သည်နေ့ ရဲနိုင်ဝင်းနှင့် ယဉ်ငြိမ်းခင်ဝါအောင်တို့ကောင်းမှုကြောင့် ထူးထူးခြားခြား professional leadership program – plp ဆိုတဲ့ တောင်ကြီး ကုန်သည်ကြီးများအသင်း (SSSCCI) မှာကျင်းပတဲ့ ဆီမီနာတစ်ခုကို ရောက်ဖြစ်တယ်။ ထူးထူးခြားခြားဆိုတာက ဒီလိုပွဲမျိုးကို တစ်ခါမှ မတက်ဖူးတာပါ။ မတက်ဖူးရခြင်းအကြောင်းကလည်း တက်ချင်စိတ် မရှိတာကြောင့်ပါ။ တက်ချင်စိတ် မရှိတာကလည်း ကိုယ့်ရဲ့ လူမှုကွန်ယက်အသိုင်းအဝိုင်းက အကောင်းတစ်ခါမှ အပြောမခံရတဲ့ ဟောပြောသူတွေ ဖြစ်နေလို့ပါ။ ကိုယ့်အသိုင်းအဝိုင်းဆိုတော့မှ ဘယ်သူမှ အကောင်းမပြောကြခံရဆုံးသူဖြစ်ပြီးသကာလ လှောင်လည်းလှောင်ကြတဲ့ ဟောပြောသူတစ်ယောက်ဖြစ်တဲ့ လင်းသိုက်ညွန့်ရဲ့ လူမှုကွန်ယက်စာမျက်နှာကိုကြည့်လိုက်တယ်။ သူ့ ဖော်လိုဝါပေါင်း တသိန်းနှစ်သောင်းကျော်တယ်။ ကိုယ်သိတဲ့ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်နဲ့တောင် Friend ဖြစ်နေသေးတယ်။ နောက်တယောက် ဇင်ဖြိုးပိုင်ကိုကြည့်လိုက်တော့လည်း သူငယ်ချင်းက ငါးထောင်ကွက်တိဖြစ်နေပြီးတဲ့နောက် ဖော်လိုဝါပေါင်း ၂ သောင်းကျော်ရှိနေတာကို တွေ့ရတယ်။ နောက်နှစ်ယောက်ကတော့ ကိုယ်တကယ်မသိပါဘူး။ ဖူးကျော်ဇင်နှင့် သန့်ထူးတဲ့။ သူတို့ကြော်ငြာစာရွက်ပြန်ကြည့်ပြီးမှ ဒီနာမည်ကို ရေးရတာပါ။ သို့သော် သူတို့က သူတို့ကို သူတို့ပြောတဲ့ နေရာမှာ “သူတို့ကို ဒီကလူတွေ အားလုံးသိပြီးသား” ဆိုတဲ့ စကားမျိုး မကြာခဏသုံးတာတွေ့ရပါတယ်။ ခက်တာက ကိုယ်က ဒီအသိုင်းအဝိုင်းက မဟုတ်လေတော့ မသိပါဘူး။ သူတို့အားလုံးကို ခုမှပဲ မြင်ဖူးတာပါ။ ဒီတော့မှ အသိုင်းအဝိုင်းဆိုတဲ့ ကိစ္စက တော်တော်အရေးပါမှန်း သိလာတယ်။
မန်းလေးမစိုးရိမ်တိုက်သစ်မှာနေတုန်းက ဓမ္မရံသီကျောင်းဆရာတော်က ညနေဘက်ဆို အပြင်ဘက်ကို လမ်းလျှောက်ထွက်တတ်လေ့ရှိတယ်။ တစ်ညနေတော့ သူ့ကို ဦးပဇင်းတစ်ပါးက ပခုံးချင်း တိုက်သွားတယ်ထင်ပါရဲ့။ နောက်နေ့တော့ သူက စာဝါချရင်းပြောတယ်။ မစိုးရိမ်တိုက်သစ်မှာ ငါ့ကိုမသိတဲ့သူ မရှိဘူးဆိုပြီး အထင်ကြီးနေတာ။ အပြင်ရောက်တော့မှ ငါ့ကို မသိတဲ့သူတွေ ရှိသေးပါလားလို့ သိရတော့တယ်လို့ ပြောပါတယ်။ သီတဂူဆရာတော်ကြီးကလည်း သူ့ကို တချို့လူတွေ မသိတာနဲ့ ပတ်သက်ပြီး ဒီလိုမိန့်ဖူးတယ်။ “ဧရာဝတီမြစ်ရေရဲ့ ကောင်းကျိုးရှိပုံကို ဧရာဝတီမြစ်ဘေးမှာ နေတဲ့သူပဲ သိကြပါတယ်၊ တော်ပေါ်ကလူတွေ မသိပါဘူး” တဲ့။ မင်းကွန်းဆရာတော်ဘုရားကြီးလည်း သူ့ကို မသိတဲ့ အထမ်းသမားတယောက်က “ဦးဇင်းကြီး ဘေးဖယ်” လို့ပြောတာခံရဖူးတယ်လို့ ဆိုပါတယ်။
ကမ္ဘာလောကကြီးက တဆက်တည်းဖြစ်နေပေမယ့် အသိုင်းအဝိုင်းက အများကြီး ကွဲနေတာကို တွေ့ရတယ်။ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အသိုင်းအဝိုင်းလေးက ဘုန်းကြီးဆိုတော့လေ ဘုန်းကြီးအသိုင်းအဝိုင်းပဲ ကြုံခဲ့ရပါတယ်။ ပထမဆုံး ရွှေကျင်အသိုင်းအဝိုင်း။ ကိုယ်နေတဲ့ကျောင်းက ရွှေကျင်နှစ်ပတ်လည်တွေ ဘာတွေပါလုပ်တော့ တကယ့်ဒိတ်ဒိတ်ကြဲဆရာတော်တွေနဲ့ တွေ့ဆုံခဲ့ရပါတယ်။ နောက်တော့ သုဓမ္မာအသိုင်းအဝိုင်းက ဖြုန်းဆို ရောက်သွားပါတယ်။ အဲဒီကျမှ ရွှေကျင်မှာ နာမည်ကျော်တဲ့ ဆရာတော်တွေဟာ သုဓမ္မာမှာ သိတောင် မသိကြပါလားဆိုတာကို သွားသတိထားမိတယ်။ ကိုယ်က သိပ်ပြီး လိမ္မာချင်ယောင်ဆောင်တတ်တဲ့ သူမို့ ဘုန်းကြီး အသိုင်းအဝိုင်းထဲမှာပေမယ့် စာတွေ ပေတွေမသင်ဘဲ သင်နေသယောက်နဲ့ ဒီလိုအလွတ်တန်းနေခဲ့တော့ အသိုင်းအဝိုင်းတစ်ခုနဲ့ စတွေ့ပါတယ်။ အင်တာနက်ပေါ်မှာပါ။ Mysuboo အသိုင်းအဝိုင်း Blogger အသိုင်းအဝိုင်း, WordPress အသိုင်းအဝိုင်း, Multiply အသိုင်းအဝိုင်း, Ning အသိုင်းအဝိုင်းစသဖြင့် ကြုံခဲ့ရပါတယ်။ ၂၀၁၀ လောက်ကျတော့ Facebook ပေါ်လာပြီး အပေါ်က အမျိုးမျိုးသော လူတွေပြန့်ကုန်ပြန်ပါတယ်။ အဲဒီကနေ ထပ်တွေ့နေရတာကတော့ အမြင်မတူရာ ခံစားရမှုပိုင်းမတူရာကနေ ထွက်ပေါ်လာတဲ့ အနီအသိုင်းအဝိုင်းရယ် အစိမ်းအသိုင်းအဝိုင်းရယ်နဲ့ ဘာမှမဆိုင်သလို နေနေတဲ့ အသိုင်းအဝိုင်းပါပဲ။ လောလောလတ်လတ်ကတော့ Myanmar Idol က ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုကို အကြောင်းပြုပြီး ပေါ်နေတဲ့ အကြိုက်ချင်းကွဲနေကြတဲ့ အသိုင်းအဝိုင်း။ စသဖြင့် အသိုင်းအဝိုင်းတွေကတော့ အမျိုးအမျိုးသော အကြောင်းနဲ့ အမျိုးမျိုးသော အခြေခံတို့ကြောင့် အများကြီးကွဲနေပါတယ်။ အဲဒီလိုကွဲနေတဲ့အထဲမှာ ကိုယ့်အသိုင်းအဝိုင်းမှာတော့ ကိုယ်က ကိုယ့်ကိုယ်ကို သိပ်ပြီး ထင်ပေါ်နေတဲ့သူလို့ ဖြစ်နေကြတာ များပါတယ်။ တကယ်လည်း ထင်ပေါ်ကြမှာပါ။
၂၀၁၃ ကနေ ခုထက်ထိ ကိုယ်နေခဲ့တဲ့ ဖွံ့ဖြိုးရေးအသိုင်းအဝိုင်းမှာလည်း အဲလိုပါပဲ။ သင်တန်းတစ်ခါတက်တယ်။ သင်တန်းသား ၂၀ လောက်မှာ သိဟောင်း ကျွမ်းဟောင်းက တစ်ဝက်လောက်ပါပါနေတယ်။ ဒီအသိုင်းအဝိုင်းကလူတွေက ဒီလူတွေပဲကိုး။ ပြီးတော့ ဘယ်ဆရာလာမှာ ဘယ်သူက ဘယ်နှစ်ရက်သင်မှာဆိုရင် ဝမ်းသာကြတယ်။ နာမည်ကြီး မြန်မာဆရာအပြင် နိုင်ငံခြားက ဆရာတွေလည်း အများကြီးရှိတယ်။ အဲဒီထဲက ဆရာကြီး Sulat Sivaraksa ကိုယ်တိုင်လာမှာဆိုရင်တော့ ဝမ်းသာပေရောပဲ။ အဂျန်ဆူလတ်ဆီဗာရတ်စာ ဆိုတာ ဖွံ့ဖြိုးရေးလောကမှာတော့ ဘုရားတစ်ဆူလောက်ကို နာမည်ကြီးတာကိုး။ တကယ်လည်း နာမည်ကြီးပဲ။ ဒီလိုနဲ့ တလောတုန်းက အဂျန်တယောက် ထိုင်းဘုရင်ကို မြတ်စွားဘုရားဟောတဲ့ စကားခြောက်ခွန်းထဲက တစ်ခွန်းဖြစ်တဲ့ “မှန်တယ် သူများမကြိုက်ဘူး”ဆိုတဲ့ စကားအရာကိုသုံးပြီး ဝေဖန်မိရာက ထောင်နန်းစံရလုလု ဖြစ်သွားချိန်မှာ သူ့ကို ချစ်တဲ့ ပရိသတ်များက အွန်လိုင်းပေါ်ကနေ ဝိုင်းပြီး ထောင်မကျသင့်ကြောင်း ထောက်ခံခဲ့ကြတယ်။ လူဦးရေ ၆၈ သန်းကျော်ရှိပြီး ဗုဒ္ဓဘာသာ ၉၄ ရာခိုင်နှုန်းရှိတဲ့ ထိုင်းနိုင်ငံက လူတွေ ဘယ်လောက်ထိတောင် အဂျန်ကို ထောက်ခံခဲ့သလဲဆိုရင် လူခြောက်ရာ ကျော်ပါသတဲ့။ အဲဒီလို ထောက်ခံမှုအများအပြားရရှိခဲ့တဲ့အပေါ် မေးကြည့်တော့ လက်ရှိစစ်အစိုးရကို ကြောက်ကြတာလည်းပါတယ် တချို့ကျတော့လည်း ကိုယ့်နိုင်ငံကို အဲလိုပြန်ဝေဖန်တော့ မကြိုက်ကြဘူးလို့ဆိုပါတယ်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အဖြေကတော့ အဲလောက်ပဲ ပြန်ပေးကြတယ်။ ကြည့်စမ်း။ Sulat Sivaraksa ဆိုတာ တကယ့်တော်တဲ့ ပုဂ္ဂိုလ်ကြီး။ The Wisdom of Sustainability ဆိုတဲ့ စာအုပ်ကို ရေးခဲ့သူ။ International Network of Engaged Buddhists (INEB) ရဲ့ အကြီးအကဲ။ သို့ပေမယ့်လည်း တကယ်တမ်းကျ သူ့ကို သိတဲ့ အသိုင်းအဝိုင်းက ဖွံ့ဖြိုးရေးလောကက အသိုင်းအဝိုင်းလောက်ပဲကိုး။ ဝေဖန်ရေးလောက အသိုင်းအဝိုင်းလောက်ပဲကိုး။
မြန်မာနိုင်ငံမှာ လူဦးရေ သန်းငါးဆယ်လောက်ရှိတယ်။ ဒီလူဦးရေအကုန်လုံးသိတဲ့လူက အရမ်းကိုနည်းပါတယ်။ ဘယ်လောက်တော်တော် ဘယ်လောက်တတ်တတ် ကိုယ့်အသိုင်းအဝိုင်းမှာပဲ ကိုယ်တော်ကိုယ်တတ်ပါတယ်။ အပြင်ဘက်ကို မရောက်ပါဘူး။ ရောက်ခဲ့ရင်လည်း နည်းနည်းပါးပါးပါပဲ။ ဒီတော့ ကိုယ်ဘယ်အသိုင်းအဝိုင်းထဲကို ရောက်နေလဲဆိုတာ ကိုယ့်ကိုယ်ကို သိထားရမယ်။ ကိုယ့်အသိုင်းအဝိုင်းထဲမှာ ကိုယ်ဘယ်နေရာကနေ ဘယ်လောက် အရေးပါနေလဲဆိုတာ လေ့လာရမယ်။ လက်ရှိ ကိုယ့်အသိုင်းအဝိုင်းထဲမှာ နေနေရင်းကနေလည်း နေရာပျောက်လာတတ်တာရှိပါတယ်။ ဘယ်လိုလုပ်ကြမလဲကတော့ ကိုယ့်ပေါ်မှာမူတည်ပါတယ်။ လွန်ခဲ့တဲ့နှစ်က ကိုယ့် Facebook Status မှာ “အသိုင်းအဝိုင်းပြတ်တောက်မှုရောဂါရနေတယ်။ ကဗျာလောက အသိုင်းအဝိုင်းထဲ ပြန်ဝင်မှထင်တယ်။ အဲဒီမှာက ငြိမ်းချမ်တယ်” လို့စာလေးတကြောင်းရေးဖူးတယ်။ ကိုယ့်အတွက် ငြိမ်းချမ်းတဲ့ အသိုင်းအဝိုင်းကိုပဲ ရှာကြပေါ့ဗျာ။