ကြိုက်မိတဲ့ စာရေးဆရာထဲမှာ ဆရာသော်တာဆွေလည်းပါတယ်။ ဒါပေမယ့် သူများလို စာကြီးပေကြီး ဖတ်တဲ့သူမဟုတ်လေတော့ သူ့စာအုပ်တွေကို အကုန်မသိပါဘူး။ ကျွန်တော်ကြိုက်တဲ့ သူ့စာအုပ်က ပတ္တမြားဝင်းထိန်အကြောင်းရေးတဲ့ စာအုပ်ပါ။ ပတ္တမြားဝင်းထိန်ဆိုတာ တကယ့်နယ်နယ်ရရကြီး ဖြစ်ပါတယ်။ သူကြံစည်လိုက်တဲ့ အတွေးအကြံတွေဟာ မစားရဝခမန်းပါပဲ။ ခွေးခြောက်ကောင်နဲ့ ဆယ့်နှစ်ကောင်၊ နှစ်ဆယ့်လေးကောင်၊ လေးဆယ့်ရှစ်ကောင်စသဖြင့်ပွားပြီးနောက် ဆပ်ကပ်ပြစားမယ်ဆိုပဲ။ နောက်တော့ ရန်ကုန်မှာ ခွေးတက္ကသိုလ်တောင်ဖွင့်ဦးမယ်။ အကြံကကြီးသလောက် အပြောကလည်းကောင်းပါပေ့ဆိုရမှာပဲ။ နောက်ဆုံးတော့လည်း ခွေးတွေနဲ့ ဇယားရှုပ်သွားတဲ့ ဇာတ်လမ်းကို ဘာလို့မသိ ခဏခဏ ပြန်အမှတ်ရတယ်။ သည်နေ့ စီးပွားရေးသမားနဲ့ ခရီးအတူသွားဖြစ်ပြီး ကိုယ့်စီးပွားရေးအကွက်တွေကို ပြောကြည့်တာ။ သူပြောလိုက်တာနဲ့ အပျက်လိုက်ချည်းဖြစ်နေတယ်။ ဒါနဲ့ ငါများစီးပွားလုပ်ရင် တော်တော်အောင်မြင်မှာလို့ တွေးမိတယ်။ ကျွန်တော်တွေးသလို လိုက်တွေးကြရင်တော့ဖြင့် အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ရှိလာမယ် မထင်ဘူး။ ကိုယ်တွေးတာတွေက သည်လိုတွေကြောင့် ဖြစ်ချင်ဖြစ်နေမယ်။
၁။ ဘယ်သူမှမလိုချင်တဲ့အရာကို တည်ဆောက်မိခြင်း။
တလောတုန်းက ကျွန်တော်နေတဲ့ ကမ္ဘောဇဘိလပ်မြေစက်ရုံမှာ ရွာသားတွေရဲ့ နွားတွေနဲ့ ပြဿနာတက်ခဲ့ကြသေးတယ်။ စက်ရုံက အဲဒီပြဿနာကို ရွာသားတွေ နွားမမွေးတော့အောင် ဘယ်လိုလုပ်ကြမလဲလို့ ဆွေးနွေးခဲ့ကြတယ်တဲ့။ အဲလိုသာ ကိုယ့်ဘက်သာ အကျိုးရှိမယ့် အတွေးမျိုးကို တွေးရဲကြရင်ဖြင့် အလုပ်က မအောင်မြင်မှာ သေချာပါတယ်။
၂။ ကိုယ်တိုင်လုပ်လို့ရတဲ့အလုပ်တွေကို တပါးသူအား အပ်နှံ၍ လုပ်စေခြင်း။
စီးပွားရေး လုပ်ငန်းရှင်အားလုံးတွေရဲ့ ပထမဆုံး အမှားကတော့ အဲဒီအမှားပါပဲ။ ပိုက်ဆံပဲလိုတယ်။ ပညာရှင်တွေဆိုတာ ပိုက်ဆံပေးငှါးရင် ရတယ်ဆိုတဲ့တွေးပါ။ လောကကြီးဆိုတာက ကိုယ်တွေးတာ မှန်ပါတယ်ဆိုတဲ့ အမှားကြီးကို မှန်အောင် သင်တတ်တဲ့ လောကမဟုတ်ပါလား။
၃။ ရည်မှန်းချက်ကိုယ်နှိုက်က အားနည်းခြင်း။
ပရိုဂရမ်မာအကြောင်းကြားလိုက်ရင် ပရိုဂရမ်မာကြီးဖြစ်လိုက်ချင်တာ။ ဟက်ကာအကြောင်းကြားရင် ဟက်ကာကြီးဖြစ်ချင်တာ။ သတင်းသမားတွေ အကြောင်းကြားရင် သတင်သမားကြီး ဖြစ်ချင်တာ။ သည်လိုနဲ့ အင်္ဂလိပ်စာ လေ့လာရမလိုလို။ Coding တွေပဲ လေ့လာရမလိုလို ဖြစ်ရင်းကနေ ခေါင်းရင်းမှာ အင်္ဂလိပ်နဲ့ ပတ်သက်တဲ့စာအုပ်ကလည်း တစ်ပုံ။ Code နဲ့ပတ်သက်တဲ့စာအုပ်လည်း တစ်ပုံဖြစ်နေရင်တော့ မအောင်မြင်တော့မှာ သေချာလေရဲ့။
၄။ အကောင်အထည်မဖော်ခြင်း။
ပြောတာ လွယ်ပါတယ်။ ကိုယ်ထင် ခုတင်ရွှေနန်းဆိုတဲ့ စကားလုံးတွေလည်း မနည်းပါပဲ မဟုတ်ပါလား။ အကောင်အထည် မဖော်သမျှ ဘာဆို ဘာမျှ မဖြစ်ရေးချ မဖြစ်ပါပဲ။
၅။ လက်ထောက် အစစ်အမှန်မရှိခြင်း။
လက်ထောက်ကျတော့ လူတော်တော်များများ ရှိကြပါတယ်။ သို့ပေမယ့် ကိုယ့်လက်ထောက်က အဆိုးမြင်နဲ့ဆိုရင် မဖြစ်ပြန်ဘူး။ ကိုယ်က ဒါလုပ်မယ်ဆိုရင် အပြစ်ကိုအရင် ဖွင့်ပြနေမယ်။ ကိုယ်လုပ်သမျှ အပြစ်သာ လိုက်ရှာနေမယ်ဆိုရင်ဖြင့် အလုပ်တစ်ခုဟာ အောင်မြင်လာစရာ အကြောင်းမရှိပါဘူး။
၆။ ကိုယ့်ပရိသတ်ကို ကိုယ်မသိခြင်း။
အလုပ်တစ်ခုလုပ်တယ်။ ဘယ်သူ့အတွက် အကျိုးရှိမှန်းမသိဘူး။ ဘယ်ဒေသအတွက်အကျိုးရှိမှန်းမသိဘူး။ စကားပုံလေးတစ်ခုရှိတယ်။ တော်တော်သဘောကျမိတယ်။ “ပြောသမျှစကား တရားဖြစ်စေ” တဲ့။ ကိုယ့်လုပ်ရပ်က ဘယ်ကိုတည်နေတယ် ဘယ်ကိုရွေ့နေတယ်ဆိုတာ မသိရင်တော့ဖြင့် မအောင်မြင်နိုင်ပေဘူး။
၇။ အရင်းအနှီးမရှိခြင်း။
အရင်းအနှီးဆိုတာ ငွေတစ်ခုတည်းမဟုတ်ဘူး။ လုံလောက်တဲ့ ပညာစွမ်းအားမရှိရင်လည်း ဘာလုပ်လုပ် အဆင်မပြေနိုင်ပါဘူး။ ကုန်စုံဆိုင်တစ်ခုဖွင့်မယ်ဆိုပါစို့။ လက်ကားဖြန့်တဲ့ဆိုင်ကို သိထားရမယ်။ စျေးအတက်အကျကို အမြဲသိနေရမယ်။ လက်လီဆိုတာ ကြက်အစာကောက်ရသလို ကောက်ရတယ်ဆိုတာ သိရမယ်။ တက်တက်ကြွကြွရှိနေရမယ်။
၈။ ငွေကြေးအလွန်အကျွံသုံးခြင်း။
ကုန်စုံဆိုင်နားစိတ်ရောက်နေတော့ ကုန်စုံဆိုင်ကိုသာ ဆက်ပါရစေ။ ကုန်စုံဆိုင်ဖွင့်ထားတယ်။ ဆန် ဆီ ဆေး ဆားစသဖြင့် ကိုယ့်အိမ်အသုံးပြုသမျှက လွယ်လွယ်လေးရလေတော့ ကိုယ့်ဆိုင်မှာ ကိုယ်ကိုယ်တိုင် ပြန်မဝယ်ဘဲ သုံးချင်သလိုသုံးမယ်ဆိုရင် သေချာတယ် အလုပ်က မအောင်မြင်နိုင်တော့ဘူး။ ပြီးတော့ ငွေကို စာရင်းဇယားနဲ့ မဟုတ်ဘဲ သုံးတတ်တဲ့သူတော်တော်များများဟာ မအောင်မြင်နိုင်ပါဘူး။
၉။ တပါးသူကို မမေးမမြန်းခြင်း။
မြန်မာစကားပုံလည်း ရှိပေသားပဲ။ မသိလျင်မေး မစင်လျင်ဆေး ဆိုတာလေး။ မေးရမယ့်ကိစ္စမှာ မမေးရင် ဘယ်တော့မှ သိမှာမဟုတ်ဘူး။ ပြောရမယ့်ကိစ္စမှာ မပြောရင် ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။ မေးဖို့ မြန်းဖို့ နှုတ်မနှေးရပါဘူး။ နှုတ်နှေးနေရင်ဖြင့် အောင်မြင်ဖို့လည်း နှေးမှာပါပဲ။
၁၀။ မောင်းမခတ်ခြင်း။
သည်ကိစ္စကတော့ သည်ခေတ်မှာ အရေးကြီးတဲ့ အချက်ပါပဲ။ ဆိုရှယ်မီဒီယာတွေ အခမဲ့သုံးလို့ရနေချိန်မှာ မောင်းမခတ်ရင်တော့ဖြင့် ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။ သည်တော့ လူမှုကွန်ယက်တွေကို မေ့ထားရင်လည်း အောင်မြင်ဖို့ခဲယဉ်းပေမတဲ့။ သို့တည်းကြောင့် သည်ပိုစ့်ကိုလည်း Share လိုက်ပါကြောင်း။