ကံကြမ္မာဆိုး တစ်ခုခုကို မဖြစ်အောင် တစ်ကြိမ်တစ်ခါ ပြောင်းပစ်နိုင်တာနဲ့ လူတွေက အမြဲပဲ ပြောင်းလဲပစ်နိုင်တယ်လို့ ထင်နေကြတယ်။ ကံတွေကို ပြောင်းလို့ မရဘူး မဟုတ်ပါဘူး။ ပြောင်းလို့ရပါတယ်။ ကံကောင်းလို့ ကံပြောင်းသွားတာမျိုးမဟုတ်ဘဲ ကိုယ့်အာစိဏ္ဏကံကြောင့် ပြောင်းသွားတယ်ဆိုရင် ပိုမကောင်းဘူးလား။ ကဲ ထပ်ပြီး စကြည့်ရအောင်။
၁။ အာစိဏ္ဏကံဖြစ်အောင်လုပ်ပါ။ ကံဆိုတာ အလုပ်ပါ။ နေ့စဉ်လုပ်နေကျ အလုပ်တွေ လုပ်မြဲလုပ်ပါ။ ပုံပြင်လေးနဲ့ ပြောပါရစေ။ ပုံပြင်ဆိုပေမယ့် တကယ့်အတ္ထုပ္ပတိတွေပါ။ တနေ့တော့ လူတယောက်ဟာ အတပ်ဟောဆရာရဲ့ နောက်နှစ်ကျရင် သေမယ်လို့ ပြောလိုက်တာကို ကြောက်ပြီး ဘုန်းကြီးကျောင်းဝင် ဘုန်းကြီးဝတ်ခွင့်တောင်းတယ်။ သူက နဂိုကတည်းက ထောင်ထွက်လူမိုက်ဆိုတော့ ဘုန်းကြီးက တစ်နှစ်ပတ်လုံး ပဲထမင်းစားနိုင်မှ ဝတ်ခွင့်ရမယ်ဆိုပြီး အနုနည်းနဲ့ ငြင်းလွတ်လိုက်တယ်။ သူလည်း သေမှာကြောက်တာနဲ့ နေ့စဉ်နေ့တိုင်း ပဲထမင်းတမျိုးပဲ စားပြီးနေတယ်။ တစ်နှစ်ပြည့်လုနီးပါးမှာ သူဟာ ငါသေတော့မှာဖြစ်လို့ ပဲထမင်းစားနိုင်ပြီဖြစ်ကြောင်း ဘုန်းကြီးကို အသိပေးရင်း ဘုန်းကြီးဝတ်တော့မယ်ဆိုပြီး ဘုန်းကြီးကျောင်းဆီပြန်လာတယ်။ ဘုန်းကြီးကျောင်းထဲ မဝင်ခင် အတပ်ဟောခဲ့တဲ့ ဆရာဆီဝင်လိုက်တယ်။ ဆရာက သူ့ကိုကြည့်ပြီး “အိုး မင်းပြောင်းလဲသွားပြီ၊ မသေနိုင်တော့ဘူး၊ ဘာများလုပ်ခဲ့တာလဲ၊ သူများ အသက်တွေ ကယ်ခဲ့တာလား” လို့မေးလိုက်တယ်။ သူလည်း ဟင့်အင်းပေါ့။ ကယ်မှ မကယ်ဖူးတာ။ ကြားထဲ လူမသတ်မိတာပဲ ကံကောင်းဆိုသလိုပဲ နေထိုင်လာတာကြီးပဲဟာကို။ အတပ်ဟောဆရာက ဟိုမေး ဒီမေးလုပ်တယ်။ နောက်ဆုံးကျမှ အပြစ်ကင်းတဲ့ အာစိဏ္ဏကံကို ပြုနေတာကြောင့်ပဲ ဆိုတာကို အတပ်ဟောဆရာက သဘောပေါက်သွားတယ်။ တရုတ်ပညာရှိတစ်ဦးက သူ့ဆီမှာ စာသင်ဖို့လာရင် တပည့်များကို စမ်းတဲ့အနေနဲ့ မိမိတို့နေရပ်နဲ့ အနီးဆုံး ချောင်းလေးထဲ တနေ့ကို ကျောက်စရစ်ခဲလေး တစ်လုံးကျ ပစ်ထဲခိုင်းတယ်။ အဲလိုပစ်ထည့်တာ တနေ့မှ မပျက်မှ တစ်နှစ်ပြည့်တဲ့အခါ ပညာသင်ပေးမယ်လို့ဆိုလေ့ရှိတယ်တဲ့။ အဓိဋ္ဌာန်တစ်ခုအဖြစ်နဲ့လည်း ဖြစ်သလို သမာဓိလည်း ရတဲ့အတွက် ပိုမိုအောင်မြင်လေ့ရှိတယ်။ ဒါကြောင့် နေ့စဉ်ပြုလုပ်မြဲ အလုပ်တစ်ခု သတ်မှတ်ပါ။ နေ့စဉ်လုပ်ပါ။
၂။ ပလန်အသစ်အမြဲချပါ။ အရင်လို လမ်းအိုလိုက်ဆိုပေမယ့် လမ်းအိုက သွားတဲ့သူများနေပါပြီ။ စိတ်ကူးသစ်တွေဆိုတာ တွေးလို့မှ မကုန်နိုင်တာ။ ပလန်အသစ်တွေဆိုတာ ချလို့မှ မကုန်နိုင်တာ။ ပလန်သစ်ရဖို့ ခက်ရင်ခက်မယ်။ ဒါပေမယ့် ချရေးကြည့်လိုက်ပါ။ သို့တည်းမဟုတ် လုပ်ကြည့်လိုက်ပါ။ လွယ်ပါတယ်။
၃။ ဘယ်လို ရင်းနှီးမြုပ်နှံရမလဲ အမြဲသင်ယူပါ။ ကြီးတော့ ကြီးပွားချင်တယ်။ ရင်းနှီးမြုပ်နှံမှုတော့ မလုပ်ဘူးဆိုရင် မရသေးပါဘူး။ ပညာတစ်ခုလိုချင်ရင် အချိန်တွေ ငွေတွေ သူငယ်ချင်းတွေကို ရင်းနှီးရတယ်။ ကိုယ့်ကုန်ပစ္စည်းထုတ်လုပ်နိုင်ပြီဆိုတာနဲ့ ဘယ်လိုလုပ်ရင် ဘယ်လောက်အတိုင်းအတာ ရင်းနှီးမြုပ်နှံရင် အောင်မြင်မလဲဆိုတာ အမြဲလေ့လာရမယ်။ သင်ယူရမယ်။ အခုလုပ် အခုအောင်မြင် အခုကြီးပွား အခုသူဌေးဖြစ်ဆိုတာ မြန်မာဇာတ်ကားတွေထဲမှာပဲ ရှိတာ။
၄။ ဘယ်တော့မှ ဆင်ခြေမပေးနဲ့။ ဟိုစကားကြားဖူးတယ်မဟုတ်လား။ အောင်မြင်သွားတဲ့သူမှာ အမြဲတမ်း နည်းလမ်း ရှိသလို မအောင်မြင်တဲ့သူတွေဆီမှာလည်း ဆင်ခြေတွေ အမြဲတမ်းရှိတယ်ဆိုတာလေ။ နောက်ပိုင်း အောင်မြင်တဲ့လူတွေ ပြောပြောလာကြတဲ့ စကားတစ်ခွန်းရှိတယ်။ “မင်း အစွမ်းကုန် ကြိုးစားပြီးပြီလား” ဒါမှမဟုတ် “မင်း နည်းလမ်းပေါင်းစုံ ကြိုးစားကြည့်ပြီးပြီလား” ဆိုတာပါ။ ဟုတ်ပါတယ်။ ရှိရှိသမျှအစွမ်းကို အကုန်ထုတ်ရသလို နည်းလမ်းအစုံကိုလည်း လိုက်လုပ်ရပါတယ်။
၅။ အချိန်ဆွဲနေတာတွေကို ချက်ချင်းရပ်ပါ။ ဒါလေးလုပ်ဦးမှ၊ အင်း ခဏလေးတော့ ဖုန်းကြည့်လိုက်ပါဦးမယ်လေ ဆိုပြီး အချိန်တွေကို ရွှေ့နေတတ်သလား။ မလုပ်ပါနဲ့။ ဒါလေးပဲ လုပ်လိုက်မယ်လေဆိုပြီး အလုပ်အားလုံးရဲ့ အစကို စဆွဲထုတ်ပြီးလုပ်ပါ။ တနွယ်ငင် တစ်စင်ပါလာပါလိမ့်မယ်။ အချိန်ဆွဲနေလည်း လုပ်ရမယ့်အလုပ်က အလိုလို ပြီးသွားမှာ မဟုတ်လို့ပါ။
၇။ လက်ရှိ ကိုယ်တတ်နိုင်တဲ့ ငွေကြေးအနေအထားကို ပြန်သုံးသပ်ပါ။ တစ်ခုခု ဝယ်တော့မယ်ဆိုရင် အကြွေးတင်သွားနိုင်သလား။ အကြွေးကို ဘယ်လိုဆပ်မလဲဆိုတာကို သုံးသပ်ပါ။ အကြွေးယူတာဟာ မရှိလို့ ယူတာဖြစ်တယ်။ မရှိလို့ ဖြစ်တဲ့အတွက် ပြန်ဆပ်ဖို့ကလည်း ရှိဖို့မသေချာပါဘူး။ ဒါကို ကြပ်ကြပ်သတိထားပါ။ အကြွေးကို လွယ်လွယ်မယူပါနဲ့။ ငွေသုံးမကြမ်းပါနဲ့။ ဆန်မရှိအစားကြီးဆိုတဲ့ စကားပုံက ကိုယ့်အတွက် ရည်စူးပြီး ထားခဲ့သလားဆိုပြီး ဖြစ်သွားမယ်။
၈။ အကောင်းဘက်ကိုသာ အာရုံစိုက်ပါ။ စိတ်က အမြဲတမ်း မကောင်းတဲ့ဘက်ကို ဆွဲခေါ်တတ်တယ်။ တစ်ခါခါ လုပ်ရင်း ကိုင်နေရင်း အဆိုးဘက်ကိုပဲ အာရုံက ရောက်ရောက်နေတတ်တယ်။ အဆိုးမြင်စိတ် မထားရဘူး မဟုတ်ပါဘူး။ အရင်ဆုံး အကောင်းဘက်ကနေ အာရုံစိုက်ကြည့်ဖို့ လိုပါတယ်။
၉။ သင့်ခံယူချက်များကို ပြောင်းလဲပစ်ပါ။ ပြောရတာ လွယ်သလောက် လုပ်ရခက်တဲ့ ကိစ္စကြီးပါ။ သင်တန်းကို နှစ်ပေါင်းများစွာ ပေးခဲ့ရလို့ ဒီကိစ္စကို သိတယ်။ သင်တန်းရတုန်း ပြောင်းလဲသွားတယ်။ သင်တန်းပြီးတော့ ခံယူချက်တွေက အရင်အတိုင်းပဲ ဖြစ်နေတယ်။ ဒါပေမယ့် ခံယူချက်ကလည်း အရေးကြီးပါသေးတယ်လေ။ ဘာခံယူချက်လဲ ဆိုတာမျိုးပေါ့။ ဤကို ကျွဲဖတ်တဲ့ ခံယူချက်မျိုးဖြစ်နေရင်လည်း မနှိပ်သေးပါဘူး။ ဆီသည်မလက်နှီးစုတ်ဖြစ်နေရင်လည်း မဟုတ်ပြန်ဘူး။ တစ်မူးသာနေရင်လည်း ခက်ရချည့်။
၁၀။ ဘာသာစကားအသစ်ကို သင်ယူပါ။ ဘာသာစကားအသစ်ကို သင်ယူလိုက်ခြင်းဟာ သင့်ဦးနှောက်ကို ပိုမိုအလုပ်လုပ်စေသလို သင့်စိတ်ကူးကိုလည်း ပြောင်မြောက်စေပါတယ်။ ဘာသာစကားတစ်ခုတည်း ပြောတဲ့သူနဲ့ ဘာသာစကား နှစ်မျိုးသုံးမျိုးပြောသူတို့ရဲ့ ထူးချွန်မှုက ခြားနားပါတယ်။
၁၁။ ကိုယ်သွားနေတဲ့ လမ်းကြောင်းကို မေးခွန်းထုတ်ပါ။ ဒီကိစ္စက အရေးကြီးပါတယ်။ ကိုယ်ထင် ခုတင်ရွှေနန်း ဘဝနဲ့တော့ မပြီးသေးဘူး။ တာရာမင်းဝေပြောသလို ပြေးနေပေမယ့် လမ်းကအမှားကြီးဆိုရင် ဘယ်လိုလုပ်မလဲ ဆိုသလို ဖြစ်သွားမယ်။ အားလုံး ကိုယ်လုပ်တာ မှန်တယ်ချည်း ထင်တတ်ကြတယ်။ ဘာလို့ဆို သူများလည်း အားပေးကြတာကိုး။ ဒါပေမယ့် မှန်လား မမှန်လားတော့ ကိုယ်သွားနေတဲ့လမ်းကို အမြဲတမ်း မေးခွန်းထုတ်ပါ။
၁၂။ တနေ့မှာ တချိန်လောက်ပဲ ကိုယ်လုပ်ရမယ့်အလုပ်ကို လုပ်ကြည့်ပါ။ ဒါက မလုပ်ဖြစ်မှာ စိုးလို့ သတိပေးတာပါ။ တခါခါ အဲဒီတနေ့ကနေ လချီဖြစ်သွားတာ အများကြီးကြုံဖူးကြမယ်ထင်ပါတယ်။ ဒါကြောင့် တနေ့မှာ တချိန်လောက်တော့ စာအုပ်ဖတ်တာ၊ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ ကိုယ့်လမ်းကြောင်းပေါ် မဖဲ့မစောင်းသွားတာ လုပ်ကြည့်ပါ။
ဒါလောက်ပါပဲ။