မနေ့က ၂၀၁၉ ခုနှစ်အတွင်း မန်းလေးကို သုံးခေါက်မြောက်အဆင်း လုပ်ရမယ့်ကိစ္စတွေကို အမြန်အမြန်လုပ်တယ်။ ရောက်လို့ပြီးတာနဲ့ ခဏ တရေးတမောအိပ်၊ မနက်စာ လက်ဘက်ရည်ဆိုင်ထိုင်၊ ပြီးတော့ ကားလေးဘာလေးငှါးပြီး။ မေမြို့ဘက်ကိုတက်တယ်။ ကျောင်းအပ်ထားတဲ့ တူမလေးကို သွားတွေ့ပြီး လိုအပ်တာများကို ဖြည့်ဆည်းပေးခဲ့တယ်။ အဲဒီနောက် ဘုရားကြီးဘက်ပြန်လာ။ အဲဒီမှာ အပ်ထားတဲ့ ဘုရားထီး နှစ်လက်ကို နည်းနည်းပါးပါး စစ်ကြည့်ပြီး လိုချင်တဲ့ ဆွဲလည်းလေးတွေဝယ်တယ်။ လိုအပ်တာလေးတွေကို မှာကြားတယ်။ (အံမယ် ကိုယ့်ကိုယ်ကို အဲလိုပြောကြည့်တော့ ၁၉၉၇ ကနေ ၂၀၀၇ လောက်က ကာလာတွေ သိပ်မစိုပြေတဲ့ မွဲခြောက်ခြောက် တီဗွီကြီးကို ပြေးမြင်မိတယ်)။ မိန်းထဲမှာ စက်ချုပ်သင်နေတဲ့ ကလေးမလေးဆီ သွားမယ်အလုပ်မှာ မိန်းကလေးတွေဆီသွားရင်တော့ မုန့်လေး ဘာလေး နည်းနည်းပါးပါးဝယ်သွားဦးမှပါ လို့စဉ်းစားတာနဲ့ ကားဆရာကို မုန့်ဆိုင်တစ်ဆိုင်ဆိုင် ရပ်ခိုင်းတယ်။ သူက ခေါခေါတို့ gg တို့ဆိုရင် ဖြစ်လားတဲ့။ ကျုပ်က ပြောပါတယ်။ ခေါခေါဆိုရင် ပိုစုံမှာလို့။ ဒါပေမယ့် ဘုရားကြီးကနေ ထွက်လာတာဆိုတော့ ၈၁ လမ်း။ ၃၉ နဲ့ ၄၀ ကြားနားမှာ gg ဆိုင်နဲ့တန်းတွေ့တာကိုး။ ဒီမှာပဲ ဝယ်လိုက်မလား။ အင်း ဝယ်မယ်လေ။ မုန့်ဖြစ်ရင် ပြီးရော့ပဲဟာ။
“အာလူးကြော်တွေ ပြစမ်းပါ”
ဆိုင်ကမှ ရှည်မျောမျောအကျယ် ၁၀ ပေ၊ အနံ ၈ ပေလောက်ရှိတဲ့ အခန်းကို နံရံကပ်က နှစ်ဖက်၊ အလယ်တန်းက နှစ်တန်း။ မှန်ရေခဲသေတ္တာက ၂ လုံး၊ ကောင်တာက တစ်ခုဆိုတော့ ဘယ်နား ဘာရှာရမှန်းမသိအောင် ဆိုင်ဝန်ထမ်း ၂ ယောက်နဲ့ ဆိုင်က ပြည့်နေတော့ မေးကြည့်လိုက်ရတယ်။
“ဒီဘက်မှာ”
မြေကြီးဘက် လက်ညိုးထိုးပြတာနဲ့ ကိုယ့်အောက် ကိုယ်ငုံ့ကြည့်လိုက်တော့ အလယ်ဘက်က မုန့်စင်ရဲ့ အောက်ဘက်မှာ ချိတ်ထားတဲ့ အာလူးကြော် သုံး လေးမျိုးကို တွေ့ရတယ်။ စျေးက ကပ်ထားပြီးသား။ ဒေသမှာဆို ၂၀၀ ပဲပေးရမယ်။ အဲမှာက တစ်ထောင်ဆိုတော့ မဝယ်ဝံ့ဘူး။
“တခြားဘာမုန့်တွေ ရှိလေးလဲ”
မေးလိုက်တာကို ဆိုင်ဝန်ထမ်းက ဖုတ်လေသည့် ငါးပိ ရှိသည်မထင်တဲ့ မျက်နှာနဲ့ မေးတချက်ငေါ့ဖြေတယ်။ အဲဒါနဲ့ ကိုယ်လည်း ဘာသာပဲ ရှာလိုက်တယ်။ ငါသာဆို ဘာစားချင်လဲလို့ စဉ်းစားပေမယ့် လက်ဘက်ရည် သောက်ထားလို့ ဘာမှ မစားချင်ဘူး။ ဒါနဲ့ ဝေဖာနှစ်ထုတ်လောက်ဆို ရပြီထင်ပါရဲ့ ဆိုပြီး ကောင်တာဘက် လာခဲ့တယ်။ မဖြစ်သေးပါဘူးလေဆိုပြီး ဗူးနဲ့ သူများနိုင်ငံကလာတဲ့ အာလူးကြော်ကို ဝယ်ပေးလိုက်တယ်။ ကောင်တာပေါ်တင်အပြီး ကောင်တာအောက်မှာ စီထားတဲ့ ချောကလက်တွေ ပီကေအမျိုးမျိုးတွေနဲ့ ချိုချဉ် အမျိုးမျိုးတွေကို ကြည့်ရင်း ဒီကာလမှာ ချောကလက်ကို ဝယ်ပေးသွားလို့ မကိုက်ချေဘူး။ ပီကေဖြစ်ဖြစ် ချိုချဉ်ဖြစ်ဖြစ် ဝယ်သွားဦးမှဆိုပြီး အထုပ်ကလေးတွေကို ကိုင်ကြည့်တယ်။ ကောင်တာ ရှေ့တည့်တည့်မှာပဲ ဆိုတော့ အေးဆေးပါပဲ။ အထုပ်လေးကိုင်ကြည့်။ ခါကြည့်လုပ်တယ်။ အထုပ်က အရမ်းပေါ့နေတယ်။ အဲဒါကို နှစ်ထုပ်သုံးထုပ်လောက် ကောင်တာပေါ် ကောက်တင်လိုက်တယ်။ ဆိုးတာက ကောင်တာ အစွန်းမှာ တင်မိတော့ တစ်ထုပ်က ဖုတ်ဆို ကျသွားတယ်။
“ဒါက အထဲမှာ ဘာလဲ အရမ်းပေါ့တာကော”
“အဲဒါ စားလို့ရတဲ့ဟာတွေ မဟုတ်ဘူးဘုရား”
“အင် နင့်ကောင်တာ ရှေ့တည့်တည့်မှာကြီး တင်ထားတာလေ ဒါဆို ဒါက ဘာတွေလဲ”
“ကွန်ဒုံးတွေပါဘုရား”
“ဘာ”
“တင်ပါ”
“ငါ ဒီအတိုင်း ဝယ်သွားရင် နင်ဘာမှ မပြောပဲ ငါ့ကို ရောင်းပေးမယ်ပေါ့ ဟုတ်လား”
“တင်ပါ့ဘုရား”
“ငါ့ကို ပြောပါလား၊ အဲဒါကွန်ဒုံးတွေလို့၊ ဒါဆို ပီကယ်တွေ ဘယ်မှာတုန်း”
“ဒီမှာပဲ ဘုရာ့”
ကြည့်စမ်းပါဦး။ ချောကလက်၊ ကွန်ဒုံးနဲ့ ပီကယ်တုန့်ဟာ တတန်းတည်းထားထားတယ်။ အဲဒီကွန်ဒုံးဗူးသာ ဖုတ်ဆို ပြုတ်မကျခဲ့ဖူးဆိုရင် ကိုယ်ကလည်း မမေးခဲ့ဘူးဆိုရင် ချစ်သူများနေ့ မတိုင်မီလေးမှာ သူများသမီးပျိုတွေကို ကွန်ဒုံးဝယ်ပေးမိတော့မလိုပဲ။