တောင်ဇလပ်ပန်းဟု ပြောလိုက်သည်နှင့် အားလုံး ချင်းလူမျိုးကို ပြေးမြင်ကြမည်။ ထို့နောက် ချင်းတောင်တန်းကြီးကို ပြေးမြင်ကြမည်။ အဘယ့်ကြောင့်ဆိုသော် တောင်ဇလပ်သည် ချင်းမြေ၏ တော်ဝင်ဌာနေပန်း သို့မဟုတ် သင်္ကေတပန်းဖြစ်သောကြောင့် ဖြစ်သည်။ ဇိုမီးချင်းများအတွက် မြင့်မြတ်သော ပန်းလည်းဖြစ်သည်။ ချင်းပြည်တောင်တန်းများ၏ တနံတလျားတွင် ပေါက်ရောက်သောကြောင့်လည်း ဖြစ်သည်။ တောင်ဇလပ်ပန်းကို တောင်စလပ်ပန်း သို့တည်းမဟုတ် လက်ထုပ်သိမ်ဟုလည်း ခေါ်ကြသေးသည်။ တောင်ဇလပ်ပန်းတွင် အရောင်သုံးမျိုးရှိသည်။ အနီ၊ အဝါနှင့် အဖြူဖြစ်သည်။ အဝါက အလွန့်အလွန်ရှားပါးပါသည်။ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၄၀၀၀ နှင့်အထက် အအေးပိုသည့်နေရာများတွင်သာ ပေါက်ရောက်နိုင်သည်။ ထိုပန်းကို အနီးကပ်မြင်ဖူးချင် ကြည့်ဖူးချင် ကိုင်ကြည့်ဖူးချင်သော သူတို့အဖို့ ချင်းပြည်နယ်က နတ်မတောင် (ခ) ဝိတိုရိယတောင် (ခ) ခေါနူးစုမ်လို တောင်တန်းကြီးပေါ်ကို သွားတက်ဖို့ဆိုတာ ရှမ်းပြည်နယ်နေ ဒေသခံများအတွက် လွယ်ကူလှသည်တော့ မဟုတ်ပါ။ ထိုအတွက် ရှမ်းပြည်သားများအဖို့ မပင်ပန်းစိမ့်သောငှါ သဘာဝတရားကြီးက ရှမ်းပြည်နယ်ရှိ မဲနယ်တောင်ဒေသတွင် တောင်ဇလပ်ပန်းများ ပွင့်ပေးနေပါသည်။
ရှမ်းပြည်နယ်တွင် မဲနယ်တောင်ဒေသ နှစ်နေရာ ရှိသည်။ ထိုနှစ်နေရာလုံးတွင် အမြင့်ဆုံးတောင်တန်းများ ရှိကြသည်။ အမြင့်ဆုံးတောင်တန်းများ ရှိသကဲ့သို့ ထိုနှစ်နေရာလုံးတွင် တောင်ဇလပ်ပန်းများ ရှိကြသည်။ ပထမမဲနယ်တောင်ဒေသက ဘော်နယ်ကို ပိုင်းခြားပေးလိုက်သော ရေငံ (ခ) ရွာငံနှင့် ပင်းတယ၊ ရပ်စောက် သုံးမြို့နယ်စလုံးပါဝင်နေသည့် မဲနယ်တောင်ဒေသဖြစ်သည်။ ထိုတောင်များထဲမှ အမြင့်ဆုံးဖြစ်သည့် လေးဖက်မြင်တောင်ပေါ်တွင် တောင်ဇလပ်ပန်း ရှိသည်။ သို့သော်လည်း လမ်းဖောက်လုပ်ထားခြင်းမရှိ။ ထို့ကြောင့် တောင်ဇလပ်ပန်းရှိသည်ဆိုငြား ကားကို တောင်ခြေတနေရာတွင် ထားရစ်ခဲ့ရပြီး လေးနာရီနီးပါး ခြေလျင်ဖြင့် တက်ရမည်ဖြစ်သဖြင့် သွားရောက်လည်ပတ်သူ အလွန်နည်းပါးသည်။
သို့သော်လည်း လည်ပတ်လို့လည်းကောင်း လမ်းလည်းအဆင်ပြေ တောင်ထိပ်အထိ ကားရောက်နိုင်သော မဲနယ်တောင် ရှိပါသေးသည်။ ထမ်းဆန်းဂူကြောင့် နောက်ပိုင်း လူသိပိုများလာသည့် ဟိုပုံးမြို့နယ်ထဲတွင် တည်ရှိသည်။ ဟိုပုံးမြို့အရှေ့ဘက် ၈ မိုင်ခန့်အကွာတွင် မဲနယ်တောင်ဒေသကြီးရှိသည်။ ထိုဒေသမှာ အရှေ့ဘက် ပွန်ချောင်း၊ အနောက်ဘက် ဟိုပုံးလွင်ပြင်၊ တောင်ဘက် ပဆျားကြိုးရွာ၊ မြောက်ဘက် တောင်ကြီး-တာချီလိတ်လမ်းမတို့၏ အကြားတွင် တည်ရှိသည်။ ဒေသတစ်ခုလုံး တောင်တန်းများသာ ဖြစ်သည်။ တချိန်က မဲနယ်ပင်များများစွာ ရှိသောကြောင့် မဲနယ်တောင်ဟု အမည်တွင်ခဲ့သည်။ ဒေသအခေါ် မုဲင်းကောင် (မိုင်းကောင်ဟု အသံထွက်) ဖြစ်သည်။ ထိုဒေသထဲမှ လွယ်မုဲင်းတောင်ဆိုသည့် ပေပေါင်း ၈၂၀၀ ဟုခန့်မှန်းပြောဆိုကြသည့် တောင်ပေါ်တွင် တောင်ဇလပ်ပန်းများ ပွင့်လျက်ရှိသည်။ ထိုတောင်နှင့်ကပ်လျက်ရှိသည့် လွယ်မောခမ်း (လွယ်မောက်ခမ်းဟုလည်း ခေါ်ကြသည်)ဆိုသည့် တောင်တွင်လည်း တောင်ဇလပ်ပန်းရှိသည်။ ထိုတောင်ပေါ်တွင် ရှိသည့်တောင်ဇလပ်ကို ပိုစုံသည်။ အနီရော အဖြူပါရှိသည်။ သို့ငြားလည်း ထိုတောင်ပေါ်သို့ တက်လိုပါက ခြေလျင်ဖြင့်သာ ရသည်။ တက်၍ရသည့်အပိုင်းက လွယ်ကူသော်လည်း တောင်၏ တဖက်ခြမ်းတွင် အလွန်မတ်စောက်သော ချောက်ကမ်းပါး ရှိသည်။ အကယ်၍ တောင်ဇလပ်အဖြူများကိုပါ ကြည့်ရှုခံစားလိုပါက ထိုတောင်ပေါ်သို့ တက်သင့်သည်။ တောင်တက်ခရီးစဉ်ဖြစ်သဖြင့် တောင်တက်ဝါသနာပါသူများအဖို့ အလွန်ပင် အဆင်သင့်လှသည်။
မည်သို့သွားမည်နည်း။ တောင်ကြီး တာချီလိတ်လမ်းအတိုင်း တောင်ကြီးမှ ဆင်းလာလျင် ဟိုပုံးကို ရှေးဦးစွာ ရောက်မည်။ ဟိုပုံးရောက်လျင် ထိုလမ်းမကြီးအတိုင်း ဆက်၍ သွားရာ ထမ်းဆန်းဂူသို့မရောက်မည် လမ်းခွဲတစ်ခု တွေ့မည်။ ထိုလမ်းခွဲတွင် အထူးဒေသ ၆ ဆိုသည့် ဆိုင်းဘုတ်စိုက်ထူထားသည်။ အနီးတွင် မောက်ကထောဆိုသည့် ရွာရှိသည်။ ထိုကားလမ်းသေးသေးလေးအတိုင်း ဆက်၍ သွားလိုက်လျင် ထီးလင်းရွာ၊ ထီဗွာရွာနှင့် ခိုခြဲ (ရကောက်သံဖြင့်ဖတ်ရန်) ရွာဆိုသည့် ရွာများကို ဖြတ်ရမည်။ ထိုရွာမှတဆင့် တောင်အဆင်းလမ်းများအတိုင်း ဆင်းလာသော် ထင်းရှူးပင်စီရရီများအကြားမှ လှေကားထစ်လယ်ကွင်းကို တွေ့ရမည်။ ထိုလယ်ကွင်းများအကြား နမ်းဟူးဆိုသည့် ရွာသို့မရောက်မီ ကားတစ်စီးသွားသာသည့် ကားလမ်းကျဉ်းလေးတစ်ခု ထပ်တွေ့မည်။ ထိုကားလမ်းအတိုင်း ချိုးဝင်လိုက်သော် စငေါဆိုသည့်ရှာကို ရောက်မည်။ ထိုရွာကို ဖြတ်ပြီးနောက် တောင်အတက်ခရီးဖြစ်သည်။ ဆက်၍တက်လျင် ဒုံကောင်ဆိုသည့်ရွာရောက်မည်။ ရွာမဝင်ခင်တွင်မှာတော့ ဘုန်းကြီးကျောင်းသို့ ဆိုတဲ့ လမ်းခွဲလေး ရှိ၏။ အပြန်ထမ်ဆန်းဂူသို့ ဝင်လိုလျင် ထိုဖြတ်လမ်းအတိုင်း သွားနိုင်၏။
လွယ်မုဲင်းတောင်သို့ တက်လိုလျင် ရွာထဲကို ဆက်ဝင်ရမည်။ ရွာထဲရှိ တောင်တက်လမ်းအတိုင်း တက်သွားနိုင်သည်။ ထိုတောင်ပေါ်ကို တက်နိုင်သော ကားများမှာ 4wX မှသာဖြစ်နိုင်သလို ဆိုင်ကယ်ဆိုလျင် 125 လောက်မှ အဆင်ပြေမည်။ ဂီယာကြီးဖြင့်မောင်းနှင်မှ အဆင်ပြေမည်။ တောင်ပေါ်ကို ဆက်၍ တက်သွားလျင် တောင်ပေါ်တဝက်တွင် ဟိုပုံးမြို့မှ ခွန်မောင်ဖြူဆိုသည့် လူတစ်ဦးတည်ထားသည့် ရေကန်နားသို့ရောက်မည်။ ကြည်လင်အေးမြသော ရေသန့်ကို ရရှိမည်။ သောက်သုံးနိုင်သည်။ ရေသန့်ဗူးများ ရေထပ်ဖြည့်နိုင်သည်။ ကားဖြစ်စေ ဆိုင်ကယ်ဖြစ်စေ ထိုနေရာတွင် အနားယူရင်း ကားဆိုင်ကယ်ကို အေးအောင် ပြုလုပ်သင့်သည်။ အချို့က အင်ဂျင်များကို ရေလောင်းခြင်းစသည်တို့ ပြုလုပ်ကြသည်။ အေးဆေးအနားယူ အပန်းဖြေပြီးမှ ဆက်တက်လျင် ကားသက်သာမည်။
တောင်ပေါ်တွင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းရှိပါသည်။ တောင်၏ ကမူတိုင်းတွင် စေတီများတည်ထားသဖြင့် စေတီအများအပြားရှိသည်။ မြတ်စွာဘုရား၏ ခြေတော်ရာရှိသည်။ တောင်ထိပ်ဖျားပေါ်တွင် တောင်ဇလပ်ပင်များက ဆယ်ပင်မျှသာ ရှိတော့သည်။ ဆယ်ပင်မျှသာ ရှိတော့သည် ဆိုခြင်းမှာ ရှေးယခင်က ၎င်းဒေသခံများက ထင်းအဖြစ် အသုံးပြုခဲ့ကြဖူးသောကြောင့် ဖြစ်သည်။ တောင်ဇလပ်ပင်မှာ လေးပေမှသည် ပေလေးဆယ်အထိ ရှည်နိုင်သောကြောင့်လည်း ထင်းအဖြစ် အသုံးပြုခဲ့ကြသည်။ တောင်စောင်းတွင်တော့ တောင်ဇလပ်တောအုပ်ကြီးရှိသည်။ ထိုတောင်နှင့် ကပ်လျက် ထိုတောင်ထက် အနည်းငယ်နိမ့်သော မြောက်ဘက်ကတောင်ကိုတော့ လွယ်မောခမ်းတောင်ဟု ခေါ်သည်။ တောင်ဇလပ်အနီကိုကြည့်ရှုခံစား၍ အားမရ၍ တောင်ဇလပ်ဖြူကိုပါ ခံစားလိုသော် ထိုတောင်ပေါ်သို့ တက်နိုင်သည်။ တောင်၏ အရှေ့ဘက်ရှိ လျိုထဲတွင်တော့ သားရဲတိရစ္ဆာန်များ ရှိသေးသည်ဟု ဒေသခံများက ပြောကြသည်။
နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်း သွားရောက်လျင် ဆွတ်ဆွတ်ဖြူနေသော မြူနှင်းများက ဖွဲ့တည်သော တိမ်ပင်လယ်ကြားမှ ပင်လယ်ရေမျက်နှာပြင် ပေ ၅၀၀၀ နှင့်အထက်၌သာ ပွင့်လေ့ရှိသော ချယ်ရီများကို တွေ့ရမည်။ ဒီဇင်ဘာလလယ်လောက်မှ မတ်လလယ်အထိသွားရောက်လျင် တောင်ဇလပ်ပန်းများကို တွေ့နိုင်မည်။ ပန်းနှစ်မျိုးလုံးကို ရှုမြင်ခံစားလိုလျင် ဒီဇင်ဘာ၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီအတွင်း သွားရောက်သင့်သည်။ နေထွက်ခြင်း နေဝင်ခြင်းနှင့် နံနက်ခင်းအလှကို ကြည့်ရှုခံစားလိုလျင် Tent (ရွက်ထည်တဲ) လေးများယူဆောင်သွားပြီး ညအိပ်ညနေ သွားနိုင်သည်။ စားသောက်ချက်ပြုတ်စရာများ ယူဆောင်သွားပြီး ဘုန်းတော်ကြီးကျောင်းတွင် ချက်ပြုတ်စားသောက်ကာ အိပ်စက်ပြီး တောင်ပေါ်ဒေသ၏ အရသာကို ကောင်းမွန်ထည်ဝါစွာ ခံစားနိုင်သည်။ လေ့လာနိုင်သည်။
လွယ်မုဲင်းတောင်တွင် အခြားအမှတ်တရ တစ်ခုရှိပါသေးသည်။ ၁၉၈၇ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ ဟဲဟိုးမှ မိုင်းဆတ်သို့သွားသည့် ဖော့ကာလေကြောင်းလိုင်း လေယာဉ်တစ်စီး လွယ်မုဲင်းတောင်စွန်းနဲ့ ချိတ်မိပြီး ပျက်ကျခဲ့ဖူးသည်။ ခရီးသည် ၄၅ ယောက်၏ အသက်ဆုံးရှုံးခဲ့သည့်အတွက် အမှတ်တရစိုက်ထူထားသည့် မှတ်တိုင်ရှိသည်။ အချို့သော ရုပ်အလောင်းများကို ဟိုပုံးမြို့တွင် လာရောက်မြုပ်နှံသဖြင့် ယခုထက်တိုင် ဟိုပုံးမှ ဒေသခံများက လေယာဉ်သင်္ချိုင်းဟု ခေါ်သော နေရာတွင် အုတ်ဂူလေးများ ရှိသေးသည်။ နောင်တောင်းဗုဒ္ဓကောလိပ် အနီးတွင် လက်ရှိကာလအထိ ရှိနေဆဲဖြစ်သည်။
လွယ်မုဲင်းတောင်၏ ရင်သပ်ရှုမောဖွယ်ရှုခင်းများကို တဝကြီးခံစားပြီး၍ တောင်အောက်သို့ ပြန်ဆင်းလာလျင် ဒုံကောင်ရွာကို ပြန်ရောက်မည်။ အခြားသော ဒေသနှင့် မတူသော ဒေသခံတို့၏ လူနေမှုဘဝကို လေ့လာနိုင်သည်။ မည်သည့်အိမ်သို့ ဝင်ရောက်လည်ပတ်သည်ဖြစ်စေ ထမင်းဖြင့် ဧည့်ခံကျွေးမွေးပြီးမှ ပြန်ခွင့်ပြုသည့် ဓလေ့များ ခုထိရှိသေးသည်။ ဆယ်စုနှစ် ၅ ခုကျော်လောက်က အိမ်အချို့နှင့် ထူးခြားသည့် အိမ်၏ဖွဲ့တည်မှုပုံစံများကိုလည်း တွေ့ရမည်။ ရှေးအမွေအနှစ်များ ထိန်းသိမ်းထားသည့် ဘုန်းကြီးကျောင်းကိုလည်း တွေ့ရမည်။ ထိုရွာမှတစ်ဆင့် ထမ်ဆန်းဂူသို့ သွားနိုင်သည်။ မသွားဘဲ ဆင်းလာပြီးတောင်ဘက်ကို ဆက်ယွန်းလျင် စငေါ လိုင်းကန်နဲ့ စံဖူးသို့ရောက်မည်။ တချိန်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းစိုက်ခဲ့သည့် သစ်ပင်းများကို အမှတ်တရအဖြစ် စံဖူးရွာတွင် သွားရောက်ကြည့်နိုင်သည်။ ထိုရွာများတွင် ပအိုဝ်းရိုးရာ မပျက်စီးသေးသည့် တိုင်းရင်းသာ လူနေမှုစနစ်ဖြင့် နေထိုင်နေကြသော ရွာများဖြစ်သဖြင့် သွားရောက်၍ လည်ပတ်ကြည့်လျင် မရှုံးနိုင်ဟု ဆိုနိုင်ပါသည်။ ထိုမှတစ်ဆင့် ကျောက္ကချားရွာ သက်တမ်းတစ်ရာပြည့်သွားပြီဟု ဆိုသည့် နမ့်ဟုတ်တိုင်တစ်ရာကျောင်းကိုလည်း သွားရောက်လည်ပတ်လေ့လာနိုင်ပါသေးသည်။ အပြန်လမ်းတွင်တော့ ဟိုပုံးရေထွက်တွင် အလွန်အရသာရှိသည့် တို့ဟူးသုပ်ကိုလား အရသာခံကြည့်နိုင်ပါသည်။
——————————————————–
ဤဒေသရှိ လွယ်မုဲင်းတောင်တွင် တောင်ဇလပ်ပန်းရှိသည်ဟု ၂၀၁၆ ဝန်းကျင်လောက်က လူသိများလာသည်။ လူသိများလာသည်နှင့်အတူ လာရောက်လည်ပတ်သူလည်း များလာသည်။ တချို့က ပုန်းနေသည့်အလှတရားက အိမ်တွင်းပုန်းအပျိုကြီးလို ဟိုင်းသွားမည် စိုးရိမ်၍ တဆင့်ပြီးတဆင့်ဖော်ပြနေကြသည်။ လူများများ လာရောက်လေလေ ပျက်စီးမှုမြန်လေလေဆိုသည့် သဘောတရားကို လက်ကိုင်ထားနိုင်ရမည်။ လူတယောက်က ကွမ်းစားတတ်လျင် ကွမ်းစားတတ်သူတို့ ထုံးစံအတိုင်း ကွမ်းကိုထုတ်ထားသော ပလပ်စတစ်ကို အလွယ်တကူ လွှင့်ပစ်တတ်ကြသည်။ ဆေးလိပ်တိုကို အလွယ်တကူ ဝဲတတ်ကြသည်။ ရေကုန်သွားသော ရေသန့်ဗူးကို မသယ်ချင်ကြ။ အမှိုက်ကို ပြန်သယ်လည်တတ်သည့် မြန်မာလူမျိုးတွေ နည်းနေသေးသည်။ ထို့ပြင် တောင်ဇလပ်ပင်က ၁၀ ပင်ခန့်သာ ရှိတော့သည်။ တဖွဲ့လာလျင် တစ်ပွင့်လောက်ကလေးနဲ့ ဘာမှ မဖြစ်လောက်ဘူးဆိုသည့် အဖွဲ့များမှ တစ်ပွင့်စီ ခူးလိုက်လျင် အဖွဲ့တစ်ရာလျင် အပွင့်တရာ မလိုအပ်ဘဲ ကြွေရမည်။ တချို့က တစ်ပွင့်မဟုတ် တစ်ခက်ပင် ချိုးကြသည်ကိုလည်း ဖေ့ဘုတ်စာမျက်နှာပေါ်တွင် တင်လာသည်ကို စိတ်မကောင်းစွာ တွေ့မြင်နေရသည်။ တောင်ဇလပ်ပန်းကို ချစ်ကြလျင် မိမိတို့၏ လွယ်မုဲင်းတောင်ကို ချစ်ကြလျင် မိမိဒေသကို မြတ်နိုးကြလျင် လာရောက်လည်ပတ်သူများ နည်းလေ ကောင်းလေဆိုတာကို မှတ်ထားရမည်။