Critical thinking စာသင်နည်းအကြောင်းတွေ ခေါင်းထဲ မရောက်အောင် အဲလေ နှလုံးသားထဲ မရောက်အောင် ပိတ်ဆို့ထားတတ်တဲ့ အကြောင်းအရာလေးတွေ ရေးနေရင်း အမ္ဗဋ္ဌဆိုတဲ့ လူကို သွားသတိရမိတယ်။ နာမည်က ပါဠိနာမည်ဆိုတော့ ဘုရားခေတ်ကလို့ မှတ်ဗျာ။ နာမည်လေး မှတ်ရခက်နေလို့ သူ့နာမည်ကို မောင်အမ်လို့ပေးရင် ကောင်းမလား။ မောင်အံ့လို့ပေးရင် ကောင်းမလား။ မောင်အမ်ဆိုရင် ဖတ်ရ ပြုရတာ “အန်” ဆိုတဲ့ အသံနဲ့တူနေတော့ နားကလော်တော်မူမယ်။ ဒါကြောင့် မောင်အံ့လို့ပဲ မှတ်ကြစို့ရဲ့။ မောင်အံ့ဆိုတဲ့ သူက မျိုးကလေး ရိုးကလေး နည်းနည်းကောင်းရှာတယ်။ ဒါပေမယ့်လည်း သူ့မျိုးရိုးကောင်းတယ်ရယ်လို့သာ သူများသိအောင် လုပ်ထားတဲ့သူသာဖြစ်တယ်။ မျိုးရိုးအစစ်အမှန်ကိုတော့ ဖုံးထားတယ်။ သူက သာကီဝင်တွေနဲ့လည်း နည်းနည်းအငြိုးအတေးရှိတယ်။ ဘုရားနဲ့မတွေ့ခင်ကလေးမှာပဲ သူ့ကို သာကီဝင်တွေက အချင်းချင်းပြောရင်း ရယ်ကြတာကို သူ့ကို လှောင်တယ်လို့ တေးထားတဲ့သူလည်း ဖြစ်တယ်။ သူ့အငြိုးအတေးတွေကို သာကီဝင်ဘုရားရှင်ဆီမှာ ပုံချဖို့အခွင့်သင့်လာပုံက သူ့ဆရာကြောင့်ပါပဲ။ ဘုရားရှင်က သူတို့နေတဲ့ ရွာနားကြွလာတော့ သူ့ဆရာက မောင်အံ့ကို ပြောတယ်။ သွားကြည့်ချေ။ ဘုရား အစစ်ဟုတ်လား။ ဘုရားအစစ်ဆိုရင် အချက် (၃၂) ချက်နဲ့ ညီရမယ်။ အဲဒီအချက် (၃၂) ကိုလည်း ဗေဒင်ကျမ်းဂန်တွေဆီကနေ တဆင့် မင်းကို ငါ အခါခါသင်ပေးပြီးပြီ။ ဒီတော့ သွားချေ။ ဘုရား ဟုတ်မဟုတ် စုံစမ်းခဲ့။
မောင်အံ့ ဘုရားဆီသွားတော့ ရဟန်းတွေက မောင်အံ့က မျိုးလည်းရှိတယ် ရှိးလည်းရှိတယ်ဆိုတော့ ဘုရားက လက်ခံတွေ့မှာပါ ဆိုတဲ့အတွေးနဲ့ ဘုရားရှိရာကို လွှတ်လိုက်တယ်။ မောင်အံ့က ရောက်သွားတော့ ဘုရားကို မရှိခိုးပါဘူး။ သူ့တာဝန်က ဘုရား ဟုတ်မဟုတ် စစ်ရမယ့်တာဝန်ကိုး။ ဘုရားက ကောင်းကောင်းမွန်မွန်နှုတ်ဆက်ပေမယ့် သူကတော့ ကောင်းကောင်း ပြန်မနှုတ်ဆက်ပါဘူး။ သာကီဝင်ဆိုတာ သူတို့ပုဏ္ဏားတွေအယူအရ ဗြဟ္မာရဲ့ ခြေဖမိုးကနေ ဖြစ်လာသူဆိုတော့ ရှိမခိုးသင့်ဘူးလို့ သူက တွေးတယ်။ တခါက သူ့ကိုလှောင်ထားတဲ့ ဘုရားရဲ့ အနွယ်တော် သာကီဝင်တွေရဲ့ အငြိုးလည်း ရှိတယ်။ ဆိုတော့ ဘုရားက ထိုင်ပြီးပြောရင် သူထပြောတယ်။ ဘုရားက ထပြီးပြောရင် သူက ထိုင်တယ်။ ဘုရားက ထိုင်ရင် ဘုရားရှေ့မှာ ခါးထောက်ပြီး ဘုရားကို စေ့စေ့စပ်စပ်ကြည့်တယ်။ ရှေ့ကကြည့်လို့ အားမရရင် နောက်က ပတ်ကြည့်တယ်။ လူချင်းချင်းတောင် အဲလို မလုပ်သင့်ဘူး မလား။ ဒါပေမယ့် မောင်အံ့ဆိုသူကတော့ သူ့ပုဏ္ဏားဆာရီစကို ခါးမြောင်ကြိုက်ပြီး မှုတ်ဆိတ်မွေးကို ဆွဲကစားရင်း ဘုရားကို လူမိုက်စိန်ခေါ်သလို အကြည့်မျိုးနဲ့ စောင်းစောင်းငဲ့ငဲ့ ကြည့်တယ်။ ဒီအတိုင်းကြည့်ရင်း အချက်ပေါင်း ၃၀ လောက်ကိုတော့ တွေ့ပြီး ကျန်နှစ်ချက်ကို မတွေ့သေးဘူး။ ဘုရားက သိတော့ ကျန်နှစ်ချက်ကို လမ်းလျှောက်ရင်း တန်ခိုးနဲ့ ပြပေးလိုက်တယ်။ အဲဒီတော့မှ မောင်အံ့က ကျေနပ်ပြီး ပြန်သွားတယ်။
ပြန်ရောက်တော့ သူ့ဆရာက သူ့ကို မေးတယ်။ ဘယ့်နှယ်လဲ။ ဘုရားနဲ့တွေ့ခဲ့ရဲ့လား။ ဘုရားကော ဟုတ်လားလို့မေးတော့ ဟုတ်တယ်လို့ သူပြောတယ်။ ပြီးတော့ သူဆက်ပြောတာက “ဘုရားအစစ် ဖြစ်တော့ကော ဘာအရေးကြီးတုံး၊ သဗ္ဗညုတဉာဏ်ရတော့ကော ဘာအရေးတုန်း၊ အသိနဲ့ အကျင့်နဲ့ ပြည့်စုံတော့ကော ဘာဖြစ်တုန်း” တဲ့။ သူ့ဆရာက မောင်အံ့ကို လှေကားရင်းကနေ ကန်ချပစ်တယ်။
မောင်အံ့ခမျာ သူများသူ့ကို နည်းနည်းစော်ကားဖူးတာနဲ့ သူများကို အထင်မကြီးတော့ဘူး။ ဟိုက စော်ကားတယ်ရယ်လို့လည်း မဟုတ်ပါဘူး။ အချင်းချင်း တီးတိုးပြောရင်း မောင်အံ့လျှောက်လာနေတာ တွေ့တော့ မောင်အံ့ကိုကြည့်ရင်း သူတို့ဟာသကို သူတို့ရယ်ကြတာ။ ဒါကို မောင်အံ့က သူ့ကို လှောင်တယ်လို့ထင်တာ။ ပြီးနောက် မောင်အံ့က ဉာဏ်လည်းကောင်းတယ်။ ဗေဒင်စတဲ့ ကျမ်းဂန်တွေကို တဖက်ကမ်းခတ်တတ်တယ်။ ရုပ်လည်း ရှိတယ်။ ဆရာတွေကလည်း ချစ်သလို အပေါင်းအသင်းကလည်း ဆန့်တယ်။ ဒီတော့ မာနတွေ ခံပြီပေါ့ဗျာ။ အဲဒီလိုပဲ ကိုယ့်မှာလည်း ဟိုမာန ဒီမာနလေး ခံပြီးတော့ကို Critical thinking ကို သိပ်အထင်မကြီးမိပါဘူး။
မြန်မာနိုင်ငံမှာ အစိုးရအဆက်ဆက်က ပညာရေးကို ဟိုလိုစမ်းလိုက် ဒီလိုစမ်းလိုက် လုပ်နေတဲ့ကြားထဲ Critical Thinking ကို စစ်အစိုးရက ပလစ်ထားတဲ့ သူတွေဆီကနေ ရခဲ့တယ်။ အဲဒီတုန်းက ဒီပြည်ပြေးလေးတွေက ဒီပညာရေးကို ဘာကိစ္စဝင်ရှုပ်ရတာတုန်းလို့တွေးတာလည်း ပါပါရဲ့။ (တကယ်တွေးခဲ့တာပါ ခင်ဗျ၊ ဥုံဖွ ဆရာတွေ မဖတ်မိပါစေနဲ့) ကိုယ် စသိခဲ့တာက နောင်တောင်းမှာလည်း ဆိုပေမယ့် မိတ်ဆက်ခံရတာက မန္တလေး ဖောင်တော်ဦးကျောင်းမှာ Critical Thinking နဲ့ စာသင်ကြတဲ့ ဆရာ ဆရာမများရဲ့ ဒုတိယအကြိမ် စာသင်နည်းများကို SWOT လုပ်ကြတဲ့ seminar မှာကိုး။ အဲဒီအချိန် အဲဒီပညာရေးစနစ်ကို ဖြန့်ဝေပေးနေသူတွေဟာ မြန်မာနိုင်ငံထဲမှာ ပြောင်ပြောင်တင်းတင်း သွားခွင့်မရှိသေးဘူး။ သူတို့ကတော့ ၂၀၀၀ ခုနှစ်လောက်ကတည်းက အမေရိကန်မှာ ဒီပညာကို သွားသင်လာကြပြီး မြန်မာနိုင်ငံကို ၂၀၀၁ မှာ နယ်စပ်က အစိုးရလက်လှမ်းမမီတဲ့ကျောင်းတွေကို ဒီပညာရေးစနစ်ကို စတင်သင်ပြီ။ ၂၀၀၅ ခုနှစ်ကျမှ သူတို့တွေ ဆရာတာနဲ့ စပ်မိပြီး မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ ရှိတယ်။ မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးတွေဟာ Space တစ်ခုရှိတယ်။ ဘုန်းကြီးကျောင်းဝင်းလို့ ဆိုလိုက်တာနဲ့ ဘယ်သူမှလည်း ကျူးကျော်ဖို့ စိတ်မကူးတော့ဘူး။ ဒီကျောင်းမှာ ဒီဘုန်းကြီးလာထိုင်တာနဲ့ တကာတကာမတွေက အလိုအလျောက် ကိုးကွယ်ပြီးသားပဲ။ ပြီးတော့ ဘုန်းတော်ကြီးတွေ မိန့်တဲ့ စကားကို တကာတကာမများက နာခံကြတယ်။ ဆိုတော့ ဘုန်းတော်ကြီးမှာ အဲဒီလို Space တစ်ခုရှိတယ်။ ဘုန်းတော်ကြီးတွေကို Critical Thinking ပညာရေးစနစ်နဲ့ မိတ်ဆက်ပေးလိုက်ရင် သူတို့ရဲ့ နှုတ်မိန့်နဲ့ လုပ်ဆောင်ချက်တွေနဲ့ တကာ တကာမတွေ သိလာမယ်။ အထူးသဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖွင့်ထားတဲ့ ဘုန်းတော်ကြီးတွေကို သင်ပေးကြမယ်လို့ သူတို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီအစီအစဉ်ကို ၂၀၀၉ ခုနှစ်မှ လုပ်ဖြစ်ပုံရတယ်။ ၂၀၀၆ ခုနှစ်မှာ တက်ခဲ့တဲ့ အထက်မင်းလှ ကျောက်ထပ်ရွာက ကြယ်စင်အားမာန်ဆရာတော်ဆိုရင် ဘက ဖွင့်နေတာမှ မဟုတ်တာ။ သို့ငြားလည်းကျောင်းမှာတော့ စာခေါ်သင်တဲ့ အပိုင်းတွေရှိတယ်။
ဒီဆရာတော်နဲ့ ခင်တာကြာပြီဖြစ်ပေမယ့် ဧရာဝတီတိုင်းထဲက ထားဝယ်ရေနက်စီမံကိန်းကို သွားရောက်လေ့လာခဲ့တုန်းကမှ Critical Thinking အကြောင်း စကားစပ်မိရင်း သူက ဒီသင်ကြားရေးစနစ်ကို ၂၀၀၆ ခုနှစ်ကတည်းက ချင်းမိုင်ဘက် သွားပြီး သင်ယူခဲ့ဖူးကြောင်း ကြားရမှ ဘုန်းတော်ကြီးတွေကို အရင်သင်ကြားပေးခဲ့သော်လည်း သူတို့လက်လှမ်းမီတဲ့ ပရဟိတလုပ်နေတဲ့ ဘုန်းကြီးတွေကို ပင့်ခဲ့တယ်ဆိုတာကို သိရတယ်။ အဲဒီတုန်းက Gaia Sustainable Management Institution ရဲ့ ကြိုးစားမှုနဲ့ ထင်ပါတယ်။ (ထင်ပါတယ်လို့ ပြောရတာက အဲဒီဆရာတော်မိန့်ခဲ့ပေမယ့် မမှတ်မိတော့လို့) နောက်ပိုင်းမှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို မန်းလေးဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အကူအညီနဲ့ ရှာခဲ့ပုံရတယ်။ နောင်တောင်းကိုကျတော့ ၂၀၁၀ မှရောက်တယ်။ ကိုယ်ကျတော့ ၂၀၁၂ မှ သိတယ်။
ကိုယ့်မှာ သံသယတွေ အရမ်းများတတ်တဲ့ သဘောသဘာဝရှိနေတော့ ဒီအကြောင်းတွေကို သိခဲ့ပေမယ့်လည်း မလေ့လာဖြစ်ခဲ့ပါဘူး။ မြန်မာပီသတယ်မဟုတ်လား။ မြန်မာပီသတယ်လို့ ဘာလို့ပြောရလဲ ဆိုတော့ မြန်မာကို ဂျပန်က CCA စာသင်နည်းစနစ် မိတ်ဆက်ပေးတာ ဆယ်စုနှစ် တစ်ခုစာ ကျော်ခဲ့ပေမယ့် အခုထက်ထိ ဆရာမတွေက ဒီစာသင်နည်းကို ကောင်းကောင်း မသုံးတတ်ကြသေးဘူး မလား။ မယုံကြဘူးလေ။ ကောင်းကောင်းလည်း နားမလည်ကြဘူး။ အလွတ်ကျက်ဖြေစနစ်နဲ့ အသားကျနေပြီလေ။ မရိုက်ရ ဆိုတာကို မရိုက်ရဘူးလောက်ပဲ နားလည်ထားကြတာကိုး။ မရိုက်ရဘူးဆိုပြီးတော့နောက် ရိုက်သင့်ရိုက်ထိုက်တဲ့ ကလေးတွေ့လာရင် ဘယ်လို consoling လုပ်ရမလဲမှ မသိကြတာ။ မတတ်ကြတာ မဟုတ်ဘူး။ မသိကို မသိကြတာ။ ဆိုတော့ မရိုက်ရဆိုတဲ့ စကားနဲ့ကို တိုင်တွေပတ်နေကြသပေါ့။
ရွှေမန်းတင်မောင်ရဲ့ Pop ဖြစ်ခဲ့ဖူးတဲ့ သီချင်းလေးစာသားတစ်ပိုဒ်နဲ့ အဆုံးသတ်ပါရစေ။ “ကျွန်တော်လည်း ထိုနည်းလည်းကောင်း ထိုနည်းလည်းကောင်း”။