ယှက်နွယ်မှု
အင်နာဂရမ်အရ နံပါတ် (၂) နှင့် နံပါတ် (၆) တို့သည် တဦးအပေါ် တဦး လေးလေးနက်နက်ထားပြီး တာဝန်ယူမှုအပြည့်ဖြင့် တာဝန်ကျေကြသူများ ဖြစ်ကြသည်။ တဦးနှင့်တစ်ဦး အလေးပေးမှုကတော့ နည်းနည်းကွာခြားပါသည်။ မည်သို့ပင်ဖြစ်စေ နံပါတ် (၂) တို့က အရင်ဦးစွာ ရင်းနှီးမှုကို တည်ဆောက်ထားတတ်သည်။ သူတို့နှင့် တဖက်က ပုဂ္ဂိုလ်ရေးဆိုင်ရာများကိုလည်း အကောင်းဘက်ကနေ၍ ခွဲခြားသိနားလည်ပေးသည်။ တဖက်မှာတော့ နံပါတ် (၆) ဖြစ်သူတို့က ဘဝလုံခြုံရေးကို အလေးထား၍ တည်ဆောက်ထားတတ်သည်။ သူတို့နှစ်ဦး၏ ကြိုပမ်းအားထုတ်မှုကြောင့် ခိုင်မာသော လမ်းကြောင်းတစ်ခုကို ရရှိထားကြသည်။ ဤအချက်ဖြင့် တဦးနှင့်တဦး ယုံကြည်ကြောင်း သိနားလည်ကြသည်။ နှစ်ဦးစလုံး တာဝန်ယူမှု တာဝန်ခံမှု မြင့်မားသည့် အမျိုးအစားများ ဖြစ်ကြသည်။ သူတို့ကိုယ်သူတို့ ဆိုသည်ထက် တဖက်သားကို ပို၍ ဦးစားပေးကြသည့်သူများလည်း ဖြစ်ကြသည်။ သူတို့သည် မိသားစုအရေးကို ပိုဦးစားပေးသည်။ အိမ်မှုကိစ္စကိုလည်း ပိုင်နိုင်ကြသည်။ သူတို့နှင့် ပတ်သက်သည့် သားသမီး၊ မိတ်ဆွေနှင့် အိမ်နီးချင်းကိုလည်း သင့်လျော်သင့် တာဝန်များ ခွဲဝေပေးတတ်သည်။ သူတို့နှစ်ယောက်လုံး သူတို့၏ လူမှုအသိုင်းအဝိုင်းတွင်လည်း လူမှုရေးလုပ်ငန်းများဖြင့် ပါဝင်ဆောင်တတ်ကြသည်။ ထို့နောက် သူတို့တွင် သူတို့ လူမှု အသိုက်အဝိုင်း ပိုမိုကောင်းမွန်လာရေး အတွက် တန်ဖိုးရှိရှိ ကူညီပေးမည့် တန်ဖိုးရှိသည့် သူများနှင့်လည်း ဆက်သွယ်ရေးကောင်း ရှိတတ်သည်။ နံပါတ် (၆) တို့ကလည်း နံပါတ် (၂) နဲ့အတူ နွေးထွေးသော ဆက်ဆံရေးကို တန်ဖိုးထားသည်။ နူးညံ့သိမ်မွေ့သော နှလုံးသား ရှိကြသည်။ ရက်ရောကြသည်။ နံပါတ် (၆) ဖြစ်သူများက နံပါတ် (၂) အတွက် မည်သည့်အရာက ပိုကောင်းသည်ဆိုသည်ကို ကောင်းကောင်းသိထားသူများ ဖြစ်ကြသည်။ ခင်ပွန်းဆိုသည့် အနေအထားထက် မိဘဆိုသည့်အနေအထားတွင် ထားတတ်သည်။ သူတို့က နံပါတ် (၂) တို့ သစ္စာရှိကြသည်ကို ကောင်းကောင်းနားလည်ထားကြသူများ ဖြစ်သောကြောင့် ဖြစ်သည်။
တဖက်တွင် နံပါတ် (၂) တို့က နံပါတ် (၆) တို့ အလုပ်ကြိုးစားသည်ကို သဘောကျကြသူများ ဖြစ်သည်။ ပေးထားသည့် ကတိကိုလည်း ဘယ်တော့မှ မယိမ်းမယိုင် စောင့်သိတတ်သည်ကို သဘောကျသည်။ နံပါတ် (၆) ကို ဟိရီဩတ္တပတရားရှိပြီး ဇွဲလည်းကောင်းသဖြင့် သဘောကျသည်။ နံပါတ် (၆) တို့က တခါတရံ ဒေါသထွက်လွယ်ပြီး တွေဝေတတ်သည်ကိုလည်း နောက်ဆုံးတော့လည်း စိတ်ပြေလွယ်ကာ အရင်အတိုင်း ပြန်နေတတ်သည်ကို နံပါတ် (၂) တို့က ကောင်းကောင်းသိထားသည်။ ရက်စက်တတ်သော မတရားသောကိစ္စများဖြင့် ပြည့်နှက်နေသော ဟောသည်ကမ္ဘာကြီးတွင် နေထိုင်ပါက သတိတရား နိုးနိုးကြားကြားနေထိုင်ခြင်းက ပို၍ အကျိုးရှိသည်ဟု နံပါတ် (၆) တို့က ယူဆသည်။ နံပါတ် (၂) တို့က နံပါတ် (၆) တို့၏ ပြဿနာမဖြစ်ခင် ကြိုတင်ပြင်ဆင်ခြင်း ဆိုသည့်အချက်ကို နည်းနည်းကသိကအောက်တော့ ဖြစ်သည်။ အကယ်၍ သူတို့နှစ်ဦးက အားကောင်းသော အင်နာဂရမ်ကို ပိုင်ဆိုင်ထားသူများ ဖြစ်ကြပါက တဦးနှင့်တဦးနဂိုစိတ်ရင်း ရှိသည်ထက် ပို၍လေးစားကြပါသည်။ သူတို့နှစ်ဦး၏ ဆက်ဆံရေးသည် တည်ငြိမ်သည့်အနေအထားအပေါ် အခြေခံထားပါသည်။ အပြန်အလှန် လေးစားမှု ရှိကြသည်။ သူတို့နှစ်ဦးအတူနေထိုင်ခြင်းက ဓာတ်တမျိုးဖြစ်ပေါ်စေပြီး ထိုဓာတ်က သူတို့နှစ်ဦးကို ကောင်းမွန်စွာ ဦးဆောင်ပေးပါသည်။ သူတို့နှစ်ဦး တဦးအပေါ်တဦးမှီခိုအားကြခြင်းအပေါ်လည်း သူတို့ စိတ်ချယုံကြည်ကြသည်။ သူတို့နှစ်ဦး အတူနေလိုက်ခြင်းကပင် ဆက်လက်ဖြစ်ထွန်းလာမည့် အကျိုးထက် လိုအပ်သော အခြေခံအချက်များ ပြည့်စုံနေကြပြီး ဖြစ်ပါသည်။
ဖြစ်နိုင်ချေ
သူတို့နှစ်ဦးအတွက် ဖြစ်နိုင်ချေရှိသော ပြဿနာမှာ တဦး၏ ကိုယ်ရေးကိုယ်တာကို တယောက်က ထဲထဲဝင်ဝင် ဝင်ရောက်ထိန်းချုပ်ခြင်း ဖြစ်တတ်သည်။ သို့မဟုတ် တဖက်သား၏ ကိုယ်ရေးကိုယ်တာကို ဂရုစိုက်မှု နည်းပါးလွန်းသောကြောင့်လည်း ဖြစ်တတ်သည်။ နောက်ထပ် ပြဿနာအစိတ်အပိုင်းတစ်ခုမှာ နံပါတ် (၆) ၏ အရာရာအပေါ် ကောင်းမွန်စွာ ဆုံးဖြတ်ချနိုင်သော စွမ်းရည်၊ အလုပ်တခုကို ပြီးအောင် လုပ်တတ်သောစွမ်းရည်၊ လုပ်ကိုင်နိုင်စွမ်းရည်နှင့် မိမိကိုယ်ကိုယ်ယုံကြည်မှု နည်းအောင် လုပ်လိုက်တတ်သည်။ ပုံမှန်အားဖြင့် နံပါတ် (၆) တို့သည် သူတို့၏ ဖိအားမှန်သမျှ သူတို့၏ ပြိုင်ဘက်ကနေ ရလေ့ရှိကြသည်။ သူတို့အချိန်တွေရော သူတို့စွမ်းအင်တွေရော ပြိုင်ဘက်ကနေ ရလေ့ရှိသည်။ ထိုပြိုင်ဘက်က နံပါတ် (၂) ဖြစ်တတ်သည်။ သူဌေးဖြစ်တတ်သည်။ သူငယ်ချင်းဖြစ်တတ်သည်။ သူတို့ ကိုးကွယ်သည့် ဘုန်းကြီး (ဖာသာ) ဖြစ်တတ်သည်။ သို့မဟုတ် သူတို့နိုင်ငံတွင် ရှိသည့် တယောက်ယောက် ဖြစ်တတ်သည်။ ဖိအားမှန်သမျှ နံပါတ် (၆) အတွက် စိုးရိမ်ဖွယ်အခြေအနေကို ဖန်တီးသည်။ သက်တော့သက်သာ မရှိမှုကို ဖန်တီးသည်။ ရှင်းရှင်းလင်းလင်း မတွေးနိုင်တော့။ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်တော့ ဖြစ်တတ်သည်။ ထိုအခါ သူတို့ သံသယဝင်လာသည်။ မယုံသင်္ကာဖြစ်လာသည်။ နံပါတ် (၆) ဖြစ်သူတို့ တဖန် ပြန်လည်၍ တက်ကြွလာစေရန်နည်းလမ်းမှာ သူတို့ စိုးရိမ်မကင်းဖြစ်နေသော အရာများကို သူတို့ကိုယ်တိုင် တွန်းထုတ်ခြင်း သို့မဟုတ် သဘောပေါက်သွားခြင်းသာလျင် ဖြစ်သည်။ ထိုအချိန်များတွင် နံပါတ် (၂) ဖြစ်သူက ပို၍ ဂရုတစိုက် ရှိပေးသင့်ပါသည်။ အကြံပေးခြင်း အားပေးခြင်းများ လုပ်သင့်သည်။ နံပါတ် (၆) ကို လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး အမိန့်ပေးသည့်အထိ လုပ်မှ အဆင်ပြေတတ်သည်။ ထိုမှသာလျင် သူတို့၏ စိုးရိမ်သောကများကို ပယ်ရှင်းနိုင်ပါလိမ့်မည်။
သို့ငြားသော်လည်း ထိုကိစ္စမျိုး ဖြစ်လာပါက နံပါတ် (၆) တို့မှ သူတို့ကိုယ်ရေးကိုယ်တာကို ဝင်စွက်သည်။ သူတို့၏ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ချိုးဖျက်သည်ဟု ယူဆက ဒေါသထွက်တတ်သည်။ ဒေါသ သံသရာလည်နေပြီး အမှားကို ထပ်ခါထပ်ခါ ကျူးလွန်တတ်သည်။ မျက်ရည်မျက်ခွက်နဲ့ အတူနေထိုင်ရတတ်သည်။ သူတို့ကို ကောင်းမွန်အောင် သင်ပြလေလေ သူတို့က သူတို့အခွင့်အရေးကို ဝင်ရောက်စွက်ဖက်သည်ဟု ထင်လေလေ ဖြစ်ပြီး အိမ်ထောင်ရေး ပျက်ပြားတတ်သည်။ ဤတွင် နံပါတ် (၂) အတွက် သူတို့ အတူနီးနီးကပ်ကပ် နေခဲ့ခြင်းကြငြား တကယ်တမ်းတော့လည်း ထင်သလောက် မရင်းနှီးခဲ့ကြဟု သက်ရောက်လာသည်။ မည်သို့ဆိုစေ နံပါတ် (၆) တို့၏ စိတ်ထားသည် အကောင်းအဆိုး ဒွန်တွဲနေတတ်ကြသည်။ နံပါတ် (၂) ကို အဝေးသို့ တွန်းထုတ်ခြင်းသည် သူတို့နှင့် ပို၍ နီးကပ်စေလိုသောကြောင့် ဖြစ်သည်။ နံပါတ် (၆) တို့၏ စိတ်နှစ်ခွဖြစ်မှု တခါခါ မလျော်မကန်ပြုမူတတ်သော အမှုတို့က နံပါတ် (၂) ကို ရူးစေသည်။ နံပါတ် (၂) က ဝေးရမှာ ကြောက်သူများ ဖြစ်သည်။ နံပါတ် (၂) က အရင်ကတည်းက နံပါတ် (၆) အပေါ် ကူညီပေးချင်စိတ် တစ်ခုတည်းသာ ရှိပါသည်။ သို့သော်လည်း နံပါတ် (၆) က သူတို့အတွေ့အကြုံအရ သူတို့ကိုယ်ရေးကိုယ်တာ ဝင်စွက်သည်ဟု ယူဆသည်။ ထိုမှ သူတို့သည် တယောက်နဲ့ တယောက် ဝေးဖို့ အကြောင်းဖြစ်လာသည်။ ဤစုံတွဲတို့သည် တယောက်နဲ့တယောက် ကလေးတွေလို ရန်ဖြစ်တတ်သည်။ ရန်ငြိုးထားတတ်သည်။ နောက်ဆုံးမှာ မလွဲမရှောင်သာတော့ဘဲ နှစ်ဖက်မိဘက ဝင်ရောက်ဖြေရှင်းပေးရသည့် အခြေအနေမျိုး ကြုံတတ်သည်။ သူတို့ စိတ်ရင်းနှင့်သာ ဆက်ဆံနေကြပါက မည်သည့် ပြဿနာမှ ပေါ်လာရန်တော့မရှိပါ။