ယှက်နွယ်မှု
ဤနှစ်ယောက်၏ အမျိုးအစားများက ဟိုးအတွင်းပိုင်းအထိ တစ်ဦးနှင့်တစ်ဦး အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုး နားလည်ထားကြသူများ ဖြစ်ကြသည်။ တယောက်၏ စရိုက်ကိုလည်း တယောက်က ကောင်းကောင်း သိထားကြသည်။ အပြုသဘောဘက်ကကြည့်လျင် နှစ်ဦးစလုံး စိတ်ချရလောက်သည့် အတွေးအခေါ်ကောင်းများ ရှိကြသည်။ လက်ရှိ ဟောသည် ကမ္ဘာကြီးကို အကောင်းဆုံး ကမ္ဘာကြီးဖြစ်အောင် ပြုလုပ်ပေးလိုသော ဆန္ဒများလည်း ရှိကြသည်။ နံပါတ် (၉) က နံပါတ် (၁) ၏ အတွေးအခေါ်ထက် ပို၍ အခရာကျသော လူ့အသိုင်းအဝိုင်းပြောင်းလဲမှု ဦးတည်ချက်ကို ယူလာပေးတတ်သည်။ သို့သော်လည်း နှစ်ဦးစလုံး အနစ်နာခံကာ ကြိုးစားလုပ်ကိုင် တတ်ကြသည်။ ပြီးတော့ သူတို့ ကိုယ်ပိုင်စိတ်ကူးအရ ဖြစ်လိုသော ဆန္ဒများကို ထည့်သွင်းကြသည်။ တဖက်သား၏ အကျိုးစီးပွားကို ဘေးဖယ်ထားသလိုမျိုးလည်း မဖြစ်စေရ။ သူတို့နှစ်ဦးက ရှေ့ဆက်ရရှိလာနိုင်မည့် အကျိုးစီးပွားများအတွက် လက်ရှိ ဆုတွေ ဘာတွေ ပေးလျင်ပင် ယူကြမည့် သူများ မဟုတ်။ နံပါတ် (၁) က အရာရာကို ရှင်းရှင်းလင်းလင်း သိတတ်သည်။ ကြောင်းကျိုးဆက်စပ် နားလည်သည်။ စံပြအဖြစ် နေပေးနိုင်သည်။ နားလည်မှုလည်း ရှိသည်။ သူတို့က သူတို့ကိုယ်တိုင် တိုးတက်ဖို့အတွက်ရော သူတို့ပတ်ဝန်းကျင် တိုးတက်ဖို့အတွက်ပါ အမြဲကြိုးစားသည်။ အသိတရားဖြင့်လည်း နေထိုင်သည်။ မြင့်မားသော ကိုယ်ကျင့်တရားနဲ့ စံထားလောက်သော လူမှုကျင့်ဝတ်လည်း ရှိကြသည်။ တရားမျှတမှုရှိပြီး သမာသမတ်လည်းကျသည်။ နံပါတ် (၉) က နူးညံ့သိမ်မွေ့မှုကို ယူဆောင်ပေးလာတတ်သည်။ ပြုစုပျိုးထောင်ပေးတတ်သော စွမ်းရည်လည်း ရှိသည်။ သူ၏ ကိုယ်ကျိုး မပါမှန်း အသိသိနှင့်လည်း သူတပါးကို ထောက်ပံ့ပေးတတ်သည်။ နံပါတ် (၉) များက တည်ငြိမ်သည်။ သူတို့နှင့် အတူပေါင်းသင်းနေထိုင်ရန် လွယ်ကူသည်။ ဝေလည်း မဝေဖန်။ အပြစ်လည်း မဆိုတတ်။ သူ့အတွက်လည်း ဘာမှ မတောင်းဆိုတတ်ပေ။ သာတူညီမျှဖြစ်အောင်လည်း နေပေးသည်။ နှစ်လိုဖွယ်ကောင်းပြီး ချောမွတ်ပြေပြစ်သည့် ဆက်ဆံရေးလည်း ရှိသည်။ သူ့ပုံစံက ပြောစရာစကားပင် မရှိလောက်အောင် ကောင်းပေးတတ်သည်။
အချုပ်အားဖြင့် နံပါတ် (၉) များက နံပါတ် (၁) ၏ တည်တည်ခန့်ခန့်နေထိုင်ခြင်း၊ နက်နက်နဲနဲတွေးခြင်းနှင့် အစွန်းတဖက်ရောက်သော အပြုအမူများကို ဖယ်ရှားပေးတတ်သည်။ နံပါတ် (၁) ကလည်း နံပါတ် (၉) ကို ရှင်းလင်းတိကျသော လမ်းညွှန်မှုမျိုးများ ပြုလုပ်ပေးတတ်သည်။ နံပါတ် (၁) က ဘဝဟူသည် ရည်ရွယ်ချက် ပန်းတိုင်ရှိရမည်ဟု ယုံကြည်သည်။ ထိုအတွက် နံပါတ် (၉) အား မိမိပန်းတိုင်ကို မိမိကိုယ်တိုင် သိရှိပြီး ထိုပန်းတိုင်နောက်ကို လိုက်နိုင်စေရန်အတွက် စိတ်ဝင်စားအောင် စည်းရုံးနိုင်စွမ်းသည်။ ဤအရာက သူတို့ကို စိတ်ထားစေတနာပြည့်ဝလှသော စုံတွဲ မျှတသောအတွေးနဲ့ လူသားဆန်သည့် အပြုအမူရှိသည့် စုံတွဲအဖြစ် ထင်ရှားစေသည်။ သူတို့သည် ကောင်းကျိုးပေးသည့် ကျေးဇူးရှိကြသည့် အပေါင်းအဖော်များလည်း ဖြစ်ကြသည်။ မြင့်မြတ်သည်။ ကြင်နာတတ်သည်။ သို့သော်လည်း သူတို့အတွက် အခြားသော စုံတွဲများလို အတူလေး ကြည်နူးကြဖို့ သီးသန့်အချိန်တစ်ခု လိုအပ်သည်။ သူတို့နှစ်ယောက် အတူတကွ နေထိုင်ကြလျင် သဘာဝဆန်သော ချစ်ခြင်းမေတ္တာများဖြင့် အပြန်အလှန် ချစ်နေတတ်ကြသည်။ မည်သို့ဆိုစေ သူတို့အချစ်ဆုံးသည် သူတို့၏ မိသားစုနှင့် သူတို့၏ သားသမီးများ ဖြစ်ကြသည်။ နံပါတ် (၉) က ချော့မော့နှစ်သိမ့်ပေးတတ်သည်။ နံပါတ် (၁) က မိမိ၏ အကောင်းဆုံးသော ပန်းတိုင်ကို သွားနေဖို့ အစဉ်သတိပေးနေတတ်သည်။
ဖြစ်နိုင်ချေ
သူတို့နှစ်ဦးအတွက် အဓိကပြဿနာဖြစ်စေသည့် အပိုင်းမှာ ပဋိပက္ခကို ဖြေရှင်းသည့်အခါနှင့် စိတ်ဖိစီးမှုအတွက် ထွက်ပေါက်ရှာသည့်အခါ တယောက်နှင့်တယောက် ဆန့်ကျင်ဘက်ဖြစ်နေသည့် အခါမျိုးမှာ ဖြစ်တတ်သည်။ နံပါတ် (၁) များက ဖြစ်သင့်သည့်အရာများ ဖြစ်မလာဘူးဟု ခံစားရလျင် သူကိုယ်တိုင်ဖြစ်စေ သူတပါးကို ဖြစ်စေ တရားဝင်ကြီး ဖျက်ဆီး ပေါက်ကွဲတတ်သည်။ ဖြစ်သင့်တာ မဖြစ်ဟု ထင်လျင် ဒေါသ တစိမ့်စိမ့် ထွက်လာတတ်သည်။ လူတိုင်းအပေါ် အရာဝတ္ထုတိုင်းအပေါ် မကျေနပ်။ ဘာဆို ဘာကိုမှ မကျေနပ် ဖြစ်တတ်သည်။ ဘယ်သူမှားတာလဲ ဆိုပြီးတော့ အပြစ်ရှာဖို့သာ စိတ်ထဲ စွဲနေတတ်သည်။ ပြီးတော့ တိုးတက်ရေးအတွက် ပြင်းထန်သော ဥပဒေများ ထုတ်တတ်သည်။ ဆန့်ကျင်ဘက်အနေအားဖြင့် ပဋိပက္ခများ ဖြစ်လာပြီ စိတ်ဖိစီးမှုများ တိုးလာပြီဆိုလျင်တော့ နံပါတ် (၉) သမားက အပြီးဖြတ်လိုက်သည်။ မသိကျိုးကျွံပြုလုပ်သည်။ ထိုအခါ ပြဿနာကို ဖြေရှင်းဖို့ ထိရောက်စွာ အလုပ်လုပ်ဖို့ သူတို့အချင်းချင်း စကားပြောဖို့ အဆင်မပြေတော့။ စကားပြောလျင်လည်း သက်တောင့်သက်သာ မရှိနိုင်တော့။ နံပါတ် (၉) က ညှိဖို့ ကြိုးစားတတ်သည်။ သို့သော် ညှိဖို့ ကြိုးစားလေ ပိုဆိုးလေ ဖြစ်သွားသည်။ နံပါတ် (၉) က သူနားလည် တတ်သိသည့် ဖြေရှင်းနည်းလမ်းဖြင့် ကြိုးစားလေ နံပါတ် (၁) ဘက်က သူ့အား ပြဿနာရှာသည် ဟုထင်လေလေ ဖြစ်ကာ နောက်ဆုံး ဒေါသက နံပါတ် (၉) ကိုပါ ကူးစက်သွားတတ်သည်။
နံပါတ် (၉) အတွက် ခက်နေသည်မှာ ပြဿနာ၏ အကောင်အထည်ကို ချပြဖို့နှင့် နံပါတ် (၁) ဘာဖြစ်နေသလဲဆိုတာကို သိဖို့ဖြစ်သည်။ နံပါတ် (၁) ကလည်း နံပါတ် (၉) အား အလိုလို သိလာစေရန်အတွက် ဖိအားပေးလေလေ နံပါတ် (၉) က ဘာမှန်း မသိတော့ပဲ မလုပ်တတ်လေလေ ဖြစ်တတ်သည်။ ထိုအခါ တယောက်နဲ့တယောက် မပြုမူသင့်သော အပြုအမူများနှင့် ပြုမူလာကြပြီး သူ့တပ် ငါ့တပ် နောက်ဆုတ်လိုက်တတ်ကြသည်။ နံပါတ် (၁) က ဒါကို တမင်လုပ်သည်ဟု ထင်၏။ ဂရုမစိုက်တာ တမင်ရှောင်တာဟု ထင်၏။ နံပါတ် (၉) ကို ဆိတ်ဆိတ်နေလေ နံပါတ် (၁) က သူ့ကို ဒေါပွအောင် လုပ်တယ်ဟု ထင်လေလေ ဖြစ်သည်။ အတိုပြောရလျင် နံပါတ် (၁) က နံပါတ် (၉) ကို လေးစားသမှု မရှိခြင်းနှင့် ဆိုင်၏။ ခက်လည်း ခက်နေ၏။ နံပါတ် (၉) အတွက်မူ နံပါတ် (၁) နှင့် စကားပြောရ ဆွေးနွေးတိုင်ပင်ရသည်မှာ (သူတပါးနှင့် ပြောသည်မှာ အဆင်ပြေသော်လည်း) သည် နံပါတ် (၁) နှင့် ဘယ်လိုမှ သက်တောင့်သက်သာ မရှိဖြစ်နေသည်။ နောက်ဆုံးတွင် နံပါတ် (၁) က နံပါတ် (၉) ၏ ပြန်လည်မဆက်ဆံခြင်း တခုမှ ပြန်မတုန့်ပြန်ခြင်းအပေါ် လုံးဝ သည်းမခံနိုင်တော့ပဲ ပေါက်ကွဲတတ်သည်။ အခြားသော သူများပင် သူတို့လင်မယား၏ ဘေးပတ်ဝန်းကျင်တွင် နေဖို့ ပြောဆို ဆက်ဆံဖို့ အရမ်းခက်ခဲလာသည်အထိ ဖြစ်တတ်သည်။ တကယ်တမ်း အဓိက နာကျင်ရသူမှာ နံပါတ် (၉) ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နံပါတ် (၁) က တစ်ခုခုဆိုတိုင်း နံပါတ် (၉) ကိုအပြစ်ဖွဲ့ ဒေါသပုံချတတ်သောကြောင့် ဖြစ်သည်။ သူတို့၏ ဒေါသများက သူတို့၏ ဆက်ဆံရေးကို တဖြည်းဖြည်း အေးခဲ သွားစေတတ်ပါသည်။ ဖြေဆေးမရှိပါ။