ယှက်နွယ်မှု
အင်နာဂရမ် နံပါတ် ၁ သမားနဲ့ ၆ သမားက ဘယ်လိုကြည့်ကြည့် တူလွန်းလှသဖြင့် တခါခါ သူလား ငါလားဟုပင် မှားရလောက်သည့်အဖြစ် ဖြစ်တတ်သည်။ နှစ်ယောက်စလုံး အလုပ်ကို အလွန်ကြိုးစားကြသူများ ဖြစ်ကြသည်။ နှစ်ဦးစလုံး ဖြောင့်မတ်ကြသည်။ တည်တံ့သည့် စိတ်ထားများ ရှိကြသည်။ လုပ်ပိုင်ခွင့်နှင့် အာဏာကိုလည်း ကောင်းကောင်းနားလည်ကြသည်။ သူတို့နှစ်ယောက်စလုံး အမှန်တရားနှင့် ကတိသစ္စာကို အထူးဂရုစိုက်တတ်ကြသူများ ဖြစ်သည်။ သူတို့နှစ်ယောက်စလုံး ကမ္ဘာပေါ်ရှိလူသားများအားလုံးကိုလည်း ကူညီပေးလိုကြသူများ ဖြစ်ကြသည်။ သူတို့သည် တပါးသူ၏ ရည်ရွယ်ချက်ကိုသော်လည်းကောင်း သူတို့၏ ရည်ရွယ်ချက်ကိုလည်းကောင်း ကောင်းမွန်စွာ ညွှန်ပြပေးတတ်သူများ ဖြစ်သည်။ သူတို့ ယုံကြည်ချက်နှင့် ပုံရိပ်အပေါ်ကိုလည်း လေးလေးနက်နက်ထား၍ ဦးဆောင် ပုံဖော်တတ်ကြသူများ ဖြစ်ကြသည်။ ဟုတ်ပါသည်။ သူတို့သည် သူတို့နှင့် အရည်အချင်းတူညီသော သူများကို လက်ဆွဲခေါ်တတ်ကြသူများလည်း ဖြစ်ကြသည်။ သူတို့က ရှင်းလင်းတိကျ ပြတ်သားသော ပန်းတိုင်များ ရှိကြသူများ ဖြစ်ကြသည်။ ထို့ကြောင့်လည်း ဖိအားမှန်သမျှကနေ အလွယ်တကူ ရှင်းရှင်းလင်းလင်း ရုန်းထွက်နိုင်လေ့ရှိကြသည်။ ဆုံးဖြတ်ချက်များကိုလည်း မြန်ဆန်စွာ ချတတ်သည်။ နံပါတ် ၁ သမားများက သူတို့ဆက်နွယ်မှုနဲ့ ပတ်သက်၍ ဦးဆောင်နိုင်သလို ထက်မြက်ပြတ်သားသော အမြင်လည်း ရှိသည်။ ထိုအရာက သူတို့ကို တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိစေသည်။ ထို့ကြောင့် နံပါတ် ၁ သမားများက နံပါတ် ၆ သမားတို့ စိတ်ဓာတ်ကျသည့်အခါမျိုးတွင် ယုတ္တိဗေဒကျကျနဲ့ ရှင်းပြတတ်ကာ စိတ်ဆင်းစရာများ ဖယ်ရှားပေးတတ်သည်။ နံပါတ် ၆ တွင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိုးကွယ်မှုများ ရှိတတ်သည်။ ဤကိစ္စနဲ့ပတ်သက်၍ သူတို့တွင် အမြင်နည်းနည်းကွဲသည်။
သို့ငြား နံပါတ် ၆ က နွေးထွေးမှုများ ပေးတတ်သည်။ သင်က အဖိုးတန်သည့်သူဖြစ်သည်ဆိုသည့် ခံစားချက်မျိုးကို ခံစားစေတတ်သည်။ စိတ်သဘောထားလည်း ပြည့်ဝသည်။ ချစ်ဖို့ကောင်းသည့် အပြုအမူများဖြင့် ပြုမူတတ်သည်။ သူတို့အပြုအမူများကြောင့် နံပါတ် ၁ သမားခမျာ သူတို့ လုပ်ရပ်များကို နှစ်ခါ ပြန်စဉ်းစားပေးရသည်အထိ ဖြစ်စေတတ်သည်။ နံပါတ် ၆ သမားကလည်း ခေသူမဟုတ်ပါ။ နံပါတ် ၁ ကို ချုပ်နိုင်သည့် လူတော်တော်များများနှင့် ရင်းနှီးကျွမ်းဝင်ထားသူ ဖြစ်သည်။ ဤအရည်အချင်းက တယောက်နဲ့ တယောက်ကို ဆွဲဆောင်နေသလို ဖြစ်သည်။ ထို့ကြောင့် သူတို့ကို နေနဲ့လ ရွှေနဲ့မြအလား လူသိများသည့် စုံတွဲ အဖြစ်လည်း ရှိတတ်ကြသည်။ သူတို့သည် သူတို့ ချမှတ်ထားသည့် မူဝါဒအပေါ် ယုံယုံကြည်ကြည်နေထိုင်ကြသူများ ဖြစ်သည်။ သူတို့ဆက်နွယ်မှုအပေါ်လည်း သူတို့ တာဝန်ယူမှု အပြည့်ရှိသည်။ အိမ်မှုတာဝန်များကိုလည်း ခွဲယူတတ်ကြသည်။ ခံစားခွင့်လည်း အကျိုးတူ မျှယူတတ်ကြသည်။ သူတို့က သူများကို အားကိုးလို့ ရသည်ကိုလည်း သဘောကျလက်ခံသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သီလ သမာဓိနဲ့ ပြည့်စုံသည်။ သစ္စာလည်း ရှိကြသည်။ အချင်းချင်းအပေါ်လည်း ယုံကြည်မှုအပြည့်အဝထားသည်။ ခင်မင်ရင်းနှီးသူအားလုံးနှင့် ခိုင်မြဲသည့် အုတ်မြစ်ရှိပြီးသားများလည်း ဖြစ်သည်။ ထို့ကြောင့် သူတို့ သူများကို အားကိုးလို့ရသည်ဟု လက်ခံထားကြသည်။ ဤအချက်ကလည်း သူတို့နှစ်ဦးကို ကောင်းမွန်စွာ နှစ်သိမ့်ပေးနေသည့် အချက်ဖြစ်သည်။ သူတို့ ပျော်မွှေ့စေသည့် အချက်ဖြစ်သည်။ တခါခါ ပိုပင်ပိုသေးသည်။
ဖြစ်နိုင်ချေ
စိတ်ဖိစီးမှုများ တိုးလာသည်နှင့်အမျှ နံပါတ် ၁ သမား စတင်စဉ်းစားပြီ။ သူတို့ပေါင်းသင်းနေသည့်သူများ သူတို့နှင့် ဆက်နွယ်နေသည့်လူများအပေါ် ကောက်ချက်ချပြီ။ ဒီလူတွေက သူတို့အလုပ်ကို ဝင်ရှုပ်သည်။ တရားမမျှတသော ဝမ်းနည်းစရာတွေကို ပေးသည်။ ပျဉ်းမျှအားဖြင့် သည်လူတွေ သူတို့ကို ဒုက္ခပေးဖို့ သက်သက်များ မွေးဖွားလာသလား ထင်ရလောက်စေသည်။ နံပါတ် ၁ သမားက လူတွေသည် ထင်သလောက်လည်း မဟုတ်ကြ။ အလုပ်လည်း သိပ်မလုပ်ကြဟု မြင်လာသည်။ အတိုင်းအတာတစ်ခုထိ ရောက်အောင် အလုပ်မလုပ်ကြ။ ထဲထဲဝင်ဝင်မရှိ။ စေ့စေ့စပ်စပ်လည်း မရှိ။ နံပါတ် ၁ သမားက ဤသို့တွေး၍ ကောက်ချချတတ်သည်။ ဤအရာက မကျေနပ်မှုနဲ့ စွပ်စွဲချက်များ ဖြစ်လာတတ်သည်။ မကြာခဏ ကတောက်ကဆဖြစ်လာတတ်သည်။ များသောအားဖြင့် နံပါတ် ၆ က အစွပ်စွဲခံရလေ့ရှိသည်။ ထိုအခါ သူတို့အတွက် စိတ်ဖိစီးမှုများ ပိုဖြစ်လာတတ်သည်။ ကြာသော် နံပါတ် ၆ ကလည်း သူ့ခံစားချက်များကို ပြန်လည်တုန့်ပြန်လာတတ်သည်။ စိုးရိမ်မှု မလုံခြုံမှုများ ပြန်ပေးတတ်သည်။ သူတို့အပေါ် ဤကဲ့သို့ ဖြစ်စေသည့် သူတို့မိတ်ဆွေထဲက လူများကို အပြစ်ရှာလာတတ်သည်။ နံပါတ် ၆ က မိမိတို့၏ ဘယ်သူက ဘာစဉ်းစားနေတာလဲ၊ ဘယ်သူက မှားလဲ၊ ဘယ်သူက ဆန့်ကျင်နေလဲဆိုသည်ကိုလည်း ရှာကြံ အပြစ်ဖွဲ့တတ်လာသည်။ ဤအဆင့်တွင် နံပါတ် ၆ က နက်နက်နဲနဲ ဆက်စဉ်းစားလိုက်လျင် ပိုဆိုးသည့် အခြေအနေကို ရောက်သွားနိုင်သည်။ ထိုအချက်က သူတို့၏ အနာဂတ် ဆက်နွယ်မှုအတွက် ကြီးသော သံသယအစိုင်အခဲကြီး ဖြစ်စေတတ်သည်။ သူတို့နှစ်ယောက် ညားရခြင်းမှာ စီရင်ခြင်းခံရသည်ဟု ခံစားရနိုင်စေသည်။ ဤအတိုင်းသွားလျင် သူတို့အနာဂတ် ခရီးက ဗေဒင်တွက်လျင် ဆန်ကုန်ဦးမည် ဖြစ်သွားနိုင်သည်။
ထို့ထက်ပို၍ တင်းမာမှုက များလာလျင် နံပါတ် ၆ က သူ့ကိုသူ ကာကွယ်တတ်လာမည်။ ဝေ့လည်ကြောင်ပတ် လုပ်တတ်လာမည်။ အိမ်ကို မပြန်တော့သည့် ကိစ္စမျိုး လုပ်လာတတ်သည်။ နံပါတ် ၁ နဲ့တွေ့ဖို့ အထူးရှောင်နေတာမျိုး လုပ်တတ်လာမည်။ နောက်ဆုံး နံပါတ် ၆ သမားများက သူတို့ ခံစားချက်၊ သူတို့သိသည့်အမှန်တရားကိုပင် တိုက်ရိုက်မပြောတော့ဘဲ နေတတ်သည်။ မတွေ့နဲ့ တွေ့လည်လျင်လည်း စနက်တံဖြုတ်လိုက် ဗုံးသည့်အလား ဖြစ်တတ်သည်။ နံပါတ် ၆ သမားသည် ဘယ်တော့မှ တရားမျှတမှုအတွက် မစဉ်းစားတော့။ နံပါတ် ၁ ကိုလည်း ဘယ်တော့မှ မယုံတော့တာမျိုး ဖြစ်တတ်သည်။ ဤအပြုအမူများကလည်း နံပါတ် ၁ အတွက် စိတ်ပျက်စရာ ဒေါသထွက်စရာတွေ ဖြစ်နေတတ်သည်။ အားကိုး အားထားရသော နံပါတ် ၆ သည် ဤအချိန်မျိုးတွင် ပြန်လည်နီးစပ်ဖို့ လုပ်ဖို့ဝေး၊ ဆက်ဆံရေးပင် သူစိမ်းပြင်ပြင် ပင်စိမ်းပင် လုပ်ပစ်တတ်သည်။ စိတ်ဆိုးတာမျိုး မဟုတ်ဘဲ စိတ်ပျက်သွားတာမျိုး ဖြစ်သွားသောကြောင့် ဖြစ်သည်။ ထို့ပြင် နံပါတ် ၁ ကလည်း နံပါတ်ခြောက် ထိုသို့ စိုးရိမ်တတ်ခြင်း တကိုယ်ကောင်းဆန်လာခြင်းအပေါ် စိတ်ပျက်လာသည်။ ဤအခြေအနေတွင် သူတို့နှစ်ဦးအတွက် ဒေါသဖြစ်စရာအကြောင်းချည်းသာ ဖြစ်နေတတ်သည်။
နံပါတ် ခြောက် ဘာကြောင့် ဤသို့ တုန့်ပြန်ဆက်ဆံလာသည်ကို နံပါတ် ၁ သမားများက ခေါင်းအေးအေးထားပြီး အဆင့်ဆင့်စဉ်းစားသင့်သည်။ သူတို့ ပြန်လည်အဆင်ပြေလိုလျင် သူတို့ကြုံရသော အကြပ်အတည်း အခက်အခဲ အဆင်မပြေမှုများ အချိုးမပြေမှုများကိုသာ အပြစ်တင်သင့်သည်။ အချင်းချင်း အပြစ်မမြင်ကြပါက သူတို့နှစ်ဦး၏ ဆက်နွယ်မှုပုံရိပ်သည် တောက်ပြောင်သော ပန်းချီးကားတချပ်ပမာအလား ပတ်ဝန်းကျင်တွင် တင့်တယ်နေပါလိမ့်မည်။