လွန်ခဲ့တဲ့ သုံးနှစ်လောက် ဒီကို ရောက်ပြီး ခဏအကြာမှာ ဆောက်ထားတဲ့ တဲကျောင်းလေးတွေဟာ သွပ်ကို ညှပ်ပြီးမိုးထားတယ်။ ဘေးက ရွာသားတွေ ကိုယ်တိုက်ယက်ထားတဲ့ ဝါးထရံနဲ့။ အောက်ကလည်း ရွာသားတွေကိုယ်တိုင် ခုတ်ထားတဲ့ သဲ့နဲ့ခင်းထားတယ်။ ဘေးထရံက အပေါက်တွေ ကျယ်လာတယ်။ အောက်က ကြမ်းခင်းသဲ့တွေက ဝါးခြောက်လာတာနဲ့အမျ နှစ်ကြာလာတာနဲ့အမျ ဆွေးလာတယ်။ ကျယ်လာတယ်။ နေလို့ တော်တော်လေး မဖြစ်တော့တဲ့ အနေအထားမှာ ရှိနေပြီဆိုတော့ ရောက်လာစကတည်းက ပိုက်ဆံလေး စုရင်း စုရင်း ဆောက်လာတဲ့ နှစ်ထပ်ဆောင်ကြီးက အမိုးရယ် အကာရယ် ကြမ်းခင်းရယ်ပြီးပြီဆိုတော့ ရှိရှိသမျှ ဦးဇင်းတွေ ကိုရင်တွေကို အဲဒီမှာပဲ အိပ်ခိုင်းလိုက်တယ်။ အဲဒီကျောင်းရဲ့ အောက်ထပ်ကို ဆွမ်းစားကျောင်း လုပ်မယ်လို့ စဉ်းစားထားတယ်။ ကျောင်းကို စဆောက်ကတည်းက အဆောက်အအုံလုပ်တဲ့ အတွေ့အကြုံမရှိတော့ မှားတယ် မှားတယ်။ မှားတယ်ဆိုတာကို အထပ်ထပ် ရွတ်ပြပစ်ချင်လောက်အောင်ကို မှားတာ။ တနေ့ကျ ကျောင်းထိုင်ရမယ်။ ကျောင်းထိုင်ပြီးတော့ ကျောင်းတွေကို ကိုယ်တိုင်ဆောက်ရမယ်လို့ တွေးမှ ထင်မထားတာကိုး။ ကိုယ်ရောက်လာတဲ့ကျောင်း သို့တည်းမဟုတ် ကိုယ်ထိုင်ရတဲ့ကျောင်းက တောရကျောင်း။ တောရကျောင်းဆိုတော့ ကျောင်းအတွက် ရွာမရှိဘူး။ ဒကာမရှိဘူး။ အဲဒီအပြင် ရောက်လာခါစက ဒီကျောင်းက ကျောင်းမဟုတ်သေးဘူး။ ကျောင်းဖြစ်ဖို့ ကျောင်းပါမစ်ရဖို့ လျှောက်လိုက်ရတာက တစ်နှစ်လောက်ကို ကြာတယ်။ ဒါကို ကိုယ်က ကိုရင်တွေ ဘာတွေမွေးပြီး ပရဟိတလုပ်တာဆိုတော့ အဆောက်အဦဆိုလို့ ဓမ္မာရုံလို့အမည်ခံထားတဲ့ ကြမ်းခင်းနဲ့ အောက်ပိုင်းခါးပြတ်ကာထားတဲ့ ဇရပ်ပဲ ရှိနေတာဆိုတော့ အဆောက်အအုံကိစ္စတွေ စဉ်းစားရတော့တာပေါ့။ တချို့ကတော့ ပြောကြတာပဲ။ ကမ္ဘောဇဘိလပ်မြေစက်ရုံနဲ့နီးတယ်ဆိုတော့ အဆင်ပြေမှာပေါ့တဲ့။ CEO တို့ စက်ရုံမှူးတို့ကို လေးနှစ်အတွင်း တစ်ခါမှ မမြင်ဖူးဘူးဆိုတာ ယုံလိုက်ပါ။ နာမည်တောင် တနေ့က သူတို့တတွေ ကျောက်မီးသွေးစက်ရုံကိစ္စလုံးပမ်းနေလို့ Facebook မှာ Status တင်လိုက်မှ “ကမ္ဘောဇက ကျောက်မီးသွေး စက်ရုံအတွက် လုပ်နေတယ်ဆိုတာ မဟုတ်ပါဘူး။ CEO က လုပ်တာပါ” လို့ ဒေသခံနဲ့ ရင်းနှီးတဲ့ စက်ရုံက ဝန်ထမ်းတယောက်က လာပြောမှ CEO က ဘယ်သူတုန်းဆိုမှ နာမည်သိရတာ။ အဲဒီတော့ ကိုယ့်ကျောင်းကို ကိုယ်ဘယ်လိုကြိုးစားပြီး ဆောက်ရသလဲဆိုတာ စဉ်းစားမိမှာပါ။ ဆွမ်းစားပင့်လို့ ရတဲ့ ပိုက်ဆံတွေစုရင်း ငါးသိန်းပြည့်လိုက် နီးစပ်ရာ လက်သမား ပန်းရံခေါ်ပြီးလုပ်လိုက် လုပ်ခဲ့တာ ပြီးလုနီးနီးရောက်ခဲ့တာပေါ့။ ခုထိတော့ ကံမဆိုးသေးဘူးလို့ ပြောလို့ရတာပ။
ဒါပေမယ့် ဆွမ်းစားကျောင်းလုပ်မယ်ဆိုရင် ရေကန်လိုမယ်လေ။ ရေကန်လိုတော့ ရေကန်လုပ်မယ်လုပ်တော့ ဒကာတယောက်ပေါ်လာတယ်။ ကုန်ချင်သလောက်ကုန်ပါစေ လုပ်ပါဆိုလို့လုပ်လိုက်တာ သူလည်း အဲလောက် မတတ်နိုင်ပါဘူးလို့ ပိုက်ဆံ ၈ သိန်းအကုန်မှာ လာပြောသွားတယ်။ အဲဒီကနေ စတာ။ သူတို့ကလည်း ပွင့်ပွင့်လင်းလင်း တတ်နိုင်တာကို မပြောခဲ့လေတော့ ကိုယ်ကလည်း ဇွတ်ဇက်လုပ်ထည့်လိုက်တာ ၄ သိန်းလောက် စိုက်လိုက်ရတယ်။ နောက် အနီးက ရှိတဲ့ ရွာသားတွေနဲ့ ကတောက်ကဆဖြစ်လုနီးနီး ဖြစ်လာတဲ့ အတွက် Mytel Tower တိုင်ကို လက်ခံလိုက်ရတော့ သူတို့က ဝမ်းသာလို့ ဘာလှူပေးရမလဲ မေးတယ်။ ၃ ခန်းတွဲ အိမ်သာ တစ်လုံးလောက်လှူပါလို့ပြောလိုက်တယ်။ ပန်းရံကိုတွက်ခိုင်းတော့ ၇ သိန်းလောက် ကုန်မယ်လို့ပြောတယ်။ ကိုယ်က ပိုတွက်ပြီး ၈.၅ သိန်းလို့ ပြောလိုက်တယ်။ Mytel က ၁၀ သိန်းလှူတယ်။ လုပ်တာ ၁၃ သိန်းကုန်သွားတယ်။ နောက်တခု အုတ်တံတိုင်းလုပ်ဖို့ အုတ်တွေကို တစ်လုံး ၁၅၀ နဲ့ဝယ်နေတာ မကိုက်လို့ အုတ်ကို ကျောင်းလာရိုက်ပေးတဲ့ အဖွဲ့နဲ့ ဆက်သွယ်ပြီး သူတို့သဲ သူတို့စက် သူတို့လူနဲ့ အုတ် ၅၀၀၀ ရိုက်ခိုင်းတာ။ ၅၀၀၀ ဆို မကိုက်ဘူး။ ၁၀၀၀၀ မှ ကိုက်တယ်ဆိုတာနဲ့ ပိုက်ဆံကတော့ လောလောဆယ် ၅၀၀၀ ဖိုးပဲ ရှိတယ်ဆိုတော့ နောက်မှပေးလည်း ရတယ်ဆိုတာနဲ့ ဘိလပ်မြေ အိတ် ၆၀ ကို အကြွေးထားပြီး သဲဖိုးနဲ့ ရိုက်ခ ၄၁၅၀၀၀ ကိုပဲ အရင်ပေးလိုက်ရတယ်။ ဘိလပ်မြေ အိတ် ၆၀ ဖိုး ၂၁၀၀၀၀ နဲ့ သဲဖိုး ရိုက်ခ ၄၁၅၀၀၀ ကျန်နေသေးတယ်။ အဲဒီကြားထဲ ကားက အလိုလိုနေ အင်ဂျင်ခွဲလိုက်ရတယ်။ အရင် Mark 2 တုန်းကလည်း အင်ဂျင်ခွဲလိုက်ရလို့ နောက်ထပ် အဲလို မဖြစ်အောင် ဂရုစိုက်နေတဲ့ကြားက ဆီမလိုက်သလို ဖြစ်နေရာက ပြင်ရင်း ပြင်ရင်း အင်ဂျင်ခွဲလိုက်ရတယ်။ ကားရစ ဟိုးအစ Parjero ကတည်းက ပြင်လိုက်ရတဲ့ ကား။ တစ်စီး တစ်စီး ပြင်ခတွေကို စုထားရင်တောင် နောက်ထပ် ကားတစ်စီးထပ်ရနေပြီ။ အရေးထဲ ကားဝပ်ရှော့က ရိုးရိုးမပြင်ဘူး။ “ဂျင်းမိတာ” စကားကို ပါးစပ်ဖျားက မချဘဲပြင်နေတော့ စိတ်က မရှည်ချင်တော့ဘူး။ ကိုယ့်ဘာသာကိုယ် ပြင်စရာရှိတာ မပြင်ဘူး။ ဒါနဲ့ မဖြစ်လို့ လက်ခံပေးလိုက်ရတဲ့ ကျောင်းအနီးက Mytel Tower တိုင်ကနေ အင်တာနက်ကို Broadband နဲ့ ယူချင်ပါတယ်လို့ သူတို့ကို လှမ်းပြောလိုက်တာ တောရွာမို့လို့ အင်တာနက်အတွက် သူတို့တိုင်ကို ဆင်မထားဘူး။ အင်တာနက်လိုချင်လို့ဆိုပြီး Package ကြီးကြီးကို တစ်နှစ်စာ ပေးဝယ်ရင်တောင် သူတို့အဖို့ ဆင်ပေးဖို့ တော်တော်စဉ်းစားရမှာပါတဲ့။ ပြီးတော့ တနေ့က လေးဖာလုံလောက်ပဲ ဝေးတဲ့ ကမ္ဘောဇဘိလပ်မြေစက်ရုံက အသိတစ်ယောက်က ဆေးလိပ်မသောက် ကွမ်းမစားဘဲ ဘိလပ်မြေမှုံနဲ့ အဆုပ်မှာ အနာဖြစ်လို့ဆိုပြီး ကြားလိုက်ရတော့ ခေါင်းစဉ်က ရေးပြသလိုပါပဲ။ ကံဆိုးနေတယ်လို့ပြောရင် ယုံလိုက်ပါလို့။ တောဘုန်းကြီးတွေ ကျောင်းကိုပစ်ထားပြီး နောက်ဆုံး လူထွက်လိုက်တာ ဆန်းတယ်လို့ မဟုတ်တော့ပါဘူးလေ။ ခုတောင် ကျောင်းကိုထားပြီး သွားချင်လာပြီ။ ပရဟိတကျောင်းဖွင့်ထားတဲ့အတွက် ကျောင်းဆရာတွေအတွက် လစာတွေ။ ကလေးအတွက် စားစရိတ်တွေ။ တလောက ဆန်လိုလို့ ဝယ်လိုက်မှ ဆန်တစ်အိတ်ကို ၅၀၀၀၀ ဖြစ်နေတာကို သိလိုက်ရတယ်။ အလုပ်မလုပ်ချင်လို့မှ ဘုန်းကြီးဝတ်ပြီးနေပါတယ်ဆိုမှ ဖိအားတွေက တနေ့တခြား များများလာလိုက်တာ။ နောက်အပို စိတ်ညစ်ရတဲ့ တစ်ခုကျတော့ ကိုယ့်ပတ်ဝန်းကျင်ဟာ “စာသင်ကျောင်းထောင်ချောက်” မိနေကြတဲ့သူချည်း ဖြစ်နေတာလည်းပါတောပေါ့။ သူတို့က “ဒီမိုကရေစီထောင်ချောက်” ပါ မကဘဲ အပိုထောင်ချောက် ထပ်မိနေကြသူတွေလေ။ နောက်ထပ်ကံဆိုးတာကျတော့ ဒီစာကိုတင်ဖို့ လုပ်တဲ့အခါကျတော့ https://jjqqyy.com က Unable ဖြစ်နေပြန်တယ်လေ။ ပြီးတော့ သူက Host ရော Domain ပါ သုံးနှစ်စာ ဝယ်ထားတာ ခုမှ တစ်နှစ်ပြည့်ကာ ရှိသေး။ ပိုက်ဆံချည်းထပ်တောင်းနေလို့။