အခု ထုတ်ပြန်ရတဲ့ သဘောထားကတော့ သဘောထားထား မထားထား သဘောထားပေးရတဲ့ သဘောထားထုတ်ပြန်ချက်ဖြစ်ပါတယ်။ သဘောထားထုတ်ပြန်ချက်က အမျိုးမျိုးရှိပါတယ်။ အမျိုးမျိုးထဲကနေ ထပ်ပြီးအမျိုးအစားခွဲရင်လည်း အမျိုးအစားက ထပ်ပြီးအမျိုးမျိုး ရှိပြန်တယ်။ အဲဒီအမျိုးမျိုးထဲကနေ နားလည်သလောက် ရှင်းပြရရင် အကျဉ်းအားဖြင့် ကိုးမျိုးရှိပါတယ်။ အကျဉ်းအားဖြင့် ကိုးမျိုးလို့ ရေးရတာက တက်ကျမ်းတွေလိုမျိုး “၁။ စောစာထပါ” လို့ရေးရင် ပြီးနေတဲ့ဟာကို ဆောင်းပါးမရှည်မှာစိုးတာနဲ့ (ဆောင်းပါးမရှည်ရင် Blog post လည်းမလှဘူး။ ဂျာနယ်ထဲထည့်မယ်ဆိုလည်း အယ်ဒီတာက ရွေးမှာ မဟုတ်ဘူး။ အဲ အယ်ဒီတာက သူ့ဘာသာ သူထည့်မယ်ဆိုရင်တော့ ရတယ်။) မနက်စောစောထဖို့ကို ဝေ့ကာ ဝိုက်ကာ ပတ်ရေးသလို ထပ်ရေးရင် ရသေးလို့ အကျဉ်းအားဖြင့်လို့ ဆိုခြင်းဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံသားတို့ရဲ့ စိတ်ထွက်ပေါက်ကျမ်းကြီးများဖြစ်တဲ့ တက်ကျမ်းတွေထဲလို အကိုးတွေ အကားတွေနဲ့လည်း မရေးတော့ပါဘူး။ မြန်မာနိုင်ငံသားတို့ရဲ့ စိတ်ထွက်ပေါက်ကျမ်းကြီးလို့ ဘာလို့ရေးရသလဲဆိုတော့ ဟိုက ဝင်းနဲ့ဇော်က အသတ်ခံရတော့မှာကို “ဝဋ်ကြွေးရှိရင်ကြေပါစေ” သွားလုပ်နေတာမျိုးကို ပြောတာ။ အဲဒီ စိတ်ထွက်ပေါက်ကျမ်းကြီးလို အကိုးတွေ အကားတွေနဲ့လည်း မရေးတော့ပါဘူး။ ဒါပေမယ့် ဒါကလည်း အချက်အလက်ကလေး ကိုးမျိုးလောက်ပဲ ရေးနေရင် Blog post က တိုနေမှာစိုးလို့ ရှည်နေတာဖြစ်ပါတယ်။ ရှည်မနေရင်လည်း မရဘူး။ တိုတိုနန့်နန့်လေးဆို ဖတ်ချင်စိတ်ကို မဖြစ်စေဘူး။ လိပ်တောင် ရိုးရိုးလိပ် မဟုတ်ဘူး။ စူဠလိပ်။ ဘက်ကို ပြန်ယက်လို့။ ဒီတော့ မပြေးသော် ကန်ရာရှိလုပ်ရတာပေါ့ဗျာ။ သဘောထားထုတ်ပြန်ချက်က ကိုးမျိုးရှိသတဲ့။ အဲဒီကိုးမျိုးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ ကန့်ကွက်ကြောင်းသဘောထားထုတ်ပြန်ချက်။
၂။ ကန့်ကွက်သည်ကို ကန့်ကွက်ကြောင်းသဘောထားထုတ်ပြန်ချက်။
၃။ ကန့်ကွက်သည်ကို ထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်။
၄။ ကန့်ကွက်သည်ကို ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်အား ထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်။
၅။ ကန့်ကွက်သည်ကို ထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်အား ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်။
၆။ ကန့်ကွက်သည်ကို ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်အား ထောက်ခံသည့် သဘောထားထုတ်ပြန်ချက်အား ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ချက်။
၇။ ကန့်ကွက်သည်ကို ထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်အား ကန့်ကွက်သည့် သဘောထားထုတ်ပြန်ချက်အား ထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်။
၈။ ကန့်ကွက်သည်ကို ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်အား ထောက်ခံသည့် သဘောထားအား ဆက်လက်ကန့်ကွက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ချက်။
၉။ ကန့်ကွက်သည်ကို ထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်အား ကန့်ကွက်သည့် သဘောထားထုတ်ပြန်ချက်အား ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ချက်။
ဒီကိုးမျိုးက ကန့်ကွက်ကြောင်းနဲ့ ပတ်သက်တဲ့ သဘောထားထုတ်ပြန်ချက်ပါ။ သို့သော်လည်း ဒီကိုးမျိုးထဲမှာ ထပ်ပြီးစိပ်လို့ရသေးတဲ့ သဘောထားထုတ်ပြန်ချက်တွေ ရှိနေပါသေးတယ်။ ၁၁ မျိုးလို့ဖြစ်သွားရင် ၁၁ မီးနဲ့ တူတယ်ဆိုပြီး နိမိတ်မကောင်းဘူးထင်နေမှာစိုးလို့ နဝင်းကြေအောင် ကိုးမျိုးလုပ်ထားရတာ။ ၁၁ မီးဖြစ်သွားလည်း မကြောက်ဘူး။ နိမိတ်တွေ မယုံဘူးဆိုရင်ဖြင့် ဒီမှာဗျာ။ ၁၀ နဲ့ ၁၁။
၁၀။ ကန့်ကွက်သည်ကို ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်အား ထောက်ခံသည့်အဆိုကို ထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်။
၁၁။ ကန့်ကွက်သည်ကို ထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်အား ကန့်ကွက်သည့်အဆိုကို ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်။
ဒီတိုင်းသာ အကျယ်အကျယ်ချဲ့နေရင် ဒီထက်မကလည်း ချဲ့လို့ရသေးတယ်။ ဒီမှာက သဘောထားထုတ်ပြန်ချက်ဟာ ကိုးမျိုးကိုးစား ရှိတယ်လို့ပြောချင်တာမဟုတ်ဘဲ သဘောထား တစ်ခု ထုတ်ပြန်ချက်လို့ ဖြစ်ပါတယ်။ သဘောထားတစ်ခု မထုတ်ပြန်ချင် သဘောထားထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ ထပ်ပြီး အနည်းငယ် ရှင်းလင်းလိုပါတယ်။ အထက်က ရှင်းလင်းပြခဲ့တဲ့ သဘောထားထုတ်ပြန်ချက် အမျိုးအစားဟာ ကန့်ကွက်ကြောင်းပေါ်မှာပဲ မူတည်နေပါတယ်။ ဆိုတော့ ကန့်ကွက်ကြောင်းကိုပဲ တည်လို့ရသလို ထို့အတူပဲ သဘောတူကြောင်းကိုလည်း တည်လို့ရတယ်လို့ ပြောချင်ပါတယ်။ သဘောတူကြောင်း သဘောထားထုတ်ပြန်ချက် ကိုးမျိုးကို စပြီးအခြေတည်ရမယ်ဆိုရင် ဒီလိုဖြစ်မယ်ပေါ့ဗျာ။
၁။ သဘောတူကြောင်း သဘောထားထုတ်ပြန်ချက်။
၂။ သဘောတူသည်ကို ထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်။
၃။ သဘောတူသည်ကို ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်။
၄။ သဘောတူသည်ကို ထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်အား သဘောတူကြောင်း သဘောထားထုတ်ပြန်ချက်။
၅။ သဘောတူသည်ကို ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်အား ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်။
စသဖြင့်ပေါ့ဗျာ။ ရေးနေရင် ရှည်မှာစိုးလို့ မရေးတော့ဘူး။ အွန်း မရေးတော့ပြန်ရင်လည်း တချို့ နလပိန်းတုံးတွေက ဘာမှန်းမသိ ညာမှန်းမသိဖြစ်ရချေဉီးမယ်။ ဘာပဲဖြစ်ဖြစ် စာရေးရင်တော့ အနည်းဆုံး နလပိန်းတုံးတွေ နားလည်အောင်တော့ ရေးရမယ်။ သူတို့နားလည်မှ ဟုတ်ဟုတ် မဟုတ်ဟုတ် ထောက်ခံချက်ရမှာကိုး။ သူတို့ထောက်ခံမှ မြန်မာနိုင်ငံမှာ ဆယ်လီဖြစ်မှာ။ ဒီတော့ နလပိန်းတုံးတွေ နားလည်အောင် ဆက်ရေးလိုက်ဦးမဗျာ။
၆။ သဘောတူသည်ကို ထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်အား သဘောတူကြောင်း ထုတ်ပြန်သည့် သဘောထားအား ပြန်လည်ကွန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်။
၇။ သဘောတူသည်ကို ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်အား ကန့်ကွက်ကြောင်း ထုတ်ပြန်သည့် သဘောထားအား ပြန်လည်ထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်။
ဘယ်လိုလဲ ဖတ်ရင်းနဲ့ ရွာလည်နေပြီမဟုတ်လား။ ဒါမှမဟုတ် ရွာအလယ်ကို ရောက်သွားလား။ ဘယ်လိုဖြစ်ဖြစ် ဆက်ရေးနေရင်တော့ နလပိန်းတုံးတွေ နားမလည်တော့မှာ သေချာတယ်။ နလပိန်းတုံးတွေက ဆရာမဂျူးဘာသာပြန်ထားတဲ့ ဇာတ်ကြောင်းတစ်ခုတည်းရဲ့အန္တရယ်ဆိုတာမျိုးကို လက်ခံထားကြသူတွေလေ။ မြင်မြင်သမျှ ကိုယ့်အတ္တနဲ့ လိုက်ပြီး ကောက်ချက်ချတတ်သူတွေလေ။ ကောက်ချက်ချတာက လွယ်တဲ့ အလုပ်ကိုး။ မြန်မာမှာက ထုံးတမ်းစဉ်လာအရကို ကောက်ချက်ချတဲ့ အလုပ်လုပ်လာကြတာ။ လောကနီတိ စသော စသော ကျမ်းဂန်တွေမှာ ဘယ်လိုဘယ်ကဲ့သို့သောသူဟာ ဘယ်လိုစရိုက် ဘယ်ကဲ့သို့ စရိုက်ရှိတတ်သူ စသဖြင့်ကိုပုံသေကားချပ် သင်ပစ်တာ။ အဲလို အသင်ခံရခြင်းများနဲ့အတူ ကောက်ချက်ချတတ်တဲ့အကျင့်ကလည်း အရိုးကိုစွဲရော။ လူတယောက်ရဲ့ အကြောင်းကို သိဖို့ ရက် ၇၀ လိုတယ်ဆိုတာ သူတို့ ဘယ်သိမှာလဲ။ ဒါတောင် အလိုလိုနေရင်း သိတယ်ထင်ရင် ထင်နေမှာ။ ဖတ်တာကိုက လင်းသိုက်ညွှန့်တို့လိုလူရဲ့ စာသွားဖတ်တာကိုး။ နားမလည်လည် လည်လည် ရေးရမှာက ရေးရမှာဆိုတော့လည်း ရေးလိုက်ပါဦးမယ်။
၈။ သဘောတူသည်ကို ထောက်ခံကြောင်း သဘောထားထုတ်ပြန်ချက်အား သဘောတူကြောင်း ထုတ်ပြန်လည့် သဘောထားအား ဆက်လက်၍ကန့်ကွက်မည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ချက်။
၉။ သဘောတူသည်ကို ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်အား ကန့်ကွက်ကြောင်း ထုတ်ပြန်သည့် သဘောထားအား ဆက်လက်၍ သဘောတူသွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ချက်။ ၁၀ နဲ့ ၁၁ ကိုမရေးတော့ဘူးဗျာ။ အထက်က အတိုင်းပဲ။
သဘောထားထုတ်ပြန်ချက်မှာ တခါခါ သဘောထားထုတ်ပြန်ကြေငြာချက်ဆိုပြီးပါတယ်။ အဲမှာ ငြာ ဆိုတဲ့ စကားလုံးဟာ မြန်မာစာမှာ မသုံးပြန်ဘူးတဲ့။ တဦးတယောက်က ထွင်ပြီးရေးခဲ့တာ ဖြစ်ကောင်းမဖြစ်မတဲ့။ အမှန်က ကြေညာသာ ရှိသတဲ့။ (ကွန်ပျူတာကြီးပေါ်လာတော့မှ မြန်မာမှာ ရှိနေတဲ့ သုညနဲ့ ဝလုံးဟာ ကွဲပြားခဲ့ရတာကိုကျတော့ ထည့်မပြောကြဘူး။ ဒါကလည်း Unicode ဆိုတာကြီးပေါ်လာမှ ဖြစ်တာ၊ ဒီ Unicode ကြီးကတော့လေ အပြစ်ပြောလို့ကို မဝနိုင်ဘူး ဟဲဟဲ။) ဆိုတော့ သဘောထားထုတ်ပြန်ကြေညာချက်လို့ ကြေညာလေး ထည့်ပြီး သဘောထားထုတ်ပြန်ချက်ကို သဘောထားကြေညာထုတ်ပြန်ချက်ဆိုပြီး ထုတ်လို့လည်း ရပါတယ်။
သဘောထားထုတ်ပြန်ချက်တွေရဲ့ မူလအရင်းအမြစ်မှာ သဘောထားတိုက်ဆိုင်ခြင်းကြောင့်ဖြစ်စေ သဘောထား မတိုက်ဆိုင်ခြင်းကြောင့်ဖြစ်စေ သဘောထားထုတ်ပြန်ကြရခြင်းဖြစ်ပါတယ်။ မထက်ရဲ့ လိင်ပြောင်းတာကအစ TLNA နဲ့ KIA ရဲ့ လုပ်ရပ်အထိ နောက်ဆုံး နိုင်ငံတကာက ပိတ်ဆို့မှုအထိ ထုတ်ပြန်နေတဲ့ သဘောထားတွေမှာလည်း သဘောထားတိုက်ဆိုင်ခြင်းနဲ့ မတိုက်ဆိုင်ခြင်းကိုသာ အခြေခံပါတယ်။ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့်လို့ ရေးပြလိုက်ရင် ပြီးနေပေမယ့် အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင့်ဆိုတာ ဘယ်လိုအကြောင်းကြောင်းသော အကြောင်းကြောင်းမှန်း မသိမှာစိုးလို့ ကျောင်းမှန်းကန်မှန်းသိအောင် အကြောင်းသော အကြောင်းကြောင်းကို အကြောင်းတွေနဲ့တကွ ရေးလိုက်တာပါ။ အဲလို အကြောင်းအမျိုးမျိုးပေါ်မှာ သဘောထားထုတ်ပြန်ကြပါတယ်။ အခုရေးတဲ့ သဘောထားထုတ်ပြန်ချက်ကတော့ အထက်ပါသော အကြောင်းကြောင်းသော အကြောင်းကြောင်းတွေရဲ့ အကြောင်းကြောင်းသော အကြောင်းများအပေါ်မီတည်ပြီးသကာလ ဖြစ်ပေါ်လာတဲ့ သဘောထားထုတ်ပြန်ချက်တွေအပေါ် သဘောထားထုတ်ပြန်ခြင်းဖြစ်ပါတယ်။
သို့ပေတဲ့ သဘောထားထုတ်ပြန်တိုင်းလည်း ဘာမှထူးမလာကြပါဘူး။ ထူးပြီးလာတဲ့ သဘောထားထုတ်ပြန်ချက်တွေလည်း မတွေ့ဖူးပါဘူး။ အဲဒီတော့ ဒီသဘောထားထုတ်ပြန်ချက်ကလည်း ဘာမှ မထူးပါဘူး။ ဘာမှမထူးတာကိုလည်း ဘာမှမထူးကြောင်း ထုတ်ပြန်တဲ့ သဘောထားထုတ်ပြန်ချက်မျှသာ ဖြစ်ပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာ။ ကိုယ့်ဘာသာကိုယ် သဘောတူသည်ဖြစ်စေ သဘောမတူသည်ဖြစ်စေ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဘယ်လိုပဲ သဘောထားထုတ်ပြန်ချက်ထုတ်ထုတ် သဘောထားထုတ်ပြန်ကြေညာချက်ထုတ်ထုတ် ဒုံရင်းက ဒုံရင်းပဲ ဖြစ်မှာပါပဲခင်ဗျ။ ဘာကြောင့် ဒုံရင်း ဒုံရင်းလည်းဆိုရင်တော့ ဘွဲ့ကလေးတစ်ခုနှစ်ခုရရင် ပညာရှိဖြစ်သွားသူများ၊ ရုပ်ကလေးလှရင် ပညာတတ်ကြီးဖြစ်သွားသူများ၊ ငွေလေးရှိရင် အရာအားလုံး သိသွားသူများ၊ သင်တန်းလေး သုံးလေးခု တက်ဖူးရင် အထက်စီးတတ်လာသူများ၊ အလုပ်ကလေးတစ်ခု အောင်မြင်ရင် စီးပွားရေးအကြောင်းပြောသူများ၊ နိုင်ငံခြားမှာနေရင် အလိုလိုအမြင်ကျယ်သူများ စာလေး ဘာလေး နည်းနည်းဖတ်ဖူးတာနဲ့ စာပေပညာရှင်ကြီးဖြစ်ရသူများ စသဖြင့် စသဖြင့် အလိုအလျောက် ပညာရှိကြီးများ၊ ပညာတတ်ကြီးများ၊ ဟောပြောပို့ချသူများ စာတတ်ပုဂ္ဂိုလ်ကြီးများ ဖြစ်သွားတတ်သောကြောင့် ဒုံရင်း ဒုံရင်းဖြစ်မည့် သဘောထားထုတ်ပြန်ချက်အား သဘောထားထုတ်ပြန်ချက်အဖြစ် ထုတ်ပြန်လိုက်ရကြောင်းပြန်ခင်ဗျာ။
ပုံ
ဂျေဂျူဝိုင်
ဒီလို ဆိုင်းလေး ဘာလေးထိုးဦးမှ။ တော်ကြာ အတုဆိုပြီး သဘောထားထုတ်ပြန်ချက်အတုကြီး ထွက်လာမှဖြင့် ကိုယ်လည်းမကောင်းဘူး။ ကိုယ်လည်းမကောင်းဘူး။ ဟုတ်ကဲ့ သူများကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းဖို့ အဓိကကိုးဗျ။ သူများမကောင်းတာ ကိုယ်နဲ့ ဘာမှ မဆိုင်လို့ သဘောထားထုတ်ပြန်ချက် အတုထွက်လာရင် ကိုယ်လည်း မကောင်းဘူး။ ကိုယ်လည်းမကောင်းဘူးခင်ဗျာ။
ပုံ
ဂျေဂျူဝိုင်