ဆရာဘိုဘိုလွင်ရဲ့ Facebook စာမျက်နှာကနေ ကူးထားပါတယ်။ ကိုယ့်ဘာသာကို ဖတ်ဖို့ပါ။
Big Idea #1, 2, 3, 7, 12 ကိုမတွေ့ဘူး။ စတွေ့တဲ့ 4 ကနေပဲ စပါမယ်။ 18 အထိပဲ တွေ့ပါတယ်။ ရသလောက်ပေါ့။ ဆရာရေးတဲ့အတိုင်းပဲ ဘာမှထွေထွေထူးထူး ပြင်မနေဘဲ တင်လိုက်ပါတယ်။
Big Idea #4 လာပြီ။ လိုရင်းပဲပြောပါမယ်။
လူတွေဟာ သူများအကြောင်းလည်းကောင်းကောင်းသိပါတယ်လို့ ထင်တတ်ကြတယ်။ တကယ်သိဖို့မလွယ်ပါဘူး။ အီရန် (ပါရှားဒေသ) ကဆရာဝန်အတွေးအခေါ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ IBN SINA ဆီကသင်ယူရပါတယ်။ လူတွေမှာ မြင်သာထင်ရှားတဲ့အပိုင်းနဲ့ မမြင်သာတဲ့အပိုင်းရယ်လို့ ၂ ပိုင်းရှိသတဲ့။ မမြင်သာတဲ့အပိုင်းက ကာယကံရှင်ကိုယ်တိုင်ကသာ သိချင်သိမယ် ဘေးလူကသိဖို့မလွယ်။
လူတွေစိတ်ဆိုးကြရင် အထူးသဖြင့် လူကြီးမိဘတွေ ဒေါသူပုန်ထရင် ကိုယ့်အတွက်အတော်နေရခက်မယ်။ စိတ်ညစ်ရမယ်။ တစ်ခါတစ်လေ ကိုယ့်ကို ပြစ်တင်ကြိမ်းမောင်းတာတွေဟာ မတရားဘူးလို့ခံစားရမယ်။
တကယ်တော့ သူတို့စိတ်ဆိုးနေတာ ကိုယ်နဲ့မဆိုင်ဘူး။ သူတို့မှာ အဆင်မပြေတာတစ်ခုခု ရှိနေတတ်တယ်ဗျ။
ရုတ်တရက်ကြည့်လိုက်ရင်တော့ ကိုယ့်ကိုလာပြီးရစ်နေတာ ပြဿနာရှာနေတာ မြည်တွန်နေတာဖြစ်မယ်။ တကယ်တော့သူ့မှာ အဆင်မပြေနေတာ ရှိလို့ပါ။ ဟိန်းဟောက်နေတဲ့ ခြင်္သေ့ကြီးကို ရွာသားတွေက အရမ်းကြောက်ကြတယ်။ တကယ်တော့ ဒေါသမာန်ဖီနေတဲ့ ခြင်္သေ့ကြီးရဲ့ ခြေထောက်မှာ ဆူးတစ်ချောင်းစူးနေလို့ပါဆိုတဲ့ ပုံပြင်လေးလိုပေါ့ဗျာ။
ဒေါသူပုန်ထနေတဲ့သူမှာ ဆူးတစ်ချောင်းတော့ရှိနေတာအသေအချာပဲ။ အဲဒီဆူးက ဘာလည်းဆိုတာကိုသာတွေ့အောင်မြင်အောင်ကြိုးစား ပြီးနုတ်ကူလိုက်ပါ။ သူဒေါသထွက်နေတာ မင်းကိုမဟုတ်ပါဘူးတဲ့။
When someone is angry, maybe it’s not you who is responsible. ဆိုတာလေးကိုအနှစ်ချုပ်ပါတယ်။ ကိုယ့်မိဘမှာ ဆူးတစ်ခုခုရှိနေလို့ကိုယ့်ကို ဖိဆူနေတာဖြစ်တတ်တယ်။ ကိုယ့်ဘော့စ် လေသံတင်းနေတာလည်း အခြားဆူးတစ်ခုခုဖြစ်နိုင်တာ။ ဒါကြောင့် လူတွေကို ငါကောင်းကောင်းသိပါတယ် လို့လွယ်လွယ်မတွေးပါနဲ့။ ဘာဖြစ်နိုင်သလည်းဆိုတာကို မှန်းတတ်ဖို့ သင်ယူရမှာပါတဲ့ဗျ။
ဆူးလေးတွေကိုမြင်နိုင်ပြီး ဖယ်ရှားနိုင်ပါစေဗျာ။
Bo (24.1.2019 – 10:15pm)
Big Idea#5
ဆိုးသွမ်းတာ မဟုတ်ပါဘူး၊ မပျော်ရွှင်နိုင်တာပါ။ ဒါကတော့ တကယ်ပါပဲဗျ။ မြင်ဖူးကြုံဖူးကြမှာပါ။
အချို့ကလေးတွေဟာ ကျောင်းမှာ အရမ်းဆိုးတယ်။ သူများကိုလိုက်အနိုင်ကျင့်တယ်။ သူများကို ကွယ်ရာမှာ အပုတ်ချတယ်၊ အရှက်ခွဲတယ်။ အခြားလူတွေ ကြောက်လန့်သွားအောင်၊ သိမ်ငယ်သွားအောင်၊ ဘာမှအသုံးမကျတဲ့ကောင် ဆိုတာမျိုးအဓိပ္ဗါယ်ရောက်အောင် လုပ်တတ်ကြတယ်။ လူတချို့ဟာ ဘာလို့ အဲလိုတွေဆိုးတာလဲ။ အခြားလူတစ်ယောက်ကို စိတ်ပျက်အောင် ဘာလို့လုပ်တတ်ကြတာပါလဲ။
အဖြေကတော့ အံ့သြစရာ။ သူတို့အတွင်း(အထဲ) မှာက သိမ်ငယ်နေတာ၊ စိတ်ပျက်နေတာပါ။ အပေါ်ယံနဲ့တော့မသိနိုင်ဘူးဗျ။ သူတို့ပုံစံက အားကောင်းသလိုလို၊ မာသလိုလို၊ ယုံကြည်မှု အခိုင်အမာ ရှိနေသလိုလိုနဲ့ပဲ။ ကြည့်လိုက်ရင်တော့ ရယ်လို့မောလို့၊ ကိုယ့်ကိုတောင် ဟားတိုက်နေတာမျိုး။
သေချာစဉ်းစားကြည့်ပါ။ ပျော်ရွှင်တဲ့သူဟာ ဘယ်တော့မှအခြားလူတစ်ယောက်ကို မပျော်ရွှင် အောင်မလုပ်ရက်ပါဘူး။ အားကောင်းပြီး ယုံကြည်မှုအပြည့်ရှိသူကလည်း အခြားသူအပေါ် ကြင်နာ နူးညံ့တတ်တာပေါ့။ အကယ်၍ တစ်ယောက်ယောက်ဟာ ဆိုးသွမ်းနေတယ်၊ သူများတွေကို အနိုင်ကျင့်တယ်ဆိုရင် သေချာတာကတော့ အိမ်မှာပြဿနာ တစ်ခုခုတော့ ရှိရမယ်။ သူ့အစ်ကိုက သူ့ကို အနိုင်ကျင့်သလား၊ အမေကပဲ အရမ်းကြမ်းသလား။ မိဘတွေက သူတို့ ရှေ့မှာရန်သတ်နေတာမျိုးတွေရှိလား။ ဆိုရင် ဒီလိုလူတွေဟာ ကြည့်လိုက်ရင်တော့ မကြောက်တတ်သလိုလို၊ သတ္တိရှိသလိုလိုနဲ့ တကယ့်တော့ ဝမ်းနည်းမှုတွေ စိုးရိမ်မှုတွေက သူတို့မှာ ရှိနေတာဗျ။ သူတို့ရင်ထဲမှာ တကယ်ခံစားနေရတဲ့ အားနည်းချက်ကို လူတွေရိပ်စား မိသွားမှာကို သိပ်ပြီး စိုးရိမ်တတ်တာ။ ဒါကြောင့် သူများတွေကို ဒုက္ခရောက်စေပြီး သူတို့ကိုယ်သူတို့ သက်သာရာရအောင်လုပ်တတ်ကြတယ်။
သူတို့နာကျင်ခံရဖူးရင်၊ အခြားလူကိုနာကျင်စေမယ်။ လူတစ်ယောက်က ကိုယ့်အပေါ် ဆိုးသွမ်းလွန်းရင် (အနှောက်အယှက်ပေးရင်) ဒီလိုနားလည်ပေးလိုက်နိုင်ယုံနဲ့တော့ ပြဿနာက ချက်ချင်းဖြေရှင်နိုင်တာမဟုတ်ပါဘူး။ ဒါပေမယ့် နည်းနည်းတော့ အထောက်အပံ့ဖြစ်စေမှာပေါ့လေ။ ခင်များအနေနဲ့အဲသလိုတော့ ဆက်ဆံခံရတာ၊ ပြသနာရှာခံရတာ မဖြစ်သင့်ဘူး လို့တော့လက်ခံလိုက်ပေါ့။ ခင်များ ဘာမှမမှားပါဘူး။ အဲလို ကွိုင်ရှာခံရတာကို နားလည်ဖို့ဆို ကိုယ်ရော အခြားလူတစ်ယောက်ယောက်ကို တစ်ခါလောက်တော့ ယစ်ဖူးမှာပဲ။ မွှေဖူးမှာပဲ။ သူတို့ ဘာမှအမှားမလုပ်ရင်တောင်မှလေ။ ပတ်ရမ်းတယ်ပေါ့ဗျာ။ ဒါ မကောင်းတာလည်း မဟုတ်ဘူး၊ မှားယွင်းမှုလည်း မဟုတ်ဘူးတဲ့။ ဒါ “ဘဝ” ပဲ တဲ့ဗျ။ သေချာစဉ်းစားကြည့်ရင် ခင်ဗျား အဲဒီလူကို ကွိုင်ရှာခဲ့တာဟာ ခင်ဗျားမှာ ဘယ်လိုဖြေရှင်းရမှန်းမသိနေတဲ့ အကြောင်းတစ်ခုခုကြောင့်သာ ပတ်ရမ်းခဲ့တာဖြစ်ပြီး သူ့ကြောင့်တော့ မဟုတ်နေဘူးဆိုတာ သတိထားမိမှာပါ။
ဥပမာ မိသားစုမှာ ကလေးငယ်လေးတစ်ယောက်ထပ်ရရင် အကြီးကောင်က ဆိုးပြတတ်တယ်။ လူကြီးတွေက ကလေးတွေဟာ သိပ်အပြစ်ကင်းတယ်၊ ချစ်စရာကောင်းတယ်လို့ပဲ ထင်ကြတယ်။ လူတိုင်းက အငယ်လေးကို ချစ်စရာကောင်းကြောင်းတွေ ပြောပြီး အထူးဂရုစိုက်တာ၊ မိဘတွေက အချိန်ပိုပေးပြကြင်နာပြတာလေ။ ဒီလိုမိသားစုမှာ ခင်များသာ အကြီးကောင် ဆိုရင်တော့ ဒီလို လမ်းစဉ်နဲ့ဖြစ်နိုင်တာမဆန်းဘူးလေ။
လူတွေမင်းကို ဂရုစိုက်တာကို ခံချင်မယ်လေ။ လူအများအလည်မှာ မင်းကအရေးပါကြောင်း လူတွေကို ပြချင်သတိထားမိစေချင်မယ်လေ။ ဒါဟာ အိမ်မှာ လူတကာက ဝိုင်းချစ်တာ ဂရုစိုက်တာခံရတဲ့ ခလေးလေးထက် မင်းကပိုပါတယ်ဆိုတာမျိုးကို အိမ်မှာမရလို့ ကျောင်းမှာ ရအောင်ယူတာမျိုးပေါ့။ ဒါကြောင့် ကိုယ်အနိုင်ကျင့်ဗိုလ်ကျလို့ရမယ့် လူမျိုးကိုရှာပြီး ပါဝါပြတော့ပေါ့။ ဒီလိုလုပ်လိုက်မှ မင်းက အစွမ်းရှိတယ်လို့ ခံစားလိုက်ရမယ်၊ သူ့ကိုလည်း မင်းမနှစ်မြို့တဲ့ သေးသိမ်မှုမျိုးကို ခံစားစေလိုက်မယ်။ ဒါမှ မင်းက နေသာထိုင်သာရှိသွားမယ်။
သေချာတာကတော့ ဒါမျိုးတွေ လုပ်နေတာမကောင်းဘူးပေါ့ဗျာ။ ဒါပေသိ နားလည်ပေးလို့ ရတယ်ဗျ။ တခါတခါ အရမ်းဝမ်းနည်းပြီး စိတ်တိုရတဲ့အခါမှာ အဖြေတောင်ရှာမရပဲဖြစ်တတ်တာလေ။ မင်းသူများအပေါ်မကောင်းခဲ့တာကို (ဆိုးခဲ့တာ) သေချာနားလည်သွားရင် အခြားလူတွေကိုယ့်အပေါ် ဘာလို့ဆိုးနေလည်း ကိုလည်း နားလည်ပေးနိုင်ဖို့ ပိုလွယ်ကူမှာပါ။
နားလည်ပေးနိုင်ယုံနဲ့တော့ အရာအားလုံးကို ပြီးပြည့်စုံအောင်တော့ မပြေလည်စေဘူးပေါ့ဗျာ။
ဖလော်ဆော်ဖီကတော့ နားလည်လိုက်တယ် ဆိုရုံမျှနဲ့ ပြေလည်သွားစေမယ်တော့ ဘယ်ဟုတ်ပါ့မလဲ။ ဒါပေသိ ခင်ဗျားက ဒါကိုနားလည်ုပြီဆိုရင်တော့ ကြောက်ရွံ့မှုတွေကိုရပ်သွား စေမယ်။ ဒါ ကောင်းသော အစပဲ တဲ့။
အီသီယိုးပီးယား (အာဖရိက) က Zera Yacob ဆိုတဲ့ Philosopher ဆီက သင်ယူရပါတယ်။
နားလည်မှုတွေတည်ဆောက် ရင့်ကျက်နိုင်ကြစေဗျား။
With Love.
Bo (12:20am) 22nd Feb 2019
Big Idea#6
Don’t expect too much
အများကြီးမမျှော်လင့်နဲ့တဲ့။ ဒီအပိုင်းက သိပ်မဆန်းသလို ကြားဖူးတာများမယ်။ ဒါကြောင့် အနှစ်ပဲ ကစ်လိုက်မယ်။
ကိုယ်ကအကြီးအကျယ်စိတ်ကူးယဉ်အိမ်မက်မက်ထားတာတွေ တလွဲတချော်ဖြစ်ရပြီဆိုရင် ဒေါသူပုန် ထရပြီပေါ့။ ရောမသား ဖီလော်ဆော်ဖာ ဖြစ်တဲ့ Seneca ဆိုသူကတော့ ကျတေ်ာတို့ အဆိုးမြင်ဝါဒီလည်းဖြစ်သင့်ကြောင်း ပြောပါတယ်။ အကောင်းတွေပဲတွေးထား ထင်ထားပြီး မထင်မှတ်တာနဲ့ကြုံတွေ့တဲ့အခါ ဒေါသတွေအများကြီးပေါက်ကွဲရတာလေ။ အဆိုးဖက်လည်း ဖြစ်နိုင်တာပဲလေလို့ ကြိုတွေးထားတော့ ဖြစ်လာရင် အော်ဖြစ်တယ်ပေါ့။ အထိုက်အလျောက်တော့ လက်ခံနိုင်တာပေါ့။ ဒေါသအကြီးအကျယ်ထွက်တယ်ဆိုတဲ့လူဟာ သူမျှော်လင့်ထားတာ အရမ်းကောင်းရမယ်၊ ပြည့်စုံရမယ်၊ တိကျရမယ် လုံးဝပိုင်သေတွက်ထားတာ။ မဖြစ်လာတော့ ပေါက်ကွဲပြီပေါ့။
Seneca က လူတွေဘာကြောင့် ဒေါသချောင်းချောင်းထွက်ရသလည်း ဆိုတာကို လေ့လာရှာဖွေခဲ့တယ်။ ဖြစ်လာရတဲ့အခြေအနေတွေကြောင့်စိတ်တိုရတာမဟုတ်ကြပါဘူး၊ ကိုယ့် မျှော်လင့်ချက်ကြောင့်သာ ဖြစ်ရတာပါတဲ့။
ဥပမာ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုမွေးနေ့လက်ဆောင်မပေးရင် မွေးနေ့လက်ဆောင် မပေးလို့စိတ်တိုရတာထက် သူကိုယ့်ကိုအရမ်းဂရုစိုက်ကြင်နာပြတာကို အရမ်းမျှော်လင့်မိတဲ့အတွက်ကြောင့် ဒေါသအိုးလေး ကွဲရကြောင်းပါဗျား။
ဒေါသမီးလေးတောက်လာတိုင်း ကိုယ့်မျှော်လင့်ချက်တွေ ကြီးလွန်းနေတာလားလို့ ပြန်လည် ဆန်းစစ်ရင်း စိတ်ကိုတည်ငြိမ်အေးချမ်းအောင် ဆောက်တည်နိုင်ပါစေဗျာ။
With love,
Bo (10:35pm) 23rd Feb 2019
Big Idea#7 ကတော့ “မင်းသိပ်ပင်ပန်းနေလို့နေမှာပါ” တဲ့။ (ဒီအပိုင်းကို ရှာမတွေ့ပါဘူး)
Big Idea #8
What Is Normal, Isn’t Normal.
မရေးတာအတော်ကြာသွားပြီ။ ဒါလေးလည်း တိုတိုနဲ့လိုရင်းပါပဲ။
လူတွေစိတ်ဆိုးကြတဲ့အခါ ဒေါသူပုန်ထကြတဲ့အခါမှာ လူတစ်ယောက်ကို ပုံမှန် (normal) မဟုတ်ဘူးလို့ ဆဲဆိုကြိမ်းမောင်းကြတယ်။ “ငကြောင်” “ငတုံး” “ကနော်အီ” “ဂေါက်ကြောင်” “သောက်ပို” စသဖြင့်ပေါ့။
တစ်ခုရှိတာက ဘာကမှ ပုံမှန်လဲ ဘယ်လိုဖြစ်ရင် ဘယ်လောက်ထိဆိုရင် ပုံမမှန်တော့ဘူးလဲ ဆိုတာက တကယ်တော့ မသိကြပြန်ဘူးရယ်။ လူအများ လုပ်လေ့ရှိတတ်၊ ဖြစ်တတ်ရင် ပုံမှန်ပဲလို့ အလွယ်သတ်မှတ်ခံယူလိုက်တတ်ကြတာပါ။ လူတိုင်းကား ပိုင်ချင်စိတ်ရှိချင်မှ ရှိမှာပေါ့။ လူတိုင်း သီချင်းကြိုက်ချင်မှကြိုက်မှာပေါ့။ ဂျပန်က ကျောင်းလေးတစ်ကျောင်းမှာ ကလေးတွေက သူတို့အိမ်မှာရျိတဲ့ စက်ရုပ်ခွေးလေးအကြောင်းပြောနေတာ မထူးဆန်းပေမယ့် ခင်များက လာပြောနေရင်တော့ ဒီမှာဆို အဆန်းကြီးပဲပေါ့။
သူများနဲ့မတူဘဲ အဆန်းကြီးဖြစ်နေတာကိုက normal ပါ။ ဒီလိုဆိုရင် အူကြောင်ကြောင်နိုင်မယ်လို့ ခင်ဗျားတော့တွေးမိမှာ။ ထူးပါပြီတဲ့ ဆန်းပါပြီဆိုတာကို ဘယ့်နှယ် normal ဖြစ်ရတာတုန်းပေါ့လေ။ လူတွေပြောမှာပေါ့လေ normal ဆိုတာ အခြားလူတွေနဲ့ဆင်တာ၊ တူတာမျိုးပေါ့လို့။ ဒါဖြင့် ဘာတွေတူနေတာလည်း။ ခင်ဗျားထင်တာထက် ဖြေရတာပိုခက်မှာ အမှန်ပဲ။ အစောပိုင်း အခန်းတွေမှာ ပြောခဲ့ဖူးသလိုပဲ လူတွေဟာ တကယ်တော့ ကျနော်တို့ ထင်ထားတာထက် အများကြီး ပိုထူးဆန်းတယ်၊ စိတ်ဝင်စားစရာကောင်းနေတတ်တယ်။ ကျုပ်တို့ဟာ လူတစ်ယောက်ကို အကုန်မသိနိုင်ဘူး၊ မမြင်နိုင်ဘူးရယ်။ သူတို့မှာ ညနက်သန်းခေါင်ကြီးမှ ထတွေးမိတဲ့ စိတ်ကူးမျိုးတွေကို ဘယ်သူ့ကိုမှ မပြာပြတတ်ကြတာမျိုး။ လူရှေ့သူရှေ့မှာ ဘယ်တော့မှ လုပ်လေ့မရှိတဲ့ အူကြောင်ကြားပေါက်ကရ အမူအရာမျိုးတွေကို လူလစ်ရင် (တစ်ယောက်တည်းရှိနေချိန်မှာ) လုပ်တတ်ကြတာမျိုးပေါ့။ အချို့အိမ်မှာ (မိဘရှေ့မှာ) တွေ့ရမယ့် ပုံစံနဲ့ လုံးဝမတူတဲ့ စရိုက်မျိုးကို ကျောင်းကျမှ တွေ့ရတာမျိုး ရှိသေးသဗျ။
ဒါကြောင့် ကျောင်းမှာတွေ့ရတယ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကို သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းလောက်သာ ကျနော်တို့ မြင်ရတာ၊ ဖတ်ရတာလို့ သတိပြုသင့်တယ်။ ခုဆို သိပြီဟုတ်။ ကိုယ်က သူတို့နဲ့ ဘာတွေများတူတယ် ပြောနိုင်မလည်း။ ကျောင်းမှာ မြင်တွေ့နေရတဲ့ ကလေးတွေဟာ သူတို့ရဲ့ တကယ့်အသွင်နဲ့ အတော့်ကိုမတူအောင် ထူးခြားတာပါပဲ။
ဆိုတော့ တခါတလေ ကိုယ့်ကိုယ်ကိုမှ အဆန်းကြီးလို့၊ မမိုက်ဘူးလို့၊ ငကြောင်လို့ ခံစားရရင် စိတ်ပူမနေနဲ့။ မင်းထင်ထားတာထက်တောင် မင်းဟာ အခြားသူတွေနဲ့ တော်တော်ကို တူနေသေးတာ။ သူတို့က သူတို့ရဲ့ အူကြောင်ကြောင်နိုင်တဲ့အရာတွေကို မပြဘဲ ဖုံးထားတာနေမှာ။
သူများတွေ ငါ့ကို ဘယ်လိုပဲ ထင်ထင် ဂရုမစိုက်ပါဘူးကွာ လို့သာနေကြည့်လိုက်။ Normal ဖြစ်တယ်ဆိုတာ ဘာများလဲလို့ ပြန်မေးလိုက်။ ဒါ သိပ်ကောင်းတဲ့ မေးခွန်းပဲ။ ဖီလော်ဆော်ဖာ တွေကတော့ပြောတယ် “တခြားလူတွေဘာများတွေးမလဲ၊ ဘယ်လိုမြင်မလဲ ဆိုတဲ့ ဂရုစိုက်မှုတွေကိုရပ်ပစ်လိုက်နိုင်တဲ့ အချိန်မှာပဲ သိပ်ကောင်းတဲ့အတွေးတွေ ပေါ်လာတော့တယ်” တဲ့ ဗျ။
ပြင်သစ် ဒဿနပညာရှင် Albert Camus ကတော့ စာအုပ်တွေဖတ်လို့ဆိုတာထက် ဘောလုံးကန်ရင်း အတွေးကောင်းလေးတွေ ရခဲ့တာပါတဲ့။ သူ့ရဲ့တိုက်တွန်းမှုကတော့ လူတွေကိုယ့်ကို ဘယ်လိုဝေဖန်သုံးသပ် (judge) လုပ်ကြမလည်းလို့တွေးပူနေတာတွေ ကန်ထုတ်ပစ်လိုက်ပါ၊ စိတ်လက်ပေါ့ပါးသွားမယ်။ အထီးကျန်ဆန်တာတွေ သိပ်မဖြစ်တော့ဘူး။ အသစ်အဆန်းတွေကို ရှာဖွေဖို့ မိမိကိုယ်ကို ယုံကြည်မှုအားတွေ တက်လာလိမ့်မယ်တဲ့ဗျ။
Big Idea#9 ကတော့ No One Knows တဲ့။ လူတွေဟာ ဆရာကြီးလိုလို အကုန်သိသယောင်ယောင်နဲ့ တကယ်တော့ . . . ကြိုးစားရေးပါ့မယ်လို့။ ကဲ အဝေအဖန်တွေ အတိုင်းအထွာတွေ အောက်မှာ ကိုယ့်ဘဝ ကိုယ်မပိုင်တဲ့အထိတော့ အရှုံးမပေးကြစေချင်။ ကိုယ့်ဘဝနဲ့ ကိုယ်နေတတ်ရင် ကျေနပ်စရာပါပဲလို့။
With love,
Bo
Big Idea 10
ယဉ်ကျေးဖို့ လိုလို့လား
ယဉ်ကျေးရမယ်ဆိုတာကြီးက အတော့်ကိုပျင်းစရာကြီး။ စိတ်မရှည်ချင်စရာကြီး။ တခါတလေ အမေက ကိုယ့်ကို ဒီနေ့ကျောင်းမှာဘယ်လိုနေလည်းသားရေ လို့လှမ်းမေးတာကို ဘာမှ ပြန်မဖြေချင်လောက်အောင် ဖြစ်နေတာမျိုး ကြုံဖူးလား။ ဘာမှ စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းမှ မဟုတ်ဘဲဟာ။ ‘အပိုတွေ’ တွေလို့ မင်းထင်မှာပဲလေ။ တခါတခါ မုန့်စားနေတုန်း လာမေးနေရင် မော့ကြည့်ပြီး ပြန်ဖြေချင်စိတ်တောင်မရှိတတ်ဘူးမှတ်လား။
အဖွားက ကိုယ့်အတွက် စာအုပ်လေးတစ်အုပ်ကို မွေးနေ့လက်ဆောင်ပို့ပေးတယ်။ ဒါပေမယ့် ကျေးဇူးတင်ကြောင်းပြောဖို့ ဖုန်းခေါ်တာ၊ စာပြန်ရေးတာတွေ သိပ်မလုပ်ချင်လှဘူး။ စာအုပ်လေးကတော့ ကောင်းချင်ကောင်းနေမယ်။ ဒါပေမယ့် ကျတေ်ာတို့ ကျေးဇူးတင်တယ်နော်၊ သိပ်ကောင်းတာပဲ လို့ ပြန်ပြောနေရမှာတွေ မလုပ်ချင်ဘူး။ အလုပ်ရှုပ်နေတာလည်းဖြစ်နိုင်သလို အဲလိုပြောရမှာ ရှက်သလိုလိုလည်းဖြစ်နေနိုင်တာ။
တစ်ခါ အဖေက အရမ်းစားကောင်းတဲ့နေ့လည်စာချက်ကျွေးတယ်ပေါ့။ မင်းကလည်းကြိုက်တယ်။ ဒါပေမယ့် အဖေ့ကို သိပ်ကောင်းတာပဲလို့ ပြောအုံးမလား။ သူကမင်းရဲ့ အဖေလေ။ သူချက်တာပဲဟာ၊ ဒါ စားလို့ကောင်းမှန်း သူသိတာပေါ့။ ထူးပြောနေရမှာလားပေါ့။
ဒီလို ဒီလို တွေ ဆယ်ကျော်သက်တွေမှာ ဖြစ်တတ်ပါသတဲ့။
မင်းကတော့ ထင်လိမ့်မယ်။ သူတို့ကလူကြီးတွေလေ။ ကိုယ်ကလည်း သူတို့ကို ချစ်တာပါပဲ။ ဒါပေမယ့် ဒါတွေ ပြောနေဖို့လိုလို့လား။ [မာမီရာ သိပ်ကောင်းတာပဲ၊ ကျေးဇူးနော် ဆိုတဲ့စကားမျိုးတွေကို ကျနော်လည်း မပြောတတ်ခဲ့ဘူး။ သူစိမ်းတောင်ဆန်သလိုပဲ။ ဒါက ကျနော့်အမြင်။]
မင်းစိတ်ထဲမှာ သူတို့ကလူကြီးတွေ။ စွမ်ဆောင်ရည်ရှိတယ်။ ကိုယ်က ကလေး။ ကိုယ်ပြောလိုက်လို့ မပြောလိုက်လို့လည်း ဘာမှထူးခြားသွားမှာ မဟုတ်ဘူးလို့ထင်လိမ့်မယ်။ သိပ်ကို ရယ်ချင်စရာကောင်းတာရှိတယ်ကွ။ လူကြီးတွေဟာ ထင်သလောက်တော့ သိပ်အားမကြီးမလှဘူး။ သူတို့မှာပျော့ကွက်တွေရှိတာပေါ့။ သူတို့ဟာ ထိလွယ်၊ ရှလွယ်ပါပဲ။ သူ့မှာ ချစ်ခြင်းနဲ့ ပတ်သက်လို့လည်း စိတ်ပူတယ်။ အလုပ်နဲ့ပတ်သက်ရင်လည်း စိတ်ပူစရာတွေရှိတယ်။ မင်းနဲ့ ပတ်သက်ပြီးတော့လည်း စိတ်ပူနေရတာပဲ။
ကျောင်းမှာ ဒီနေ့အဆင်ပြေခဲ့လားလို့ မေးတာကို မင်းမဖြေရင် မင်းသူတို့ကို စိတ်ဆိုးနေပြီလို့ သူတို့ကတွေးတော့မှာ။ မင်းကိုကျွေးတဲ့ အစားအစာတစ်ခုခုကို မင်းက “အိုး သိပ်ကောင်းတယ်၊ ကျေးဇူးမေမေ” လို့ ပြန်မပြောရင် မင်းစိတ်ချမ်းသာအောင် သူတို့မလုပ်ပေးနိုင်ပါလားလို့ တွေးပြီး စိတ်မကောင်းဖြစ်ကြသေးတာဟ။ အဖွားက သူပေးလိုက်တဲ့လက်ဆောင်လေး အကြောင်း မင်းဆီက ဘာမှပြန်မကြားရရင် မင်းအဲဒီပစ္စည်းလေးကို မကြိုက်ဘူးလား ဆိုပြီးစိတ်ပူကြမယ်။ ပိုအရေးကြီးတာကတော့ မင်းသူတို့ကို မချစ်တော့ဘူးလား ဆိုတာပါပဲ။
မင်းက လူကြီးတွေကို အမှန်အတိုင်းအရှိအတိုင်းမှ နားမလည်သေးပဲ။ မင်းဆီက စကားလေး တစ်ခွန်းနှစ်ခွန်းက သို့မဟုတ် မင်းဘာမှမပြောဘဲနေလိုက်ခြင်းက သူတို့ကို အတော်လေး ထိခတ်သွားစေနိုင်တာကို မင်းက သဘောမှမပေါက်တာ။ မင်းက သူတို့ကို ဝမ်းနည်းအောင်၊ စိတ်ပူအောင်၊ ကယက်ထအောင် လုပ်နိုင်တယ်။ မင်းမှာ ဒီလိုစွမ်းအင်ရှိတယ် လို့တွေးတော့လည်း အထူးအဆန်းကြီးပေါ့နော်။ လူကြီးတွေဟာ မင်းထင်ထားတာထက် မင်းကို အများကြီး ပိုချစ်တာကွ။
အခြားလူတွေကို ကိုယ်က ယဉ်ကျေးပြရတာဟာ သူတို့က ကိုယ့်ထက် ပါဝါမြင့်နေတာကိုးလို့ အရင်က မင်းတွေးခဲ့မိမှာပေါ့။ မင်းက မယဉ်ကျေးပြရင် သူတို့က မင်းကို ဒေါသထွက်မယ်ပေါ့။ တကယ်တော့ အဲဒါနဲ့က အဝေးကြီးရယ်။ ယဉ်ကျေးပြဖို့က အရေးကြီးတယ်။ ဘာလို့လည်း ဆိုတော့ လူကြီးတွေဟာ ကွဲလွယ်ရှလွယ်တဲ့ ဖန်ခွက်လေးကို ဂရုတစိုက် ကိုင်တွယ်ရသလိုပဲ။
အမြဲလိုဖြစ်တတ်တာက ကျတော်တို့က မရည်ရွယ်ပါဘဲ လူတစ်ချို့ကို စိတ်ထိခိုက်အောင် လုပ်လိုက်မိသလိုမျိုးတွေ ဖြစ်တတ်ကြတယ်။ လူတွေ (လူကြီးတွေ) ဟာ ထိခိုက်လွယ်တယ် ဆိုတာ ကျနော်တို့ မေ့သွားတာလည်း ဖြစ်နိုင်တယ်ဗျ။ မင်း နုတ်မဆက်လိုက်မိလို့ လူတစ်ယောက်ဟာ ဝမ်းနည်းပူပန်သွားတယ် ဆိုတာကို မင်းအမြဲမှတ်မိမှာတော့မဟုတ်ဘူး။ အသေးအမွှားလေးတွေပါကွာ (သောက်ပိုတွေပါကွာ) လို့ မင်းကတွေးလိမ့်မယ်။ ခေါင်းလေး ပြန်မော့ကြည့်ပြီး Hi လို့ နုတ်ဆက်တာ၊ ကျောင်းမှာ ဒီနေ့အားလုံးအဆင်ကိုပြေလို့လို့ ပြန်ဖြေတာမျိုး၊ ပို့ပေးတဲ့ စာအုပ်လေးကသိပ်ကောင်းတာပဲ အဖွားရယ် ဆိုတာမျိုး၊ ဒီနေ့လည်စာ အရမ်းစားလို့ကောင်း၊ ဒို့ဖေဖေကြီးက သိပ်အားကိုးရတာ ချစ်ဖို့ကောင်း ဆိုတာမျိုးလေးတွေ ဟာ အသေးအမွှားလေးတွေပါ။ ဒါပေမယ့် တစ်စုံတစ်ယောက်ကို (ကိုယ့်ထက် အသက်များစွားကြီးတဲ့၊ ပါဝါကြီးတဲ့သူကိုတောင်မှ) မျက်နှာပေါ်မှာ အပြုံးပန်းလေး ပွင့်သွားစေနိုင်တယ်၊ သက်သောင့်သက်သာရှိသွားစေတယ်။ ပျော်ရွှင်တက်ကြွသွားစေမယ်။
ယဉ်ကျေးလိုက်တာဟာ အတော်ကိုအရာရောက်ပါတယ်ကွာ။
Big Idea#10 Politeness Matters ဖြစ်ပါတယ်။ ကွန်ဖြူးရှပ်ကြီးဆီက သင်ယူရပါတယ်။ အစိုးရ အရာရှိတွေ အထူးသဖြင့် စစ်တပ်ဖက်က ဗိုလ်မှုးတွေဟာ မောက်မာတတ်ကြလို့ တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ခေါင်းငုံ့ကိုယ်ညွှတ်ပြီး (အနောက်တိုင်းမှာ လက်ဆွဲ နုတ်ဆက်တာပေါ့လေ) အပြန်အလှန်လေးစားတတ်ဖို့ Confucius သွန်သင်ခဲ့ပါတယ်။
Confucius ကပြောတယ် ယဉ်ကျေးတဲ့အမူအယာဟာ သိပ်အရေးပါတယ်တဲ့။ မှားယွင်းတဲ့ စကားတစ်ခွန်း (ရိုင်းပြတဲ့ စကားတစ်ခွန်း) ဟာ ဓါးနဲ့ခုတ်ခံရတဲ့ဒါဏ်ရာလို နာကျင်စေသတဲ့။
ယဉ်ကျေးသော သားငယ်သမီးငယ်များအတွက် မိဘများက ဒီလို message တွေပေးပါဗျာ။
Bo
“အလုပ်ကို နေ့ရွှေ့၊ညရွှေ့လုပ်နေတာ ပျင်းလို့မဟုတ်ပါ”
Big Idea #11 ရောက်ပါပြီ။
ကျတော်တို့ တခါတလေ နောက်တစ်ပါတ်ပြရမယ့်အိပ်စာ လုပ်စာရာရှိတာကို သောကြာနေ့ ရောက်တော့ စနေလုပ်မယ်လို့ ဆုံးဖြတ်လိုက်၊ စနေရောက်တော့လည်း တနင်္ဂနွေမှာ လုပ်မယ်လို့ ဆုံးဖြတ်လိုက်နဲ့ နောက်ဆုံး တနင်္ဂနွေညရောက်တော့ အချိန်ကမလောက်တော့ ပျာယာတွေခတ်ရပြီ။ ဒါဟာ ပျင်းလို့ပေါ့ ဆိုပြီး စွပ်စွဲရအောင်လည်း အဲသလောက်မရိုးရှင်းပြန်ဘူး။ [ကျုပ်ရုံးကဟာတွေ မဖတ်မိရင်ကောင်းမယ် ဒီအပုဒ်တော့]
ဒါဟာ အတော့်ကိုရှုပ်တယ်ဗျ။ ဘာလို့ အဲလို နေ့ရွှေ့ညရွှေ့လုပ်နေတာလဲဆိုတာကို မေးခွန်း ထုတ်သင့်တာလေ။ ပြီးတော့ ဒါမျိုးက ခင်ဗျားတစ်ယောက်တည်းမှာမှ ဖြစ်နေတာ မဟုတ်ဘူးဗျ။ ကိုယ့်ကိုယ်ကိုပြန်ပြီးဒေါပွမနေနဲကြအုံးတဲ့။ အကြောင်းရှိတယ်တဲ့။
ဒီလိုရွှေ့ဆိုင်းနေတတ်တာဟာ စိုးရိမ်လို့ပါ။ အိမ်စာလုပ်ရမှာကိုကြောက်နေတာ မဟုတ်ဘူးနော်။ ကိုယ့်လုပ်လိုက်တဲ့အလုပ်လေးရဲ့ ရလဒ်ဟာ အရမ်းကို သပ်ရပ်လှပပြီး အလန်းဇယား ဖြစ်နေတာကို ကိုယ်က လိုချင်တာ။ ပြီးယုံသက်သက်ပဲတော့မဟုတ်ဘူး။ ကိုယ့်လက်ရာလေးကဘယ်လို ဆိုတာမျိုး သူများတွေ ဟယ်ခနဲ ဟာခနဲ ဖြစ်အောင် လုပ်ပြချင်တာ။ အဲလိုမျိုး quality မကောင်းမှာ အရမ်းစိုးရိမ်တော့ ချက်ချင်းမြန်ုမြန်အကောင်အထည်ဖော်ဖို့ စိတ်မဝင်စားဘူး။ အလောတကြီးလုပ်ဖို့ မသန်ဘူး။ ဒါနဲ့ပဲ စဉ်းစားလိုက်အုံးမယ်၊ တွေးလိုက်အုံးမယ်နဲ့ ရွှေ့ဆိုင်းနေတာပါ။ ပျင်းတာတော့မဟုတ်ဘူးရယ်။ ဒီလိုလူမျိုးတွေက အလွန်မှန်ကန်တိကျသေသပ်လှပအောင်မှ လုပ်ချင်သူကြီများ perfectionists တွေလို့တောင် ပြောလို့ရတယ်။
အချို့က မှန်ကန်ဖို့ ကောင်းမွန်ဖို့သာ အဓိက။ အချိန်မှီမပြီးတာ ကိစ္စမရှိဘူးလို့ ထင်တာ။ ပြီးမှ မှားသွားတယ် လို့ဆိုတာထက် မှန်နေအောင်လုပ်လိုက်ရလို့ အချိန်နောက်ကျသွားတာ ပိုတန်တယ်လို့ပဲမြင်တယ်။ ဒါပေမယ့် ကိုယ်သာအဲလိုလူမျိုးဖြစ်နေရင် သတိလည်း ကပ်ဖို့လိုမယ်။ အရာတိုင်းဟာ ကိုယ်ထင်ထားသလောက်တော့ မရိုးရှင်းဘူးလေ။ ရှုပ်တယ်။ အကောင်းဆုံး အမှန်ဆုံးဆိုတာကိုတော့ လူတိုင်းက လိုချင်တာပေါ့။ ရအောင်လည်းလုပ်မှာပဲ။ ဒါပေမယ့် ပထမဆုံးအကြိမ်မှာ ကိုယ်လိုချင်သလောက်မရဘဲ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာ ဖြစ်တတ်တာပဲလေ။ အခြားလူတွေက မင်းထက် အလိုလိုပိုတော်နေကြတာတော့ဘယ်ဟုတ်မလဲ။ သူတို့လည်း မှားခဲ့ပေါင်းမနည်းတော့ဘူး။ သူတို့မှာ ဘာပြဿနာမှမရှိတာလည်း မဟုတ်ဘူး။ သူတို့လည်း အလေ့အကျင့်တွေများလွန်းလို့ ဒီလိုရတာပါ။ သူတို့လည်း ကြိုးစားလုပ်နေကြတာပါ ဆိုတာကို သိရမယ်လေ။
နောက်ဆုံးအနေနဲ့ လုံးဝမလုပ်ဖြစ်လိုက်မှာကို စိုးရိမ်တဲ့စိတ်က အရမ်းမကောင်းသွားမှာနဲ့ ကိုယ်မျှော်မှန်သလိုကြီးမဖြစ်လာမှာစိုးရိမ်တဲ့စိတ်တွေကို ဖယ်ရှင်းကြည်လင်နိုင်ပါစေဗျား။
အတွေးအခေါ်ပညာရှင်ဆရာမကြီး Hypatia ဆီကသင်ယူရပါတယ်။ နေ့ရွှေ့ညရွှေ့သမား တိုင်း ပျင်းလို့မဟုတ်ဘူး ဆိုတာရယ်၊ သူတို့မှာ လွယ်လွယ်ကူကူလေးစ လိုက်နိုင်တဲ့နည်းတွေ မသိသေးလို့ ခက်နေတာ ဆိုတာကို ဆရာ ဆရာမတွေသိရင် သိပ်ကောင်းမှာပါ။
With Love,
Bo
(7.4.2019)
Big Idea #13 ဖြတ်ဝင်လိုက်ပါတယ်။
ကောင်းတာတွေက လုပ်ဖို့ကျတော့ ခက်သားလားတဲ့။ အချို့သောအရာတွေဟာ လုပ်ဖို့တော်တော်ခက်တာဗျ။ နှစ်ရှည်လများကြာအောင် ရင်းထား ပြီး ခဏခဏမှားလိုက်၊ ချော်လိုက်၊ ဒုက္ခရောက်လိုက်နဲ့ သင်ယူလေ့ကျင့်ယူခဲ့ရတာ။
လူရွှင်တော်တစ်ယောက် စတိတ်စင်ပေါ်မျာ ပျက်လုံးတွေကို ပေါ့ပေါ့ပါးပါး အရွှန်းဖောက်နေနိုင် တယ်ဆိုတာ ပါရမီရှိလို့အလိုလိုနေရင်း တတ်နေတော်နေတာမှမဟုတ်ပဲ။ အခက်အခဲအမျိုးမျိုး ကြားထဲကနေ သင်ယူလေ့ကျင့်အားထုတ်ခဲ့ရတာပါ။ ထင်သလောက်တော့မလွယ်ပါဘူး။ ဂီတ တူရိယာပစ္စည်းတစ်မျိုးလောက်ကို ကျွမ်းကွှမ်းကျင်ကျင်တီးတတ်ချင်လိုက်တာဆိုတဲ့ စိတ်မျိုးဖြစ်ဖူးလား။ သုံးမိနစ်လောက်ကောက်တီးကြည့်ယုံနဲ့ရောတတ်မလား။ ဘယ်ရလိမ့်မလဲ။ သုံးနှစ်လောက်ကြာအောင်လေ့ကျင့်သင်ယူပါမှ တကယ့်အခြေခံကျကျရိုးစင်းလှပတဲ့ ဂီတသံ ကိုဖန်တီးနိုင်မှာ။
ကောင်းတဲ့အရာတွေဟာလည်း ဒီလိုပဲ ခက်တာပဲ။ ဘယ်လောက်ခက်ခဲတယ်ဆိုတာကိုလူတွေ ကပြောလေ့မရှိတာပါ၊ လုပ်ပါ၊ ကြိုးစားပါ၊ မခက်ပါဘူး၊ လွယ်ပါတယ်ဆိုပြီး အားပေးလေ့ ရှိတာလေ။ မင်းကို အားပေးချင်လွန်းတော့ သူတို့က အခက်အခဲတွေကို လစ်လျူရှုတတ်ကြတယ်။ ဟန်ဆောင်ကြတယ်။ တကယ်တော့ သူတို့လည်း ကြုံဖူးပြီးသား၊ မင်းလည်း ကြုံရမှာပဲနော်။
လူတွေဟာ “ဒါကမခက်ပါဘူး” လို့ မင်းကို ဟန်ဆောင်ပြီးပြောရတာကိုကြိုက်လာကြတယ်။ အဲဒါ မင်းကို အားပေးရာ ကူညီရာရောက်တယ်လို့ ထင်နေတော့တာ။ မင်းလက်လျှော့သွားမှာ သူတို့သိပ်ကြောက်တယ်။ မင်းအပေါ်မှာ အားပေးချင်စိတ်တွေ၊ မင်းလုပ်နိုင်ပါတယ် ဆိုတာ မျိုးအားပေးချင်စိတ်တွေနဲ့ မင်းအပေါ်မှာ ကောင်းပြချင်နေတာလေ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဒါတွေက မင်းကိုဒုက္ခပေးသလို ဖြစ်လာမယ်။ အရမ်းခက်ခဲနိုင်တာတွေအတွက်ကြိုတင် တွက်ဆပြီး ပြင်ဆင်ရမယ့်အစား မင်းကလွယ်မှာပါကွာ လို့ပေါ့ပေါ့တွေး မိတော့တာလေ။
သူငယ်ချင်းကောင်းနဲ့ မိတ်ဖွဲ့ရဖို့လည်း ခက်တာပဲ။ မင်းကြိုက်တဲ့ ဇတ်လမ်းလေးတစ်ပုဒ် ရေးဖို့ဆိုတာလည်း ခက်မှာပဲ။ တခါတလေ မင်းမိဘတွေကို နားလည်ဖို့တောင် မင်းအတွက် ခက်နေမှာ။ အသက်ကြီးလာရင် ကိုယ်ဘာလုပ်မလဲ ဆိုတာအတွက် ခုကတည်းက စလှုပ်ရှားဖို့ ဆိုတာလည်း ခက်တာပါပဲ။ ဒါပေမယ့် လူတွေက ခက်တယ်ဆိုတဲ့အတွေးမျိုး မတွေးချင်ကြဘူးလေ။ လွယ်ပါတယ်လို့ပဲ ကိုယ့်ကိုတွေးစေချင်တာ။ စာဖတ်တတ်ဖို့၊ တယောထိုးတတ်ဖို့ ဘယ်လောက်ရှုပ်သလဲ၊ ခက်သလဲနော်။ အချိန်တွေယူ၊ အကူညီတွေယူ ပြီး ကြိုးစားခဲ့ရတာပါ။
ဘယ်လွယ်ပါ့မလဲ၊ ခက်မှာပေါ့ လို့ လက်ခံတွေးတောတတ်ရင်တော့ တခုခုမှားယွင်းသွားရင်၊ ကျရှုံးသွားရင် ကိုယ့်အတွက် စိတ်ဖိစီးမှု နည်းတာပေါ့။
တကယ့်ပြဿနာက ကောင်းတဲ့အရာတွေလုပ်နိုင်ဖို့က ခက်လွန်းတာမဟုတ်ဘဲ ကျတော်တို့ ကိုယ်တိုင်က လွယ်စေချင်နေခဲ့တာကိုးဗျ။
ဆွစ်ဇာလန်က အတွေးအခေါ်ပညာရှင် Friedrich Nietzsche ဆီကသင်ယူရပါတယ်။ လူတွေဟာ ခက်မယ်ထင်တဲ့ဟာဆို မလုပ်ချင်ကြဘူး၊ အရေးကြီးနေပါစေ။ ဥပမာ လူတစ်ယောက်က သင်္ချာမှာတော်ချင်တယ်။ ဒါပေမယ့် အရမ်းခက်တာပဲလို့ မြင်နေတယ်။ ဆိုတော့ သူ့ဖာသူ ရေရွတ်ပြောဆိုမယ့် စကားက “သင်္ချာဆိုတာ အူကြောင်ကြားဘာသာရပ်ပါကွာ။ ငကြောင်တွေပဲ အဲဘာသာရပ်ကို ထူးချွန်ချင်ကြတာပါ”။ ဒါဟာ သူတို့ရဲ့ လျှို့ဝှက်ရည်မှန်းချက်ကို ဖုံးဖိထားဖို့ သူတို့ကိုယ်သူတို့ လီဆယ်ပြောတဲ့ စကားတဲ့။
Friedrich ပြောတာကတော့ ခက်တာလည်းခက်မှာပဲ လို့သာလက်ခံထားလိုက်၊ ဆက်သာ ကြိုးစားသွား၊ နောက်ဆုံးမှာ ဆုလဒ်ကစောင့်နေမှာ ပါတဲ့။
with love,
Bo (17.5.19 – 10:15pm)
“အားသာခြင်းရဲ့ အားနည်းချက် သီအိုရီ”
Big Idea 14 ကိုလည်း မြည်းကြည့်ပါ။
အမေရိကားကိုသွားမယ်ဆိုပါစို့။ လေယဉ်ပျံကြီးနဲ့ဆို ခဏလေးပဲကြာမယ်။ ကဲ ဘယ်လောက် အသုံးဝင်လိုက်သလဲ။ မြို့ထဲခဏလောက် ဈေးသွားဝယ်မယ်။ လေယဉ်ပျံကြီးက အသုံးမဝင်တော့ဘူးဗျ။ သူ့အားသာချက်ဖြစ်တဲ့ အရွယ်အစားကြီးတာ မြန်လွန်းတာက ဒီနေရာမှာ အားနည်းချက် ဖြစ်နေတယ်။
အချို့လူတွေအလုပ်မှာ သိပ်တော်တယ်။ အရမ်းကြိုးစားတယ်။ အားကိုးရတယ်။ ဒါပေမယ့် အိမ်မှာတော့ သူတို့ဟာ အဲလိုမဟုတ်နေတတ်ဘူး။ အိမ်ကို ဂရုမစိုက်တဲ့သူတွေ ဖြစ်နေတတ်တယ်။ သူ့ကိုယ်သူမစောင့်ရှောက်တဲ့သူဖြစ်နေတယ်။
အချို့ကလေးတွေ စာကြိုးစားတယ်။ လိမ္မာတယ်။ ဆရာမိဘစကားနားထောင်တယ်။ ရိုကျိုးတယ်။ ဒါပေယ့် သူတို့ဟာ သစ်ပင်တွေပေါ်မတက်ရဲဘူး။ စွန့်စားမှုတွေမှာ မပါဘူး။ အရဲစွန့် ပြီးဖြေရှင်းရမယ့် ပြဿနာတွေမှာ မလုပ်တတ်တော့ဘူး။
အချို့အခြေနေတွေမှာ ကိုယ်ကလုပ်တတ်နေပြီး သူများတွေမလုပ်တတ်ရင် သိပ်စိတ်တိုတာပဲ။ ဒါလေးတောင်မရဘူးလားပေါ့။ ကြည့် စပြီ။ ဒါ ကိုယ့်အားသာချက်က အားနည်းချက်ဖြစ်တာ။ ကိုယ့်အတွက်က လွယ်နေသလိုဖြစ်တော့ အခြားလူတွေကိုလည်း လုပ်တတ်ရမှာပေါ့လို့ပဲ လွယ်လွယ်တွေးပြီး သူတို့ကို စိတ်မရှည်တော့တာ၊ အားမလိုအားမရဖြစ်ပြီး သင်မပေးချင်တာ၊ စောင့်မခေါ်ချင်တာ တွေဖြစ်လာတယ်။
ဘယ်သူမှ ခြောက်ပြစ်ကင်း သဲလဲမစင်ကြပါဘူး။ အားသာချက်ရှိရင် အဲဒါနဲ့အတူ အားနည်းချက်ကတော့ ရှိမှာပါပဲ။ ကိုယ့်ဖာသာကိုမေးခွန်းထုတ်ပြီး ချရေးကြည့်လိုက်ပါတဲ့။
အမေရိကန်ဖလောဆော်ဖာကြီး Ralph Waldo Emerson ဆီကသင်ယူရပါတယ်။
Bo
Big Idea#16 ခရီးဆက်ပါမယ်။
ဘိုလိုတော့ Nag လုပ်တယ်ပေါ့။ ဂျီကျတယ်ပြောမလား၊ နားပူနားဆာလုပ်တယ်ပြောမလား၊ ဗျစ်တီးဗျစ်တောက်မြည်တွန်တယ်ပြောမလားပဲ။ လူတွေဟာ သူတို့ ဘဝမှာ ဆရာအလုပ်ကို မလုပ်ဖူးတော့ သူများနားလည်အောင်ရှင်းပြ သင်ပြရတာတွေကို ကိုယ်နဲ့မဆိုင်ဘူးလို့ထင်ချင် ထင်နေမှာ။ တကယ်တော့ ဘဝမှာ သူများကို လုပ်စေချင်တာရှိရင်၊ လုပ်တတ်စေချင်တယ်ဆိုရင် သေချာနားလည်အောင် ရှင်းပြတတ်ရမှာပေါ့။ သင်ပေးတတ်ရမှာလေ။
လူတွေက နားပူနားဆာလုပ်တာမကြိုက်ကြပါဘူး။ လူတစ်ယောက်က မင်းကို ဟိုဟာလုပ်တော့လေ၊ ခုထိမလုပ်သေးဘူးလား၊ ဘာလုပ်နေတာလဲလို့ ခဏခဏပြောနေရင် ဘယ်ကြိုက်မှာလဲ။ ကိုယ်တိုင်ကလည်း မိဘတွေကို Nagging လုပ်ဖူးမှာပဲ။ ရုပ်ရှင်လိုက်ပြဖို့၊ ကစားကွင်း ပို့ပေးဖို့၊ အရုပ်ဝယ်ပေးဖို့ဆိုတာတွေပေါ့။ တစ်နေ့ အခါနှစ်ဆယ်လောက် ကိုယ်ကပြောချင် ပြောနေမယ်၊ ဒါပေမယ့် သူတို့ကခေါင်းမငြိမ့်ဘူးဆိုရင်တော့ ကိုယ်အဆင်မပြေဘူးလေ။ နောက်ဆုံး လုပ်ပေးခဲ့ရင်တောင်မှ လုပ်ပေးချင်လို့မဟုတ်ဘဲ နားညီးလွန်းလို့၊ အကြပ်ကိုင်ခံရလို့ မတတ်သာတဲ့အဆုံးဖြည့်ဆည်းပေးလိုက်တာနေမှာ။
ဒါဖြင့်ရင် ဘူတွေဟာ ဘာလို့ Nagging လုပ်ကြတာလဲ။ တကယ်တော့လူတွေ တစ်ခုခုလုပ်လာအောင် ကိုယ်က စည်းရုံးတာပါပဲ။ ဆွယ်တာပါပဲ။ ဒါတွေဟာ ဘာလို့အရေးကြီးတယ်၊ ဘာလို့ လုပ်သင့်တယ်ဆိုတာကို မင်းနားလည်သလို သူတို့ကိုနားလည်စေချင်တာ၊ မင်းနဲ့ သူတို့ သဘောတူညီမှုရတာကိုလိုချင်တာ၊ မင်းဖြစ်စေချင်တာတွေကို သူတို့လုပ်လာတာမြင်ချင်တာ။
ပြဿနာက လူတော်တော်များများက Nagging အလုပ်ခံရတာကိုမကြိုက်ဘူး။ သိပ်မကောင်းတဲ့ သင်ကြားနည်းလို့လည်းပြောလို့ရတယ်။ ဆိုပါတော့ မင်းမတွက်တတ်ပါဘူးဆိုတဲ့ သင်္ချာပုစ္ဆာကို သေချာလည်းမရှင်းပြဘဲနဲ့ မတွက်ဘူးလား လို့ပဲမေးနေတဲ့ မြည်တွန်နေတဲ့ ဆရာမလိုပေါ့။ ဒါ သင်ကြားပေးနေတာမှမဟုတ်ပဲ။ Nagging လုပ်နေတာပဲ။
တကယ်ကောင်းတဲ့စိတ်ကူးကတော့ ကိုယ်က လူတွေကို တစ်ခုခုလုပ်စေချင်တယ်ဆိုတာမျိုးဟာ ဒါက သိပ်အရေးကြီးတယ်၊ လုပ်သင့်တယ်၊ လုပ်လိုက်ရင် ဘယ်လိုအကျိုးရှိမယ် ဆိုတာမျိုးကို ကိုယ်ပဲနားလည်နေတတ်တာ။ သူတို့နားမလည်ဘူးလေ။ အဲဒီတော့ သူတို့နားလည် လာတဲ့အထိ သင်ပြ၊ရှင်းပြ၊ ပြောပြပေးရမှာပဲ။ မင်းဘယ်လိုခံစားနေရတယ်၊ ဘာကြောင့်ဒါဟာ အရေးကြီးတယ် ဆိုတာမျိုးတွေ ပြောပြတတ်သင့်တယ်။ တကယ်တော်တဲ့ ဆရာတွေဟာ မင်း နားမလည်ရင်ရှင်ပြရမယ်လို့ သူတို့ ခံယူပြီးသား။ မင်းကို ပါးစပ်ပိတ်ထားဖို့မပြောဘူး။ မင်း သိပ်ထူ(ဒူ)တာပဲလို့ မဆဲဘူး။ မင်းတခုခုကိုသေချာမသိသေးရင် မင်းညံ့တာလို့မမြင်ဘူး၊ မင်းကိုရှင်းပြမယ့် ဆရာကောင်းတစ်ယောက်နဲ့မတွေ့သေးတာလို့ပဲ မြင်တာ။
ဒါကြောင့် တစ်ယောက်ယောက် ကိုယ့်ကို Nagging လာလုပ်ပြီဆိုရင် ကိုယ့်ကို သင်ပေးဖို့ကြိုးစားနေတာပါလားလို့ သတိရပါ။ တစ်ယောက်ယောက်ကိုကိုယ်က ရှင်းပြချင်ရင်၊ Nag လုပ်မယ့်အစား သေချာသင်ပေးလိုက်ပါ။
ဂျာမန် ဖီလော်ဆော်ဖာ တစ်ယောက်ဖြစ်တဲ့ Immanuel Kant ဆီက သင်ယူရပါတယ်ဗျ။
with love,
Bo (25th May 2019)10:25pm
Big Idea#17 Mind-Body Problem
စိတ်ပိုင်း – ရုပ်ပိုင်း အရှုပ်တော်ပုံ
မရေးဖြစ်တာကြာပြီဖြစ်သော Big Idea လေးပြန်ဆက်သပါတယ်။
တကယ်တော့ လူတစ်ယောက်ကိုသေချာနားလည်ဖို့သိပ်မလွယ်ဘူးရယ်။ ကိုယ့်ကိုယ်လည်း လူတွေက အပြင်ပန်းကြည့်ပြီး ထင်ကြေးပေးနေတာခပ်များများ။ ကိုယ်ကတယ်တော့ တိတိ ကျကျ သမား၊ အလုပ်ကို အသည်းအသန်ကြိုးစားလုပ်သူ၊ စည်းစနစ်ကျသူ ဖြစ်နေပေမယ့် ကိုယ့်ရဲက ဝတ်စားထားပုံက ဖရိုဖရဲဖြစ်နေရင် လူတွေက ကိုယ့်ကို တမျိုးနားလည်လိုက်ကြ တာ။ လူတွေကဝေဖန်တာ ထင်ကြေးပေးတာများလာတော့ ကိုယ်ကပါလိုက်ပြီး လူတွေအမြင် မှာ သင့်တင့်နေဖို့ ကိုယ့်နေပုံထိုင်ပုံတွေ မကဘဲ မျက်နှာနဲ့ ဆံကေသာတွေကိုပါ လှအောင် ဖန်တီးပြုပြင်ယူချင်လာကြတာလေ။
လူတွေကို ကိုယ့်ကိုအမှန်အတိုင်းမြင်ဖို့ကလည်းမလွယ်ဘူးဗျ။ သူတို့ညံ့တာလည်းမဟုတ်ဘူး။ ဒါပေမယ့်လည်း လူတွေကိုယ့်ကိုဝေဖန်လာမှာမခံချင်ကြဘူး။ ဒါဟာ မတရားဘူးဆိုပေမယ့် ဒီလိုပဲဖြစ်နေ တာပါပဲ။ ရယ်စရာကောင်းတာကတော့ အဲဒါ လူတိုင်းဖြစ်နေတာဗျ။ ကျတော်တို့ ဖြစ်နေတဲ့ပုံစံက ကျတော်တို့ရွေးချယ်ထားတာမှမဟုတ်ဘဲဟာ။ ဒါပေမယ့်လည်း လူတွေကတော့ ကိုယ့်ပုံစံကို ကြည့်ပြီး ထင်ချင်သလိုထင်မှာပဲ။
ကိုယ်က စိတ်ရင်သဘောထားကောင်းပေမယ့်၊ အပေါက်ဆိုးတယ်လို့ထင်မှာပဲ။ အချို့လူတွေ ပုံစံက ရုပ်တည်ကြီးနဲ့ ပေါင်းရသင်းရတာ အတော့်ကို ပျင်းစရာကောင်းမှာလို့ ထင်ရပေမယ့် တကယ်တမ်းမှာ အရမ်းဖော်ရွေပြီး ပျော်စရာခင်စရာသိပ်ကောင်တာမျိုးရှိတတ်တယ်။ အသက် အတော်လေးအိုလောက်ပြီထင်ရပေမယ့် တကယ်တော့ ငယ်ငယ်လေးရှိသေးတာမျိုး။ ဟာသတွေ အရွှတ်အနောက်တွေ သန်တဲ့သူမှာလည်း တကယ်အရေးကြီးပြီးလေးနက်တဲ့ အကြောင်းအရာတွေ ဆွေးနွေးဖို့ရှိတာမျိုး။ ချစ်စရာကောင်းသူလေးဆိုပေမယ့် သူ့မှာတိတ်တခိုး ကြေကွဲနေတာမျိုးနဲ့ အကျင့်ပုတ်တာမျိုးတွေ။ အရမ်းအောင်မြင်နေသူကြီးလို့ မြင်ရပေမယ့် တကယ်တော့ ကျရှုံးသူကြီး ဖြစ်မှန်းမသိဖြစ်နေတာမျိုးတွေ။
ဆိုတော့ လူတွေကို (အပေါ်ယံ) ကြည့်ပြီး ပြောလို့မရဘူး။ မင်းသိတာတခုတော့ရှိတယ်ပဲထား၊ သူတို့အားလုံးလည်းမင်းလိုပါပဲ။ အပြင်မှာမြင်ရသလိုတော့ အတွင်းပိုင်းနဲ့ဘယ်တူပါ့မလဲပေါ့။
ဒါကြောင့် လူတွေဟာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ ဟာ ဒီလူက ဒါမျိုးခံစားချက်ရှိပါလား။ ဒီလူ့မှာဒါမျိုးအတွေးအမြင်ရှိပါလား။ အော် သူ့မှာ ဒီလိုလှတဲ့ အပိုင်းတွေလည်းရှိပါလား။ သူ့မှာ ဒီလိုပျော့ကွက်တွေလည်းရှိပါလား။ ဆိုပြီးတော့ လူတွေကိုစိတ်ဝင်စားဖို့နဲ့ ကိုယ်မြင်သလောက် အပေါ်ယံလောက်နဲ့ အလွယ်အကဲခတ်မရတာကိုတော့ ပြင်သစ်ဖီလော်ဆော်ဖာကြီး Jean Paul Sartre ဆီကသင်ယူရပါတယ်။
Credit: Sayar Bo
Big Idea#18 အထီးကျန်တာဘာလို့လဲ
အထီးကျန်တဲ့ခံစားမှုမျိုး ကြုံဖူးကြမှာပေါ့။ တခါတခါမှာ လူတိုင်းကတော့ ခံစားရတတ်မှာပါပဲ။ မင်းဖာသာမင်း မိသားစုနဲ့ အတူရှိချင်ရှိနေမယ်၊ သူငယ်ချင်းတွေနဲ့အတူ ရှိချင်လည်းရှိနေမယ်။ အထီးကျန်တာကတော့ကျန်တာပဲ။ အဲဒါ မင်းကိုယ်က သူများနဲ့မတူ အထူးအဆန်းကြီးဖြစ်နေ တာလို့လည်းထင်မနေနဲ့အုံး။
Feeling Lonely ဖြစ်တယ် ဆိုတာကြီးကလည်း တကယ်ပဲ ပဟေဠိအဆန်သားရယ်။ ဘယ်သူမှ ကိုယ့်အနားမရှိဘဲ တစ်ယောက်ထဲဖြစ်နေလို့လား ဆိုတော့လည်းမဟုတ်ပြန်ဘူး။ အမှန်တကယ်မှာတော့ ဘယ်သူမှ ကိုယ့်ကိုနားမလည်နိုင်တဲ့ အခါမျိုးတွေမှာ ခံစားရတာများတယ်။ ဒါကြောင့်လည်း အဲလိုချိန်မှာဆို ငါများဘာများမှားယွင်းနေလို့လဲ ဆိုတာကို စဉ်းစားတတ်ကြတယ်။ ကျောင်းမှာဆို လူတကာစိတ်ဝင်စားနေတဲ့ဘာသာရပ်မျိုးမှာ ကိုယ်ကစိတ်မဝင်စားနေရင် သူတို့ကကိုယ့်ကို အရမ်းအံ့သြနေပြီ။ သူတို့အတွက်ပျင်းစရာကြီးဆိုတာမျိုးတွေကိုကျတော့ ကိုယ်က စိတ်တွေဝင်စားနေပြန်တာမျိုးဆိုရင်ပေါ့။ ဒါဆို အထီးကျန်ပြီ။ ဘယ်သူမှ ကိုယ့်ကိုနားမလည်နိုင်တော့တဲ့ အခါမျိုးဖြစ်ပြီဆိုရင် စိတ်ပျက်ရပြီ။ မပျော်တော့ဘူး။
တကယ်တမ်းတော့ မင်းဟာ မထူးဆန်းနေပါဘူး။ မင်းကိုနားလည်ဖို့ဆိုတာလည်း အရမ်း အခက်ကြီးတော့မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင် ကျဉ်းကျဉ်းလေးက လက်တစ်ဆုပ်စာ လူစုလေးကပဲ ဖြစ်နေတာမျိုးပါ။ အတန်းထဲမှာရှိတဲ့အတန်းဖော် ၃၀ လောက်ပေါ့။ ကိုယ်နဲ့ နီးစပ်တဲ့ ရပ်ဝန်းလေးကလူတစ်စုပဲပေါ့။ အဲဒီ လက်တဆုပ်စာ အုပ်စုလေးထဲမှာတော့ မင်းကို နားလည်မယ့်သူ၊ မင်းနဲ့ အပေါက်အလမ်းတဲ့မယ့်သူ (ဓါတ်ကျမယ့်သူပေါ့) တွေအများကြီး ဘယ်ရှိနိုင်မလဲ။
ဒါပေသိ ကမ္ဘာပေါ်မှာ မင်းနဲ့ စိတ်ဝင်စားတာချင်းတူမယ့်သူ၊ မင်းအပေါ်သိပ် ကောင်းမယ့်သူ၊ ခင်တွယ်မယ့်သူ၊ မင်းကိုသူတို့အကြောင်းတွေပြောပြချင်နေတဲ့သူ၊ မင်းနဲ့လာ ပေါင်းချင်တဲ့သူတွေ ရှိမှရှိ။ ဆိုပါစို့ လူတစ်ရာထဲမှာ တစ်ယောက်လောက်ကမင်းကိုနားလည်နိုင်တဲ့သူ ဖြစ်မယ်ဆိုရင် သိပ်ဟန်ကျလှတယ်တော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် လူဦးရေတစ်သန်းလောက်နေထိုင် တဲ့မြို့မှာဆိုရင်တော့ တစ်သောင်း လောက်ဖြစ်နေပြီလေ ကိုယ့်လူရဲ့။ သန်းခြောက်ဆယ်ရှိတဲ့ နိုင်ငံမှာဆို ခြောက်သောင်းလောက်တောင်ရှိနေနိုင်တာပေါ့။
ဆိုတော့ကား “ဘယ်သူမှ ငါ့ကိုနားမလည်ကြပါဘူးကွာ” လို့ပြောမယ့်အစား “အခုလက်ရှိ ငါ့အနားမှာ ရှိနေသူတွေကတော့ ငါ့ကို နားမလည်ကြပါဘူး” လို့ပြောပါတဲ့။ ဒီ ခံစားချက် နှစ်ခုက ကွာတယ်နော်။ အရေးကြီးတယ်နော်။
စိတ်တော့သိပ်ပူမနေပါနဲ့။ မင်းနဲ့ အကြိုက်ချင်းတူမယ့်သူကို (မိတ်ဆွေသစ်ကို) တွေ့ရဖို့ တစ်သက်လုံးထိုင်စောင့်နေရမှာမဟုတ်ဘူး။ နောက်အရေးကြီးတာရှိသေးတယ်။ အခြားလူတွေက ကိုယ့်ကို နားမလည်လောက်ဘူးလို့ထင်ရပေမယ့် တကယ်တမ်းတော့ သူတို့က နားလည်ပေးနိုင်တာလည်းရှိမယ်။ အတန်းထဲမှာ အခြားကျောင်းသားတွေက ကိုယ်စိတ်ဝင်စားတဲ့ အကောင်ပလောင်အကြောင်းတွေကို မပြောကြဘူးဆိုတာက သူတို့ကလည်း အခြားလူတွေ စိတ်မဝင်စားလောက်ဘူးထင်ပြီး ငြိမ်နေတာလည်း ဖြစ်နိုင်တာပဲ။ ဒါမှမဟုတ် ဒီဘာသာရပ်နဲ့ ပတ်သက်ပြီး ဘယ်လောက်စိတ်ဝင်စားစရာကောင်းတယ်ဆိုတာမျိုးဖြစ်အောင် ထိတွေ့လေ့လာခွင့် မရကြသေးတာမို့ ကိုယ့်လောက်မရူးသွပ်သေးတာလည်း ဖြစ်နိုင်တာလေ။
တခါတခါမှာ မင်းသာလျှင် အထီးကျန်ခံစားရေရသူ တစ်ဦးတည်း လို့ထင်နိုင်တယ်။ ဒါဟာ တကယ်တော့မဟုတ်ဘူး။ လူတိုင်းဖြစ်တတ်တယ်။ လူကြီးတွေလည်းဖြစ်တယ်။ ထုတ်မပြော တာပဲရှိတာ။ သူတို့က ဝန်ခံရမှာရှက်တာလေ။ ဒါက ရှက်စရာမှမဟုတ်ပဲဟာ။
အထီးမကျန်ဖို့ လူတိုင်းကတော့ သူတို့ကိုနားလည်နိုင်မယ့်သူကိုရှာနေမှာပဲ။ သတိရဖို့လိုတာက ကိုယ့်အသိုင်းဝိုင်းရဲ့အပြင်ဖက်မှာလည်း ကိုယ်နဲ့နီးစပ်မယ့်သူတွေအများကြီးရှိနိုင်တယ် ဆိုတာရယ် အခုတော့ကိုယ်နှစ်သက်တဲ့လူမျိုးတွေမဆုံမကြုံရသေးပေမယ့် ရှိတော့ရှိနေမှာပဲ။ တွေ့တော့တွေ့မှာပါပဲ။ အကယ်၍ ကျတော်တို့ကိုယ်တိုင်က (မိမိကိုယ်ကို အနည်းဆုံးတော့) ငါအထီးကျန်နေပါတယ်လို့ ဝန်ခံရဲတဲ့သတ္တိရှိရင်ပေါ့။
ပြင်သစ်ဖီလော်ဆော်ဖာကြီး Michel De Montaigne ဆီကသင်ယူရပါတယ်။ ကိုယ့်မိသားစုနဲ့ ကိုယ့်ရွာတစ်ရွာလုံးကတောင် ကိုယ့်ကိုနားမလည်တာဖြစ်နို်င်တာပဲတဲ့။ ဒါပေမယ့် ကိုယ့်ကို နားလည်မယ့်သူတွေဟာ နိုင်ငံအဝှမ်းမှာ အများကြီးရှိနေနိုင်တာပေါ့။ မတွေ့သေးတာ ဖြစ်မှာပေါ့လို့ မီရှယ်ဒယ်မောင်တိန်ကတွေးသတဲ့။
ကဲ ကိုယ့်ကိုနားလည်ပေးနိုင်သူမရှိသေးဘူးလို့ခံစားရရင် ကိုယ့်ရဲ့အထီးကျန်မှုခံစားချက်ကို ဝန်ခံလိုက်ပြီး ဖွင့်ထုတ်လိုက်ပေါ့လို့ အားပေးချင်ပါတယ်ဗျ။ ကျနော်လည်း ကျနော်ကသာ လူတွေကို နားလည်ဖို့ကြိုးစားနေတာ လူတွေက ငါ့ကိုတော့ နားမလည်လောက်ပါဘူးလေ လို့ တခါတခါတွေးမိလို့ အားပါးတရ ငိုချခွင့်ရတာ ၃ ခါ ၄ ခါ လောက်ပဲရှိပါသေးတယ်လို့ ဒီညနေတုန်းကပဲ ရုံးကဝန်ထမ်းတွေကို ရင်ဖွင့်လိုက်သေးတယ်။
ကျနော့်ကို ငိုခွင့်ပေးလို့ ကျေးဇူးတင်ရပါတယ်။
With Love,
Bo (11:20pm) 12.7.2019