ယှက်နွယ်မှု
အင်နာဂရမ် နံပါတ် (၂) နှင့် နံပါတ် (၅) တို့၏ ယှက်နွယ်မှုက လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ နှစ်ဦးနှစ်ဖက်စလုံးက တဖက်စီတွင် အတွေးတမျိုးစီဖြင့် အထီးကျန်စွာ နေရသည်ကို သဘောကျကြသောကြောင့် ဖြစ်သည်။ နံပါတ် (၂) နှင့် နံပါတ် (၅) တို့သည် ဘဝတွင်လည်းကောင်း လင်နဲ့မယား ဆက်နွယ်ဆက်ဆံရေးတို့တွင်လည်းကောင်း အလွန်ခြားနားသော အမြင်ဖြင့် ရှင်သန်နေထိုင်လာခဲ့ကြသူများ ဖြစ်သည်။ သူတို့သည် အလွန့်အလွန် ကွဲပြား ခြားနားလွန်းကြသောကြောင့် သူတို့သည် တစ်ဦးနှင့်တစ်ဦး နက်နဲသိမ့်မွေ့သော အရာများဖြင့် ဆွဲဆောင်လျက်ရှိသည်။ နံပါတ် (၂) နှင့် နံပါတ် (၅) တို့၏ အတွဲသည် အများမျှော်လင့်ထားသည့် မျှော်လင့်ချက်မျိုးနဲ့ ကွဲထွက်နေမည့် အတွဲမျိုးဖြစ်သည်။ နံပါတ် (၂) က နံပါတ် (၅) ကို စိန်ခေါ်သူအဖြစ်မြင်သည်။ မိမိနဲ့ အလှမ်းဝေးသည့် လူမျိုးအဖြစ်မြင်သည်။ စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်မှုအားကောင်းသူအဖြစ်မြင်သည်။ ၎င်းတို့၏ ခံစားချက်ကို အပြင်သို့ မထုတ်ပြတတ်သူအဖြစ်မြင်သည်။ သူတို့သည် အလွန်လျို့ဝှက်သော နေထိုင်မှုကြောင့် တခြားသူအား အလွယ်တကူ မဆွဲဆောင်နိုင်သူအဖြစ် မြင်သည်။ နံပါတ် (၅) ဘာကို သဘောကျနေသလဲ ဘာကို ကြိုက်သလဲဆိုတာမျိုးကို သိဖို့ နံပါတ် (၂) ဖြစ်သူတို့ အတော်လေး ကြိုးစားမှ သိမည်။ နံပါတ် (၂) က နံပါတ် (၅) နှင့် ကောင်းမွန်သော ဆက်ဆံရေးဖြစ်ဖို့ နံပါတ် (၅) ၏ အတွေးအခေါ်ကို အမီလိုက်နိုင်မှ တော်ကာကျမည်။ အကယ်၍ သင်သည် နံပါတ် (၂) ဖြစ်ပါက မိန်းကလေးဖြစ်စေ ယောက်ျားလေးဖြစ်စေ နံပါတ် (၅) ကို ဖုန်းစခေါ်ရန် ချိန်းတွေမှု စလုပ်ရန် ကမ်းလှမ်းရန် ဝန်မလေးပါနှင့်။ အားကောင်းသော နံပါတ် (၂) ဖြစ်ပါက နွေးထွေးမှုကို ပေးနိုင်သည်။ နံပါတ် (၅) အား သက်တောင့် သက်သာ အနေအထားတွင် ရှိနေစေနိုင်သည်။ နံပါတ် (၅) တို့က အနေအထိုင် ကျဉ်းကြပ်မှုကို ခံစားရလေ့ရှိသည်။ နံပါတ် (၅) ၏ နေထိုင်မှု စားသောက်မှု အဝတ်အစားစသည့် အနေအထားကို တိုးတက်ကောင်းမွန်အောင် ပြုပေးလိုသည့် ဆန္ဒရှိရမည်။ ထို့အတူ သူချစ်လာစေနိုင်သည့် အပြုအမူများ သူစိတ်ဝင်စားသော အရာများကို ဘက်ပေါင်းစုံကနေ တွေးပေးနိုင်ရမည်။ နံပါတ် (၅) များက ဤအရာများကို သတိမထားပါ။ သိလည်း မသိပါ။ ဤကဲ့သို့ ပြုလုပ်ပေးမှသာ ပြန်လည်သတိထားမိလာပြီး နံပါတ် (၂) အား အတုအပကင်းသည့် အပြုအမူများဖြင့် ပြန်လည်တုန့်ပြန်လာမည်။ နံပါတ် (၅) တို့သည် ဝမ်းသာ ဝမ်းနည်းစသည်ကို စိတ်ထဲတွင်သာ ထားတတ်သည်။ သူတပါး သူတို့အား ဂရုစိုက်သည် မစိုက်သည်ကိုလည်း စိတ်ထဲသာ ထားတတ်သည်။ သို့ငြား တိတ်တိတ်ကလေးနဲ့ ကျေနပ်နေတတ်သည်။
နံပါတ် (၅) အပိုင်းဘက်က ကြည့်လျင်လည်း နံပါတ် (၅) တို့က သစ္စာတရားကို အလွန်စောင့်သိကြသူများ ဖြစ်သည်။ သူတို့၏ လက်တွဲဖော်ကို တွေ့ဖို့ အလွန်ခက်ခဲ ရှုပ်ထွေးတတ်သည့် လူအမျိုးအစားများ ဖြစ်သည်။ ထို့ကြောင့် သူတို့က အလုပ်အပေါ်ကိုသာ တန်ဖိုးထားလုပ်ကိုင်ကြသည်။ စွမ်းအင်များကိုလည်း အလုပ်အကိုင်မှသာ ရရှိသည်။ အလုပ်လုပ်ရင်း ပင်ပန်းလျင် နားဖို့ အလုပ်လုပ်သည့်သူများဖြစ်သည်။ နံပါတ် (၅) တို့က အေးဆေးတည်ငြိမ်သော အချစ်ကို သယ်ဆောင်လာတတ်သည်။ အကြပ်အတည်းများတွေ့လျင်လည်း ဓမ္မဓိဋ္ဌာန်ကျကျ ဆုံးဖြတ်နိုင်သည့်သူများ ဖြစ်သည်။ နံပါတ် (၅) များသည် ကောင်းစွာ နားထောင်ပေးတတ်သူများ ဖြစ်သည်။ ထို့အတူ ကောင်းမွန်စွာ ပြန်လည်တုန့်ပြန်ပေးတတ်သူများလည်း ဖြစ်သည်။ သူတို့သည် ရလဒ်များကို ဂရုမစိုက်။ ထို့ကြောင့် နံပါတ် (၂) ၏ ထိခိုက်သော ခံစားချက်များကို ပျောက်ပြယ်သွားအောင် အကြံကောင်းပေးနိုင်သည်။ မည်ကဲ့သို့ လုပ်လျင် နံပါတ် (၂) ၏ ထိခိုက်နေသော ခံစားချက်များ ပျက်ပြယ်မည်ကိုလည်း ကောင်းစွာ သိသူများဖြစ်သည်။ နံပါတ် (၅) များက နံပါတ် (၂) ထက် အေးဆေးတည်ငြိမ်သူများဖြစ်သည်။ ဤအချက်ကြောင့် သူတို့နှစ်ဦးစလုံးအတွက် အေးဆေးတည်ငြိမ်သော မျှော်လင့်ချက်အပြည့်ဖြင့် ဘဝခရီးကို ဆက်နိုင်ကြသည်။ အချုပ်အားဖြင့် နံပါတ် (၅) က နံပါတ် (၂) ၏ စိတ်ခံစားချက်များကို အေးမြစေနိုင်သည်။ နံပါတ် (၂) က နံပါတ် (၅) အား နွေးထွေးအေးမြသည့် ဘဝကို ပေးနိုင်သည်။ နံပါတ် (၂) တို့က နံပါတ် (၅) ၏ မြင်ရသော အပြုအမူမှတဆင့် တစ်ဦးနှင့် တစ်ဦးအပေါ် အပြုသဘောဖြင့် မည်မျှ ဂရုတစိုက် ချစ်ကြသနည်းဆိုသည်ကို အာရုံစိုက်ကာ ရလဒ်အပေါ် ကြည်နူးခံစားသည်။ နံပါတ် (၅) က မည်သူ့ကို မဆို တုန်နေအောင် ချစ်ပါစေ သိပ်ဂရုမစိုက်ဘဲ သူတို့ကို ပြုစုယုယပေးနိုင်သူကိုသာ ပြန်ချစ်တတ်သည်။
ဖြစ်နိုင်ချေ
ဤစုံတွဲတို့သည် ပြဿနာအများအပြားကို ရင်ဆိုင်ရမည်။ တယောက်အပေါ် တယောက် ဘယ်လောက်ဂရုစိုက်လဲ။ တယောက်အပေါ် တယောက် ဘယ်လောက် အနစ်နာခံလဲ။ တယောက်အပေါ် တယောက် ဘယ်လောက် အလေးထားလဲ စသဖြင့် ပြဿနာအများအပြား ရှိသည်။ နံပါတ် (၂) တို့က နံပါတ် (၅) တချက်လောက် အမူအရာပျက်သည်နှင့် တန်းသိကာ တန်းအပြစ်ဖို့တတ်သည်။ နံပါတ် (၅) ကလည်း တုဏှိဘာဝေ ဘာမှ မပြော သူတို့စိတ်ကူးယဉ် ကမ္ဘာထဲတွင် တကိုယ်တည်း ပျော်မွေ့နေတတ်သည်။ အရာအားလုံးအပေါ် မည်သို့မှလည်း မတုန့်ပြန်။ နံပါတ် (၂) တို့၏ ခံစားချက်တွေ အပြုအမူတွေကို လွန်ကို လွန်လွန်းသည်ဟု သူတို့ ယူဆသည်။ နံပါတ် (၂) တို့၏ အချစ်မျိုးကို သူတို့ မလိုချင်။ မခံစားချင်။ သဲသဲလှုပ်အချစ်ဆိုတာ မလိုအပ်ဟု သူတို့ ယူဆသည်။ သဲသဲလှုပ်ချစ်ပြမည့်အစား ကျားမြီးသာ ပြေးဆွဲမည့် သူများဖြစ်သည်။ နံပါတ် (၂) ကလည်း နံပါတ် (၅) သူတို့အား တုန့်ပြန်သကဲ့သို့ နှစ်ဆတုန့်ပြန် ဆက်ဆံတတ်သည်။ သို့သော်လည်း နံပါတ် (၂) က ဤကဲ့သို့ ဖြစ်ရခြင်းကို ပိုသိချင်လာတတ်သည်။ ပိုသိချင်လာလေ ပိုစကားပြောလေ ပိုမေးခွန်းထုတ်လေ နံပါတ် (၅) အတွက် ပိုစိတ်ပျက်ဖို့ ကောင်းလေ ဖြစ်တတ်သည်။ ဤသို့ဖြစ်လာလျင် နံပါတ် (၂) တို့ လုပ်သင့်သည်မှာ စာကြည့်တိုက်သွား စာအုပ်ဖတ်၊ သို့မဟုတ် အကသင်တန်းသွား အက,က၊ သို့မဟုတ် ရုပ်ရှင်တွေ တဝကြီး ထိုင်ကြည့်နေသင့်သည်။ နောက်ဆုံး အလုပ်ထဲမှာ အာရုံနစ်ကာ အလုပ်မှာပဲ အိပ်သင့်လျင် အိပ်တာမျိုးက ပိုကောင်သည်။ နံပါတ် (၂) တို့၏ လုပ်ရပ်များကို သိမြင်ပြီးမှ နံပါတ် (၅) တို့က သူတို့လုပ်ရပ်ကို ပြန်ဆင်ခြင်နိုင်မည် ဖြစ်သည်။
နံပါတ် (၂) ဖြစ်သူမှ သိချင်မှုပိုများလေလေ နံပါတ် (၅) အတွက် နောက်ဆုတ်လေလေ ဖြစ်တတ်ပြန်သေးသည်။ အဘယ်ကြောင့်ဆိုသော မိမိ၏ ခံစားချက်က တပါးသူအား လွှမ်းမိုးခြယ်လှယ်ဖို့မဟုတ်ဟု ယူဆထားသောကြောင့် ဖြစ်သည်။ နံပါတ် (၅) ဖြစ်သူ မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးလေလေ အကူအညီမဖြစ်သည့်အပြင် ပို၍ နာကျင်ရလေလေ ဖြစ်ရသည်။ နံပါတ် (၂) အပေါ် ကူညီဆောင်ရွက်ပေးနိုင်စွမ်းလည်း ကျလေလေဖြစ်သည်။ သို့ငြား တက်ကြွလှုပ်ရှားမှုမရှိသော အချစ်မရှိသော ဘဝက တန်ဖိုးမရှိဟု ယူဆကြပြန်သည်။ နံပါတ် (၂) က နံပါတ် (၅) ၏ ဘဝအတွင်းရေးကို ဝင်စွက်ဖက်မှုကြောင့် နံပါတ် (၅) တို့က မလုံခြုံသလို ခံစားနေရတတ်သည်။ ဤအချက်က နံပါတ် (၂) တို့၏ မှားယွင်းသော မိုက်မဲသော အချက်တချက် ဖြစ်သည်။ နံပါတ် (၅) က လက်တွဲဖော်ဆိုသည့် အချက်အပေါ် သို့မဟုတ် လက်တွဲဖော်အပေါ် အပြစ်မြင်လာတတ်သည်။ အဆိုးမြင်လာတတ်သည်။ သက်သက်မဲ့ အလုပ်ရှုပ်အောင် လုပ်သည့် အလုပ်တမျိုးအဖြစ် သတ်မှတ်လိုက်တတ်သည်။ နံပါတ် (၅) က မေးလာသမျှ မေးခွန်းများကို ဝေးသထက်ဝေးအောင် ရှောင်တတ်သည်။ တချိန်တည်းတွင် နှစ်ပေါင်းများစွာ ရင်းနှီးနေထိုင်ခဲ့သည့် ဘဝလက်တွဲဖော်အပေါ် စိတ်ဝင်စားမှု ကုန်ဆုံးသွားတတ်သည်။ နဂိုကတည်းကလည်း နံပါတ် (၅) အမျိုးအစားတို့က နံပါတ် (၂) အမျိုးအစားတို့နှင့် သဘောသဘာဝချင်း သိပ်မတူတာလည်း ပါသည်။ နံပါတ် (၂) တို့၏ စွဲလမ်းမှု ဝင်ရောက်စွပ်ဖက်တတ်မှုကို နံပါတ် (၅) တို့က လုံးဝမကြိုက်တာလည်း ပါသည်။ သူတို့နှစ်ယောက် အတူနေခြင်းသည် ဘေးအန္တရာယ်အတွက် ဖော်စပ်လိုက်သည့် ဆေးညွှန်းကို ရရှိလိုက်ရသည်နှင့် တူသောကြောင့် ဤနှစ်ယောက်အတွက် မည်မျှပင် ချစ်သည်ဖြစ်စေ အတူနေပြီးသည့်နောက် အထီးကျန်သည့် ခံစားမှုမျိုး ခံစားနေကြရမည် ဖြစ်ပါသည်။