“အကောင်ဆိုရင် အကုန်ကြောက်တယ်” ဟု သူငယ်ချင်းလို တပည့်လို ရင်းနှီးသော တပည့်မလေး တယောက်က ပြောသည်။ ကျောင်းကို လာနေကျ ကောင်မလေးတယောက်ကတော့ဖြင့် “အကောင်တွေထဲမှာ ပင့်ကူကို အကြောက်ဆုံးပဲ” ဟုဆိုသည်။ တလောက အသိတယောက်နဲ့ စကားပြောရင်း ဘယ်ကနေ ဘယ်လို စပ်မိသည်မသိ။ အိမ်မြောင်အကြောင်း ရောက်သွားသည်။ “ဟာ ဟေ့ကောင် အကောင်တွေထဲမှာတော့ အိမ်မြောင်ဆိုတဲ့အကောင်ကို ငါအကြောက်ဆုံးပဲ” ဟုလှမ်းပြောသေးသည်။
“အကောင်” ဟုဆိုလိုက်သည်နှင့် ကျွန်တော်တို့က အင်းဆက်လို သေးသေးမွားမွားအကောင်ပလောင်လေးများကို လှမ်းမြင်ကြသည်။ သို့ငြားလည်း အိမ်တွင် ကြောင်နှင့်ခွေးစသည်ရှိလျင်လည်းကောင်း ကျွဲနွားစသည်များရှိလျင်လည်းကောင်း “အကောင်တွေကို အစာကျွေးပြီးပြီလား” ဟုတယောက်နဲ့တယောက် သတိပေးစကားပြောဖြစ်ကြသည်။ ထို့ကြောင့် အကောင်ဟူသည် သေးသေးမွားမွားပါမက ကြီးကြီးမားမားလည်း ရှိတတ်သည်။
ထို့ပြင်တဝ အကောင်ဟုဆိုလိုက်သည်နှင့် တိရစ္ဆာန်ကိုသာ ပြေးမြင်ကြသည်။ တကယ်တမ်း မဟုတ်ပါ။ အိမ်က မိဘများ စိတ်ဆိုးလျင် သားသမီးကို “ဟိုအကောင်” ဟု တခါတရံ ဆူတတ်ပါသည်။ ထို့ကြောင့် တိရစ္ဆာန်သာမက လူပါလည်းပဲ အကောင်ဟု ဆိုနိုင်သည်။ စိတ်ဆိုးမှ မဟုတ်ဘဲ “အကောင်” ဆိုသည့် စကားလုံးကို ချစ်စနိုးဖြင့် ခေါ်သည်လည်း ရှိတတ်သည်။ ထိုအခါမျိုးတွင် “အ” ဆိုသည့်စကားလုံးကို ဖြုတ်ပစ်သည်။ “ငါ့ကောင်က ဘယ်လို ငါ့ကို ချစ်တာ” စသဖြင့် ချစ်သူကို ခေါ်တတ်သည်။ ဤတွင် မိန်းကလေးများကို အထူးပြုသည်။
စိတ်ဆိုးခြင်းလည်း အလျဉ်းမရှိ ချစ်ခြင်းလည်းအလျင်းမရှိသည့်သူများကိုလည်း “အကောင်” ဟုခေါ်တတ်သည်။ တရံရောအခါက မြန်မာနိုင်ငံတွင် နိုင်ငံနှင့်အဝန်း ဤစကား ခေတ်တော်တော်လေး စန်းထခဲ့သည်။ စန်းထခဲ့ရခြင်းမှာလည်း “အကောင်” ဖြစ်ဖြစ်၊ “အကောင်”၏ သားသမီးဖြစ်ဖြစ် နိုင်ငံနှင့်အဝန်း ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရသောကြောင့်ဖြစ်သည်။ ဥပမာအားဖြင့် ဆိုကြပါစို့။ အကောင်၏ သမီးက ကားလမ်းတွင် မီးနီဖြတ်မောင်းသည့်အပြင် လူတယောက်ကို ကားဖြင့် တိုက်မိသည်။ ထိုကားကို ယဉ်ထိန်းရဲက ပြစ်မှုထင်ရှားသဖြင့် ဖမ်းဆီးလိုက်သည်။ နောက်နေ့တွင် ထိုယဉ်ထိန်းရဲမှာ မြန်မာနိုင်ငံနဲ့အဝန်း ယဉ်ထိန်းရဲ လုပ်ခွင့်မရှိတော့သည့်အပြင် အချုပ်အနန်းပင် စံမြန်းလိုက်ရသည်။ ဤကား ဥပမေတီတိ ဥပမာဖြစ်သည်။ ထိုကဲ့သို့ ဖိန့်ဖိန့်တုန်ရသည်ဟု ဆိုလိုခြင်း ပြောလိုခြင်းဖြစ်သည်။
“အကောင်” စကားလုံးသည် ကာလရွေ့လျောလာသည်နှင့်အမျ ဂလိုဘယ်လိုက်ဇေးရှင်း ပါရဒိုင်းဆိုသည့် စကားလုံးကို လိုက်ပါ စီးနင်းခဲ့သည်။ စကားလုံးကား တည်၏။ လူကားမတည်။ အကောင် ဆိုသည့် စကားလုံးသည် မိုးကျရွှေကိုယ်စကားလုံး မဟုတ်တော့။ လုပ်ယူရသော စကားလုံးဖြစ်လာသည်။ “အကောင်” ဆိုသည့် စကားလုံး၏ ပါဝါ အာဏာကား နေရာမရွေ့။ အကောင်တည်ရာ အာဏာတည်သည်။ အာဏာဟူသည်ကား မိမိရရှိသည်နှင့် တပြိုင်နက် အလွဲသုံးစား လုပ်လို့အကောင်းဆုံးအရာ ဖြစ်သည့်အားလျော်စွာ အကောင်ဖြစ်ချင်လာသူများ အကောင်ဖြစ်အောင် လုပ်ကြရတော့သည်။
ထိုအခါ မိမိအသိုင်းအဝိုင်းတွင် မိမိသည်
“ပိုက်ဆံရှိသော အကောင်” ဖြစ်လိုသည်။
“အာဏာရှိသောအကောင်” ဖြစ်လိုသည်။
“လူတကာ လေးစားခံရသောအကောင်” ဖြစ်လိုသည်။
“ဆရာဂုဏ်ရှိသော အကောင်” ဖြစ်လိုသည်။
စသဖြင့် အကောင်များစွာထဲက အကောင်တကောင်တော့ ဖြစ်လိုလာသည်။ အကောင်နည်းနည်းလေး ဖြစ်သည်နှင့်အမျှ မိမိကိုယ်တိုင် အာဏာကို အလွဲသုံးစား လုပ်မိသလားမသိ။ တပါးသူကို စော်ကားမိသလားမသိ ဖြစ်လာသည်။ အာဏာကို အလွဲသုံးစားလုပ်သည်ဆိုသည့်စကားလုံးက စကားလုံးသာ ရုပ်ဆိုးသည်။ မိမိကိုယ်တိုင်က အတော်အခွင့်အရေးကောင်းရသည်။
တပါးသူ အာဏာကို အလွဲသုံးစားလုပ်၍လည်းကောင်း တပါးသူသည် မရသင့် မရထိုက်သော အခွင့်အရေးကို ချိုးဖောက်၍ ယူနေသည်ကိုလည်းကောင်း မြင်မိ၍ မိမိက ပြောမိလျှင်
“ငါ့ကုသိုလ်နဲ့ ငါဖြစ်နေတာ နင် အကုသိုလ်လာယူနေတာလား”
“သူများကုသိုလ်ကို နင်က အကုသိုလ်ဝင်မယူနဲ့”
ဟု ဝိုင်းဝန်းဆုံးမခြိမ့်ဦးမည်။
ကျွန်တော်၏ အမေက ဓနုစကားကောင်းကောင်းပြောတတ်သည်။ မေမေက ကျွန်တော့်အား ကျန်းမာရေးနှင့် ပတ်သက်၍
“ကိုယ့်အကောင် ကိုယ်ဂရုစိုက်မှရစာရီး”
ဟုဆုံးမတတ်သည်။
ဟုတ်ကဲ့။
ဝိုင်းစုခိုင်သိန်း၏ ကျန်းမာရေးဂရုစိုက် သီချင်းဖွင့်ပြီး အနားယူလိုက်ပါဦးမည်။