မနေ့က စိတ်ဓာတ်တော်တော်လေး ကျရတဲ့ အကြောင်းရင်းတစ်ခု ပေါ်လာတယ်။ မောင်းနေတဲ့ကားက လိုအပ်တာထက် ပိုပိုပူလာတယ်။ တုန်ခါလာတယ်။ ထူးဆန်းတဲ့ အသံတွေ အင်္ဂျင်ကနေ ထွက်နေတယ်။ မောင်းရင်းတန်းလန်း တုန့်ခနဲ ဘရိတ်အုပ်လိုက်သလို ဖြစ်လာတယ်။ ဆီမလိုက်တာလို့ထင်ပြီး ကားဝပ်ရှော့ပို့တော့ ကားဝပ်ရှော့ကလည်း တော်ချက်။ အောက်ပိုင်းဖြစ်တာဆိုပြီး ပြင်လိုက်တာ။ နှစ်သိန်းကုန်သွားတယ်။ အဲဒီကနေ မောင်းပြန်လာတော့ လမ်းမှာတင် သုံးခါတိတိ စက်သေပြီး ထိုးရပ်တယ်။ စဉ်းစားမိတာက။ “ငါပြင်ခိုင်းတာက ဆီလမ်းကြောင်း၊ သူတို့ပြင်လာတာက အောက်ပိုင်း၊ ဒါကြောင့်ဖြစ်မယ်” ဆိုပြီး ဝပ်ရှော့ကို ဖုန်းပြန်ဆက်တယ်။ ဝပ်ရှော့က ကောင်လေးတွေကိုယ်တိုင် ကားလာမောင်းတယ်။ ကားက မြို့ထဲတည့်တည့် လမ်းလယ်ခေါင်ကြီးမှာ ထိုးရပ်ပါရော့လား။ ဆိုတော့ ကားကို ကြိုးနဲ့ဆွဲရတဲ့ အဆင့်ရောက်သွားတာပေါ့လေ။ ဟိုရောက်တော့ အင်္ဂျင်ခွဲရမယ်တဲ့။ လုပ်လိုက်လေ ဆိုတော့ ကြည့်ရင်း ကြည့်ရင်း အင်္ဂျင်ထဲမှာ Bearing တွေ ပျက်စီးနေတာကို သွားတွေ့တယ်။ အဲဒါကိုတွေ့တာနဲ့ စိတ်ဓာတ်အတော့်ကို ကျသွားပါတော့တယ်။
အရင်တစ်စီးတုန်းကလည်း Bearing ပျက်စီးလို့ဆိုပြီး ပြင်လိုက်တာ တစ တစနဲ့ ကိုးသိန်းလောက် ကုန်သွားတယ်။ အဲဒါကို မရချင်တော့လို့ အဟောင်း အဟောင်းချင်း လဲလိုက်ကာမှ ထပ်ပြီး Bearing ထပ်ပျက်စီးပြန်ပြီဆိုတော့ “ကျရလွန်းတဲ့ စိတ်ဓာတ် မြေလွှာကို ဖောက်ထွင်းပြီး အဝီစိထိဆင်းဖို့ ကျင့်ကြံနေသောခါ” ဆိုတဲ့ သီချင်းကိုတောင် အော်ဆိုပြီး ငိုချင်းတွေ တထပ်ကြီးချချင်စိတ်ပေါက်သွားပါတော့တယ်။ အရေးထဲ ကားဝပ်ရှော့က အားပေးတယ်။ “ဂျင်းမိတာ” ဆိုပြီး တစ်စက္ကန့်ကို သုံးခွန်းနှုန်းနဲ့ လူကိုချည်း လာလာဖဲ့နေတော့ ဆွဲထိုးချင်စိတ်ကို ပေါက်ရော။ မဖြစ်ချေဘူးလို့တွေးပြီး ကောက်ကာ ငင်ကာ ထပြန်လာခဲ့တယ်။ ကြုံရာလေးစီးပြီး ပြန်လာခဲ့တယ်။
တနေ့တုန်းဆီက အဲဒီကားကိုပဲ တောင်ကြီးမြို့အဝင်နားလေးမှာ လေချိန်ပါတယ်။ လေချိန်တော့ လေချိန်သူက လေတွေလျှော့ပစ်ပြီး ရှေ့ကို တဖက် ၃၀ စီပဲထားပြီး နောက်ကို ၃၅ စီပဲ ထားပေးပါတယ်။
“ဘာလို့ အဲလောက်ပဲ ထားရတာလဲ”
ခါတိုင်းဆို အားလုံး ၄၀ ပဲ ချိန်ပေးနေကြကိုး။
“ဒီကားမျိုးက ဇိမ်ခံကားမျိုး အထက်တန်းကျကျ စီးရမှာ။ လေ ဒီလောက်များရင်တော့ ခုန်ပြီပေါ့” တဲ့။
ဟုတ်ကဲ့။ အခုတော့ ခုန်ရုံတင်မကဘူး။ ပြုတ်ပါကျသွားပါပြီ။ ပထမ ပါဂျဲရိုးတုန်းကလည်း စီးလိုက် ပြင်လိုက် စီးလိုက်ပြင်လိုက်နဲ့ တစ်လကို တသိန်းနှုန်းနဲ့ထွက်နေတဲ့အပြင် ဆီစားနှုန်းကလည်း မြင့်တော့ မတ်တူးနိုင်းနိုင်းနဲ့ ဒဲ့ချင်းလဲပြီး စီးလိုက်တယ်။ ကိုယ့်ဆီရောက်လာတုန်းကတော့ သန့်ပြန့်နေတာပဲ။ ခြောက်လမကြာဘူး။ စုတ်ပြတ်သတ်သွားတဲ့အပြင် အင်္ဂျင်ဝိုင်ထည့်ဖို့မေ့ရာကနေ အင်္ဂျင်တစ်လုံးလုံး ခွဲပစ်လိုက်ရပြီး တစချင်းစီ တစချင်းစီ တတိတိနဲ့ ဆက်ပြင်နေရတယ်။ အဲဒီကြားထဲ အင်္ဂျင်သံက ဆူညံသထက် ဆူညံလာသလို အောက်ပိုင်းလည်း အသံတွေမြည်လာတယ်။ အဲဒါနဲ့ ပွဲစားကိုပြောပြီး ဒီကားနဲ့ သင့်တော်မယ့် ကားတစ်စီးလောက် ရှာပေးစမ်းပါဆိုတော့ မတ်တူးကိုယူသွားတယ်။ ပြန်လာတော့ မစ်ဆူဘီရှီတံဆိပ်နဲ့ ချဲရော့ဆိုတဲ့ ကားလေးပါလာတယ်။ ရောက်လာတာနဲ့ အတွင်းခန်းဆေးရတယ်။ တဲရော့လဲရတယ်။ မကြာပါဘူး။ ပူတာမြန်လာတယ်။ တုန်လာတယ်။ တုန့်ခနဲ တုန့်ခနဲ ဖြစ်လာတယ်။ အဲဒါနဲ့ ဝပ်ရှော့ပို့မိပါတယ်။ အမယ်ဘုတ်ရဲ့ သူ့ချည်မျှင်တောင် သည်လောက်ရှုပ်လိမ့်မယ် မထင်ဘူး။ ဒါမှမဟုတ် ဆရာကံချွန်ရဲ့ ဆူးလှည်းကြီး ဝင်လာသလားပဲ။
ကိုယ့်ဘဝမှာ ကားတစ်စီးပိုင်ဆိုင်ရမယ်လို့ တစ်ခါမှကို တွေးမထားဖူးလေတော့ ကားနဲ့ပတ်သက်လာရင် ဘယ်သူတွေကို ဘယ်လိုများ အပြစ်တွေ ပြောခဲ့လို့ ဒီလိုပြန်ခံရတယ် မသိပါဘူး။ ကားမပိုင်သင့်တဲ့လူ ကားပိုင်တဲ့အခါ မပိုင်ဆိုင်နိုင်အောင် ကံကြမ္မာက ဖန်တီးပေးလိုက်တာပဲ ဖြစ်မှာပါ။ ဒီကားကြောင့် ဇမ္ဗုကမထေရ်အကြောင်းကိုတောင် သတိသွားရမိပါတယ်။
ဇမ္ဗုကဆိုတဲ့ လူတယောက်ဟာ အရမ်းချမ်းသာတဲ့ မိသားစုမှာ မွေးဖွားလာတယ်။ ဒါပေမယ့် ငယ်ငယ်ကတည်းက ထမင်းကျွေးလည်းမစားဘူး။ အိပ်ယာပေါ် အိပ်ခိုင်းလည်း မအိပ်ဘူး။ ဘာစားလဲဆိုတော့ သူက ချီးစားတယ်။ စားကောင်းသောက်ဖွယ်မှန်သမျှ ကြိုက်တာကျွေး လုံးဝမစားဘူး။ စားလို့လည်းမရဘူး။ ရွံလို့တဲ့။ ပြီးတော့ စားကောင်းသောက်ဖွယ်စားမိရင် အန်တယ်။ ဖျားနာတယ်။ မတည့်ဘူး။ ချီးစားလိုက်ရမှ အဆင်ကိုပြေတာ။ ချီးစားလိုက်ရမှ နေသာထိုင်သာရှိတာတဲ့။ မိဘက သူဌေးတွေဆိုတော့ ရှက်တာပေါ့။ သိုသိုသိပ်သိပ်လေး ထားပြီး ကြီးလာတာနဲ့ အနီးရှိ တက္ကတွန်းကျောင်းကိုပို့ထားလိုက်တယ်။ တက္ကတွန်းကျောင်းရောက်တော့ ဘာလုပ်ခံရလဲဆိုရင် ခန္ဓာကိုယ်ကို မြေကြီးထဲမြုပ် ပခုံးလောက်ဖော်ပြီး ပခုံးပေါ် ကျောက်တုံးတင်။ ပြီးရင် ဆံပင်ကို တစ်ပင်ချင်းစီ ဆွဲနှုတ်ခံရသေးတာ။ အဲဒီလိုလုပ်ခံရပြီးမှ အဲဒီမှာနေရတာ။ မောင်မင်းကြီးသားကလည်း ခေတ်သူမဟုတ်ပေဘူး။ နေတယ်။ ချီးစားရရင် အဆင်ပြေတာကိုး။ ဒါကြောင့် ဆွမ်းခံတွေ ဘာတွေမလိုက်ဘူး။ ကျောင်းမှာချန်နေခဲ့တယ်။ သူများဆွမ်းခံသွားရင် အိမ်သာထဲသွားပြီး ချီးတွေကို တဝကြီး လွေးတယ်။ သူများပြန်ရောက်လာရင် ခပ်တည်တည်ပဲ။ အစပိုင်းတော့ ဇမ္ဗုက ထမင်းမစားတာကို သတိမထားမိပေမယ့် ကြာလာတော့ သတိထားမိလာတယ်။ ဆွမ်းခံလည်းမလိုက်ဘူး။ ထမင်းလည်း မစားဘူး။ ဒီကောင် ဘာစားလဲ။
တခြားတက္ကတွန်းတွေ တိတ်တိတ်လေး စောင့်ကြည့်လိုက်တော့ ဇမ္ဗုကအကြောင်းသိတော့တာပေါ့။ ဒါနဲ့ ငါတို့ကျောင်းနာမည်ပျက်မယ့်ကိန်းပဲဆိုပြီး နှင်ထုတ်လိုက်တယ်။ ဇမ္ဗုကလည်း အေးဆေးပဲ။ စျေးနားသွားပြီး ဘုံအိမ်သာနားမှာ နေတယ်။ ခြေတဖက်ထောက်ပြီးတော့ကို ရပ်နေလိုက်သေးတယ်။ ပါးစပ်ကိုလည်း ဟထားတယ်။
“ဘာလုပ်နေတာလဲ”
“ငါ လေစားနေတာ”
“ခြေတဖက် ဘာကြောင့်ထောင်ထားတာလဲ”
“ငါ့ခြေတဖက်ချလိုက်ရင် ကမ္ဘာကြီးက မခံနိုင်ဖြစ်ဘူး ကွဲသွားမှာစိုးလို့”
လူတွေလေ ကြည်ညိုလိုက်ကြတာ မနည်းမနှောပဲ။ လေစားနေတဲ့ ပုဂ္ဂိုလ်မှ မထူးရင် ဘယ်ပုဂ္ဂိုလ်က ထူးဦးမှာလဲ ဟုတ်တယ်မလား။ ဒီလို ပုဂ္ဂိုလ်ထူးမှ မကြည်ညိုရင် ဘယ်လိုပုဂ္ဂိုလ်ထူးကို ကြည်ညိုမလဲ။ အသက် ၅၅ နှစ်မှ အဲဒီဝဋ်ကနေ ဘုရားချွတ်လို့ ကျွတ်သွားပြီး ဇမ္ဗုကမထေရ်ဆိုတာ ဖြစ်လာတယ်။
သူဘာလို့ အဲလိုဖြစ်ရတာလဲ။
အရင်ဘဝတုန်းက သူဟာ ရဟန်းတစ်ပါး ဆွမ်းခံနေတာကို “ဆွမ်းခံစားမယ့်အစား ချီးစားပါလား” လို့ပြောခဲ့ဖူးတဲ့ ဝစီကံကြောင့် ခုလိုဖြစ်သွားရတာပါ။ ကတုံးရိတ်မယ့်အစား ဆံပင်ကို တပင်ချင်းဆွဲနှုတ်လိုက်ပါလား နောက်ပြန်မပေါက်တော့ဘူးပေါ့လို့ပြောဖူးလို့လည်း ဆံပင်ကို တပင်ချင်းအနှုတ်ခံရတယ်။ ကျောင်းမှာ အိပ်မယ့်အစား ပြာပုံမှာအိပ်ပါလားလို့ပြောဖူးလို့လည်း သူဟာ ပြာပုံနားမှာပဲ အိပ်ချင်ပါတယ်တဲ့။
အောက်တန်းကျတဲ့ဘဝကို ရဖို့ အောက်တန်းကျတဲ့ စကားတစ်ခွန်းပဲ လိုပါတယ်။ စိတ်ရင်းအမှန်နဲ့ ပြောကြည့်ကြည့်လိုက်လေ။ ကျွန်တော့်မှာ ဘယ်ရဟန်း ဘယ်သံဃာတော် ကားစီးနေတာကို မကျေမနပ်ဖြစ်ပြီး ပြောခဲ့ဖူးလဲ မမှတ်မိတော့ပေမယ့် ကားလေးမဖြစ်စလောက်စီးရပြီး နင့်နေအောင် ပြင်နေရလို့ ဒါလေးကို သွားပြေးသတိရလိုက်မိပါတယ်။