ယှက်နွယ်မှု
အင်နာဂရမ်အရ နံပါတ် ၁ နှင့် နံပါတ် ၄ အတွဲသည် ဤကမ္ဘာမြေပေါ်သို့ အလွန်လှပသောအရာနှင့် အလွန်မွန်မြတ်သော အရာများကို သယ်ယူလာတတ်သူများ ဖြစ်သလို ထိုကဲ့သို့ ပြုလုပ်ရန်လည်း စိတ်အားထက်သန်ကြသည့် သူများ ဖြစ်ကြသည်။ နှစ်ဦးစလုံးသည် စံနမူနာ ယူထိုက်ကြသူများ ဖြစ်သည်။ သူတို့က သူတို့ လုပ်သည့်အလုပ်များ သူတို့၏ အပြုအမူများ မှားယွင်းမည်ကို စိုးရိမ်မကင်း ဖြစ်တတ်သူများဖြစ်သည်။ သူတို့နှစ်ယောက်က ဖြစ်နိုင်သည့်အရာများကို ကြည့်တတ်သည်။ သူတို့နှစ်ယောက်အတွက် မည်သည့်အချက်က အကျိုးရှိသည်ကို ကြည့်တတ်သည်။ ထို့နောက် အကောင်းဆုံးဖြစ်အောင် လုပ်သည်။ အလုပ်ကိုလည်း အတူတကွ လုပ်ကြသည်။ တခါခါ သူတို့ လုပ်သော အလုပ်များသည် သူတို့နှစ်ယောက် ပိုမို၍ နှီးစပ်စွာ ရပ်တည်နေနိုင်ဖို့ ဖြစ်သလို အများအတွက် အလွန့်အလွန်ကောင်းသော အရာများ ဖြစ်တတ်သည်။ “နံပါတ်တစ်”က ထိရောက်သော အလုပ်၊ အမှန်တရား၊ တန်ဖိုးရှိမှုနှင့် ကောင်းမွန်သော ဆက်ဆံရေးဖြစ်ဖို့ ယူဆောင်လာပေးသည်။ သူတို့က ကိုယ်ပိုင်စည်းကမ်းများ ချမှတ်ပေးတတ်သည်။ အလုပ်အတွင်း ကောင်းသော အမူအကျင့်များကိုလည်း သယ်လာတတ်သည်။ ပုံမှန်ထက် ကောင်းမွန်သော ရင်းနှီးမှုကို တည်ဆောက်ပေးတတ်သည်။ “နံပါတ်တစ်” များသည် ဖြောင့်မတ်သော စိတ်ထားရှိကြသည်။ သူတို့ကိုယ် သူတို့လည်း ကောင်းအောင် နေထိုင်သည်။ သူတို့ကိုယ်သူတို့လည်း ကောင်းသထက်ကောင်းသည့် အနေအထားကိုသာ လိုအပ်သည်။ ထို့ပြင် သူတို့၏ ယှက်နွယ်မှု၏ အဓိကအကြောင်းဖြစ်သော အန္တိမပန်းတိုင်နှင့် ရည်ရွယ်ချက်များကိုလည်း တပါးသူအား ဝေမျှတတ်သည်။ “နံပါတ်တစ်” များက ‘နံပါတ်လေး” သမားတွက် တန်ဖိုးရှိသော အပြုအမူများ ပြုမူဆောင်ရွက်ပေးတတ်သည်။ “နံပါတ်လေး” သမားများ မိမိကိုယ်ကို သံသယဝင်သည့်အခါ စိတ်များသောအခါ စိတ်ရှုပ်နေသောအခါတို့တွင် အကြံများ ဉာဏ်ပညာများလည်း ပေးတတ်သည်။ “နံပါတ်လေး” သမားများက ပြုလုပ်နိုင်စွမ်းများ ဆောင်ပေးတတ်သည်။ နက်ရှိုင်းသော ခံစားချက်များ ပေးတတ်သည်။ သဘာဝကျသည့် ခံစားချက်များကို ခံစားစေတတ်သည်။ ဉာဏ်ကစားတတ်သည်။ ပရိယာယ်ကြွယ်သည်။ အိမ်မက်များကို အကောင်အထည်ဖော်ပေးနိုင်သည့် စွမ်းရည်များရှိသည်။ မသိစိတ်ကို လှုံ့ဆော်ပေးနိုင်သည်။ သူတို့ထံတွင် စင်္ကြဝဠာနဲ့ဆိုင်သော အားများ ရှိသည်။ “နံပါတ်လေး” သမားများက “နံပါတ်တစ်” သမားများ ဆင်ခြင်တုံတရားရှိအောင် ပုံမှန်အနေအထားအတိုင်း ဟန်ချက်ညီအောင် စိတ်ခံစားချက်များကို လှုံ့ဆော်ပေးနိုင်စွမ်းသည်။
“နံပါတ်လေး” သမားများက “နံပါတ်တစ်” သမားများ၏ ခံစားချက်နှင့် စိတ်အားထက်သန်မှုကို ရှာဖွေပေးပြီးလျှင် လိုအပ်သင့် အဆင့်ထိရောက်အောင် ပို့ပေးနိုင်စွမ်းသည်။ “နံပါတ်တစ်” သမားများက “နံပါတ်လေး” သမားများအတွက် သင့်လျှော်သော ဖွဲ့စည်းပုံများနှင့် နည်းစနစ်မှန်ကန်သော ကိုယ်ပိုင်စည်းကမ်းများဖြင့် အိမ်မက်များ အကောင်အထည်ပေါ်လာအောင် ဖန်တီးထောက်ပံ့ပေးတတ်ပြန်သည်။ ယေဘုယျအားဖြင့် “နံပါတ်တစ်” သမားများသည် ခေတ်ဆန်သော အပြုအမူများနှင့် “နံပါတ်လေး”နှင့် ယှက်နွယ်မှုကို ပိုမိုခိုင်မြဲအောင် လုပ်တတ်သည်။ ခေတ်စကားဖြင့် ပြောရလျင် ရင်ခုန်စရာကောင်းအောင် “ရို” ပြတတ်သည်။
သူတို့နှစ်ယောက်၏ အမျိုးအစားများသည် သူတို့အချင်းချင်း နားလည်မှု အပြည့်ရှိပြီဆိုလျင် အနုပညာဖန်တီးမှုများ၊ အနုပညာ၏ အလှတရားများနှင့် အနုပညာ၏ စစ်မှန်မှုများကို ခံစားနိုင်သောသူများ ဖြစ်ကြသည်။ ထို့အတူ သူတို့သည် ကမ္ဘာပေါ်တွင် တစ်ခုတည်းသာ ရှိသည် ဆိုသည့် အနုပညာလက်ရာများ၊ အရည်အသွေးပြည့်မီသော လက်ရာများနှင့် အများက ကြာရှည်စွာ လက်ခံမည့် ဖန်တီးမှုများ ပြုလုပ်တတ်သည်။ ထိုကဲ့သို့ ဖြစ်ရန်အတွက် သူတို့ယှက်နွယ်မှုက ကောင်းမွန်သော ယှက်နွယ်မှုဖြစ်ဖို့တော့လိုသည်။
ဖြစ်နိုင်ချေ
“နံပါတ်တစ်” နှင့် “နံပါတ်လေး” ၏ ယှက်နွယ်မှုသည် တခါခါ ဆီနဲ့ရေ ဆက်နွယ်မှုမျိုးနဲ့တူသည်။ သူတို့၏ အမြင်များသည် အမြဲဆန့်ကျင်ဘက်ဖြစ်နေ၍ အမြန်ဆုံးကွာရှင်းပြတ်စဲကြလေ့ရှိသည်။ “နံပါတ်တစ်” သမားများက သူတို့သည် ပန်းတိုင်အတွက် စိတ်ကိုနစ်၍ လုပ်နေချိန် “နံပါတ်လေး”က ထိုအလုပ်တွင် စိတ်မပါဟု ထင်သည်။ သူတို့သည် သူတို့အတွက် အကျိုးရှိမည့် တစ်ခုတည်းသော အကြောင်းတရားများကို အာရုံစိုက်ထားတတ်ကြသည်။ သူတို့နှစ်ယောက်၏ ယှက်နွယ်မှုဝါဒကို ပြောဆိုပြီဆိုလျင် (အတူနေရခြင်းအကြောင်းကို ပြောဆိုပြီဆိုလျင်) တယောက်အတွေးအခေါ်နဲ့ တယောက်က ဆန့်ကျင်ဘက်ဖြစ်နေသည်က များသည်။ “နံပါတ်တစ်” သမားများက သူတို့သည် လူမှုရေးအရ ကိုယ်ကျင့်တရားအရ ဥပဒေများအရ ထို့ပြင် စင်္ကြဝဠာ စံနှုန်းအရ စံပြပုဂ္ဂိုလ်များဖြစ်လိုသည်။ နံပါတ်လေးသမားများက ပြီးပြည့်စုံသည်ဆိုသည်မှာ မိမိဘဝ မိမိအခန်းကဏ္ဍသာ ပြည့်စုံဖို့လိုသည် ဟုမြင်ပြန်သည်။ “နံပါတ်လေး” သမားများက သူတို့ဘဝ သူတို့အလုပ် သူတို့ကဏ္ဍသည်သာလျင် သူတို့နဲ့ ဆိုင်သည်။ ကျန်တာ မဆိုင်ဟု မြင်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် တယောက်နှင့်တယောက် မည်သူက သာသည်ဟု တိုင်းတာလာတတ်ကြသည်။ မည်သူက အထက်တန်းကျသည်။ မည်သူက လူကြီးလူကောင်းဆန်သည်ဟု ယှဉ်ပြိုင်လာတတ်ကြသည်။ သူတို့ ပြုမူ နေထိုင်မှုမှန်သမျှ တယောက်ကို တယောက် စစ်ဆေးနေတတ်သည်။ သူတို့၏ ဂုဏ်ကို ထုတ်ဖော်နေကြသည်။ မည်သူက ပို၍ ဂုဏ်ရှိသည်။ မည်သူက ပို၍ စမတ်ကျသည်။ မည်သူက ပို၍ အကျင့်ကောင်းသည်။ ဘယ်သူက လူ့လောကအတွက် အကျိုးပြုသည် စသဖြင့် ပြိုင်ဆိုင်နေကြသည်။ ထိုအမူအကျင့်များက တယောက်နဲ့ တယောက် စိတ်ပျက်အောင် ပြုမူနေကြသည့် အပြုအမူများ ဖြစ်လာကြသည်။ တယောက်နဲ့ တယောက် ပို၍ ဆန့်ကျင်ဘက်ဖြစ်စေပါသည်။
သူတို့နှစ်ယောက်လုံး၏ ကိုယ်ပိုင်စရိုက်များနှင့် သူတို့၏ စိတ်ခံစားမှုများကို သူတို့ကိုယ်တိုင် ပြင်းပြင်းထန်ထန် ခိုင်ခိုင်မာမာ ယုံကြည်လက်ခံထားကြသူများ ဖြစ်သည်။ အချည်းနှီးဖြစ်သည့်တိုင် ရှည်ကြာစွာ လက်ခံလာခဲ့ကြပြီးသား ဖြစ်သည်။ သို့သော်လည်း သူတို့လက်ခံထားသည့် သူတို့အမူအကျင့်များကို အလကား ရလာကြသည်မဟုတ်။ သူတို့ကိုယ်တိုင် အကျိုးခံစားခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် ဤအချင်းအရာက သူတို့နှစ်ယောက်ကြားမှ ကြီးမားသော အခက်အခဲတစ်ခုဖြစ်နေသည်။ သူတို့နှစ်ယောက်ကြားတွင် တယောက်က စည်းကမ်းထုတ်ပြီဆိုပါ တယောက်ကို အကျိုးမပြုဖြစ်တတ်သည်။ တယောက်စည်းကမ်းက တယောက်က ဖိနှိပ်သလို ဖြစ်တတ်သည်။ တယောက်ကောင်းပြီး တယောက်က အပျက်ဘက်ကို ရောက်တတ်သည်။
“နံပါတ်တစ်” သမားက “နံပါတ်လေး” သမားကို မျှော်လင့်ချက်မဲ့သူဟု မြင်သည်။ ကိုယ့်ကိုယ်ကိုပဲ ကြည့်တတ်သူ၊ တကိုယ်ကောင်းဆန်သူ ဟုမြင်သည်။ “နံပါတ်လေး” သမားကျပြန်တော့ “နံပါတ်တစ်”ကို တောင့်မခံနိုင်သူ၊ သည်းမခံနိုင်သူ၊ တရားမျှတမှုမရှိသူ၊ အေးစက်သူဟုမြင်ပြန်သည်။ “နံပါတ်လေး” သမား ဒေါသထွက်တတ်သည်က တွေးဆလွန်းသည်။ အကဲဆတ်လွန်းသည်။ ကိုယ့်အတွက် ကိုယ်ကြည့်လွန်းသည်။ အလုပ်လုပ်ရာတွင် နှေးလွန်းသည်တို့ကြောင့် ဖြစ်သည်။ “နံပါတ်တစ်” သမားများ စိတ်ပျက်သွားသည့်အချက်က မိမိကိုယ်ကို ပြန်သနားနေသည်။ စိမ်းစိမ်းကားကား နေသည်။ သူ့အပေါ် ဖိအားပေးလွန်းသည်တို့ကြောင့် ဖြစ်တတ်သည်။
တကယ်တမ်းတွင်တော့ ဤနည်းများဖြင့်သာ သူတို့အချင်းချင်း မကျေနပ်တာတွေ ဖြစ်ပေါ်လာကြတာ များပါသည်။ သူတို့၏ အဓိကပန်းတိုင်ကို သူတို့မေ့လိုက်ကြသည်။ သူတို့အချင်းချင်း ခွင့်မလွတ်ကြတော့ သောကြောင့်လည်း ပါဝင်သည်။ သူတို့အပေါ် နာကျင်စေသည့်အရာများကို ရှည်ကြာစွာ စိတ်ထဲ သိမ်းထားတတ်သောကြောင့်လည်း ဖြစ်သည်။ သူတို့နှစ်ဦး၏ ယှက်စပ်မှု ခါးခါးသီးသီးဖြစ်ပြီး ပျက်စီးရခြင်းအကြောင်းမှာ ရန်ငြိုးထားကြသောကြောင့် ဖြစ်ပါသည်။ ဤအတွဲ ဆက်လက်အဆင်ပြေလိုပါက ဤအောက်ဆုံးပိုဒ်မှ အချက်များကို ပြင်ဆင်ကြရမည်ဖြစ်သည်။