန်း ဖုန်းလာလို့ ဖုန်းကို လက်ခံလိုက်ရင်ကိုပဲ မီးကူးစက်နိုင်တဲ့ အနေအထားမှာ ရှိတယ်။ ဒါဆို ဖုန်းဝင်လာတဲ့အခါ မီးဘယ်လောက်ထိ ပွင့်လို့လဲ။ ဖုန်းဝင်လာတဲ့အခါ ပွင့်တဲ့မီးပွင့်ဟာ သာမန်မျက်စိနဲ့တောင် မမြင်နိုင်လောက်အောင်အထိ သေးငယ်ပါတယ်။ မီးပွင့်သွားတဲ့ အချိန်ကာလကလည်း အရမ်းတိုပါတယ်။ ဒီလို သာမန်မျက်စိနဲ့ မြင်လို့တောင် မရနိုင်တဲ့အနေအထား မီးပွင့်လေးရယ် တိုတောင်းလှတဲ့အချိန်လေးရယ်နဲ့တောင် မီးလောင်နိုင်တဲ့ အနေအထားမှာ ဓာတ်ဆီ တလီတာလောက်လောင်းထားတဲ့ အမှိုက်ပုံကြီးနား ထိုင်ပြီး စိမ်ပြေနပြေ မီးထိုင်ရှို့ရဲတဲ့ ကိုယ့်ရဲ့ သတ္တိက ဘယ်လောက်ထိ ကောင်းလိုက်သလဲ။ တပင်ရွှေထီးရဲ့ သူရဲကောင်း ဗလရဲထင်လား။
“ဝုန်း ဆို ဗုံးပေါက်သလို အသံကြီးကြားလို့ အရှင်ဘုရားကို ကြည့်လိုက်တော့ ဗွက်တောထဲ မှောက်လျက်လဲကျတဲ့ ကလေးလို လူးလဲနေပြီ” တဲ့။ အနီးရှိ ဦးပဇင်းက ပြောတယ်။ ဘာမှ မဖြစ်လောက်ဘူးလို့ ထင်ပြီး ခရမ်းချဉ်သီးလေးနဲ့ မီးလောင်တာကို လိုက်လူးရင်း အရေပြားတွေ လန်လာတယ်။ ဟာ မဖြစ်သေးဘူးဆိုပြီး စက်ရုံက Man Nurse ကို ခေါ်တယ်။ သူရောက်လာတော့ ဆေးရုံသွားမှဖြစ်မယ်။ အိုခေ။ ကိုယ့်စိတ်ထဲ အဲလောက်ကြီး ထင်မထားဘူး။ ဆေးရုံရောက်တော့ အနာတွေ စပ်ဖျဉ်းဖျဉ်းဖြစ်လာပြီ။ ဆရာဝန်က ဆေးရုံတက်ရမယ့်လူနာပဲဆိုတာနဲ့ သူနာပြုက ပန်းရောင်လိပ်ပြာအပ်လေး လက်ခုံမှာလာထိုးတော့တာကိုး။ ဆေးလည်းလိမ်းရော အမလေး စပ်လိုက်တာဆိုတာမျိုး။ ညလည်းရောက်ရော အိပ်မရတော့ဘူး။ ကုတင်ခြေရင်းနားက လူနာမှတ်တမ်းကို လှန်ကြည့်မိတော့ စတက်တဲ့နေ့ သွေးပေါင်ချိန်က ၁၇၀/၁၁၀ တဲ့။ အမလေး တခုခုကြောင့် ဦးနှောက်သွေးကြောပြတ်ကြတာ ဒါမျိုးကိုးလို့ တွေးမိတယ်။ ကိုယ့်မှာ ၁၁၀/၇၀ ကို ကျော်တယ်လို့မှ သိပ်မရှိဖူးတာကြီးကို။
ည အိပ်လို့မရတော့ အတွေးတွေ စုံရော။ လက်ပန်းတောင်းတောင်မှာ ဆန္ဒပြတဲ့ သံဃာကို ဖော့စဖော့ရပ်ပါတဲ့ ဗုံးတမျိုးနဲ့ ဖြိုခွင်းရာမှာ မီးလောင်မှုဖြစ်သွားပြီး မီးလောင်ခံရတဲ့ သံဃာတော်တွေရဲ့ ဒဏ်ရာက ကိုယ့်ထက်ပြင်းတယ်။ စစ်ရှောင်ရင်း မိုင်းနင်းမိတဲ့ လူတွေဆိုရင် ဘယ်လိုတောင်မှ ဆိုးလိမ့်မလဲ။ ကုသလို့ မရနိုင်တဲ့ နေရာမှာဆိုတော့ ကိုယ့်ထက်ဆိုးတယ်။ ဘာလို့များ တနိုင်ငံထဲနေပြီး ကိုယ်အင်အားကြီးတိုင်း ကိုယ့်ဝါဒကို လိုက်နာရမယ်လုပ်ရင်း စစ်ပွဲတွေ အများကြီး ဖန်တီး တက်သစ်စလူငယ်လေးတွေ ဒဏ်ရာတွေနဲ့ တိုင်းပြည်ကိုတည်ထောင်နေတာကိုတွေးမိတယ်။ သူတို့တွေ အကြောင်းမဲ့ အပြစ်မဲ့ နာကျင်ကြရတာပဲ။ ဒီလိုလေးတွေးမိတော့ ဒဏ်ရာလေး နည်းနည်းသက်သာတယ်။ ဒါပေမယ့် ဆေးထည့်ချိန်ဆိုရင် ကိုယ့်မှာ ငါးရံ့တွေပဲ ပြေးမြင်တယ်။ အရှင်လတ်လတ် အရေခွံခွာပြီး ဆားနဲ့နနွင်းကို အသိပ်ခံရတဲ့ ငါးရံ့။ ကိုယ့်မှာ ဖျတ်ဖျတ်ကိုလူးလို့။
ဆေးရုံတက်တဲ့ ခြောက်ရက်အတွင်း ဆရာဝန် လေးယောက် Round တာကိုတွေ့ရတယ်။ ခပ်ငယ်ငယ် ဆရာဝန်မလေး နှစ်ယောက်နဲ့ ခပ်ရွယ်ရွယ်ဆရာဝန်နှစ်ယောက်ပါ။ ဆရာဝန်နှစ်ယောက်ထဲမှာ တယောက်က ဟာသဉာဏ်တော်တော်ရွှင်တယ်။ ကိုယ်တက်နေတဲ့ ဆေးရုံဆောင်က ထူးခြားလူနာတွေ ထားတဲ့အဆောင်။ ထူးခြားလူနာတွေနဲ့ ဆရာဝန်ဟာ ထူးခြားဖြစ်စဉ်ကို အကြောင်းပြပြီး ထူးခြားတဲ့ ဟာသလေးတွေ ပြောသွားတယ်။ ဆရာဝန်သာ ပအိုဝ်းလို ပြောနိုင်မယ်ဆိုရင်တော့ လူနာနဲ့ လူနာစောင့်တွေလည်း ရယ်ကြမယ်ထင်ပါရဲ့။ ခုတော့ သူ့နောက်လိုက်တဲ့ ဆရာဝန်လောင်းနဲ့ သူနာပြုလေးတွေပဲ ရယ်သွားကြတယ်။ နောက်တချက် ဆရာဝန်တွေ သူနာပြုတွေဟာ Social media ကြောင့် ယဉ်ကျေးလိမ္မာသွားကြတာကိုလည်း နည်းနည်းလေးပြုံးမိတယ်။ ကိုယ့်ရဲ့ တဖက်သတ် စွပ်စွဲချက်ကြီး ဖြစ်ရင်လည်း ဖြစ်နေမှာပေါ့။ တွန်းထိုးနေရတဲ့ ခေတ်မှာ ကိုယ့်ကိုယ်ကို ပြုတ်ထွက်သွားအောင် ထွန်းထိုးလို့ မဖြစ်တော့တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။
ဒါပေမယ့် ကိုယ့်မှာ ဟောဒီ Covid-19 ကြီးကြောင့် ဆေးရုံမှာ သက်သာစပြုတာနဲ့ ဆင်းလာခဲ့ရတယ်။ ဗြဲ။