သတင်းမျိုးစုံနှင့်အတူ ကောလဟာလတွေ တင်းကြပ်မှုတွေ ဖြေလျှော့မှုတွေ ပြည့်ပြည့်လာတဲ့ ကိုဗစ်ကာလမှာ Screen ပြားအမျိုးမျိုးအပေါ် စက္ခုပသာဒကို ဖြုန်းတီးလိုက်တာ ခါးနာလာသလို ဇက်ကြောတွေလည်း တင်းလာတယ်။ ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းပုံက နေရင်းထိုင်ရင်း ငြီးစီစီကြီးဖြစ်လာတယ်။ ငါ hiking လုပ်တာမျိုးတစ်ခုခု လုပ်ရမယ်လို့ တွေးမိတယ်။ ဒါနဲ့ သူငယ်ချင်းတပါး ခဏခဏ ခေါ်တဲ့ ပွန်ချောင်းဘက် ရေသွားချိုးရင် လျိုထဲဆင်းရမယ်။ အပြန်မှာ တောင်ကို နှစ်နာရီလောက်တက်ရမယ်ဆိုတဲ့ နေရာတစ်ခုကို သွားသတိရတယ်။ ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်အစပ်ဖြစ်တဲ့ ပွန်ချောင်းနဲ့ အနီးဆုံးရွာဖြစ်တဲ့ ထီထုဲင်ထိုး (မြန်မာလို ထီထိုက်ထိုး လို့ရေးထားပါတယ်။ ဒီလောက်ရေးထားတာ မဆိုးဘူးလို့ ဆိုရမယ်။ တချို့ရွာတွေဆို မြန်မာလို ခေါ်ရခက်တာနဲ့ အနီးစပ်ဆုံး ရွာနာမည်ကို ပြောင်းလိုက်တာမျိုး သို့တည်းမဟုတ် ရွာနာမည်နဲ့ လုံးလုံးလျားလျား မဆိုင်တဲ့ နာမည်တစ်ခု ထပ်မည့်လိုက်တာမျိုး လုပ်လိုက်တာမျိုး တွေ့ရတတ်တယ်။ တခါခါ ရွာနာမည်က တော်တော်ဆိုးသွားတယ်။ မုဲင်းကင် ဆိုတဲ့ရွာကို မိုက်ကန်း ဆိုပြီး ရေးလိုက်တာမျိုး။) ဆိုတဲ့ ရွာဆီကို ခရီးထွက်လိုက်တယ်။ ကိုယ့်နေရာကနေ နေ့ခင်း ၁၂ နာရီမှာ စထွက်လိုက်တာ သူတို့ရွာကို ညနေ ၃ နာရီမှာ ရောက်တယ်။ ရွာကတော့ တခါက စော်ဘွားတွေကြီးတွေကို ရှောင်ဖို့ ပြေးရင်း လွားရင်း တည်ခဲ့တဲ့ရွာဖြစ်တဲ့အတွက် ချောင်ထဲမှာ ရှိတယ်လို့ ပြောရမယ်။ ရွာကတော့ ပအိုဝ်းတွေ ထုံးစံအတိုင်း အိမ်ကြီးရခိုင်တွေနဲ့ပေါ့။ သို့သော် ရေရှားပါတယ်။ အိမ်တိုင်းမှာ မိုးရေလှောင်ကန်ရှိတယ်။ အရင်တုန်းကတော့ မိုးရေနှင့်လောက်င ပေမယ့် ခုတော့ မိုးနည်းလာတာရယ် နွေမှာ အရမ်းပူတာရယ်ကြောင့် ရေတွေ မလောက်ငတော့ဘူးလို့ ပြောပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် ဘေးရွာကနေဖြစ်ဖြစ် ဆီဆိုင်မြို့ပေါ်က အနုပညာရှင်တွေဖြစ်ဖြစ် အနယ်နယ်အရပ်ရပ်က ပရိဟတသမားတွေဖြစ်ဖြစ် လာလှူတဲ့ ရေကို သောက်ဖို့ လုံငရုံ သုံးနေကြရပါတယ်။ တိုင်းရင်းသားတွေ ပီပီ သို့တည်းမဟုတ် တမူးရလို့ တပဲ လူချင်ကြတဲ့ လူတွေပီပီ ရေချိုးဦးမလားလို့ မေးကြပါတယ်။ တလောကမိုးရွာထားလို့ ရေတွေ ရှိပါတယ်တဲ့။ ဘယ်ချိုးရက်ပါ့မလဲ။ ခုထိ မုတ်သုန်က ဝင်သေးတာမှ မဟုတ်တာ။ မုတ်သုန်ဆိုတာက မတ်လကနေ စက်တင်ဘာလအထိ နေရဲ့ အပူရှိန်ကြောင့် ဖြစ်ပေါ်တယ်။ သို့သော်လည်း အခုက မတ်လကနေ ဇွန်လလောက်အထိက မုတ်သုန်လေတိုက်ခတ်ဖို့ မသေချာတော့ဘူး။ ဒီနှစ်တော့ ဇွန်လပထမပတ်လောက်ကတည်းက မုတ်သုန်ဝင်နိုင်တယ်လို့ ပညာရှင်တွေ ပြောထားကြပေမယ့် ခန့်မှန်းက ခန့်မှန်းမို့ တပါးသူ လာလှူမှ သုံးရတဲ့ သူတို့တွေရဲ့ ရေကို မဖြုန်းရက်ဘူး။
ရွာက ဖုန်းလိုင်းလည်း မမိပါဘူး။ ရွာရဲ့ ဖုန်းလိုင်းမိတဲ့နေရာက ရွာနှင့် နှစ်မိုင်လောက်ဝေးတဲ့ နေရာလေး တနေရာရှိတယ်။ အဲဒီနေရာက ဖုန်းလိုင်းမိတယ်ဆိုတာ သေချာစေတဲ့ သိသာစေတဲ့ အချက်ကတော့ အဝေးကနေကြည့်တာနဲ့ တန်းသိတယ်။ လူငယ်လေးတွေ ကိုယ်စီ စုပြီး ဖုန်းတွေ ပွတ်နေကြလို့ပဲ။ ရွာကသာခေါင်တာ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ ပါရဒိုင်းမှာ ယိင်းခါရတာပါပဲ။ ကောင်လေးတွေ ကောင်မလေးတွေက အများအားဖြင့် မြို့ကြီးပြကြီးကနေ ကိုဗစ်ကြောင့် ပြန်လာတဲ့သူတွေ များပါတယ်။ တချို့က ပြန်သွားဖို့ စိုင်းပြင်းနေကြပါပြီ။ သူတို့တွေ ဗမာစကားကို ဗမာလိုပြောတတ်တယ်။ ဗမာစကားကို ဗမာလိုပြောတတ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ရန်ကုန်တို့ မန္တလေးတို့လို မြို့ပြကြီးမှာ မနေခဲ့ရင် ရှမ်းပြည်ဘက်က ပြောတဲ့ ဗမာစကားက အတော်သိသာပါတယ်။ ပညာရေးက ဆွဲခါရမ်းလိုက်တဲ့ သူတို့အသိတွေမှာ ဖွံ့ဖြိုးရေး လိုအပ်တယ်၊ ငါတို့တွေ တိုးတက်မှ ဖြစ်မယ်ဆိုပြီး အဆင်ပြေနေတဲ့ သူတို့ရဲ့ မူလဘဝကနေ စွန့်ခွါချင်နေကြပါပြီ။ ရေရှားလာတာတော့ အဆင်မပြေဘူးပေါ့လေ။
နောက်တစ်ခု ထူးဆန်းတာက ရွာဘေးမှာ သံလမ်းရှိပါတယ်။ စဖောက်ပြီးကတည်းက ရထားမပြေးခဲ့ပါဘူးတဲ့။ စလီဖာတုန်းတွေ ဆွေးမြေ့နေပါပြီ။ တချို့နေရာမှာဆို ဇလီဖာတုံးတွေ မရှိတော့ပါဘူး။ ရထားလမ်းတလျှောက်တော့ ချုံနွယ်ပိတ်ပေါင်းနဲ့သာ ပိတ်နေပြီး လူတွေ ဖြတ်သန်းသွားလာတဲ့ နေရာတချို့တွေမှာသာ နည်းနည်းပါးပါး သံလမ်းရုပ်ပေါက်ပါတယ်။ ရထားသာ ပြေးဆွဲခဲ့မယ်ဆိုရင် သူတို့နားလေး ဘူတာတစ်ခုထားပြီး ရေတွေ တင်ပို့လို့ရရင် သိပ်ကောင်းမှာပဲလို့တော့ တွေးမိတယ်။ (တွေးမိတယ်ဆိုတာ စိတ်ကူးယဉ်တာ ဖြစ်ပါတယ်။ လုပ်မယ်လို့ ပြောတာ မဟုတ်ပါဘူး။ နိုင်ငံတော် အတိုင်ပင်ခံကြီးက စကားပြောတဲ့အခါ တွေးမိတယ်လို့ ခဏခဏ သုံးသုံးနေလို့။) ထူးဆန်းတာများ ဆက်ပြောရရင်လေ အဲဒီရွာသေးသေးလေးမှာ စစ်တပ်နဲ့ အရှုပ်အရှင်းရှိနေပုံရတယ်။ ပခုံးပေါ်မှာ ဘာအမှတ်အသားမှ မရှိသလို လက်မောင်းမှာလည်း အရစ်တွေ ဘာတွေ မပါတဲ့ စစ်တပ်က စစ်သားတယောက်က ကျောင်းထိုင်ဆရာတော်နဲ့ စကားပြောချင်ပါတယ်ဆိုပြီး ရွာသူကြီးအကူအညီနဲ့ ရောက်လာတာကို တွေ့ပါတယ်။ အကြောင်းအရင်း ခြေခြေမြစ်မြစ်တော့ မမေးခဲ့ပါဘူး။ ကိစ္စက သေးသေးလေး ဖြစ်မယ်ထင်တယ်။
ရွာမှာ ဆိုင်းဘုတ်ကြီးတစ်ခု ထောင်ထားတာကတော့ ၂၀၁၄ ခုနှစ် ဦးသိန်းစိန်အစိုးရကနေ စတင်ခဲ့တဲ့ စီမံကိန်းတစ်ခု ဖြစ်တဲ့ “မြစိမ်းရောင် စီမံကိန်းရွာ” ဆိုတဲ့ ဆိုင်းဘုတ်ပါပဲ။ ကိုယ်ကလည်း မြစိမ်းရောင်နဲ့ပတ်သက်ပြီး ဘာမှ တိတိပပ မသိတော့ မဝေဖန်လိုပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရတွေ M&E လုပ်သင့်တယ်လို့တော့ ယူဆတယ်။ ပြီးတော့ ဒီလုပ်ငန်းစဉ်က ဘယ်သူ့စနစ်ကို အတုယူထားတာလဲ။ မိုဟာမက်ယူနွတ်ရဲ့ နည်းလမ်းလား။ World Bank နဲ့ IMF တို့ရဲ့ ပရိယာယ်လားဆိုတာကို မသိရဘူး ဖြစ်နေတယ်။ WB နဲ့ IMF ရဲ့ လက်အောက်ကဆိုရင်တော့ သတိထားသင့်တယ်လို့ ထင်ပါတယ်။ သူတို့ဝင်တဲ့နိုင်ငံတွေ ဘယ်နိုင်ငံကမှ ချမ်းသာသွားတာ မရှိသလို အကြွေးနွံနစ်ပြီး တိုင်းပြည်ကြီး ဆင်းရဲသထက် ဆင်းရဲသွားတဲ့ သာဓကတွေပဲ ရှိခဲ့တာမို့ပဲ။ တရွာကို သိန်းသုံးရာနှင့် ခြံပိုင် လယ်ယာပိုင်မရှိတဲ့သူတွေကို ချေးငှါးပေးတယ်။ အတိုးနှင့်တကွ အရင်းကို နောက်တစ်နှစ်ကြာမှ ပြန်ဆပ်ခိုင်းတယ်။ ပြန်မဆပ်နိုင်ရင် အရေးယူခံရမယ်လို့ ဆိုပါတယ်။ ဟုတ်ပြီ။ ယူလိုက်ကြတဲ့သူတွေကကော ဘာတွေ ဘယ်လိုတွေ သုံးသလဲဆိုတာကို သိထားသင့်သလို ဘာအတွက် ဘယ်အတွက်သုံးမှ ငွေချပေးနိုင်မယ်ဆိုတာမျိုးလည်း မဖြစ်သင့်ပေဘူးလား။ အတိုးတွေကို ကျေးရွာကော်မတီထံသာ ပြန်အပ်နှံခြင်းဆိုပေမယ့် အတိုးနှုန်းဘယ်လောက်ရတယ်။ ဘာတွေသုံးလိုက်တယ်ဆိုတာကို အဖွဲ့အစည်းက သိပေးနေရမယ်မဟုတ်ဘူးလား။ သိရသလောက်ကတော့ နောက်တစ်နှစ်ရောက်တိုင်း အကြွေးယူထားသူတွေ ဒုက္ခပင်လယ်ဝေကြတာပါပဲ။ ကျေးရွာကော်မတီတွေလည်း ငွေကို ဘယ်နားသုံးလိုက်မှန်းမသိကြတဲ့အတွက် ရွာသူရွာသားနဲ့ စကားများကြရတဲ့ ရွာတွေလည်း မနည်းမနောပါပဲ။ ဒီကိစ္စကို ဆည်မြောင်းနှင့် စိုက်ပျိုးရေးဌာနက ကိုင်တွယ်တယ်လို့ သိရပါတယ်။ ကိုယ်ကလည်း ဝန်ကြီးဌာနတွေရဲ့ သတင်းတွေဆို မြန်မာပီပီ ဖတ်ရမှာ ပျင်းတော့ ဘယ်ချိန် ဘယ်မှာ ဘယ်လို ထုတ်ပြန်နေတယ်တွေ မသိဘူး။ ရမ်းသမ်းပြောသလို ဖြစ်နေမှာလည်း စိုးရသေးတယ်။ သို့ပေတဲ့ ဘာပြောပြော ငွေပေးပြီးရင် awareness ရအောင် ရှိအောင်ပါ လုပ်ပေးသင့်တယ်လို့ ယူဆပါတယ်။ awareness မရှိရင် ဒီငွေတွေက ဆေးပြားဖိုးဖြစ်သွားနိုင်သလို ဘာမှ မယ်မယ်ရရ မရှိတဲ့ နေရာမှာ သုံးလိုက်ကြဖို့က များပါတယ်။ နောက်တစ်ခုက မြစိမ်းရောင်ချေးငွေနှင့် အမတော်ကြေးချေးငွေ နေရာချိန်းနေတာမျိုးလောက်ပဲ ဖြစ်နေတတ်ပါတယ်။
အဲမှာ တညအိပ်ပြီးတော့ နောက်တနေ့မှာ ပွန်ချောင်းဆီဆင်းပါတယ်။ ပွန်ချောင်းဆိုတာက သူငါတကာ ရေအားလျှပ်စစ်ထုတ်ယူဖို့ အားသန်နေကြတဲ့ ချောင်းကြီး တစ်စင်းပါပဲ။ အထက် မိုင်းကိုင်မြို့နယ်လောက်ကနေ စပြီး လွိုင်လင်မြို့နယ်မှာ ချောင်းလက်တက်တစ်ခုနဲ့ လာပေါင်းတယ်။ ပြီးတော့ ရှမ်းကယားအစပ်မှာ ချောင်းလက်တက်တစ်ခုနဲ့ ထပ်ပေါင်းတယ်။ ဒီချောင်းကို တော်တော်များများ တွေ့ဖူးကြမှာပါ။ လောပိတအမှတ် ၃ ရေအားလျှပ်စစ်စက်ရုံဘေးနားလေးမှာ ကြိုးတံတားလေးနဲ့ တံတားထိုးထားပြီး အဲဒီပေါ်မှာ ဓာတ်ပုံရိုက်ကြတဲ့သူတွေ မနည်းမနောပဲ။ လောပိတဘက်ရောက်ဖူးသူများကို ပြောပါတယ်။ ချောင်းကတော့ တောင်ငူခရိုင်ထဲအထိ စီးဆင်းသွားတဲ့ ချောင်းကြီးတစ်စင်းဖြစ်ပါတယ်။ ချောင်းကကြီးပါတယ်။ ရှည်လည်းရှည်ပါတယ်။ သူ့ကို ဖြတ်သန်းနိုင်တဲ့ တံတားက ချောင်းကြီးတလျှောက် ရေအားလျှပ်စစ်လုပ်ဖို့ ကြိုးစားခံရတဲ့ အရေအတွက်ထက် နည်းပါတယ်။ အရင်စစ်အစိုးရ လက်ထက်တုန်းက “မြစ်ချောင်းတွေ့လျင် ဆည်ဆောက်” ဆိုတဲ့ ဆောင်ပုဒ်က ခုထက်ထိ လက်ကျန်စစ်အစိုးရတွေ အသုံးပြုနေဆဲထင်ပါတယ်။ ဆည်ဆောက်ပြီး တောင်သူတွေ ရေရအောင် လုပ်ပေးမယ်ဆိုတာက ချောင်းတလျှောက် မရှိသလိုပါပဲ။ ကိုယ်ကလည်း ချောင်းကို သုတေသနလုပ်နေသူ မဟုတ်တော့ မသိဘူ။ ကိုယ်ကျောင်းဘေးနားက နမ့်ဖက်ကာချောင်းအကြောင်းတောင် ကောင်းကောင်းမသိဘူး။ ချောင်းက ဘယ်သူတွေကို ဘယ်လောက် အကျိုးပြုနေတယ်။ ဘယ်သူတွေက ဖျက်ဆီးဖို့ အကြောင်းစဉ်းစားနေတယ်စသဖြင့် သုတေသနလုပ်သူ ရှိရင် ကောင်းမှာပဲ။
ထီထုဲင်ထိုးရွာကနေ ပွန်ချောင်းက သိပ်မဝေးလှပါဘူး။ သို့ငြား ပွန်ချောင်းက လျိုထဲမှာ ရှိတာပါ။ ရွာကနေ အရှေ့ဘက်ကို တောက်လျှောက် ဆင်းသွားပါတယ်။ ခပ်ပြေပြေ မဟုတ်ပါဘူး။ တော်တော်ကြီးကို မတ်စောက်ပါတယ်။ အဆင်းချည်းသက်သက် လေးဆယ့်ငါးမိနစ်လောက် ဆင်းရပါတယ်။ တောင်ကြီးက မတ်စောက်တော့ တောင်ထဲမှာ လေးစားထိုက်ဖွယ် သစ်ပင်ကြီးတွေ ရှိနေပါသေးတယ်။ အကြီးဆုံးကတော့ လူနှစ်ယောက်ဖက်လောက် ရှိမယ်။ ရွာက ဘုန်းကြီးတွေ ထိမ်းသိန်းထားတာကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ဝါးပင်တွေကတော့ ဝါးတပြန်မှာ ဝါးတရုံရှိပါတယ်။ သိုက်ဝါးနှင့် မျင်ဝါးတွေပါ။ တတောင်လုံး ဝါးရုံတွေနဲ့ ပြည့်နှက်လို့နေတယ်ဆိုရင်လည်း မမှားပါဘူး။ သို့ပေမယ့် ခုတ်ပြီးရင်တောင် သယ်ဖို့ သိပ်မလွယ်တဲ့ အနေအထားမှာ ရှိမယ်။ ဆိုတော့ အားကိုးထိုက်ဖွယ် ဝါးရုံကြီးများလည်း ရှိသေးသပေါ့။ ဝါးပိုးဝါးတွေလည်း ပါပါတယ်။ အဲဒီမှာ ဝါးဗူးနဲ့ ထမင်းဟင်း ချက်စားကြလို့ပါပဲ။ ဝါးက ဖြုန်းချင်သလောက်ဖြုန်းဆိုတဲ့ အနေအထားမှာ ရှိနေတာကိုး။ ထမင်းဟင်းချက်။ ရေချိုး။ ပြီးတော့ ထမင်းစား။ ပြီးတော့ ရေပြန်ချိုး။ ပြန်လာခဲ့တယ်။ တောင်အတက်ကတော့ သုံးနာရီလောက် ပြန်တက်ရတယ်။ သူတို့ပြောတာက နှစ်နာရီလောက် ပြန်တက်ရတယ်တဲ့။ သူတို့ကိုး။ ကိုယ်တို့မှ မဟုတ်တာ။ ကိုယ်တို့ကျတော့ သုံးနာရီတောင် ကျော်သွားတယ်။ တောင်က မတ်သလို မြေကြီးကလည်း မြေမုန်တွေနဲ့ နည်းနည်းချော်တော်တော် ဖြစ်နေတယ်။
ရွာပြန်ရောက်တော့ တောင်ကြီး ၆ မိုင်ဘက်က အလှူရှင်တချို့ ရေလာလှူတာနဲ့ ဆုံပါတယ်။ ကိုယ်တို့ကတော့ သူတို့ဆီက ရေနည်းနည်းယူပြီး ပြန်လာခဲ့တယ်။ အခုထိ ပေါင်ကြောတွေ နာနေတုန်းပ။ မုတ်သုန်နောက်ကျမှာရယ်။ အပူချိန်မြင့်မားလာတာရယ်ကြောင့် ရေရှားပါးမှုကို နှစ်တိုင်း ဆက်ကြုံရဖွယ်ရှိတယ်။ အပူချိန်နောက်ထပ် တစ်ဒီဂရီထပ်မြင့်လာခဲ့မယ်ဆိုရင် မြန်မာပြည်အလယ်ပိုင်း ပူပြင်းခြောက်သွေ့တဲ့ဒေသမှာ အလုပ်လုပ်ကိုင်လို့ မရတော့မှာ ဖြစ်သလို ဒီရွာလေးလည်း ထပ်တူ အန္တရယ်ကျလာနိုင်တယ်။ ရွာအရှေ့ဘက် လျိုထဲမှာ ရှိတဲ့ ရေကို အပေါ်ရောက်အောင် စဉ်းစားကြမှ သင့်တော့မယ်လို့ ထင်ပါတယ်။ ဆိုလာပြားနဲ့ ရေတင်တဲ့စနစ်နဲ့ဆိုရင် အဆင်ပြေနိုင်မလားတော့ မသိဘူး။ ဝါးပင်တွေ ပေါတယ်ဆိုပေတဲ့ သစ်ပင်တွေ မပေါက်တဲ့ ကျောက်တောတွေလည်း အများသား။
ဓာတ်ပုံများ ကြည့်ချင်ရင်…
https://myalbum.com/album/StUPjX75gCoW
လင့်ခ်ထဲကအတိုင်း ဝင်ကြည့်ပါ