ခင်ဗျားဆီမှာ Trauma တခုခု ရှိလား။ စိတ်ဒဏ်ရာလို့ပဲ ဆိုကြပါစို့။ တစ်ခုခုပေါ့။ ရှိလား။ လူမှုကွန်ယက်ပေါ်မှာ ကိုယ်နဲ့ ပတ်သက်တဲ့ ဓာတ်ပုံလုံးဝ မတင်ရဲတော့တာမျိုး။ ငယ်ငယ်တုန်းက ကျောင်းအတူ တက်ခဲ့တဲ့ ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့တုန်း ကိုယ့်အပေါ် အနိုင်ကျင့်ခဲ့သူပါလာလို့ စိတ်မွန်းကြပ်သွားတာမျိုး။ အကြောင်းအရာ တခုခုကို ကြားနေရက်သားနေ့ လစ်လျူရှုဖြစ်အောင် ရှုနေရတာမျိုး။ အရက်သောက်တတ်တဲ့အဖေက မနက်လင်းတာနဲ့ အမေကို ရန်ရှာတတ်လို့ မနက်ခင်းရောက်လာမှာ ကြောက်နေတာမျိုး။ အိမ်မှာ မိသားစု စုံချိန်တိုင်း ပစ်ပစ်ခါခါ အပြစ်တင်ရလို့ မိသားစုတွေတွေ့ဖြစ်မှာကို စိုးရိမ်နေတာမျိုး။ တစ်ခုခုပေါ့။ ရှိလား။
ကျုပ်မှာလည်း ရှိတယ်။ ကျုပ်က စိတ်ဒဏ်ရာ သိပ်များတဲ့သူပဲ။ ညနေ ၆ နာရီထိုးရင် ကျုပ် တခြား ဘာအလုပ်မှ လုပ်လို့မရဘူး။ နေဝင်သွားရင် နည်းနည်းစမှောင်ရီပျိုးလာမယ်။ မှောင်ရီပျိုးလာတာနဲ့အတူ ဘုရားဝတ်တက်ဖို့ အုံးမောင်းခေါက်သံကြားရမယ်။ အုံးမောင်းခေါက်သံ ကြားရပြီဆိုတာနဲ့ သင်္ကန်းကို သေချာဝတ်၊ အနေကထိုင်ကို သေချာခေါက်၊ ခေါက်ရိုးမပျက်အောင် ပခုံးပေါ်တင်။ ဘုရားဝတ်တက်ဖို့ စုတဲ့နေရာကို တန်းစီပြီးသွား။ ရောက်တာနဲ့ အနေကထိုင်ကို သေချာခင်း။ အနေကထိုင်ရဲ့ နောက်အစွန်းနားလေးကို ခြေဖျားတင်ပြီး ဦးသုံးကြိမ်ချ။ “အဟမ်း” ဆိုတဲ့ မိုက်ကအသံကို ကြားတာနဲ့ အသင့်အနေအထားနေ။ ဗုဒ္ဓံ ပူဇေမိ။ ဆိုပြီး ဦးချ။ ဓမ္မံ ပူဇေမိ။ ဆိုပြီးဦးချ။ သံဃံ ပူဇေမိ။ ဆိုပြီးဦးချ။ ဩကာသဆို။ နေ့အလိုက် အလွတ်မရတဲ့ ပရိတ်ကြီးကို မိုက်ကလာတဲ့ အသံနောက် ဝါးချရင်း ဆက်ပြီးမေတ္တာပို့။ အမျှဝေ။ ဩဝါဒကို နားထောင်။ “ကဲ အားလုံးကြွ” ဆိုတဲ့ အသံကြားတာနဲ့ ရှေ့က တန်းစီဆင်းတာကို စောင့်ရင်း တန်စီဆင်းလာ။ ကိုယ်နေရာ အိပ်ယာလေးဆီရောက်လာပြီး ညစာအံချိန်အတွက် စာအုပ်နှစ်အုပ်သုံးအုပ် ကောက်ယူ။ စာအံကျောင်းသွား။ စာမကျက်ဖြစ်ဘဲ စာကျက်သလိုနေရင်း ညကိုးနာရီထိုး။ ဒီအလေ့အကျင့်ကို တခါမှ မကြိုက်ခဲ့ဖူးဘူး။ လုံးဝ မကြိုက်ခဲ့ဖူးဘူး။ ဒါပေမယ့်လည်း ညနေ ၆ နာရီထိုးတိုင်း “ငါ ဘုရားဝတ်တက်ရဦးမယ်” ဆိုတဲ့ အချုပ်အနှောင်က ခေါင်းထဲ ဝင်လာတယ်။ ညနေ ၅ နာရီလေက်ဆို မကြာခင် ၆ နာရီထိုးတော့မှာ ဆိုတဲ့အသိစိတ်ကနေ စပြီးကျဉ်းကြပ်လာပြီ။ ဒီစိတ်ကျဉ်းကြပ်မှုက ဘယ်အချိန်ကတည်းက စဖြစ်နေလဲ မသိဘူး။ ၅ နာရီဆိုရင် ဘာမှ လုပ်လို့ ကိုင်လို့ အဆင်မပြေတော့ဘူး။ ၆ နာရီအထိုးကိုပဲ စောင့်နေမိတယ်။ ၆ နာရီမှာ ဘုရားဝတ်တက်ဖြစ်သည် ဖြစ်စေ၊ ဝတ်မတက်ဖြစ်သည်ဖြစ်စေ။ ၆ နာရီဆို စိတ်က အလိုလို မွန်းကြပ်လာပြီ။ ၆ နာရီမှာ မဖြစ်မနေလုပ်ရမယ့် အလုပ်မျိုးရှိနေပြီဆိုရင် အလုပ်အပေါ် အာရုံက ကောင်းကောင်း မရောက်တော့ဘူး။ အခု ကျောင်းထိုင်ဖြစ်နေတော့ ပိုဆိုးတယ်။ အဲဒီအချိန်များ ဧည့်သည်ရောက်နေရင် မကြည့်သင့်မှန်း သိပေမယ့် နာရီပဲ ခဏခဏ ကြည့်မိတယ်။ တချို့ ရိပ်မိတဲ့ ဧည့်သည်တွေကျ ပြန်သွားကြပေမယ့် ဧည့်သည်တော်တော်များများ မရိပ်မိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီမွန်းကြပ်နေတဲ့ စိတ်တစ်ခုဟာ ည ၉ နာရီလောက်မှ နည်းနည်းပေါ့ပါးတယ်။ ဆိုတော့ ကျုပ်ရဲ့ နေ့တိုင်း မလွဲသာဘဲ ရနေတဲ့ စိတ်ဒဏ်ရာကတော့ ညနေ ၆ နာရီပါပဲ။
ဓနရှင်တွေက နိုင်ငံအကြီးအကဲတွေကို ပေါင်းပြီး အလုပ်သမားများ ထွက်ပေါ်လာရေး၊ လူတိုင်း အလုပ်သမားဖြစ်ရေး စနစ်ဆိုးကြီးတစ်ခု ဖန်တီးဖို့ ပြုလုပ်ခဲ့တဲ့ စာသင်ကျောင်းမှာ ဆရာလုပ်နေကြသူတွေကော ကိုနာရီထိုးပြီဆိုတာနဲ့ စိတ်ကျဉ်းကြပ်တာမျိုး ဖြစ်ကြသလား။ စာသင်ကျောင်းရဲ့ အလုပ်သမား ပေါ်ပေါက်လာရေး စနစ်အတိုင်း အလုပ်သမားဖြစ်လာကြသူတွေကကော သူဌေးတယောက်ယောက်ရဲ့ ကုမ္ပဏီမှာ ဘူဇွာတယောက်ယောက်ရဲ့ အလုပ်ရုံမှာ ခရိုနီတယောက်ယောက်ရဲ့ စက်ရုံတွေမှာ ကျောင်းတက်ခဲ့တုန်းက ကုန်ခဲ့သလောက်နဲ့ မမျှတတဲ့ လစာလေးမျှော်ကိုးရင်း အလုပ်ဆင်းနေကြသူတွေကော မနက် ၈ နာရီထိုးတာနဲ့ စိတ်ကျဉ်းကြပ်မှု ဖြစ်ပြီး အဲဒီအစွဲတွေနဲ့ အလုပ်မရှိတဲ့ရက်တွေမှာကော ငါအလုပ်သွားရမှာပဲဆိုတဲ့ မွန်းကြပ်မှုမျိုးဖြစ်သလား။ ကျုပ်က လွတ်လပ်မှု ဆိုတာကြီးကို အများကြီး မမက်မောပေမယ့် တခုခုက ကျုပ်ကို ချုပ်နှောင်ထားသလိုကြီး ဖြစ်နေမှုကြီးကို အလိုမကျတတ်ဘူး။ ဒီလို အခြေအနေမျိုးမှာ တခါခါ ဖင်ပိတ်ထားတတ်တဲ့သူတွေကို အားကျမနာလိုဖြစ်မိပါတယ်။
နောက် စိတ်ဒဏ်ရာ တစ်ခုကတော့ အိပ်ပျော်ခါနီးအချိန်။ အိပ်ပျော်ခါနီးမှာ ဘာအတွေး အမြဲဝင်သလဲဆိုတော့ “ငါ တစ်ခုခု လုပ်ရမယ်” ဆိုတဲ့ အတွေး။ အိပ်ရေးပျက်လို့ မနက်ပဲ ပြန်အိပ်အိပ်၊ ပင်ပန်းနေလို့ နေ့ခင်းပဲ အိပ်အိပ်၊ ည အချိန်တန်လို့ပဲ အိပ်အိပ်။ “ငါ တစ်ခုခု လုပ်ရဦးမယ်” ဆိုတဲ့ အတွေးက အမြဲဝင်လာပြီး အိပ်ပျော်ဖို့ ဖြစ်နေရာကနေ ပြန်ထ၊ ကွန်ပျူတာကြီးကို ထထဖွင့်မိတတ်တာပါပဲ။ သီချင်းဖွင့်လိုက်တယ်။ နီနီဝင်းရွှေရဲ့ ပန်းရည်ဘဏ်တိုက်။ နို့မဟုတ်လည်း သီချင်းဘဏ်တိုက်။ ကိုယ်နားမလည်တဲ့ သီချင်းဖွင့်ချင်ရင် GEM သီချင်း၊ Sarah Geronimo သီချင်း။ IU သီချင်း။ အဲဒီသီချင်းတမျိုးမျိုးဖွင့်ပြီးရင် ငါ ဘာလုပ်ရင်ကောင်းမလဲတွေးပြီး File တော်တော်များများကို လျှောက်ဖွင့်။ Social Media တစ်ခုခုဖွင့်။ လက်ညိုးညောင်းလောက်အောင် Mouse Wheel ကို လှိမ့်။ “ငါ မဖြစ်သေးဘူး။ ကျန်းမာရေးဌာနကတွေ၊ နာမည်ရှေ့မှာ Dr လို့တပ်ထားတဲ့သူတွေ ပြောကြတာက လူတယောက်ဟာ တရက်ကို ၈ နာရီအိပ်သင့်တယ်၊ ငါက မနက် ၅ နာရီကျရင် ဘုရားဝတ်တက်ဖို့ ထရဦးမယ်၊ အခုချိန်မှာ အိပ်ရင်တောင် ငါ့အိပ်ချန်က ၆ နာရီလောက်ပဲ ကျန်တော့တာပဲ” လို့ပြန်တွေးရင်း ကွန်ပျူတာမှာ ဖွင့်ထားတဲ့ Windows တစ်ခုချင်းစီရဲ့ ကြက်ခြေခတ်ကို နှိပ်။ Shutdown နှိပ်။ အိပ်ယာထဲ ပြန်ဝင်။ “ငါ တခုခု လုပ်ရဦးမယ်”လို့ ထပ်တွေး။ မျှော်လင့်ချက်မရှိတဲ့ မျှော်လင့်ချက်ဟာ လူကိုသတ်တာပါပဲ။ မျှော်လင့်စရာ ဘာမှ ရှိမနေတာလည်း ဖြစ်နိုင်တာပဲ။ လွှတ်ချလိုက်ရအောင်ကလည်း ကိုယ် ဘာကို မျှော်လင့်နေမှန်း မသိ။ ဒီတော့ နောက်ထပ် ကျုပ်ရဲ့ စိတ်ဒဏ်ရာကတော့ ကျန်းမာရေးဌာကတွေ ပြောသလို Dr တံဆိပ်တပ်ထားတဲ့လူတွေ ပြောသလို တရက် ၈ နာရီအပြည့် အိပ်မရအောင်ဖြစ်စေတဲ့ အိပ်ပျော်ခါနီးဖြစ်ပြီး မရှိတဲ့ မျှော်လင့်ချက်တွေကို ဘယ်လိုများ မျှော်လင့်ချက်ထားပြီး မျှော်လင့်နေမိမှန်း မသိတဲ့ မျှော်လင့်ချက်ရဲ့ ဖိစီးမှု။ ဒီအနေအထားမှာ တခါခါတွေးမိတာက ကျုပ်လည်း ဆယ်ကျော်သက်တွေလို တက်ကျမ်းတွေ ဖတ်ပြီး ရူးကြည့်ရင် ကောင်းမလား။ တက်ကျမ်းဖတ်ရအောင်ကလည်း ကျုပ်က “ငပေါကြီး” မဟုတ်။ လို့တွေးမိပြန်။ မြန်မာတွေ အသုံးများတဲ့ လူမှုကွန်ယက်ဖြစ်တဲ့ Facebook မှာလည်း အဲဒါတွေများလွန်းလို့ Post တဲ့သူ၊ Share တဲ့သူကို unfollow လုပ်တာ လက်ပန်းကျသွားလို့ သိပ်မသုံးဖြစ်တော့ဘဲ Twitter, Pinterest နှင့် Instagram ကိုပဲ ပိုဖွင့်ဖြစ်နေသူ။ ဆိုတော့ လူရိုသေ ရှင်ရိုသေလေးဖြစ်အောင် ချမ်းမြေ့ဝင်း ဘာသာပြန်တဲ့ ဂရုမစိုက်ခြင်းအနုပညာကိုပဲ ဟိုလှန်ဒီလှန်မလုပ်ပဲ နည်းနည်းစေ့စေ့ပေါက်ပေါက်လေး တခေါက်လောက် သွားဖတ်ကြည့်ရမလား။ သုခမြေပုံဆိုတာကိုပဲ ကိုယ်ပိုင်စာအုပ်ဖြစ်အောင် သွားဝယ်ပြီး စာအုပ်ပုံပေါ် ပစ်ထားရမလား ဖြစ်ပြန်။ ဟိုးအရင် စာတွေ တအားဖတ်တုန်းက သူများ သောက်ထင်ကြီးရင်ပြီးရော ဆိုပြီး စာကြီးပေကြီးတွေကို လျှောက်မြည်းထားမိလို့ အခု ရေးထားကြတဲ့ စာအုပ်တွေကိုတွေ့ရင် ဒါမျိုးကို စာလုပ်ပြီး ရေးတဲ့သူရှိသလားဟ ဆိုပြီးဖြစ်ဖြစ်သွားလို့ စာအုပ်တွေ မလှန်ဖြစ်တော့တာကြာပြီမို့ ခေတ်နောက်ပြန်ဆွဲပြနေသူလို စာတွေ ဘာတွေ ဖတ်ပြီး မျှော်လင့်ချက်တွေ ရှာနေရအောင်လည်း ကိုယ့်ကိုယ်ကိုတော့ ခပ်ဖျင်းဖျင်းထဲက မဟုတ်ပေဘူးဆိုပြီး သွေးနားထင်ကပ်ပြန်ဆိုတော့ ကျုပ်မှာလေ အိပ်ချင်လို့ အိပ်လိုက်ပေမယ့် အိပ်ပျော်လုလုမှာ ဝင်ဝင်လာတတ်တဲ့ “ငါတစ်ခုခု လုပ်ရမယ်၊ ငါတစ်ခုခု လုပ်ရဦးမယ်” ဆိုတဲ့ အိပ်ရခက်တဲ့ စိတ်ဒဏ်ရာလေးလည်း ရှိနေယ်။
ကျုပ်မှာ စိတ်ဒဏ်ရာတွေ များတယ်လို့ ပြောထားတယ်မလား။ ဒါပေမယ့် ကျုပ်ရေးတဲ့စာက ဘယ်သူမှ မဖတ်တဲ့စာမို့ အရမ်းရှည်နေရင် နည်းနည်းလာမြည်းကြည့်တဲ့သူတွေ စိတ်ကျဉ်းကြပ်မှာစိုးလို့ ဒီလောက်နဲ့ပဲ ရေးဦးမယ်။ နောက်မှ ဆက်မယ်။