လှည့်စားခြင်းမှာ နှစ်မျိုးရှိမယ်ထင်တယ်။ စာတွေ ပေတွေထဲမှာတော့ လှည့်စားခြင်း ၂ မျိုး လှည့်စားခြင်း ၃ မျိုး စသဖြင့် ရှိချင်ရှိမှာပေါ့။ ဒါမှမဟုတ် တစ်ရာလောက် ရှိရင်လည်း ရှိနေမှာ။ ကိုယ်က စာသိပ်ဖတ်တဲ့သူ မဟုတ်တော့ မသိဘူး။ ဖတ်ဖူးတဲ့ ဆရာကြီးဦးရွှေအောင်ရဲ့ စာအုပ်ထဲမှာကတော့ မာယာနဲ့ သာဌေယျလို့ ပြောတာပဲ။ ခုက အဲဒီ မာယာတွေ သာဌေယျတွေ မဟုတ်ပါဘူး။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ တစ်စိတ်တဒေသလောက်။ ဒီမှာပြောမယ့် လှည့်စားခြင်းနှစ်မျိုးက တပါးသူကို လှည့်စားခြင်းနဲ့ ကိုယ့်ကိုယ်ကို လှည့်စားခြင်းလောက်ပါပဲ။ သူများကို လှည့်စားရတာ လွယ်ပါတယ်။ ကိုယ့်ကိုယ်ကို လှည့်စားတာဖြင့် ပိုလို့တောင် လွယ်ပါသေးတယ်။ ဒီမှာတော့ ကိုယ့်ကိုယ်ကို လှည့်စားခြင်းအကြောင်းကို ပြောကြည့်မယ်။
ငယ်ငယ်တုန်းက ဖတ်ရတဲ့ ပုံပြင်လေးတစ်ပုဒ်ရှိတယ်။ ပန်းပုဆရာ သားအဖနှစ်ယောက်ဟာ မြို့ရဲ့ အစွန်တဖက်မှာရှိတဲ့ တောင်တစ်တောင်ပေါ်မှာ ကျောကပ်ရုပ်ထုလေးခုကို ထုလုပ်ရမယ့် တာဝန်ကို မြို့ခံဘုရင်က ပေးအပ်လိုက်တယ်။ သားအဖနှစ်ယောက်ဟာ မြို့ဘက်ကနေကြည့်ရင် မြင်ရမယ့်အနေအထားအထိ ရုပ်ထုသုံးခုကို ထုလုပ်ပြီးသွားပြီ။ ကျန်တဖက်က မြို့ဘက်ကနေ ဘယ်လိုကြည့်ကြည့် မမြင်နိုင်ဘူး။ အဲဒီအပြင် အဲဒါရှိမရှိကို မြင်နိုင်တဲ့ဘက်ကလည်း ချောက်ကမ်းပါးကြီးဖြစ်နေတဲ့အပြင် တဖက်တခြမ်းမှာလည်း လူနေမှုမရှိတော့ ဘယ်သူမှ မြင်နိုင်စရာ အကြောင်းမရှိဘူး။ ဒါပေမယ့် ပန်းပုဆရာကြီးက အဲဒီဘက်ကိုလည်း ရုပ်ထုကို ဒီဘက်က ရုပ်ထုတွေလိုပဲ သပ်သပ်ရပ်ရပ် ခန်းခန်းနားနား ထုလုပ်တယ်။ သားဖြစ်သူက ပြောတယ်။
“တဖက်က ဘယ်သူမှ မမြင်တာပဲ အဖေရာ၊ သာမန်ကာ လျံကာထုလည်း ရတယ်။ မထုဘဲ နေရင်တောင် ရတဲ့ဥစ္စာ”
အဖေဖြစ်သူက သားကိုကြည့်ပြီး ပြန်ပြောတယ်။
“ဘယ်သူမှ မမြင်လည်း ဘုရားသခင်မြင်တော်မူတယ် သား”
တဲ့။ ဆိုလိုတာက သူများကို လိမ်ချင် လိမ်လို့ရမယ်။ ကိုယ့်ကိုယ်ကိုတော့ လိမ်လို့ မရဘူးဆိုတဲ့ သဘော။ ဟုတ်ကဲ့။ တကယ်တမ်းကျတော့ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို မလိမ်ကြပါဘူး။ လှည့်စားကြရုံလေး လှည့်စားကြတာပါ။
ကျန်းမာရေးရှုထောင့်ကနေ ကြည့်ကြပါစို့။ မသင့်တော်ဘူးလို့ ဆရာဝန်ကဖြစ်စေ တတ်သိနားလည်သူက ဖြစ်စေ တားမြစ်ထားတဲ့ အစားအစာကို ကျွန်တော်တို့ ဘယ်လို ရှောင်သလဲ။ ဘယ်လိုမှ မရှောင်ပါဘူး။
“ဒါလေး စားတာလောက်နဲ့တော့ ဘာမှ မဖြစ်လောက်ပါဘူး”
အဲဒီလို ကိုယ့်ကိုယ်ကို စတင်လှည့်စားတယ်။ တကယ်လို့များ တစ်စုံတစ်ခု ဖြစ်သွားခဲ့ရင်
“ခုနင်က ငါစားလိုက်တာကြောင့် ဟုတ်ချင်မှ ဟုတ်မှာ၊ တခြားအစားအစာကြောင့်လား မသိဘူး၊ ငါ့မှာလည်း အခံလေးရှိတော့ ဖြစ်ချိန်တန်လို့ ဖြစ်သွားတာ ဖြစ်လောက်တယ်”
ဆိုပြီး ထပ်လှည့်စားတယ်။ အဲဒီကနေ ကျန်းမာရေးက နည်းနည်းသိသာလာပြီ။
“ဆရာဝန်လား မပြတော့ပါဘူး၊ အဲလောက်ကြီးလည်း မလိုသေးဘူး၊ ငါဟာ ကျန်းမာရေးနဲ့ ပတ်သက်ရင် ဒေါင်ဒေါင်မြည်သူပဲ”
ဆရာဝန်ပြဖို့လောက်ထိ မလိုအပ်သေးသမျ အိပ်ယာပေါ် ဘုံးဘုံးမလဲသမျ ဆရာဝန်နဲ့ မပြရေးချ မပြပါပဲ။ ကျန်းမာရေးနဲ့ ပတ်သက်လာရင် ကိုယ့်ကိုယ်ကို ကျန်းမာနေတယ်၊ ဘာမှ မဖြစ်လောက်သေးဘူးလို့ ကိုယ့်ကိုယ်ကို အမြဲလှည့်စားတယ်။ ငါက ကျန်းမာရေးကောင်းတယ်။ ဘာမှ မဖြစ်လောက်ဘူးဆိုပြီး ရာသီဥတု အစားအစာ အနေအထိုင်ကို သိပ်ပြီးအလေးမထားကြပဲ လှည့်စားပြီး နေထိုင်ကြသူတွေ တပုံကြီးရှိကြတယ်။
အသည်းက ဇကာပေါက်လောက်ဖြစ်နေပေမင့် ကိုယ့်ကိုယ်ကို ဒီလောက်လေးသောက်တော့ ဘာမှ မဖြစ်ဘူး။ နှလုံးက ခဏခဏအောင့်နေပေမင့် ကိုယ်တို့က ဆေးလိပ်ပီးပြီးသားလေ ဘယ်လောက်သောက်သောက် ဆိုးကျိုးမဖြစ်ဘူး။ သို့တည်းမဟုတ် ဒီတစ်ဗူးလောက်နဲ့ ပိုမဖြစ်တော့ပါဘူး။ လူက အရိုးသာသာကျန်ပေမယ့် ညည မအိပ်ဘဲ နေနိုင်တာကို ဂုဏ်ယူနေတာက ရှိသေးပြန်သလို အဆီတွေ ထပ်ထပ်တိုးနေပေမင့် ငါ ဝတာလှတယ်လို့ ယူဆပြီး လှည့်စားနေကြသူတွေချည်းပဲ။ ပိုက်ဆံ သိပ်မရှာနိုင်ရင် ငါတို့ ဒီလောက်လည်း မလိုအပ်ပါဘူး။ ပိုက်ဆံ အရမ်းရှာနိုင်ပြန်တော့ ငါမို့လို့ ငါတော်လို့ ငါတတ်လို့ စသဖြင့် လှည့်စားတတ်ကြတယ်။
တနေကုန် ဘာမှ မလုပ်ပဲနေခဲ့ရင်တောင် ကိုယ့်ကိုယ်ကို ပိုပညာရှိလာတယ်။ စာမေးပွဲကျတာကို စာကျေတာပေါ့ လို့ကြေငြာတယ်။ သူငယ်ချင်းနဲ့ စကားများခဲ့ရင်တောင် ကိုယ်က မှန်တယ်။ ကိုယ်ကို လူတွေ ရှောင်ဖယ် ရှောင်ဖယ် ဖြစ်လာခဲ့ရင်တောင်မှ ငါ့ကို မနာလို့ကြလို့ဖြစ်မယ်။ ကိုယ်ညံ့လို့ ကျန်ခဲ့တာကို ခြင်္သေ့တို့မည်သည် ရှေ့ကုန်ခုန်ဖို့ နောက်တလှမ်းဆုတ်ရတယ် ဖြစ်ရသေးတယ်။ မနိုင်လို့ သည်းခံလိုက်ရတာကို ကိုယ့်ကိုယ်ကို ရင့်ကျက်လာတယ်လို့ ယူဆတယ်။ တခြားအလုပ် မပြောင်းရဲတာကို ဒီအလုပ်မှာ သူမရှိတော့ရင် မဖြစ်တော့သလိုလို သူဌေးကို သနားလို့ သူဆက်လုပ်ပေးနေရသလိုလို ကြေငြာတယ်။
အကုသိုလ်လေး ဘာလေးလုပ်ရင်ဖြင့် လှည့်စားခြင်းမှာ အနုပညာကို ဆန်လာပါတယ်။ မကောင်းမှုတစ်ခုခုကို လုပ်လိုက်ပြီဆိုရင် ကိုယ်လုပ်ထားတဲ့ ကုသိုလ်တွေ လိုက်ပတ်စဉ်းစားတယ်။ ငါလုပ်လိုက်တဲ့ အကုသိုလ်က လုပ်သင့်လုပ်ထိုက်လို့ လုပ်လိုက်ရတဲ့ အကုသိုလ်ဖြစ်တယ်။ စိတ်ပါပါ စေတနာအပြည့်နဲ့ လုပ်လိုက်ပေမယ့် မဖြစ်မနေလုပ်ရမှာမို့ လုပ်လိုက်ရသလိုလို ကိုယ့်ကိုယ်ကို ပြန်လှည့်စားတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ သစ်တောရဲ့ ရာခိုင်နှုန်းအများဆုံးလောက် ကိုယ့် လုပ်ပိုင့်ခွင့်အောက်ကနေ သစ်တွေခုတ်လိုက်လို့ ပြောင်သလင်းခါနေပေမယ့် ကိုယ်ကိုယ်တိုင် နိုင်ငံခြားကို သွားကြားထိုးတံတစ်ချောင်းတောင် တစ်ခါမှ မပို့ဖူးတဲ့အခါ ငါဟာ သစ်တောဖြုန်းတီးမှုရဲ့ တရားခံ လုံးဝမဖြစ်နိုင်ဘူးလို့ လှည့်စားတယ်။ ၁၉၆၂ ခုနှစ်ကနေ သူများပိုင်တဲ့ ပစ္စည်းကို ကိုယ်ပိုင်တဲ့ ပစ္စည်းလုပ်လိုက်တယ်။ ဒါဟာ ငါတို့ရထိုက်လို့ ငါတို့ရှေးကုသိုလ်ကြောင့်လို့ ကိုယ့်ကိုယ်ကို လှည့်စားတယ်။ မြေအသိမ်းခံရလို့ လူးလှိမ့်ပြီး မြေကြီးပေါ် ငိုပြနေတဲ့ တောင်သူကို ကားအကောင်းစားကြီးပေါ်က မြေသိမ်းလိုက်တဲ့ ပုဂ္ဂိုလ်ကြီးက ပြောတယ်။ နင်တို့ အကုသိုလ် တော်တော်ကြီးတာပဲတဲ့။ ကုသိုလ်ကောင်းမှုလေး ဘာလေးလုပ်ကြတဲ့။ အဲဒီမြေသိမ်းခံ အဖိုးကြီး အဲဒီစိတ်နဲ့ သေသွားတယ်။ သူ့အသုဘတောင် လူသိပ်မစည်လိုက်ဘူး။ အင်း သူလည်း စဉ်းစားမှာပေါ့။ သူ့မြေသိမ်းသွားတဲ့ ပုဂ္ဂိုလ်ကြီးရဲ့စကား မှန်ချင်မှန်နေလိမ့်မယ်လို့။ လှည့်စားခြင်းအမျိုးမျိုး ရှိမယ်။ အမျိုးမျိုးထဲကမှ အတိတ်ကံကြောင့်ဆိုပြီး လှည့်စားတာက ပိုလွယ်မယ်ထင်တယ်။
ကံကို ယိုးမယ်ဖွဲ့ ရမယ်ရှာပြီး ကိုယ့်ကိုယ်ကို လှည့်စားရတာက ပိုလွယ်တယ်လေ။