ဒါတွေကတော့ ၂၀၁၄ ခုနှစ်၊ ပြင်သစ်နိုင်ငံ၊ ရွာငယ်လေးတစ်ရွာမှာ ဗီယက်နမ်ဘုန်းကြီးသစ်နက်ဟန်ကို အီတလီက လူငယ်ပေါင်း ၇၀၀ လောက်က မေးခဲ့ကြတဲ့ မေးခွန်းလေးတွေ ဖြစ်ပါတယ်။ ဆရာတော်ဟာ ၁၉၇၃ ခုနှစ်မှာ ငြိမ်းချမ်းရေး တရားတွေ ဟောတဲ့ အမှုနဲ့ တောင်ဗီယက်နမ်က ပြည်နှင်ဒဏ်ပေးခံရတဲ့ ဆရာတော်လည်းဖြစ်ပါတယ်။ ဆရာတော်ဟာ ဒလိုင်းလားမားလိုပဲ နာမည်ကျော်တဲ့ ဆရာတော်တပါးလည်းဖြစ်သလို ဗီယက်နမ်ပြည်တွင်းစစ်မှာ ငြိမ်းချမ်းရေးတရားကို တွင်တွင်ဟောခဲ့တဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးအနေနဲ့ ပင်တဂွန်လိုဌာနမှာ တရားဟောခွင့်ရတဲ့ တစ်ပါးတည်းသော ဆရာတော်လည်းဖြစ်ပါတယ်။ ဒီဆရာတော်ကို အီတလီက လူငယ် ၇၀၀ က ဘာတွေမေးခဲ့ပါသလဲ။ ကြည့်ကြရအောင်။ သူတို့က ဆရာတော်ကို Thay (ဆရာ) လို့ခေါ်ခဲ့ကြပါတယ်။
မေး။ ။ အခု ဒီဂျစ်တယ်ခေတ်မှာ ဗုဒ္ဓဘာသာဆရာတော်တပါးအနေနဲ့ လူငယ်တွေ အင်တာနက် အလွန်အကျွံအသုံးပြုနေမှုပေါ် ဘယ်လိုများ ပြောချင်ပါသလဲ ဆရာ။
ဆရာတော်။ ။ အခုခေတ် လူငယ်လေးတွေဟာ အင်တာနက်ပေါ်မှာပဲ သူတို့အချိန်ကို ဖြုန်းနေကြပါတယ်။ ဒါဟာ အချိန်ကို အလဟဿဖြစ်စေတာဖြစ်ပါတယ်။ ငါတို့ ကွန်ပျူတာရှေ့မှာ သုံးနာရီလောက်ထိုင်လိုက်တာနဲ့ ပထမဦးဆုံး ငါတို့ရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုကို ငါတို့မေ့တော့တာပဲ။ အင်တာနက်ပေါ်က လုပ်စရာအမယ်တွေကလည်း လုံးဝကို လိုလေသေးမရှိ ဖြစ်နေတယ်ကိုး။ ပြီးတော့ အွန်လိုင်းဆိုတာက ပြဿနာတွေ အများအပြားကိုလည်း ယူလာတယ်။ အင်တာနက်သုံးတာဟာလည်း စားသုံးခြင်း ဖြစ်ပါတယ်။ အတွေးအခေါ်ကို စားသုံးတယ်။ ငါတို့နဲ့ ချိတ်ဆက်မိသမျှဖြစ်တဲ့ ဓာတ်ပုံတွေ သီချင်းစတဲ့အသံတွေ အားလုံးကို စားသုံးတာပဲ။ အဲဒါတွေက စိတ်ကျန်းမာရေးအတွက် အဆိပ်အတောက်ဖြစ်နေတော့တာပါပဲ။ လူတွေ တော်တော်များများဟာ အွန်လိုင်းပေါ်က ရတဲ့ သတင်းအချက်အလက်ရဲ့ လွမ်းမိုးမှုဒဏ်ကို အမြဲတမ်း ပြင်းပြင်းထန်ထန်ခံရလေ့ရှိတယ်။ အဲဒီကနေ ငါတို့ဟာ အွန်လိုင်းကို ပိုပိုသုံးဖို့ လိုအပ်လာသလို ဖြစ်စေပြန်တယ်။ အဲဒီလိုနဲ့ ငါတို့ဟာ သတင်းအချက်အလက် ပင်လယ်ပြင်ကြီးထဲမှာ ပျောက်ဆုံးရော။ လက်ရှိ ငါတို့အဖြစ်ကိုလည်း ငါတို့မေ့ပစ်လိုက်ရော။ ပြီးတော့ ငါတို့အလေးထားရမယ့်အရာတွေနဲ့အတူ သဘာဝတရားကြီးကိုပါ မေ့ပစ်လိုက်တယ်။ ငါတို့ရဲ့ အတွေးတွေဟာလည်း အွန်လိုင်းပေါ်က ငါတို့ ရှာဖွေချိတ်ဆက်မိတဲ့ သတင်းအချက်အလက်တွေနဲ့ နှစ်မြုပ်နေတော့တယ်။ အဲလိုနဲ့ ငါ့ကို ဘယ်သူမှ နားမလည်ပါလား စတဲ့အထီးကျန်မှုကို စတင်ခံစားလာရတယ်။
သတိတရားကသာလျင် အွန်လိုင်းပေါ် သုံးနေတဲ့ ငါတို့ရဲ့ အချိန်ကို ချိန်ညှိပေးနိုင်ပါတယ်။ အဲလို သတိတရားကပ်နေမှသာလျင် အွန်လိုင်းပေါ် ငါဘာလာလုပ်တာလဲ လို့တွေးမိပြီး အကျိုးရှိတာနဲ့ပဲ အချိန်ကို သုံးမိမှာ ဖြစ်ပါတယ်။ မဟုတ်ရင် အထီးကျန်ခြင်းစတာတွေနဲ့အတူ ရှိရှိသမျှ သတင်းအချက်အလက်က ငါတို့ကို စိတ်ပျက်အောင် လုပ်နေသလားလို့ ထင်ရနေမယ်။ ငါတို့ အင်တာနက်သုံးတာဟာ ငါတို့ရဲ့ အထီးကျန်မှုကို ဖုံးကွယ်ချင်လို့ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်ရော အဲလိုဖြစ်သလား။ စိုးရိမ်စရာတွေ တစ်ခုပြီးတစ်ခုပဲ ငါတို့ရှာတွေနေလိမ့်မယ်။ တကယ်တမ်းတော့ အင်တာနက်သုံးတယ်ဆိုတာ စားသုံးခြင်း စားသုံးသူ စတာတွေဖြစ်တာပါပဲ။ ဈေးသုံးမှ စားသုံးတာ မဟုတ်ပါဘူး။ ငါတို့အချိန်ကို ဘယ်နေရာမှာ ထားသလဲ။ အချိန်ကို သုံးတာဟာလည်း အချိန်ကိုစားသုံးတာပါပဲ။ ဒီတော့ ငါတို့ အင်တာနက်သုံးတာဟာ သတင်းကို စားသုံးတယ်။ ရုပ်ရှင်ကို စားသုံးတယ်။ ညစ်ညမ်းမှုဆိုင်ရာကို စားသုံးတယ်။ ကြော်ညာတွေစားသုံးတယ်။ ငါတို့ ဘာဖြစ်လာသလဲ။ ဒါတွေနဲ့ ဒေါသကို မွေးမြူတယ်။ အကြမ်းဖက်လိုမှုကို မွေးမြူတယ်။ အကြောက်တရားကို မွေးမြူတယ်။ ဖြစ်ချင်တာတွေ မွေးမြူတယ်။ ဒါပါပဲ။
မေး။ ။ ဗုဒ္ဓဘာသာဆရာတော်တပါးအနေနဲ့ တပါးသူက မိမိအပေါ် ထင်ယောင်ထင်မှားဖြစ်မှုကို ဘယ်လိုဖြေရှင်းမလဲ။ အကောင်းနဲ့အဆိုးကိုကော ဘယ်လိုခွဲခြားပြမလဲ။
ဆရာတော်။ ။ ဒီရာစုတွေမှာက တစ်ဦးတယောက်ရဲ့ တစ်စုံတရာသော အယူအဆတွေဟာ နာကျင်မှုတွေ အခက်အခဲတွေကို ဖန်တီးပေးရုံသက်သက်ပါပဲ။ အဲဒီအပေါ်မှာ ငါတို့ဟာ ခွဲခြားပြီးသိဖို့ လိုပါတယ်။ ငါလား။ သူလား။ အတွင်းဘက်ကလား။ အပြင်ဘက်ကလား။ လူလုပ်တာလား။ သဘာဝလား။ စသဖြင့် ခွဲခြမ်းစိတ်ဖြာပြီးနောက် မိမိရဲ့ အတွင်းဘက်ကို အသိကလေးကပ်ထားရပါမယ်။ ဗုဒ္ဓဘာသာမှာတော့ ဒါကို “သတိ” လို့ခေါ်ပါတယ်။ ဗုဒ္ဓဘာသာတွေရဲ့ ကျင့်ဝတ်အရ ဟိုးအထဲထိ နားလည်သဘောပေါက်အောင် နက်နက်ရှိုင်းရှိုင်းကြည့်တတ်ရပါမယ်။ ဒီဝါဒဟာ ငါ့ကို ဘယ်ရွေ့ဘယ်မျ လွမ်းမိုးနေလဲ။ ငါ့ လူမှုအသိုက်အဝန်းထဲထိ ဘာတွေ သယ်လာလဲ။ ငါ့ကမ္ဘာ ငါ့ဘဝထဲကို ဘာတွေ ယူဆောင်သွားလဲစတာတွေကို သတိနဲ့ ကပ်ပြီး စောင့်ကြည့်ရမယ်။ သတိတရား အမြဲဒီလိုက်နေပါမှ အတွင်းဘက်ပိုင်းက ငြိမ်းချမ်းမှုကို ရနိုင်ပါတယ်။ ဒီလို သတိကပ်နေခြင်းက ငါတို့ကို အကောင်းနဲ့ အဆိုးခွဲခြားပေးနိုင်ပါတယ်။ သတိတရားနဲ့ သေချာစောင့်ကြည့်နေရင် ငါတို့ဟာ အဆုံးသတ်ကို မြင်နေရမှာ ဖြစ်ပါတယ်။ အဲလိုမဟုတ်ဘဲ အဲဒီအပေါ် ကောလဟာလ လုပ်ပစ်မယ်။ အာဏာသုံးပစ်မယ်။ ငွေနဲ့ဖုံးမယ်။ တဖက်က မကောင်းသတင်းကို ပြန်လည်ဖော်ထုတ်မယ်။ အဲဒါဆိုရင် ဒါဟာ ပျော်ရွှင်မှုကို သယ်လာပေးတော့မှာ မဟုတ်ဘဲ အဲဒီအရာက ငါတို့ရဲ့ စိတ်နဲ့ ငါတို့ကိုယ်ကို ဖျက်ဆီးပစ်မှာ ဖြစ်ပါတယ်။ မိမိကိုယ်ကို အလွန်အကျွံချစ်ခြင်းဟာ မိမိကိုယ်ကို ဖျက်ဆီးခြင်းပါပဲ။ ဒါဟာ ဗလာကို သယ်ယူပေးလာနိုင်ပါတယ်။ သတိနဲ့ မိမိကိုယ်ကို ပြန်ကြည့်ခြင်းဟာ ဘယ်ဟာအကောင်း ဘယ်ဟာ အဆိုးဆိုတာကို ခွဲခြားပြီးသားဖြစ်ပါတယ်။
မေး။ ။ သေခြင်းတရားကို မကြောက်ဘူးဆိုတာ ဖြစ်နိုင်ပါသလား။
ဆရာတော်။ ။ တကယ်တမ်းတော့ ကြောက်ရွံခြင်းရဲ့ အရင်းအမြစ်က သေခြင်းအပေါ် ဘယ်လိုနားလည်ထားသလဲပေါ် မူတည်ပါတယ်။ ငါတို့ ဘာလို့ သေတာကို ကြောက်သလဲ။ တစ်ခါပဲ သေရတယ်။ သေပြီး ဘာမှ ထပ်ဖြစ်မလာတော့ဘူး။ လက်ရှိပညာရေးကလည်း သေသွားရင် ဘာမှ လုပ်လို့မရတော့ဘူးလို့ သင်ပြန်တယ်။ အားလုံး ဆုံးရှုံးရပြီလို့ သင်တယ်။ အဲဒါတွေကြောင့် ငါတို့က ကြောက်နေကြတာပါ။ မိုးတိမ်လေးတွေကို ကြည့်လိုက်။ မိုးတိမ်တွေ ဘယ်လိုသေသွားသလဲ ကြည့်လိုက်။ မိုးတိမ်ကနေ ဘာမှ မဖြစ်ဘူးဆိုတာ မရှိပါဘူး။ နက်နက်ရှိုင်းရှိုင်းကြည့်ပါ။ မိုးတိမ်ဟာ ကောင်းကင်မှာ အကြာကြီး တည်မနေပါဘူး။ သူဟာ တနည်းနည်းနဲ့ မိုးစက်၊ နှင်း၊ မိုးမှုန်မိုးမွှားအဖြစ် ပြောင်းလဲရပါတယ်။ မိုးတိမ်တွေဟာ မိုးရေ စသဖြင့် ဆက်လက်ဖြစ်သွားသလိုပါပဲ ငါတို့ဟာလည်း တစ်ခုခုအဖြစ် ပြောင်းလဲဆက်ဖြစ်သွားပါတယ်။
မေး။ ။ ကျွန်ုပ်တို့ ကမ္ဘာကြီးက ပဋိပက္ခတွေနဲ့ ပြည့်နေတယ်။ တရားမမျှတမှုတွေနဲ့ ကြုံနေရတယ်။ ဗုဒ္ဓဘာသာအနေနဲ့ ဆရာက အဲဒါကို ကောင်းအောင် ဘယ်လိုလုပ်ပေးနိုင်လဲ။
ဆရာတော်။ ။ ပဋိပက္ခနဲ့ တရားမမျှတမှုတွေဆိုတာ ငါတို့စိတ်ထဲကဖြစ်တဲ့ အရာတွေဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ကျင့်ဝတ်ဆိုင်ရာ လမ်းကြောင်းအရ မေတ္တာစစ် မေတ္တာမှန်တို့ ပျော်ရွင်ခြင်းအစစ်အမှန် ငြိမ်းရေးခြင်းအစစ်တို့ဟာ မိမိဘာသာပဲ ပြန်ပြီးပျိုးထောင်ရပါတယ်။ တကယ်တမ်းတော့ ပစ္စုပ္ပန်တည့်တည့်သာလျင် မိမိရဲ့ ငြိမ်းချမ်းမှုကို ဖန်တီးနိုင်မှာသာ ဖြစ်ပါတယ်။ ငါတို့ရဲ့ စိတ်ကို မျှော်လင့်ချက်တွေ၊ အကြောက်တရားတွေ၊ လောဘတွေ၊ လူမှုအသိုက်အဝန်းရဲ့ တရားမမျှတမှုတွေနဲ့ အကြမ်းဖက်တွေကို ထည့်ထားပြီး သွားလာနေထိုင်နေမယ်ဆိုရင် ရလာမယ့်အဖြေက ငြိမ်းချမ်းနိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကို သတိနဲ့ ကပ်ပြီး တည်ငြိမ်အောင် လုပ်ထားခြင်းကသာလျင် လက်ရှိပစ္စုပ္ပန်မှာ ငါတို့အတွက် ငြိမ်းချမ်းခြင်းနဲ့ ပျော်ရွှင်မှုအစစ်ကို သယ်လာပေးနိုင်မှာ ဖြစ်ပါတယ်။ အံ့ဩစရာလေး ပြောပြဦးမယ်။ ငါတို့ကိုယ်ငါတို့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် နေထိုင်ခြင်းဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တစ်စိတ်တပိုင်းပါဝင်ခြင်းလည်း ဖြစ်ပါတယ်။
မေး။ ။ ဟောဒီကမ္ဘာမှာ အာရုံထွေပြားစရာတွေက အများအပြားတိုးတက်နေချိန်မှာ ဆရာက သတိကပ်ရမယ်၊ အာရုံစူးစိုက်ရမယ်ဆိုတော့ ဖြစ်နိုင်ပါ့မလား။
ဆရာတော်။ ။ လူတွေ တော်တော်များများ သတိမထားမိတာက ဟောဒီပစ္စုပ္ပန်တည့်တည့်သာလျင် ငါတို့ ချစ်တဲ့ပုဂ္ဂိုလ်ကို ငါတို့ချစ်လို့ရတယ်။ ငါတို့အချစ်ကို ငါတို့ရဲ့ မေတ္တာတွေကို ဒီပစ္စုပ္ပန်အချိန်ကသာလျင် ဖော်ပြနိုင်စွမ်းတယ်။ ဒါပေမယ့် ငါတို့စိတ်က လမ်းကြောင်းချော်ဖို့ သိပ်လွယ်တယ်။ အခု ဒီဟာကို မှတ်နေရင်းတန်းလန်းပဲ ငါတို့စိတ်ဟာ ရုတ်တရက် တခြားကို ရောက်သွားတယ်။ ငါတို့ကိုယ်က ဒီမှာ ရှိနေပါလျက် ငါတို့စိတ်ဟာ ငါတို့ ငါတို့မိသားစု စတဲ့အနာဂတ်အတွက်ဆီ ရောက်သွားတယ်။ အဲဒီကနေပဲ အရင်အတိတ်က ကျူးလွန်မိခဲ့တဲ့ အပြစ်တွေအပေါ် ချက်ချင်းနောင်တရပြန်တယ်။ အဲဒီကနေ လက်ရှိပစ္စုပ္ပန်ချိန်ဆီ ပြန်ရောက်လာဖို့ ခေါ်ရလည်း အတော်ခက်ပါတယ်။ ငါတို့ရဲ့ စိတ်ဟာ ဂူးဂဲလ်ဌာနချုပ်လိုပဲ။ ရှိရှိသမျှအကုန်ကို စုထားတော့တာပါပဲ။ အဲလိုကနေ သတိကပ်ဖို့ အာရုံစိုက်ဖို့ဆိုတာက ကိုယ်ရောက်နေရာကနေ ချက်ချင်းရပ်ပစ်လိုက်ဖို့ပါပဲ။ လက်ရှိ လူမှုအသိုင်းအဝန်းက အတော်လေး ပြေးနေကြတယ်။ ငါ့အတွက် ငါ့တို့အတွက် ငါ့မိသားစုအတွက် ငါ့အနာဂတ်အတွက် ဘာအတွက် ညာအတွက် စသဖြင့် ငါတို့ဟာ မရပ်မနား နေရာစုံ စိတ်အစုံနဲ့ ပြေးလွားနေကြရတယ်။ အဲလိုအနေအထားကနေ စွမ်းနိုင်သမျှ ခဏရပ်ကြည့်လိုက်ပါ။ ပြီးတော့ ဘာဖြစ်နေလဲဆိုပြီး အကုန်လုံးကို ခြုံကြည့်ပါ။ ငါ့စိတ်တွေ ဘယ်ရောက်နေလဲ။ ငါ့ခန္ဓာကိုယ် ဘာဖြစ်နေပြီလဲလို့ ခဏလေး စွမ်းနိုင်သမျှ ရပ်ကြည့်လိုက်ပါ။ ရပ်ပြီး ဂရုတစိုက်လေး ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်ပါ။ ဒါဆိုရင် ဒီပစ္စုပ္ပန်အခိုက်အတန့်လေးဟာ ငါတို့ဆီကို လုံလောက်တဲ့ ပျော်ရွှင်မှုလေးတွေ ယူဆောင်ပေးလာပါလိမ့်မယ်။ ငါတိုသတိကလေးကပ်ပြီး ခဏရပ်ကြည့်ဖို့သာ အမှတ်ရလိုက်ပါ။