ယှက်နွယ်မှု
ဤနှစ်ယောက်စလုံးက အတန်းထဲက ပထမရအောင် ကြိုးစားနေသူများနှင့်ပင် တူသေးသည်။ သူတို့နှစ်ဦးစလုံး သူတို့ဝန်းကျင်တွင် အကျိုးရှိသည့် ပုဂ္ဂိုလ်အဖြစ် ကြိုးစားဆောင်ရွက် လုပ်ကိုင်နေကြသူများ ဖြစ်သည်။ နှစ်ယောက်စလုံး စိတ်ထားများ နုနယ်ပြီး ဝမ်းနည်း ဝမ်းသာခံစားချက်များကို ခံစားလွယ်သည်။ သူတို့သည် သူတို့၏ အားနည်းသည့် ဘက်ခြမ်းကို မကြာခဏ ဝှက်ထားလေ့ရှိသည်။ နှစ်ယောက်စလုံးက သူတို့၏ လိုအင်ဆန္ဒများကို အသာထား၍ ဖြည့်ဆည်းပေးသူ၊ ကာကွယ်ပေးသူ၊ ဖန်တီးပေးသူ၊ ပဲ့ပြင်ပေးသူ ဖြစ်ချင်ကြသည်။ နှစ်ယောက်စလုံး အလုပ်ကို ကြိုးစားလုပ်ကိုင်ကြပြီး သူတို့၏ ဆက်နွယ်မှုကိုလည်း ပိုမိုခိုင်မာအောင် အာရုံထားတတ်သူများဖြစ်ကြသည်။ နံပါတ် (၂) ဖြစ်သူက ရာဇပလ္လင်၏ နောက်ကွယ်မှနေ၍ ပံ့ပိုးပေးတတ်ပြီး နံပါတ် (၈) ဖြစ်သူက ရာဇပလ္လင်ကို ရှင်းလင်း၍ ထိုင်တတ်သူများဖြစ်သည်။ နှစ်ဦးစလုံး စိတ်အားထက်သန်ခြင်း၊ ဖျတ်လတ်ခြင်း၊ ကိုယ်ပိုင် စွမ်းရည်များရှိခြင်း၊ လူမှုရေး စွမ်းရည်များပြည့်ဝခြင်း၊ သဘောထားကြီးခြင်း၊ ရက်ရောခြင်းများ ရှိကြသည်။ နှစ်ယောက်စလုံး၏ အလေးထားမှုကတော့ဖြင့် ကွဲပြားခြားနားပါသည်။ နံပါတ် (၂) ဖြစ်သူတို့၏ အဓိကစိတ်ဝင်စား အလေးထားသည်မှာ တပါးသူ အကျိုးရှိစေရေးဖြစ်သည်။ နံပါတ် (၈) ဖြစ်သူတို့၏ အဓိကစိတ်ဝင်စား အလေးထားသည်မှာ သူတို့သက်တောင့်သက်သာဖြစ်ရေး ဖြစ်သည်။ ဤအချက်တို့ကြောင့် သူတို့နှစ်ဦးကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များက သူတို့ဝန်းကျင်ရှိ တပါးသူအပေါ် ကျရောက်သွားတတ်သည်။
သူတို့နှစ်ဦး၏ အများအကျိုးကို လိုလားသည် ဆိုသော်ငြား တပါးသူလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ကြည့်ကြပုံမှာ အခြေခံကအစ ကွဲပြားသည်။ နံပါတ် (၈) တို့က လက်တွေ့ကျပြီး ရလဒ်ကို ဂရုစိုက်သည်။ နံပါတ် (၂) က လူသားအားလုံး အပေါ် စေတနာထားသည်။ သူတို့နှစ်ယောက်စလုံး သူတို့ကိုယ်တိုင် ရွေးချယ်ထားသည့် သူတို့တာဝန်ယူရမည့်အပိုင်းအပေါ်ကိုတော့ ခိုင်မာစွာ ယုံကြည်လျက်ရှိသည်။ နံပါတ် (၈) တို့က နံပါတ် (၂) ၏ ချစ်ခင်စုံမက် လေးမြတ်တတ်မှုအပေါ် မကြာခဏဆိုသလို နစ်မျောသွားတတ်သည်။ နံပါတ် (၂) တို့က နံပါတ် (၈) ၏ အားထုတ်ကြိုးပမ်းမှုနှင့် အကျိုးရှိသည်ကို ရှာဖွေမှုပေါ် အလေးအမြတ်ပြုယုံကြည်သည်။ ထို့ပြင် နံပါတ် (၈) တို့ နံပါတ် (၂) အတွက် အကျိုးရှိမည်ထင်သည်ကို တိတ်တခိုး လုပ်ပေးတတ်သည်။ ဤအချက်ကို နံပါတ် (၂) ကလည်း မြင်တတ်သည်။ နှစ်ယောက်စလုံး တဦးအပေါ် တစ်ဦး၏ ကြီးမြတ်သော စွမ်းရည်များကို မြင်ကြသည်။ အချင်းချင်း ထောက်ခံအားပေးခြင်း အထင်ကြီး လေးစားခြင်းများလည်း ရှိကြသည်။ သူတို့နေသင့်နေထိုက်သည့်၊ ရှိသင့် လုပ်ကိုင်သင့်သည့် နေရာကိုလည်း ရှင်းလင်းစွာ သိမြင်ကြသည်။ ထို့ကြောင့် တယောက်၏ လမ်းကြောင်းထဲကို တယောက် မဝင်ကြ။ ထို့ကြောင့် သူတို့၏ လမ်းကြောင်းများသည် ကွဲပြားခြားနားသော အခြေကို အခြေခံပြီး ကွဲပြားခြားနားသော နေထိုင်မှုများဖြင့် နေထိုင်ကြသောကြောင့် ကွဲပြားသော အကျိုးရရှိသည်။ တဦးက ဖခင်နေရာ ယူလျင် တစ်ဦးက မိခင်နေရာ ယူသည့် နေထိုင်မှုများဖြင့် မျှတစွာ နေထိုင်တတ်ကြသည့် နေထိုင်မှုမျိုးဖြစ်သည်။ ဤအရည်အသွေးများက သူတို့၏ တဦးအပေါ် တဦးပံ့ပိုးပေးနေသည့် စွမ်းရည်များဖြစ်လာကာ တဦး၏ အားသာချက်ကို တစ်ဦးက ဖြည့်တင်းပေးသော မဟာမိတ်စုံတွဲများ ဖြစ်လာကြသည်။ ထို့ကြောင့် သူတို့တွင်ရှိသည့် စွမ်းရည်များဖြင့် လုပ်ကိုင်သော လုပ်ဆောင်ချက်များကြောင့် သူတို့နှင့် နီးစပ်သော အခြားသူများ ကောင်းမွန်သူ အကျိုးကျေးဇူးများ ရရှိလေ့ ရှိကြသည်။
ဖြစ်နိုင်ချေ
နံပါတ် (၂) နှင့် နံပါတ် (၈) တို့သည် အထက်က ပြောသည့်အတိုင်း အလွန့်အလွန်ကွဲပြားသည့် စနစ်များနှင့် နေထိုင်ကြသူများ ဖြစ်သည်။ နံပါတ် (၂) က လူသားဆိုသည်ကို ဦးစားပေးလေ့ရှိပြီး နံပါတ် (၈) က လက်တွေ့ကျသည့် အကျိုးကျေးဇူးကို မျှော်ကိုး လုပ်ကိုင်သည်။ သူတို့၏ ကိုယ်ပိုင်ပုံစံများကိုယ်နှိုက်က အစကတည်းက ဆီနဲ့ရေလို ကွဲပြားခြားနားနေသည်။ နံပါတ် (၂) က မည်သူမည်ဝါ စသည်ကို ပဓာနမထားဘဲ ဂရုဏာတရားကို အခြေခံသည်။ နံပါတ် (၈) က တဦးတယောက်ချင်းစီအတွက် လက်တွေ့ကျသော အကျိုးကျေးဇူးကို လိုလားသည်။ ဆိုရလျင် နံပါတ် (၈) များက သူတို့ ဖြေရှင်းနိုင်သည့် ပြဿနာများအပေါ်ကိုလည်း ဂုဏ်ယူသည်။ သူတို့၏ အောင်မြင်မှုကိုလည်း ရေတွက်ပြတတ်သည်။ နံပါတ် (၂) ကျပြန်တော့ အခြားသူများ၏ လိုအပ်ချက်ကို ကြောင့်ကျစိုက်သည်။ ပို၍ ဂရုတစိုက် ရှိတတ်သည်။ အထူးတလည်လည်း နီးနွယ်ကာ လိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးတတ်သည်။ နံပါတ် (၂) တို့က တပါးသူရှုထောင့်ကနေ လိုအပ်ချက်များကို ကြည့်တတ်သည်။ နံပါတ် (၈) တို့က မဟုတ်။ သူတို့ မြင်ချင်သည့် ရှုထောင့်ကနေ ကြည့်သည်။ လူတိုင်းက ကိုယ့်အားနည်းချက် ကိုယ့်လိုအပ်ချက်များနှင့် ကိုယ့်လုပ်ဆောင်ချက်များကို ကိုယ်ကိုယ်တိုင်သာ ပြန်လည်ဂရုစိုက်ပြီး ပြန်လေ့လာသင့်သည်ဟု နံပါတ် (၈) တို့က မြင်သည်။ ထို့ကြောင့် သူတို့နှစ်ဦး၏ ဆက်နွယ်မှုသည် အလွန့်အလွန် ကွဲပြားခြားနားသော အတွေးအမြင်များ ပုံရိပ်များဖြင့် တည်ဆောက်ထားတတ်ကြသည်။ သူတို့အတူနေလျင်လည်း ထို့အတူပင် ဖြစ်သည်။ တယောက်နဲ့ တယောက် လုံးဝမတူကြပေ။ အိမ်စသည် အလှပြင်လျင်ပင် မတူကြ။
နှစ်ယောက်စလုံး၏ လုပ်ဆောင်ချက်များက လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ တဦးအပေါ် တစ်ဦး မြင်သည့်အမြင်လည်း ကြာလေ ပိုမိုကွဲပြားလေ ဖြစ်သည်။ နံပါတ် (၂) တို့ဘက်မှ ကိုယ်ကျိုးစွန့် လုပ်ကိုင်မှုများနှင့်ပတ်သက်၍ နံပါတ် (၈) တို့ ပြင်းပြင်းထန်ထန် ထိပ်တိုက်ရင်ဆိုင်ရတတ်သည်။ သူတို့နှစ်ဦးအကြားတွင် သူတို့၏ အောင်မြင်မှု သူတို့၏ အဘိဓမ္မာများကြောင့် အချင်းချင်း ကြီးကျယ်သော စစ်ပွဲများ ဖြစ်လာနိုင်သည်။ ဤအချက်ကပင် သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ဆုံးရှုံးစေတတ် အပြီးသတ်စေတတ်သည်။ မည်သို့ပင်ဖြစ်စေ ထိုသို့ဖြစ်လာလျင် နံပါတ် (၂) တို့က ဆက်ဆံရေးမပြတ်တောက်ရန်အတွက် အလျော့ပေး ဆက်ဆံတတ်ပါသည်။ နံပါတ် (၈) ကန်လန့်တိုက် လူမှုဆက်ဆံရေး အပြုအမူများနှင့် မိမိကိုယ်ကို ဖျက်ဆီးသည့် လုပ်ရပ်များကို ပြောဆို တောင်းပန်တတ်၍ အလျှော့ပေးတတ်သည်။ ထို့ကြောင့် ဤစုံတွဲသည် တယောက်၏ အပြုအမူကြောင့် တယောက်က နံမည်ပျက်သွားနိုင်သည့်တိုင် အခြားသော စုံတွဲများကဲ့သို့ လက်လွတ်စံပယ် လွယ်လွယ်နဲ့ ပြတ်တောက်မည့် စုံတွဲများမဟုတ်ပေ။ နောက်ဆုံး ဖြစ်လာနိုင်သည်မှာ နံပါတ် (၈) တို့က သူတို့အား အနိုင်ကျင့်သည် ခြယ်လှယ်သည်ဟု ထင်ကာ နံပါတ် (၂) နှင့် ကွာရှင်းတတ်သည်။ နံပါတ် (၂) တို့ကလည်း ကြမ်းထန်းသည် ရက်စက်သည် စိုးမိုးလွန်းသည်ဟု ယူဆကာ နံပါတ် (၈) နှင့် ကွာရှင်းဖို့ ဖြစ်လာတတ်သည်။ ဤအတွေးများ သူတို့ထံတွင် အကြာကြီး စိုးမိုးလာပါကဖြစ်စေ၊ ဆက်၍ တွေးနေပါကဖြစ်စေ ထိန်းချုပ်ရခက်သည့် အခြေအနေတရပ်ကို ဖြစ်ပေါ်လာစေနိုင်သည်။ တယောက် လုပ်ရပ်ကို တယောက် နောက်ယောင်ခံခြင်း၊ ဟန်ဆောင်ဆက်ဆံခြင်း၊ အကြောက်လွန်ရောဂါရလာနိုင်ခြင်း၊ သစ္စာဖောက်ခြင်း၊ လက်စားချေခြင်းများအထိ ဖြစ်သွားနိုင်ပါသည်။
ထို့ကြောင့် သူတို့နှစ်ဦးစလုံးသည် သူတို့၏ ကွဲပြားခြားနားသော အကျင့်စရိုက်များကို ဂဃနဏ ကြိုသိထားပြီး အချင်းချင်းလည်း နားလည်နေဖို့ လိုအပ်ပါသည်။