မုန်းတော့အပြစ် ချစ်တော့အကျိုး မြတ်နိုးတော့သဒ္ဓါတဲ့။ ဒီစာကို ဒီသဘောနဲ့ရေးထားလေတော့ ဒီသဘောနဲ့ဖတ်ပါ။ ခရီးစဉ်လေးအကြောင်းရေးမယ်လုပ်တော့ တနေ့က တက်လာတဲ့ ဆရာနရနီရဲ့ Status ကို ပြေးသတိရမိတယ်။ Status ကို မြန်မာလို ဘယ်လိုဖလှယ်ရမှန်းမသိတော့ ဆရာကျော်စိန်ပြောသလို မြန်မာစကားကို မြန်မာနားလည်အောင် အင်္ဂလိပ်စာညှပ်ပြီးပြောရတယ်ဆိုတဲ့စကားကို လိုက်နာခွင့်လေး ပြုတော်မူကြပါ။ ဆရာနရနီက သူ့ Status မှာ “လူလေးသန်း ၅၀ ရှိပါတယ်။ စစ်တပ်ကတစ်မျိုး၊ ရဲကတစ်မျိုး၊ မီးသတ်ကတစ်မျိုး၊ အစိုးရကတစ်မျိုး၊ အစိုးမရကတစ်မျိုး၊ ဘုန်းကြီးရဟန်းက တစ်မျိုး၊ ခရိုနီကတစ်မျိုး၊ ဆရာဝန်က တစ်မျိုး၊ ဒေါက်တာကတစ်မျိုး၊ ပါရဂူကတစ်မျိုး၊ အင်ဂျင်နီယာကတစ်မျိုး၊ ဘူမိကတစ်မျိုး၊ သစ်တောကတစ်မျိုး၊ ရေဆင်းကတစ်မျိုး၊ နည်းပညာကတစ်မျိုး၊ သင်္ဘောသားကတစ်မျိုး၊ ရှေ့နေရှေ့ရပ်ကတစ်မျိုး၊ လယ်သမားကတစ်မျိုး၊ အလုပ်သမားကတစ်မျိုး၊ စာရေးစာချီကတစ်မျိုး၊ ဝန်ထမ်းကတစ်မျိုး၊ အနုပညာသမားက တစ်မျိုး၊ လူမိုက်က တစ်မျိုး၊ လူလိမ္မာကတစ်မျိုး၊ နိုင်ငံရေးသမားကတစ်မျိုး၊ ပရဟိတသမားက တစ်မျိုး၊ မြို့မိမြို့ဖကတစ်မျိုး၊ မြို့မျက်နှာဖုံးကတစ်မျိုး၊ ကုန်သည်ပွဲစားကတစ်မျိုး၊ စစ်ပြန်စစ်မှုထမ်းဟောင်းက တစ်မျိုး၊ ရှမ်းကတစ်မျိုး၊ ရခိုင်ကတစ်မျိုး၊ ကချင်ကတစ်မျိုး၊ မွန်ကတစ်မျိုး၊ ကရင်ကတစ်မျိုး၊ ကယားကတစ်မျိုး၊ ချင်းကတစ်မျိုး၊ တိုင်းရသားက တစ်မျိုး၊ ဗမာကတမျိုး၊ ကျုပ်တို့ ထီးပြင် ဓာတ်ဘူးပြင် ဖိနပ်ပြင် လေထိုးကျွတ်ဖာ ဂဟေဆော် ပန်းရံလက်သမား သံချည်သံကွေး ကားမောင်း စျေးရောင်း ခွေးမောင်း ငါးရှာဖားနှိုက် ထင်းခုတ် ထန်းတက် နွားချေးကောက် လယ်ကူလီ လှည်းမောင်း ဆိုက်ကားနင်း ကြုံရာကျဘမ်း ဒရဝမ် ညစောင့် လမ်းဘေးအိပ် ကုန်ထမ်း ရှပ်ကီဖဲ့တဲ့ ကောင်တွေက ဘယ်သွားနေရမှာတုန်း။” လို့ ရေးထားတယ်။ သူပြောသလို ဘယ်သွားနေရမှန်း မသိလို့ ဒါက တန်းညှိတဲ့အနေနဲ့ သူဌေးရပ်ကွက်ကို မီးရှို့တဲ့သဘောပါ။
နောင်တောင်းပရဟိတထဲမှာ ထပ်ပြီးမွှာနေတဲ့ အစိပ်ကလေးတွေ ရှိတဲ့အထဲက ငွေစုငွေချေးအဖွဲ့ဆိုတာလေးလည်း ရှိပါတယ်။ အစက ဒီထဲကျွန်တော် မပါဘူးရယ်။ သူရို့ဖွဲ့ပြီး သုံးနှစ်လောက်ကြာမှ ဆရာမ ရီရီလေးက သူတို့ပေါင်ကို လှံနဲ့ထောင်းမယ့် ကျွန်တော့်ကို သူ့ရဲ့ သန့်စင်သော စေတနာနဲ့ အစစအရာရာ ကူညီထည့်ဝင်ပေးခဲ့တယ်။ အခုတော့ တောင်ပို့မှန်းသိအောင် ဖွတ်ကောင်ထွက်ပြပါပြီ။ SEMS သင်တန်းမှာတော့ Micro credit union သို့မဟုတ် Micro saving group ကိုပေးတာဟာ လူကို အဓိကအခြေပြုတဲ့ စနစ်နဲ့ သွားခိုင်းပါတယ်။ ရပ်ရွာတွေ မိမိတို့ဒေသတွေ ပြန်လည်သန်စွမ်းလာအောင် အချင်းချင်း ရင်းနှီးလာအောင် လူကိုသာ ဗဟိုပြုရမယ်စသဖြင့် မိမိဒေသအလိုက် နည်းအမျိုးမျိုး ကွဲပြားနိုင်တယ်လို့ အသက အသကရှိကြတဲ့အထဲမှာတော့ နောင်တောင်းရဲ့ သွားပုံစနစ်ကလည်း တစ်ဖုံဆန်းမယ်လို့ ထင်ပါတယ်။ ကျွန်တော်က အဝေးမှာနေတော့ လူအချင်းချင်းတွေ့ဆုံတာ ဆွေးနွေးတာ တစ်ခါမှ မပါဝင်ခဲ့ဖူးဘူး။ သင်တန်းမှာတွေကတည်းက MCU ကို သိပ်အလေးထားပြီး နားမထောင်ဖြစ်တာလည်း ပါလေတော့ ဘယ်လိုသွား ဘယ်လိုလာတယ်ဆိုတာလည်း မသိပါဘူး။ ဒီတော့ သူတို့စေခိုင်းသလိုလေး ခရီးသွားမယ် လိုက်မလားဆိုတော့ အရှုံးခံလို့ မဖြစ်ချေဘူးဆိုတဲ့ စိတ်နဲ့ လိုက်မယ်လို့ အာမဘန္တေလိုက်တယ်။ ပြီးတော့လည်း ဒီလိုလိုက်ပါပါမှ Naung Taung MCU ရဲ့ ရည်ရွယ်ချက်က ကိုယ်ကခုထိ ဘာမှန်းမသိသေးပေမယ့် အဲအတွက်တော့ ကိုယ့်ပါဝင်မှုက အသက်ဝင်မှာကိုး။ နောက်ပြီး အဖွဲ့ဝင်အတွင်း ပါဝင်သူအချင်းချင်း ရင်းရင်းနှီးနှီး စကားပြောခွင့်ရမယ်။ အတူတူသွားမယ်။ အတူတူစားမယ်။ အတူတူတစ်ခုခုလုပ်မယ်။ အနာဂတ် Plan လေးတောင် ထွက်လာချင် ထွက်လာနိုင်သေးတယ်လေ။ စိတ်အပန်းတွေပြေပြီး အမြင်တွေ သစ်ဆန်းသွားနိုင်တယ် မဟုတ်ပါလား။
သွားမယ့် နေရာက ကမ်းခြေဆိုတော့ စိတ်နည်းနည်းကသိကအောက်ဖြစ်သွားပေမယ့် အရှုံးမရှိပါဘူးလေလို့ တွေးလိုက်ပါတယ်။ ဒီအချိန်က လူတွေတော်တော်များများ “ဘားနက်” ရွာကို စိတ်ဝင်စားကြတဲ့အချိန်လေ။ ဒါပေမယ့် ရှမ်းပြည်သားတွေအနေနဲ့ ဘားနက်ဟာ သိပ်မထူးဘူး။ နောက်ပြီးတော့ ဝိတိုရိယတောင်ခေါ် နတ်မတောင်ပေါ့။ ဒါလည်း ရှမ်းပြည်သားအနေနဲ့ မထူးပြန်ဘူး။ တောင်ဇလပ်လား။ လွယ်မိုင်းတောင် တက်ပလိုက်မှာပေါ့။ မြန်မာပြည်မြောက်ပိုင်းဆိုရင်ပြန်တော့လည်း ဝေးလွန်းတယ်လေ။ ကမ်းခြေကတော့ တောင်ပေါ်သားအတွက် ထူးဆန်းတဲ့အရာလည်းဖြစ်တယ်။ ကမ်းခြေကလည်း ဒီလိုအချိန်မှ သွားလို့အဆင်ပြေတဲ့ ကာလဖြစ်ပြန်တယ်။ နောက်တစ်ချက်က သိပ်မကြာသေးတဲ့ ကာလကမှ ချောင်းသာဟိုတယ်ဇုန်တွေမှာ လျှပ်စစ်မီးမပေးရေး သိမ်းဆည်းခံပြည်သူတွေ ဆန္ဒပြခဲ့ကြသေးတယ်ဆိုတဲ့ သတင်းကို ဖတ်ဖူးသလိုလိုရှိတော့ နည်းနည်း စိတ်ဝင်စားစရာကောင်းတယ်။ သိမ်းထားသူ၊ သိမ်းထားတဲ့နေရာအပေါ်တက်နေတဲ့သူနဲ့ ဒေသခံ၊ ပြီးတော့ ကမ်းခြေကို ၂၀၁၁ မှာမှ ဟိုတယ်ဇုန်တွေ စဆောက်ခဲ့ပေမယ့် စတင်ဖွင့်လှစ်ခဲ့တဲ့ ၁၉၉၆ ကတည်းကနေစပြီး ခုထိသွားရောက်လည်ပတ်နေကြတဲ့ လူတွေရဲ့ မျက်နှာတွေကို ကြည့်ချင်တယ်။
Express နဲ့လားဆိုတော့ Light Track နဲ့ပါတဲ့။ တကယ်တမ်းတော့ ရွာတွေမှာ ကုန်တင်ပြီး မဖြစ်မနေ လူလိုက်စီးရတဲ့ စျေးပါတ်ကားကြီးနဲ့ သွားရတယ်။ ဆရာဘုန်းကြီး ဆုံးမနေကျ ဖြစ်တဲ့ “လူဆိုတာ တန်ရာ တန်ရာ ဂစ္ဆတိကွ၊ လူတွေဟာ ကိုယ့်အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ အလုပ်၊ ကိုယ့်အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ အနေအထိုင်၊ ကိုယ့်အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ အပြောအဆိုတွေပဲ လုပ်ကြတယ်” ဆိုပြီးတော့ ကရုဏာဒေါသောနဲ့ ရေရွတ်သံလေးကို ပြန်ကြားယောင်မိတယ်။ သို့ငြားလည်း ဂေါနေန ဂေါနော သာမဏေန သာမဏောမို့ ဘူဘူချင်း တစ်လုပ်ပြီး မပြောချင်ဘူး။ သည်လိုကားနဲ့ သည်လိုခရီးရှည်ကြီးစီးရမယ်ဆိုတာ သိနေပေမင့် ဘာပြင်ဆင်မှုမှ လုပ်မသွားမိတာလည်း ကားစီးရင်းတော်တော်နောင်တရမိတယ်။ ကုန်တင်နေကျကားဟာ အခင်းမာမယ်။ ကုန်အပြည့် ခံနိုင်အားအတွက် ကားလေးကို ထပ်ထားမယ်။ အပေါ်ကိုင်းက မြင့်မယ်အဲဒါကို ကြိုတွေးမထားမိဘူး။ နောက်ခန်းမှာ စီးရမှာဖြစ်တဲ့အပြင် ညဘက်ကြီးလည်းဖြစ် ဆောင်းတွင်းလည်းဖြစ်နေတယ်ဆိုတာကို မေ့ပြီး ကိုယ့်ကိုယ်ကို သုံးရာသီခံလူသားလို့ ထင်နေမိတာလည်း နောက်အမှားတစ်ခု။ ရှေ့ခန်းမှာလည်း မထိုင်ရဲဘူး။ Toll Gate မှာ ဘုန်းကြီးကျောင်းကား မဟုတ်တာကြီးကို ဘုန်းကြီးကျောင်းကားဆိုပြီး Power Over လုပ်တာကို မခံစားနိုင်ဘူး။ နဂိုကတည်းက အာဏာကို အလွန်အကျွံသုံးစွဲတဲ့သူကို မုန်းတယ်။ ခုလို အခွန်ကျတော့မဆောင်ဘဲ ကိုယ့်ရွာဘက် လမ်းမကောင်းတာကျတော့ အော်နေတဲ့အဖြစ်မျိုးနဲ့ ဆင်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို ဖျက်ဆီးနေတဲ့ အပြုအမူမျိုးကို မျက်နှာချိုချိုနဲ့ လုပ်ရတာလား။ မျက်နှာပြုံးဖြီးဖြီးနဲ့ လုပ်ရတာလား။ မချိုမချဉ်မျက်နှာထားနဲ့ လုပ်ရတာလား။ ဟေ့ ငါ ဘုန်းကြီးကွဆိုတဲ့ မာန်ထန်တွေနဲ့ လုပ်ရတာလား မသိတော့ ရှေ့ခန်းကြီးလည်း လုံးဝမစီးချင်မိဘူး။ ဒီတော့ စဉ်းစားရတယ်။ လေက အဲလိုအရှိန်ပြင်းပြင်းနဲ့ဆိုရင် လေထဲမှာ အောက်ဆီဂျင် သိပ်မပါဘူး။ အအေးဓာတ်ပါဝင်မှုနှုန်းများတယ်။ တစ်ပေခွဲလောက်မြင့်တဲ့ ကားဘေးဘောင်လေးကို ခိုပြီးလေကို ကာကွယ်တော့ ဘိုက်ဘရေးရှင်းအရှိန်ပြင်းပြင်းနဲ့ ခုန်နေတဲ့ စက်ပေါ် ပဲလှော်စေ့တင်ထားသလို လိုင်းပျောက်မောင်းနေတဲ့ ကားက ကိုယ့်ကို စံနေတော့ မခံနိုင်ပြန်တာနဲ့ ကုလားဘုရားရော အင်္ဂလိပ်ဘုရားရော မြန်မာဘုရားတွေဆီ လေဖြတ်မသွားအောင် ဆုတောင်းပြီးပဲသာ လိုက်ရမယ်။ အောက်ဆီဂျင်အပြည့်မပါတဲ့လေကို အပြည့်ရအောင်ရှူရင်း လေအေးကို အဆုပ်ထဲမဝင်အောင်သတိထားရင်း အဆုပ်အအေးမပပ်အောင် တရုတ်ဘုရားဖြစ်တဲ့ ကောင်းကင်ကြီးကို တိုင်တည်ပြီး စီးရမယ်။ နောက်ခန်းမှာ ယောက္ခမက လွှင့်ပစ်ဖို့ တင်ပေးလိုက်တဲ့ သံတိုပေစတွေကို တင်ပြီး မောင်းနေရသလို မောင်းနေတဲ့ ကားကြောင့် ကျောရိုးကတော့ ရေယားအကျော်မှာကတည်းက အောင့်သွားပြီ။ ခါးရိုးမကျိုးအောင် ဘယ်လိုစောင်း ဘယ်လိုလှည့်စီးရမလဲဆိုတာပဲ ဉာဏ်ဆင်နေရပါတယ်။ ကားက ကုန်တင်ကား အမျိုးအစားဖြစ်တော့ အမြန်လမ်းမှာ ကီလိုမီတာ ၆၀ ကျော်ပြီး မောင်းနှင်ခွင့်မရှိဘူး။ ကံဆိုးတာက သိပ်မခုန်တဲ့နေရာမှာ ကားကို ဖြည်းဖြည်းပဲ မောင်းခွင့်ရပြီး ခုန်ချင်သလိုခုန်နေရာမှာကျ ကားကို မိုင်ကုန်ဖွင့်နိုင်တာပါပဲ။ ပုံမှန်ကားက တောင်ကြီးကနေ ညနေ ငါးနာရီထွက်ရင် ရန်ကုန်ကို မနက်ငါးနာရီရောက်တယ်။ ခုတော့ 115 Miles မှာမှ ၆း၁၃ ရှိနေပြီ။ အမှတ်သုံးလမ်းဆုံရောက်တော့ ၁၁း၂၄ ရှိနေပြီ။ ထန်းတပင်မှာ နေ့လယ်စာစားတော့ ၂း၀၃ ရှိပေါ့။ တော်သေးတာပေါ့။ နေ့လယ်စာစားတဲ့နေရာက Resort လိုနေရာမျိုးဖြစ်နေလို့။
ကားစီးကတည်းက မျှော်နေမိတဲ့ “ဒါက ခရီးအစီအစဉ်” ဆိုတဲ့ စာရွက်ကမ်းတာမျိုးလည်း မရှိတော့ အင်း သူတို့အစီအစဉ်က ရှိပြီးသားထင်ပါရဲ့လို့တွေးလိုက်တယ်။ ဘာလို့ဆို GPS နဲ့ ကမ္ဘာပတ်လို့ရတဲ့ခေတ်မှာ ရန်ကုန်မြို့ထဲ မဝင်တတ်လို့ လမ်းပြငှါးထားကြတယ်ဆိုကတည်းက အစီအစဉ်ခိုင်မာကြမယ်လို့ ယုံကြည်ပါတယ်။ GPS မှာတော့ မနားတမ်းမောင်းရင် 15hr 20min လို့ပြထားတဲ့ ခရီးစဉ်ကို ၁၅ နာရီနဲ့ထည့်ပေါင်းပြီးနောက် ချောင်းသာကမ်းခြေနားက တည်းခိုရမယ့် See Breeze Hotel ဆိုတဲ့ နေရာကို ည ၁၀း၄၆ မှာရောက်ပါတယ်။ ခရီးစဉ်က ချောင်းသာမို့လို့အားလုံးက ပျော်သွားကြမယ်ထင်ပါတယ်။ သူတို့ရဲ့ Facebook wall မှာ အိပ်မရဘူးဆိုတဲ့ ဝမ်းသာလုံးဆို့တဲ့ Status လေးတွေ တက်လာတာကို ခန့်မှန်းကြည့်ရရင်ပေါ့။ ဒါမှမဟုတ် ညအချိန်လွန်သွားလို့ ခရီးပန်းလို့အိပ်မရတာလားတော့ မသိဘူး။
ကားတစ်ချက် နားတိုင်း ရန်ကုန်နဲ့ ချောင်းသာခရီးစဉ်ကရော ဘယ်လိုလဲဆိုပြီး ချောင်းသာနဲ့ပတ်သက်လို့ ခရီးသွားလမ်းညွှန်တွေ လိုက်ဖတ်တော့ သေချာတိကျတဲ့ ခရီးလမ်းညွှန်က မရှိဘူး။ မြန်မာမှာ ခရီးလမ်းညွှန်တွေ သေချာမရေးဖြစ်ကြဘူးလို့ထင်တာပဲ။ နိုင်ငံခြားသားတွေအတွက် ထုတ်ထားတဲ့ ဟိုတယ်လမ်းညွှန်စာအုပ်တွေမှာရယ် Tourist Guide တွေကိုင်တဲ့စာအုပ်တွေရယ်မှာတော့ အင်္ဂလိပ်လို ရေးထားတဲ့ မြန်မာပြည်ခရီးသွားလမ်းညွှန်စာအုပ်တွေမှာတော့ တွေ့ဖူးတယ်။ ဒါပေမယ့် အဲစာအုပ်ကို ရှာဝယ်နေရဦးမယ်။ ပြီးတော့ ကိုယ်မသိ မတတ်တဲ့ ဘာသာစကားတစ်ခုနဲ့ဆိုတော့ သူသူငါငါ အင်တာနက်ကို ခါးကြားညှပ်သွားနေချိန်မှာ ဖုန်းကိုပဲ ထုတ်သုံးပြီး ရှာကြည့်မိတာပေါ့။ ခုခေတ်က Blog ခေတ်မဟုတ်တော့ Vlog ကိုပိုရှာဖြစ်တယ်။ Blog ကောင်းကောင်းမရှိသလို Vlog တွေလည်း ကောင်းကောင်းမရှိဘူး။ ချောင်းသာနဲ့ပတ်သက်တဲ့ Vlog တွေရှိပေငြားလည်း နောက်ခံစကားပြောတွေ မပါဘဲ မိသားစုနဲ့ အလှရိုက်ထားတဲ့ Video Clip လေးကို နောက်ခံစာသားထည့်ထားတာပဲ ရှိတယ်။ မြန်မာမှာ Travel Vlog ကောင်းကောင်းမရှိသေးဘူးလို့ မျှော်နေတုန်း ၂၀၁၈ အကုန်လောက်မှာ ယွန်းဝတီလွင်မိုးက Travel Vlog လုပ်မယ်ဆိုပြီး ကြော်ငြာလာတယ်။ အဖေက စွံသလောက် သမီးက အနုပညာပါရမီပါမလာဘူးထင်ပါရဲ့။ ရိုက်ချက်တွေကလည်း သူ့ရဲ့ကလေးကို ကင်မရာကိုင်ခိုင်းထားသမလားမှတ်ရတယ်။ ဒါနဲ့ Browser ဖွင့်ပြီး လမ်းညွှန်ဝက်ဆိုက်တွေ လိုက်ဖတ်ကြည့်တော့လည်း ဟိုတယ်ကြော်ငြာတွေက များနေတယ်။ ဝက်ဆိုက်တွေလုပ်ခဲ့ကြပေမယ့် SEO ကပဲ မကောင်းကြလို့လား မသိဘူး။ သေချာတိကျတဲ့ လမ်းညွှန်ပေါ်မလာဘူး။ လမ်းညွှန်လေးများ ဖတ်ထားရရင် သို့မဟုတ် ပုသိမ်ကသူငယ်ချင်းကို မေးထားရရင်လေ ဆိုက်ရောက်ချိန် ခန့်မှန်းမယ်။ အနားယူချိန် သတ်မှတ်မယ်။ ပြီးရင် မနက်ပိုင်း ၈း၃၀ မှာ သဲဖြူကျွန်းနဲ့ ကုလားကျွန်းမယ်။ အဲကနေ နေ့လယ်စာကို အတွက်ကြိုမှာထားပြီး ပြန်စားမယ်။ ခဏနားမယ်။ ပြီးရင် နေ့လယ်ပိုင်း ၁း၀၀ ဝန်းကျင်မှာ ငွေဆောင်သွားမယ်။ ညနေပိုင်းမှာ ပင်လယ်စာသန့်သန့်လေးရတဲ့ဆိုင်ကို ရှာမယ်။ Booking လုပ်ထားပြီး ညနေ ၈း၀၀ လောက်ကျရင် အဲမှာ အချိန်သွားဖြုန်းမယ် ဆိုတာကို သူများမဆွဲခဲ့ရင်တောင် ကိုယ်ထဆွဲလို့ရတယ်။ အပေါ်က ဆရာနရနီရေးတဲ့ တစ်မျိုးထဲမှာ ဂျေဂျူဝိုင်ကလည်း တစ်မျိုးဖြစ်လေတော့ ဦးလည်းမဆောင်ချင် နောက်လည်း မလိုက်ချင် အစီအစဉ်တွေ ဘာတွေဆွဲပြပြီး စဆရကလည်းမလုပ်ချင်တော့ မောင်ဘချစ်လုပ်ပြီးတော့ ဖြစ်ချင်ရာဖြစ်စိတ်ထားလေးနဲ့ နေမထိထိုင်မသာစိတ်ကလေးကို ဖုံးကာ ဝှက်ကာနေနေလိုက်တယ်။
ရောက်ပြီဆိုမှတော့ အမြဲလုပ်လေ့ရှိတဲ့ အလုပ်ဖြစ်တဲ့ မျက်နှာကို လိုက်ကြည့်တဲ့ အလုပ်လုပ်ပါတယ်။ ချောင်းသာကမ်းခြေကို လာအပန်းဖြေတဲ့သူတွေကို သေချာလိုက်ကြည့်တယ်။ အစက မျက်နှာကြည့်မလိုပါပဲ။ နောက်တော့ အဝတ်အစားတွေကို ပိုလို့ သတိထားမိသွားစေတယ်။ ကမ်းခြေကိုလာရင် ဘယ်လိုအဝတ်အစားမျိုး ဝတ်ရမလဲ ပင်လယ်ထဲ ရေဆင်းကူးရင် ဘယ်လိုဝတ်ရမလဲဆိုတာကို သိတဲ့သူတော်တော်နည်းသေးတယ်လို့ ကိုယ့်ဘာသာကို စဆရကမှတ်ချက်ချလိုက်တယ်။ ကမ်းခြေမှာရော ရေထဲမှာပါ ဖိုသတ္တဝါဖြစ်တဲ့အတွက် မသတ္တဝါလေးကို ဦးစားပေးကြည့်ဖြစ်တော့ ငါတို့မြန်မာမလေးတွေဟာ ပေါင်တံကို အလှပြင်ထားခြင်းမရှိ ဘာမရှိနဲ့ အရပ်ထဲ ရွာထဲမှာ ခြေမျက်စိလုံအောက် ဝတ်ခဲ့ရသမျှ ပင်လယ်ကြီးကို လာဟဲ့ ကြည့်စမ်းဟဲ့လို့ လာပြနေသလားထင်ရတယ်။ ဇရာရဲ့အရစ်အရစ်တွေ ထနောင်းပင်လို အထွန့်တက်နေတဲ့ အညိုအစင်းအစင်းတွေနဲ့ အရင်းတုတ်ပြီး အဖျားရှူးတဲ့ပေါင်တံရယ် ချွန်စူးစူး ခြေသလုံးရယ်ကိုပဲ တွေ့ရတော့ တဏှာစိတ်ပေါ်မယ့်အစား အော် အနိစ္စ ဒုက္ခ အနတ္တလို့ပွားချင်စိတ်တွေနဲ့ပဲ လှလို့မဟုတ် နောက်တစ်ခါ ထပ်ကြည့်ရင် တောထွက်ချင်စိတ်ပေါက်သွားမှာစိုးလို့ ထပ်မကြည့်ဖြစ်ခဲ့ဘူး။ ချောင်းသာဆိုတာ ကမ်းခြေ။ ကမ်းခြေဆိုတာကို ရုပ်ရှင်တွေထဲ ကြည့်ရင် ရေပဲကူးနေကြတယ်ဆိုတော့ လာရတဲ့ အစီအစဉ်ကလည်း အဲလောက်ပဲဖြစ်မယ်ထင်ပါတယ်။ အရင့်အရင်ဘလော့တွေမှာတော့ ကျောက်ဖားကြီးဆိုတာလည်းတွေ့ရတယ်။ ခုသွားတော့ သူတို့ပြောပြတဲ့အစီအစဉ်တွေထဲမှာ ကျောက်ဖားကြီးဆိုတာ မပါဘူး။ စိတ်ဝင်စားစရာ မကောင်းဘူးထင်ရဲ့။ မြွေကျွန်းဆိုတာလည်း တွေ့ရတယ်။ မြွေအမျိုးအစားက ထိုင်းနိုင်ငံက kophiphi ကျွန်းမှာ အန္တရာယ်ရှိတယ်လို့ သတ်မှတ်ခံထားရတဲ့ မြွေနဲ့ ပုံစံကတူနေတယ်။ အဲဒီမြွေအမျိုးအစားကို သဲဖြူကျွန်းမှာ တွေ့ခဲ့တယ်။ ကျွန်းကိုလေလံဆွဲထားတဲ့ သူဌေးဆီက ဓာတ်ပုံရိုက်ခွင့်လေလံတစ်ဆင့်ထပ်ရထားတဲ့ ဓာတ်ပုံဆရာ ပြောတာကတော့ ကိုင်လို့ရတယ် အဆိပ်မရှိဘူးတဲ့။ သူ့ကို ကိုင်ပြခိုင်းကြည့်ဖို့ မေ့သွားတယ်။ နောက် ဆင်စခန်းတဲ့။ အပြောင်အရှင်းခံရလို့ အရိုးပဲ ကျန်တော့တဲ့ ပဲခူးရိုးမထဲမှာသာ ဒီလိုဆင်စခန်းရှိရင် တကူးတက သွားစီးမိဦးမယ်။ ဒါပေမယ့် ကျွန်တော်က အဆွယ်ကောင်းစရာမလိုဘူး။ လုပ်မလားလို့သာ တစ်ချက်မေးလိုက်။ ဆင်လား စီးပြီးသားပဲ။ မြင်းလား စီးပြီးသားပဲ။ နောက် ဆင်းမြီးကွင်းလက်စွပ် ဝယ်မလားတဲ့။ ဆင်းမြီးကွင်းလက်စွပ်ကို စိတ်ဝင်စားလို့ ဝယ်တာ။ မာရဇ္ဇသီချင်းလေးကို ပြန်ကြားယောင်လို့ဝယ်တာ။ သူတို့ ပြောတဲ့ ဆင်းမြီးကွင်းလက်စွပ်ဝတ်ထားရင် မျက်နှာပွင့်တယ်လို့ ပြောတာကို ယုံလို့မဟုတ်ဘူး။ ရောင်းတဲ့သူက ဒါကို ယုံယုံကြည်ကြည်ကို ပြောရှာတာ။ ကိုယ့်ယုံကြည်ရာနဲ့ ကိုယ်ပိတ်မိနေတဲ့ လူတစ်ယောက်ပဲဆိုပါတော့။ နောက်တစ်ခုက ကျောက်မောင်နှမတဲ့။ လူညံ့တွေဟာ သူများထူးဆန်းတိုင်း လိုက်ထူးဆန်းတတ်တယ်။ လူတော်တွေက သူများ သာမန်လို့ထင်တာကို အထူးအဆန်းလုပ်တတ်တယ်တဲ့။ ခက်တာက ကျွန်တော့်အတွက် လောကကြီးမှာ ထူးဆန်းတယ်ဆိုတာ မရှိသေးဘူးဖြစ်နေတယ်။ ပင်လယ်ကမ်းစပ်မှာ ရှိတဲ့ ကျောက်တုံးကြီး မုန်တိုင်းဒဏ်ကြောင့် ကွဲသွားပြီးတဲ့နောက် နတ်ထီးရုပ်နဲ့ နတ်မရုပ်တည်ထားတာ။ ဒါကို ကျောက်မောင်နှမလို့ ခေါ်လိုက်တာ။ နတ်မရုပ်ချည်းဆိုရင် ကျောက်ညီအစ်မဖြစ်ပြီး နတ်ထီးရုပ်ချည်းဆိုရင် နတ်ညီအစ်ကိုဖြစ်မှာ။ အဲဒီနားက ဓမ္မာရုံက မည်သူမဆို အခမဲ့တည်းခိုနိုင်သည်ဆိုတဲ့ စာတန်းလေး ချိတ်ဆွဲထားတယ်။ နောက်ဆို အဲလိုနေရာကို အရင်စုံစမ်းရမှာ။ ဒါမှမဟုတ် ချောင်းသာကမ်းခြေမှာ တယောက်ယောက်က စေတနာ့ဝန်ထမ်းလုပ်ပြီး ဝက်ဆိုက်တစ်ခု လုပ်ထားကြရမှာ။ ကဏ္ဍအခွဲလေးတွေနဲ့ပေါ့။ ငှက်ကျွန်း၊ တောင်လျားရှည်ကျွန်း၊ ၊ ချစ်သူများကျွန်း၊ လိပ်ကျွန်းအကြောင်းစတဲ့ကျွန်းအကြောင်းတွေလည်း ပါမပေါ့။ ဒီကျွန်းတွေက ငွေဆောင်ဘက်မှာ ရှိတယ်ဆိုပေမယ့် Speed boat နဲ့သွားလို့ရတဲ့အကြောင်းပေါ့။
ပုသိမ်ရောက်တော့ သူငယ်ချင်းကို ဖုန်းဆက်လိုက်တယ်။
“ငါ နင့်မြို့ကို ရောက်နေတယ်”
“ဘယ်သွားမလို့လဲ”
“ချောင်းသာ”
“ဘယ်နှစ်ရက်နေမှာလဲ”
“နှစ်ညအိပ်မှာ”
“အဲဒါဆို ဘယ်မှ မရောက်နိုင်တော့ဘူးပေါ့”
တဲ့။ သူပြောတာ။ ကိုယ်ကတော့ တေးလိုက်တယ်။ သူပြောတဲ့ ဘယ်မှ မရောက်နိုင်ဘူးဆိုတာ မဖြစ်စေရဘူးဆိုပြီး နပိုလီယံဟန်ပန်နဲ့ကို ကြုံးဝါးလိုက်တာ။ ဒါပေမယ့် ဖေမြင့်စာအုပ်လို မဖြစ်နိုင်ဘူးဆိုတာ သေချာသွားပါပြီဆိုပြီး အပြန်မှာ သူ့ကို ဖုန်းပြန်ဆက်ရတယ်။ သူလည်း မေးရင်း အားပေးရှာပါတယ်။
“ဘယ်ရောက်ခဲ့လဲ”
“သဲဖြူကျွန်း”
“တစ်ရက်ပဲနေတာကို အဲလောက်ပဲ ရောက်မှာပေါ့”
“နှစ်ညအိပ်ခဲ့ပါတယ်”
“တစ်ည ဘယ်လောက်ပေးရလဲ”
“လေးယောက်ခန်းကို တစ်ည ရှစ်သောင်း”
“ဒီအချိန်လာတာကို ခံပေါ့” တဲ့။
အဲလိုနဲ့ အသောကမင်းရယ်၊ အလောင်းစည်သူမင်းရယ်နှင့် သမုဒ္ဒဃောသရဲ့ မိဖုရားဥမ္မဒန္တီတို့ မင်းသုံးဆက်လုံး တည်ခဲ့တဲ့ ပုသိမ်မြို့ရဲ့ ကျက်သရေဆောင် ရွှေမုဋ္ဌောကိုတောင် မဝင်ဖြစ်ခဲ့ဘူး။ “ရွှေမုဋ္ဌောဘုရားမှာ လပြည့်လကွယ်နံနက်တိုင်း မေမြို့ပန်းကပ်လှူ ကျွန်တော့်မမ မမပုသိမ်သူ”နဲ့လည်း မတွေ့ခဲ့ရတော့ဘူးပေါ့လေ။ နောက်တစ်ခု ဓညဝတီခေတ်မှာ စန္ဒသူရိယမင်းက မဟာမုနိမြတ်စွာဘုရားကို တည်ထားပြီး ပိုတဲ့ ရွှေတွေနဲ့ နောက်ထပ် ပြုလုပ်တဲ့ ရှင်ကျော်မုနိ၊ ရွှေဘုံသာမုနိနဲ့ မာရ်အောင်မြင်မုနိတို့ထဲက တစ်ဆူဖြစ်တဲ့ မာရ်အောင်မြင်မုနိကိုလည်း မဖူးခဲ့ရဘူးပေါ့။ ဒါပေမယ့် အာဏာရှင်ကြီးတည်ထားကိုးကွယ်ခဲ့တဲ့ ဥပ္ပါတသန္တိကိုတော့ ဝင်ဖြစ်ခဲ့တယ်။ ပြောရဦးမယ်။ ချောင်းသာကနေ အရင် မနက် ၁၀း၃၀ လောက်မှာ ထွက်ခဲ့ပေမယ့် နေပြည်တော်ကို ဝင်တော့ နောက်တစ်မနက် ၈ နာရီဝန်းကျင်ဖြစ်နေတာနဲ့ လမ်းမှာ ဝန်ထမ်းကားတော်တော်များများနဲ့ ဆုံဖြစ်တယ်။ ကားထဲကို လှမ်းကြည့်တော့ သူတို့မျက်နှာတွေက သေမိန့်ကျတဲ့နေရာကို သွားတဲ့ မျက်နှာတွေ ကျနေတာပဲ။ တယောက်နဲ့ တယောက်တွတ်ထိုးနေတာ ဖုန်းပွတ်နေတာ စကားစမြည်ပြောနေတာ ရယ်နေတာတွေကို လုံးဝမတွေ့ခဲ့ရဘူး။ ဒါကြောင့်လည်း ဖတ်ရခက်တဲ့ ဥပဒေကြီးတွေကို ထုတ်နိုင်ကြတာနေမှာလို့ တွေးမိတယ်။ ပင်လောင်းဘက် ပြန်တော့ ရေပူစခန်းမှာ ရေနွေးဝင်စိမ်ဖြစ်ခဲ့သေးတယ်။ ဆားငံရေစင်သွားလို့လား မသိဘူး။ ချောင်းသာမှာတုန်းက ရေးမယ်ဆိုတဲ့ တချို့အတွေးတွေ တောင်တောင်ပြက်သွားတယ်။
ဆိုတော့ မောင်သိန်းဇော် ကဗျာလေးနဲ့ပဲ နိဂုံးကမ္ပတ်အဆုံးသတ်ပါရစေ။
ခင်ဗျားတို့ရေးတဲ့ သမိုင်း
ခင်ဗျားတို့ ကြိုက်သလိုရေးပေါ့၊
အဲဒါလည်း ခင်ဗျားတို့သမိုင်းပဲ။