ယှက်နွယ်မှု
ဤအဖြစ်မျိုးကြုံခဲ့ပါက တဦးနှင့် တဦးမကြာခဏ ကတောက်ကတဆဖြစ်တတ်လျင်တောင်မှ အလွန်နွေးထွေးသော ဘဝများကို ပိုင်ဆိုင်ကြရပါလိမ့်မည်။ သူတို့နှစ်ယောက်စလုံးက သူတို့ရင်ထဲ ရှိသည့်အရာများကို ပွင့်ပွင့်လင်းလင်း ပြောတတ်သောကြောင့် ဖြစ်ပါသည်။ နှစ်ယောက်စလုံး နွေးထွေးသည့်ဘဝ တယောက်နှင့်တယောက် ဆက်နွယ်နေသည့်ဘဝများကို ရှာဖွေကြသူများ ဖြစ်သည်။ နှစ်ဦးစလုံး သူတို့၏ ကျန်းမာရေးအတွက်လည်း အမြဲတမ်း ဂရုစိုက်လေ့ ရှိကြသည်။ ထို့ကြောင့်လည်း သူတို့၏ တဦးအပေါ်တဦး ထားသောရင်းနှီးချစ်ခင်မှုကြောင့် အခက်အခဲမှန်သမျှကို အမြဲပင် ကျော်လွားနိုင်ကြသည်။ အင်နာဂရမ် (၂) သမားနှင့် (၄) သမားတို့သည် အချင်းချင်း သူတို့၏ မျှော်လင့်ချက်များကို မျှဝေရာ၊ သူတို့၏ စိုးရွံ့သည့်အရာများကို ရင်ဖွင့်ရာ၊ သူတို့၏ မလုံခြုံမှုအတွက် နားခိုရာ နေရာများအဖြစ် တည်ရှိပေးကြသည်။ သူတို့ အချင်းချင်းအတွက် သူတို့နှစ်ဦး၏ ချစ်ခြင်းတရားက ဆေးကောင်းဝါးကောင်းများသဖွယ် ဖြစ်ကြသည်။ နံပါတ် (၂) များက လူမှုဆက်ဆံရေး ပေါင်းသင်းရေးတွင် အားကောင်းသောကြောင့် နံပါတ် (၄) အတွက် အတော်အဆင်ပြေသည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပြီး ဆက်ဆံရာတွင် လွယ်ကူသွားစေသည်။ နံပါတ် (၂) တို့က နွေးထွေးစွာ ဆက်ဆံတတ်သည်။ လူမှုရေးတို့တွင် ယုံကြည်မှုအပြည့်ရှိသည်။ အတွေးအခေါ် ကောင်းသည်။ စနစ်တကျ စဉ်းစားတတ်သည်။ စေတနာကောင်းသည်။ တဖက်သားကို စိတ်အားထက်သန်အောင် ပြောတတ်သည်။ နံပါတ် (၂) တို့က လက်တွေ့ကျသည်။ ပြောသည့်အတိုင်း လုပ်သည်။ မည်သည့်နေရာတွင် မည်သည့်အရာ လိုအပ်သည်ကို သိသည်။ မိမိစ,ထားသော အလုပ်များကိုလည်း ကြိုက်နှစ်သက်သည်ဖြစ်စေ စိတ်ပျက်နေသည်ဖြစ်စေ ပြီးဆုံးအောင် လုပ်တတ်သည်။
တဖန် တဖက်အားကြည့်လိုက်သောအခါတွင် နံပါတ် (၄) များက တီထွင်ဖန်တီးမှု အားကောင်းသည်။ ဟာသဉာဏ်ရွှင်သည်။ တဖက်သား၏ အားနည်းချက်ကိုလည်း ဟာသလုပ် ရယ်မောတတ်သည်။ သို့သော်လည်း ရိုးသားသော ခံစားချက်ဖြင့်သာ ဖြစ်သည်။ သူတို့က သူတို့၏ ရူးမိုက်သော လုပ်ရပ်များကို သိပါသည်။ သူတို့ ပြုလုပ်လိုက်သော အမှားကိုလည်း သိပါသည်။ သို့သော် သူတို့ ဘယ်တော့မှ ပြန်ပြင်မည် မဟုတ်ပါ။ သူ့အတွက်ဖြစ်စေ သူ၏တွဲဖက် နံပါတ် (၂) အတွက်ဖြစ်စေ အမှန်ဖြစ်အောင် လုပ်မည် မဟုတ်ပါ။ နံပါတ် (၄) က သူတို့နှစ်ဦး၏ ဆက်နွယ်ဆက်ဆံရေး၏ အလှတရားများ ကြည်နူးဖွယ်ကောင်းသော အမှတ်တရများကို ဖော်ဆောင်ပေးတတ်သည်။ သူတို့က သူတို့လုပ်ရပ်သည် မည်သူအပေါ် သို့မဟုတ် သူ့အပေါ် မည်သည့်အကျိုးများ သက်ရောက်သွားသနည်းကို စိတ်ဝင်စားသည်။ ထို့ကြောင့် နံပါတ် (၂) ဖြစ်သူ စိတ်အေးချမ်းဖို့ ကြည်နူးဖွယ်ဖြစ်ရပ်များတွေ့ကြုံရဖို့ အတွက် လုပ်ရိုးလုပ်စဉ်မဟုတ်သော လုပ်နည်းများဖြင့် နှစ်သက်ဖွယ်ကောင်းသော ဖြစ်ရပ်များကို ဖန်တီးတတ်သည်။ နံပါတ် (၄) က သူတို့နှစ်ဦး၏ ဆက်နွယ်ဆက်ဆံရေးကို အလွန်အမင်း အလေးအနက် ခံယူထားသည်။ ခန့်မှန်းရခက်ကာ နက်နဲသိမ်မွေ့သော အရာအဖြစ် ခံစားသည်။ လိင်မှုကိစ္စကိုလည်း ပွင့်လင်း လွတ်လပ်စွာ ခံစားသည်။
အချုပ်အားဖြင့် နံပါတ် (၄) က သူတို့ဘဝအတွင်းပိုင်းအထိ နက်ရှိုင်းစွာ လေ့လာသင်ယူဖို့ နံပါတ် (၂) အားခွင့်ပြုလေ့ရှိသည်။ ထိုမှသာလျင် သူတို့သည် မည်ကဲ့သို့ လူစားမျိုးဖြစ်သည်ကို ကောင်းကောင်းသိကာ အချင်းချင်း ယုံကြည်မှု ရမည်ဟု ယုံကြည်သည်။ နံပါတ် (၂) ကလည်း နံပါတ်လေး ပေးသည် ထူးထွေသည့် အံ့ရာသော အပြုအမူများကို လက်ခံသည်။ ထို့ကြောင့်လည်း သူတို့နှစ်ဦးသည် ပတ်ဝန်းကျင် အနှောင့်အယှက်ကင်းကင်းဖြင့် ပြီးပြည့်စုံသည့် ဘဝကို ပိုင်ဆိုင်ကြသည်။ သူတို့၏ ရိုမန်တစ်ဆန်သော သူများနဲ့မတူသော အပြုအမူများနှင့် မမျှော်လင့်သော ဟာသများကြောင့် ထူးကဲသော ဘဝများဖြင့် တဦးကိုတဦး ဦးဆောင်ပေးနိုင်ကြသည်။ ထူးထူးထွေထွေ ပြောနေစရာ ရှင်းပြနေစရာ မလိုပါပဲ အချင်းချင်းကိုလည်း ရင့်ကျက်သော စိတ်ခံစားမှုများကို ဖြစ်ပေါ်စေသည်။ နှစ်ယောက်စလုံး၏ နေထိုင်မှုက တပါးသူတို့မှ သူတို့အား အပြစ်ဖို့ရန် အတင်းပြောရန်အား တားဆီးနေသကဲ့သို့ ရှိကြသည်။
ဖြစ်နိုင်ချေ
နံပါတ် (၂) နှင့် နံပါတ် (၄) တို့သည် အကောင်းဆုံး သူငယ်ချင်း၊ အရင်းနှီးဆုံးမိတ်ဆွေများသာ ဖြစ်သင့်ကြသည်။ အံ့ဩစရာကောင်းသည်မှာ သူတို့နှစ်ဦးသည် လင်မယား သို့မဟုတ် သမီးရည်းစားအဖြစ် ရှိနေဖို့ အတော်လေး ခဲယဉ်းသည်။ သူတို့က သူတို့အချင်းချင်း တယောက်အပေါ် တယောက် ပဲ့ပြင်ပေးနိုင်ကြသောကြောင့် ဖြစ်သည်။ နံပါတ် (၂) က ကယ်တင်သူဖြစ်ပြီး နံပါတ် (၄) က အကယ်တင်ခံဖြစ်တတ်သည်။ ပမာဆိုရသော် အမေပျောက်နေသည့် ကလေးအား မိဘသဖွယ် ပြုစုပျိုးထောင်သည်နှင့် တူကြသည်။ ပြဿနာက သူတို့က ခံစားချက်တွေ ပြင်းပြပြီး မထိန်းသိမ်းနိုင်ကြသောကြောင့် ဖြစ်သည်။ ထို့အတူ မည်မျှ ကောင်းမွန်နေသည်ဖြစ်စေ မည်မျှလိုအပ်သည်ဖြစ်စေ သူတို့၏ ခံစားချက်ကို ထုတ်မပြောကြခြင်း ဖြစ်သည်။ နံပါတ် (၂) ရော နံပါတ် (၄) ပါ သူတို့ခံစားချက်နဲ့ သူတို့ ရှိကြသည်။ သူတပါးကို အလွယ်တကူ နားလည်ပေးလိုက်ဖို့ သူတို့ကြုံတွေ့နေရသော ပြဿနာများ ပဋိပက္ခများကို လွယ်လွယ်ကူကူ ရင်ဖွင့်ဖို့ သူတို့အတွက် အဆင်မပြေလှပေ။ သူတို့နှစ်ဦးသည် သူများတကာနှင့် မတူ ပို၍ ရင်းနှီးဖို့ ပို၍အနေနီးဖို့ အမြဲလိုအပ်သည်။ အခြားသူနဲ့ အနေများဖို့ထက် သူတို့အချင်းချင်းက တယောက်နဲ့ တယောက် တွယ်ကပ်နေကြဖို့ လိုအပ်သည်။ ရေရှည်တွင် တယောက်မှ တန်ဖိုးထားသည်က တမျိုး၊ တယောက်မှ ဖြစ်ချင်တာက တဖုံဖြင့် တဦးနှင့်တဦး ပြိုင်ဘက်သဖွယ် ဖြစ်လာနိုင်သည်။
နောက်ဆုံးတွင် နံပါတ် (၂) က နံပါတ် (၄) အား အမြဲသုန်မှုန်နေသူ ဒေါသထွက်လွယ်သူ အဖြစ် မြင်တတ်သည်။ သူတို့ စိတ်ထင်သည့်အတိုင်း နေတတ်သည်။ စိတ်နဲ့ ကိုယ်နဲ့ ကပ်လေ့ရှိသူ မဟုတ်ဟု မြင်လာတတ်သည်။ နံပါတ် (၄) သည် အလွန်အမင်း အထိအခိုက် မခံသူ၊ ကိုယ့်အတွက်ကိုသာ သိတတ်သူ၊ သူများကို မကြည့်၊ တပါးသူအကျိုးကို နားမလည်သူဟု မြင်လာသည်။ နံပါတ် (၄) ကလည်း နံပါတ် (၂) အား သည်းခံတတ် အလွန်အမင်း အကောင်းမြင်လွန်းတတ်သောကြောင့် ဘုရားလောင်းစပေါ်ပြီဟု ငေါ့မြင်သည်။ လူတွေနဲ့ ပေါင်းသည်၊ သူလိုချင်လျင် တပါးသူကို မြှောက်ပင့် ပြောဆိုတတ်သည် စသည့်အပြင် သိုးရေခြုံထားသည့်သူ ဟုမြင်လာသည်။ ထို့ပြင် နံပါတ် (၂) တို့သည် ခံစားချက်များကို မဖော်ပြ။ လျို့ဝှက်ထားသည်။ သူတို့ သဘောမကျသည့် သူများအပေါ် သူတို့ ရင်မဖွင့်ကြဟု ဆက်မြင်တတ်သည်။ နံပါတ် (၂) အား လူတွေရဲ့ ချစ်ခြင်းနှင့် နည်းနည်းလေးမှ မထိုက်တန်ဟု မြင်လာသည်။ နံပါတ် (၂) တို့ လူတွေကို ချစ်ပြနေခြင်းသည် လာဘ်ထိုးခြင်းသာ ဖြစ်သည်ဟု မြင်သည်။ နံပါတ် (၄) သည် နံပါတ် (၂) ဖြစ်သူအား အလွန်အထင်အမြင်သေးလေ့ ရှိသည်။ ထို့နောက် နံပါတ်လေးက နံပါတ် (၂) တို့၏ လူမှု ဆက်ဆံရေး စွမ်းရည်များ၊ အကောင်းဘက်က တွေး၍ တုန့်ပြန်တတ်သော အကောင်းမြင်ဝါဒများ၊ လူများနှင့် ပြေပြစ်သည့် ဆက်ဆံရေးများအားလုံးအပေါ် စတင်၍ တိတ်တဆိတ် မနာလို စဖြစ်လာသည်။ နံပါတ် (၂) ၏ လူမှုရေးလောကတွင် ထင်ပေါ်မှု လူချင်လူခင်များမှုကို အပိုအလုပ်တွေဟု မြင်လာသည်။ တယောက်၏ အားငယ်မှုများ တယောက်၏ တိတ်တဆိတ် ကြေကွဲရမှုများက သူတို့၏ အဖိုးတန်လှသော အိမ်ထောင်ရေး သို့မဟုတ် သမီးရည်းစားဆိုသည့် ဆက်ဆံရေးကို ဖြိုခွဲမည့် ရန်သူဖြစ်လာသည်။ နံပါတ် (၂) ဖြစ်သူ အခြားသော သူများနှင့် အလုပ်လုပ်လျင် နံပါတ် (၄) တို့က သူတို့အား မလိုလားတော့ကာ သူတို့အား လစ်လျူရှုလိုက်ပြီဟု ယူဆတတ်ကြသည်။ နံပါတ် (၄) က အသိအမှတ်မပြုပါက နံပါတ် (၂) တို့က သူတို့အား အလေးမထား တန်ဖိုးမထားဟု ယူဆတတ်ကြသည်။
နှစ်ယောက်စလုံး တစ်ဦး၏ ခံစားချက်များကို တစ်ဦးက မလျော်မကန်မပြုမိဖို့လိုသည်။ ပွင့်ပွင့်လင်းလင်းပြော၍ လက်ခံနိုင်သည် လက်မခံနိုင်သည်ကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဖို့လိုသည်။ တယောက်၏ ကြိုးစားမှု၊ တယောက်၏ ဆန္ဒ၊ တယောက်၏ တောင်းဆိုမှုများကို တယောက်က အနည်းဆုံးအားဖြင့် အသိအမှတ်ပြုသင့်သည့် အတွဲဖြစ်ပါသည်။