စာဖတ်ရမယ်။ ဒါပေမယ့် စာဖတ်တာဟာ ဘယ်လိုနေထိုင်ရမယ် ဘယ်လို ကျင့်ကြံရမယ်ဆိုတာကို သိဖို့မဟုတ်ဘူး။ အဲလိုလုပ်ဖို့ မဟုတ်ဘူးဆိုတာက စာတွေထဲမှာ အဲဒါတွေ မပါလို့ မဟုတ်ပါဘူး။ စာတော်တော်များများ စာအုပ်တော်တော်များများက ဒါတွေပါပါတယ်။ ပါပင်ပါငြားသော်လည်း စာရေးသူရဲ့ အတ္တက ရှိသေးတယ်ဆိုတာကို သတိထားရမယ်။ စာရေးသူဟာ ဘာကို မျှော်လင့်နေလဲ။ စာရေးသူရဲ့အတ္တက ဘယ်လိုလဲ။ စာရေးသူက IQ မြင့်သူလား။ EQ မြင့်သူလား။ သူ့ရဲ့ Quotient ဘယ်လိုလဲ။ သူ့ရဲ့ Intelligence က ဘာလဲဆိုတာကို ကိုယ်က မသိနိုင်ဘူး။ ဒီတော့ စာဖတ်ပေမင့် Quotient နဲ့ Intelligence တို့မတူတဲ့အခါ သူတို့ရေးထားတဲ့ ဘယ်လိုနေထိုင်သင့်တယ် ဘယ်လိုကျင့်ကြံသင့်တယ်ဆိုတာတွေက ကိုယ်နဲ့ အပ်စပ်မှု ရှိချင်မှ ရှိမယ်။ ဗုဒ္ဓဘာသာ စာရေးဆရာချင်းတူတူ ဆရာကြီးဦးရွှေအောင်ရေးတဲ့ ကျင့်ထုံး၊ ဆရာကြီး ရွှေဥဒေါင်းရေးတဲ့ ကျင့်ထုံး၊ ဆရာကြီးဦးဂိုအင်ကာ ရေးတဲ့ ကျင့်ထုံးမတူဘူး။ ဆရာတော်တွေချင်းအတူတူ ဟောတဲ့တရားချင်းအတူတူ ဟောပုံဟောနည်းကွဲတယ်။ လူတွေ လိုအပ်ခဲ့တဲ့ အခြေခံတွေဟာ မတူညီဘူး။ စားစရာ ရှာဖို့ မလိုအပ်။ နေစရာ ရှာဖို့ မလိုအပ်။ အချစ်ရေးစသည်မှာလည်း ပြည့်စုံနေတဲ့သူ ရေးတဲ့ စာတွေ ပြောတဲ့ စကားတွေက တမျိုးဖြစ်မယ်။ လိုအပ်ချက် မပြည့်စုံတဲ့သူ ရေးတဲ့ စာက ပြောတဲ့ စကားက တမျိုးဖြစ်မယ်။ ဆိုတော့ စာဖတ်ရမယ်။ ဒါပေမယ့် လိုက်နာဖို့ မဟုတ်ဘူး။ စာတွေထဲမှာ နည်းလမ်းရှာဖို့ ဖြစ်တယ်။ နည်းလမ်းဆိုတာကလည်း ဓာတ်ပုံရိုက်နည်း Web ရေးနည်း အဲလိုမဟုတ်ဘူး။ ဘဝဆိုတာ ဆွေးနွေးလို့ ပြေလည်လွယ်တဲ့ ပြဿနာ မဟုတ် နည်းလမ်း ရှာလို့ လွယ်ကူတဲ့ အလုပ်မဟုတ်တဲ့အတွက် စာက ဖတ်ကို ဖတ်သင့်ပါတယ်။
စာဖတ်မှ ငါတို့ဟာ မျက်လှည့်ပညာရှင်ရဲ့ ဘာမှ မရှိတဲ့ ဦးထုပ်ထဲကနေ ဆွဲထုတ်လိုက်တဲ့ ယုန်လေး မဖြစ်မှာ။ မျက်လှည့်ပညာရှင်ရဲ့ ဘာမှ မရှိတဲ့ ဦးထုပ်ကနေ ဆွဲထုတ်လိုက်တဲ့ ယုန်ဟာ ဘာမှ မသိဘဲ ဘာမှ မဟုတ်ဘဲ ခဏတာ ပရိသတ်ကို အံ့ဩအောင် လုပ်ပြီးနောက် ပြီးသွားရော ဖြစ်သွားသလို သူများလက်အောက်မှာ ဝန်ထမ်းရင်း ကျေနပ်နှစ်သိမ့်ကာ ပီတိဖြစ်နေရတဲ့ ဘဝမှာပဲ ဆုံးသွားမယ်။ ဒါကြောင့် စာဖတ်ရမယ်။ စာဖတ်တယ်ဆိုတာကလည်း သူများပေးထားတဲ့ နည်းလမ်းတွေ သူများဖော်ထုတ်ထားတဲ့ နည်းလမ်းတွေ အားကိုးပြီး နည်းလမ်းသစ်နဲ့ ဖတ်ရမယ်။ မဟုတ်ရင် ဘာမှ ရမှာမဟုတ်ဘူး။
ဆိုဖီရဲ့ကမ္ဘာစာအုပ် ဒုတိယအခန်းကို ဖတ်ပြီး ရူးကြည့်တာ။