ဟိုး လွန်ခဲ့တဲ့ ရက်ပေါင်း ၁၉၀ ခန့် သက္ကရာဇ်အားဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၃၀ မှာ အကြွေးတစ်ခုဆပ်ဖို့ အကြောင်းဖန်လာခဲ့တယ်။ ဒီကြားထဲ ဖတ်ရတဲ့ ဆုံးမစာလိုလို ဘာလိုလိုစာတွေက “သင့်မှာ မကောင်းတာတွေ ဖြစ်နေပြီဆိုရင် သင်မကောင်းတာ လုပ်ထားတာ သေချာပြီ” စတဲ့ ဆတော်တစ်ပါးပါးရဲ့ တရားတော်ထဲက စကားလုံးတစ်ခုခုက ဖြတ်ညှပ်ကပ်လုပ်ပြီး Facebook ပေါ်ဓာတ်ပုံစာလှလှလေးတွေ တင်တင်ကြတာတွေ့တော့ စိုင်းစိုင်းခမ်းလှိုင်သီချင်းကိုတောင် တိုက်ဆိုင်လိုက်တာများကွာ စက်တင်ဘာ ၃၀ ရက် ဆိုးချက်က ရင်နင့်စရာလို့ ဆိုပစ်ချင်လောက်အောင် ဖြစ်ရတယ်။ ဗုဒ္ဓဘာသာမှာ ကောင်းတာတစ်ခုက တစ်ခုခုဆိုရင် ကံကို ပုံချပစ်လိုက်လို့ ရတာပဲ။ ဆိုးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် တော်တော်အရသာ ခံလို့ကောင်းတဲ့ အရသာ။ ပအိုဝ်းသီချင်းတစ်ပုဒ်ရှိတယ်။ တယောက်နဲ့ တယောက် မျက်လုံးချင်းဆုံပြီး ကြည့်ရတာ အရသာဆိုပဲ။ ခုပြောလိုတာက အဲဒီအရသာ မဟုတ်ပါကြောင်း။
ဟိုးလွန်ခဲ့တဲ့ နှစ်တစ်ခုမှာ ကျွန်တော်ဟာ မန္တလေးမြို့မှာ ကျင်းပပြုလုပ်တဲ့ ပအိုဝ်းအမျိုးသားနေ့နဲ့ ပတ်သက်ပြီး ငွေကိုင်လုပ်ခဲ့ဖူးတယ်။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ ဘဏ္ဍာရေး တစ်ခုလုံးကြီးကို ကိုင်တာ မဟုတ်ပါဘူး။ သွားရေး လာရေးနဲ့ ပတ်သက်ပြီး အကုန်တာဝန်ယူ ငွေကိုင်ဖူးတာပါ။ ကျွန်တော် မန္တလေးမှာနေတုန်းက ကားခတွေက ခုခေတ်တွေလို မဟုတ်ပါဘူး။ မန္တလေးတောင်ခြေကနေပြီးတော့ ပလိပ်မြွေဘုရားထိ လိုင်းကားကို အပြတ်ငှါးမှ ၁၀၀၀၀ လောက်ပဲ ကုန်တဲ့ခေတ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကျွန်တော့်အပိုင်းနဲ့ ပတ်သက်ပြီးတော့ရင် ငွေကို တစ်သိန်းတောင်းထားပါတယ်။ ပအိုဝ်းအမျိုးသားနေ့ပြီးရင် အဲဒီငွေတစ်သိန်းကို ကွက်တိတင်တာပဲ။ အဲဒီအခါ ဘဏ္ဍာရေးအချုပ်ကြီးက ကျွန်တော့်ကို ပြောတယ်။ “မင်းက ငါ့ကို စာရင်းတင်ရခက်အောင် အရမ်းလုပ်တာပဲ” တဲ့။ သူသိတယ်။ တကယ်တမ်းကုန်တာက ပရိုဂရမ်တစ်ခုလုံး ဘယ်လိုသွားသွား ဘယ်လိုလာလာ ခုနှစ်သောင်း ရှစ်သောင်းလောက်ပဲ ဆိုတာ။
ဟိုးလွန်ခဲ့တဲ့ နှစ်များစွာက လုပ်ခဲ့တာလေးတွေဟာ ခုတော့ ကိုယ့်ထံ ပြန်ရောက်လာပြီ။ အဲဒီလို ကားခကို ပိုတင်ခဲ့မိတဲ့အတွက် တစ်ခါမှလည်း စိတ်မသန့်ခဲ့ဖူးပါဘူး။ စိတ်သန့်တာ မသန့်တာ အပထား။ ခုတော့ တကယ် ပြန်ခံရတယ်။ စက်တင်ဘာ ၃၀ လောက်မှာ ကားက မောင်းရင်း တောင်အတက်မှာ တွန့်တွန့်သွားတယ်။ အဲဒါကို လက်ရှိပြင်လိုက်တဲ့ ဝပ်ရှော့ကို လှမ်းမေးကြည့်တော့ သူက မောင်းကြည့်ပြီးမှ ပိုသိမယ်။ ဖြစ်နိုင်ချေများတာကတော့ GDI ပန့်ပဲတဲ့။ ပန့်လောက်ဆို ဘယ်လောက်ကုန်မလဲ မေးတော့ ရှစ်သောင်းတဲ့။ အဲတုန်းက ရှစ်သောင်းလား။ ရှိတာပေါ့။ ဟိုဘက်ကိုတောင်လွန်သေး။ ဒါပေမယ့် ကံ ဆိုးမှုမရောက်လာသေးသမျှ လူမိုက်တို့ဟာ ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်တုန်း ဆိုတဲ့ လောကနီတိထဲက ပဏ္ဍိတအခန်းနဲ့ ဗာလဒုဇ္ဇနအခန်းက
လူမိုက်တို့မည်သည် ဆိုးသောကံ အကျိုးမပေးသေးသမျ ကာလပတ်လုံး ပျားရည်ဖုံးထားသော အဆိပ်ကို ပျားရည်ဟုသာ မှတ်ကြလေကုန်၏ ဆိုသလိုပဲ မိုက်ခဲ့တယ်။ ပျားရည်အရသာကိုသာ ခံစားခွင့်ရခဲ့တဲ့ ရွှေထီးဆောင်းကာလဟာ သက်တမ်းရှိတယ်။ ငရဲပန်းပါလို့ အတန်တန်သတိပေးနေတာကို လှပါတယ် နင်ငါ့ကို မပေးချင်တာမဟုတ်လား ဆိုပြီး စကားနာတွေထိုး ငရဲပန်းကို ခေါင်းမှာပန်ခဲ့တယ်။ ဘဝဟာ တသမတ်တည်းသွားတဲ့ ဟိုင်းဝေးလမ်း မဟုတ်ဘူးဆိုတာ မသိခဲ့ဘူး။ ဒီလိုနဲ့ ကားကို အပေါ်ယံလောက်သာ ပြင်တတ်တဲ့ ဝပ်လျှော့ကို သွားပို့မိခဲ့တယ်။ မှားခဲ့တယ်။
ဟိုးလွန်ခဲ့တဲ့ ၂၀၁၈ နှစ်အကုန် စက်တင်ဘာလမှာ မှားပြီး ပို့လိုက်တဲ့ ကားဝပ်လျှော့ကနေ ပစ္စည်းတွေ ဝယ်မရပါဘူး။ ကားက ပြင်မရတော့ပါဘူး။ ပစ္စည်းအပိုမလာဘူး။ ဒီကားမျိုး မြန်မာနိုင်ငံမှာ ဘယ်သူမှ မစီးဘူး စသဖြင့် ဆင်ခြေများစွာနဲ့ ငွေ ခုနှစ်သိန်းခွဲကို ပိုက်ပြီး ပြောပါတော့တယ်။ ကိုယ့်ငွေ ခုနှသိန်းခွဲက လွန်သွားပြီ။ ပြန်တောင်းတော့ အာမခံပြီး ပြင်ပေးနေတာ မဟုတ်ဘူး။ ရချင်ရမယ် မရချင် မရဘူးလို့ ပြောပြီး ပြင်ပေးတာဆိုပြီး မပြောခဲ့တဲ့ စကားနဲ့ အပြောခံရတယ်။ အဲဒါနဲ့ အဲဒီကားဝပ်ရှော့ကို လုံးဝ မသတ်သက်ချက်တော့ဘူး။ အသိကို ကားသွားဆွဲခိုင်းပြီး အသိရဲ့ ဝပ်ရှော့ဆိုင်မှာ အပ်ခိုင်းလိုက်တော့ တနေ့မှာ အဲဒီဝပ်ရှော့က ပစ္စည်းတွေ ခေါ်ပြတယ်။ “ဒီပစ္စည်းတွေ ပါမလာဘူး၊ ဒါက ပြောင်းပြန် ဖြစ်နေတယ်၊ ဒါက ဒီနေရာမှာ မဟုတ်ဘူး” တဲ့။ အရင်ဝပ်ရှော့ကို ဒါတွေ ပြန်တောင်းပေးပါလားဆိုပြီး ပြောလာတယ်။ ဘူးဆိုရင် ဖရုံမသီးချင်တဲ့ စိတ်နဲ့ အရင်ဝပ်ရှော့ကို လုံးဝ အာအညောင်း မခံတော့ဘူး။ လိုအပ်ရင် ဝယ်လိုက်လို့ ပြောလိုက်တယ်။ ဝပ်ရှော့က လူက ပြောတယ်။ တချို့ပစ္စည်းတွေ သိန်းနဲ့ချီနေတယ်တဲ့။ ဝယ်စမ်းပါလို့ မာန်ထန်ခဲ့တယ်။
ဟိုးလွန်ခဲ့တဲ့ ကားခကလေး လိမ်ပြီး အစီရင်ခံစာတင်ခဲ့တဲ့ အကုသိုလ်ဟာ ခုအချိန်မှာ အကျိုးပေးပါပြီ။ နင့် ခနဲနေတာ။ ပြင်ခ မပါ။ ပစ္စည်းဖိုးချည်း ခြောက်သိန်းတစ်သောင်း။ အရင်တစ်ခေါက် ဘာမှ မပြင်ပေးပဲ ငွေလိမ်တောင်းခဲ့တာက ခုနှစ်သိန်းခွဲ။ စုစုပေါင်း ဆယ့်သုံးသိန်း ခြောက်သောင်း။ ကျွန်တော် မထင်မှတ်ထားရတဲ့သူတွေဆီ ပိုက်ဆံ လိုက်ပတ်ချေးခဲ့ရတယ်။ ဒီနေ့ ငွေချေရင်း ဆုတောင်းမိတယ်။ တချိန်တစ်ခါတုန်းက ငွေကို အလွဲသုံးစား လုပ်မိတာလေး ဒီကားနဲ့ပဲ ကြေပါစေလို့။ ကြေတာ မကြေတာ အပထား။ ကိုယ့်ကိုယ်ကို တော်တော်ရှက်သွားမိတာပါပဲ။ အဲဒီ ငွေအလွဲသုံးစား လုပ်ချိန်မှာ လုပ်နေစဉ်ကတည်းက ငါတချိန်ချိန် ပြန်ခံရနိုင်တယ်ဆိုတဲ့ မသိုးမသန့် စိတ်ကြီးနဲ့ လုပ်ခဲ့တာ။ အဲတုန်းက ငွေကလည်း ရှားပါးနေတာနဲ့ စိတ်က ဘာတွေးလဲဆိုတော့ တချိန်မှာ ငါပြန်ခံရခဲ့ရင် ငါအဆင်သင့်တော့ ဖြစ်နေလောက်ပြီလို့ ထင်ခဲ့တာ။ ဒဏ်ရာမှာ အဆင်သင့်ဆိုတာ မရှိဘူးဆိုတာ မေ့သွားတယ်။
ဟိုးလွန်ခဲ့တဲ့ အတိတ်က အမှတ်မရချင်စရာတွေဟာ အကြွေးပြန်ဆပ်ရတဲ့ အချိန်မှာ အမှတ်တရ ဖြစ်သွားခဲ့တယ်။ သတိမရချင်တာကို သတိရမိတာလောက် နေရခက်တာ ဘာရှိမှာတုန်း။ ပြင်လို့ မပြီးသေးပေမယ့် စမ်းမောင်းကြည့်ပါဦးဆိုတာနဲ့ ပြန်ပြင်ရဦးမယ့် ကားကို မောင်းပြန်လာရင်း ဟိုဒီတွေးလို့ သတိထားမိတယ်။ တချိန်က အလွယ်လိုက်ခဲ့မိတဲ့ လမ်းဟာ ခုချိန်မှာ တကယ်အခက်တွေ့ခဲ့ရတယ်လို့။