တနေ့ တနေ့ ဖတ်တဲ့စာတွေထဲမှာ လူလူချင်း အဆင့်အတန်းမခွဲခြားဖို့အကြောင်းပဲ ဖတ်ဖတ်နေရတယ်။ လူဆိုတာ အဆင့်အတန်းချင်းမတူရင် ခွဲခြားဆက်ဆံရမယ်။ ဘုရားလောင်း သေတကေတု နတ်သားအဖြစ်ကို ကြည့်လိုက်ပါ။ ဘုရားဖြစ်ဖို့ နတ်များက ဝိုင်းဝန်းတောင်းပန်တော့ (၁) လူ့သက်တမ်း၊ (၂) ကျွန်း၊ (၃) ကပ်၊ (၄) မျိုးရိုးနှင့် (၅) မယ်တော်ကို ကြည့်ပြီး ဟောဒီကမ္ဘာကို ဘုရားဖြစ်ဖို့ ဆင်းလာတာ။ နံပါတ်လေးကို ကြည့်လိုက်။ မျိုးရိုးဆိုတဲ့နေရာမှာ အဲဒီခေတ်တုန်းက အိန္ဒိယမှာ မင်းမျိုး၊ ပုဏ္ဏားမျိုး၊ သူကြွယ်မျိုးနှင့် သူဆင်းရဲမျိုးဆိုပြီး ရှိရာမှာ အဆင့်အတန်းအရှိဆုံး မင်းမျိုးထဲ ဝင်စားခဲ့တာ ဖြစ်ပါတယ်။ မိဖုရားတောင်မှ မိဖုရားခေါင်ရဲ့ ဝမ်းထဲကို ဝင်စားတာ ဖြစ်ပါတယ်။ အဆင့်အတန်းမရှိတဲ့ သူတွေရဲ့ ဘဝထဲကို ဝင်စားရင် ဘယ်သူက ကိုယ့်စကား နားထောင်မှာလဲ။ ဘယ်သူက ကိုယ့်နောက်လိုက်လုပ်မှာလဲ။ ဒါကြောင့် အဆင့်အတန်းကိုဆိုတာ ခွဲခြားကို ခွဲခြားရပါမယ်။
ပထမဆုံး သူစိမ်းအချင်းချင်း တွေ့ဆုံရာမှာ ပထမဆုံး ဘယ်သူ့ကို ရှာသလဲ။ ကိုယ်နဲ့ အဆင့်အတန်းချင်း တူတဲ့သူကို အရင်ရှာကြရပါတယ်။ ကိုယ်နဲ့ အဆင့်အတန်းချင်းမတူရင် စကားသွားပြော သွားပေါင်းလို့ မဖြစ်ဘူး။ ပြောတဲ့ စကားတွေ နေပုံထိုင်ပုံတွေနဲ့ ဆွေးနွေးမိတဲ့အကြောင်းအရာတွေ ကွာဟနေလိမ့်မယ်။ ဘာတွေ့ရလဲ သိလား။ အဆင့်အတန်းချင်းမတူရင် ပေါင်းလို့မရတာတွေ့ရမယ်။ ကိုယ်က သွားပေါင်းရင်လည်း ဟိုကပေါင်းမှာ မဟုတ်ဘူး။ ဘာလို့ဆို အဆင့်အတန်းမှ မတူတာကိုး။ သင်တန်းတစ်ခုမှာ ဆိုပါစို့။ သင်တန်းကို ကားအကောင်းစားကြီးစီး အဝတ်အစားသန့်ပြန့်နေအောင် ဝတ်ထားပြီး ဘာလုပ်ရမှန်း မသိလို့ သင်တန်းကို ယောင်ပြီးလာတဲ့သူက ဖိနပ်ကို တဒေါက်ဒေါက်မြည်အောင် စီးပြီး သင်တန်းခန်းမထဲ ဝင်လာချိန် ကိုယ်က သင်တန်းကို လိုင်းကားစီးလာရသူ ဒီသင်တန်းတက်ရဖို့ ငွေကိုခြစ်ခြုပ်ပြီး သင်တန်းကို တက်ရတဲ့အနေအထားနဲ့ဆို ဒီလူနှစ်ယောက်ပေါင်းလို့ သိပ်မဖြစ်နိုင်ပါဘူး။ သင်တန်းထဲမှာ မေးထူးခေါ်ပြော ရှိကောင်းရှိပါလိမ့်မယ်။ နောက်ပိုင်း ဒီလူနှစ်ယောက် ဆက်လက်ပြီး ပေါင်းဖို့ သင်းဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီမှာ သင်တဲ့ဆရာကလည်း ကွာမှာပဲ။ သန့်ပြန့်အောင် နေထိုင်တဲ့ ပိုက်ဆံနည်းနည်းရှိတဲ့သူနဲ့ သာမာန်ထက် နိ့မ်ကျနေတဲ့သူကို ဘယ်လိုစဉ်းစားပေးမယ်ထင်လဲ။ ဒီသာမာန်ကောင်လေးက သိပ်တော် သိပ်ထက်လာရင်လည်း ဒီထက်ပိုပြီး သူ့မှာ ရှေ့တက်မယ့်အခွင့်အလမ်း မမြင်တာနဲ့ သိပ်ကြီး အဆက်အဆံလုပ်မှာမဟုတ်ပါဘူး။ မပြောသောလည်း ကြားရမယ့် စကားကတော့ ကိုယ့်အဆင့်အတန်းကိုယ်သိဆိုတဲ့ စကားပါပဲ။ ငယ်ပေါင်းတွေတောင် ကြီးလာတဲ့အခါ ပစ္စည်းဥစ္စာအရ ဘွဲ့တွေအရ ယူထားတဲ့အိမ်ထောင်ဘက်အရ ရထားတဲ့ အမွေအနှစ်အရ ပေါင်းလို့မဖြစ်တော့တာတွေရှိနေတာကိုလည်း တွေ့ကြရမှာပါ။
မင်္ဂလာပွဲ ဧည့်ခံပွဲတစ်ခုခုကျင်းပပြီ။ ကျင်းပတဲ့သူက အကြောင်းအမျိုးမျိုးကြောင့် လူစုံ တက်စုံဖိတ်လိုက်ရတယ်။ အကြောင်းအမျိုးမျိုးကြောင့်လို့ ဆိုပါတယ်။ မကင်းရာ မကင်းကြောင်းတွေ ရှိတယ်။ မဖိတ်ရင် ဘေးပတ်ဝန်းကျင်အနေအထားအရ မိမိကိုယ်တမျိုးမြင်မှာစိုးလို့ ဖိတ်ရတာရှိတယ်။ မျက်နှာနာနေလို့ ဖိတ်ရတာ ရှိတယ်။ အဲမှာ ခင်ဗျားအဲဒီဧည့်ခံပွဲကို တက်ပြီ။ မိတ်ဆွေ ရှိရင်တောင် ကိုယ်နဲ့ အဆင့်အတန်းချင်း တူတဲ့သူနဲ့မှ ပြောရဆိုရတာ အဆင်ပြေမှာမို့ အဆင့်အတန်းချင်းတူတဲ့သူရှိရာ စားပွဲဆီ ခင်ဗျားသွားမယ်။ ခင်ဗျားမိတ်ဆွေတယောက်မှ မတွေ့တဲ့အဆုံး ခင်ဗျားဘယ်နေရာကို ရွေးမလဲ။ ခင်ဗျားနဲ့ အဆင့်အတန်းချင်းတူတဲ့သူရှိတဲ့ စားပွဲကို ရွေးမှာဖြစ်ပါတယ်။ မရွေးဘူးလို့ မပြောနဲ့။ မရွေးလို့ကို မရတာ။ ခင်ဗျားနဲ့ အဆင့်ချင်းမတူရင် ခင်ဗျားဘာစကားသွားပြောမတုန်း။ လက်ရှိဒေါ်လာစျေးအကြောင်းလား။ ဘယ်နိုင်ငံက တက္ကသိုလ်များရဲ့ ဘယ်လိုကောင်းတယ်ဆိုတဲ့ အကြောင်းလား။ ဟင်းသီးဟင်းရွက်တွေ စျေးတက်လာတဲ့အကြောင်းလား။ ခင်ဗျားရဲ့ သားအငယ်ကောင်ကို ပို့ထားတဲ့ အစိုးရမူလတန်းကြောင်းက ဆရာတွေ စာသင်တာညံ့ပုံလား။ ခင်ဗျားနဲ့ အဆင့်အတန်းချင်းမတူတဲ့ စားပွဲမှာ သွားထိုင်မိရင် ခင်ဗျားအောင့်သက်သက်ဖြစ်မှာပဲ။ သစ်တော့ တစ်ပင်မှမစိုက်ကြပေမယ့် သစ်ခုတ်သမားချင်းတူနေရင်တောင် ခင်ဗျားက ထင်းလောက်ခုတ်သူ၊ တယောက်က ဟက်တာပေါင်း သိန်းနဲ့ချီခုတ်ပြီး သူဌေးလုပ်နေသူဆိုရင် ဘယ်လို စကားပြောမလဲ။ စားဝတ်နေရေး ရုန်းကန်နေသူချင်း အတူတူ ဟိုက နိုင်ငံခြားတက္ကသိုလ်တွေမှာ ပညာကို အထပ်ထပ်ဆည်းပူးလာသူ ခင်ဗျားက မြန်မာနိုင်ငံက အထက်တန်းတောင် ပြီးအောင် မတက်နိုင်ခဲ့သူဆိုရင် ခင်ဗျားကို အဖက်လုပ်မယ်ထင်နေလို့လား။
လူတွေ ပြောကြတာ ရှိတယ်။ ပညာနဲ့ အဆင့်အတန်းခွဲတာတို့ ဘာတို့။ ဥစ္စာနဲ့ အဆင့်အတန်းခွဲတာတို့ ဘာတို့။ မခွဲသင့်သလိုလို မခွဲကောင်းသလိုလို မခွဲသလိုလို ပြောနေကြပေမယ့်
“သူတို့က ပညာတတ်တွေ၊ သူတို့က ဘာဘွဲ့တွေ ရထားတာ၊ သူတို့က ဘယ်နိုင်ငံမှာ ကျောင်းတက်လာတာ”
“ဒင်းက ဘာပညာအရည်အချင်းရှိလို့လဲ၊ ဆယ်တန်းဖြင့်တောင် မအောင်ဘဲနဲ့များ”
“သူတို့က ချမ်းသာတယ်၊ သူတို့က ပိုက်ဆံရှိတယ်၊ သူတို့တိုက်ကြီးက ဟီးထနေတာ”
“အရင်ပတ်က စားစရာမရှိလို့ သူများအိမ် ဆန်လိုက်ချေးနေရသူကများ”
စသဖြင့် အပြင်ဘက်ကို ထည့်မပြောပေမယ့် တကယ်လည်းကျရော အဆင့်အတန်းကို ဒါတွေနဲ့ ခွဲပါတယ်။ လူတယောက်ကို ပေါင်းတော့မယ်ဆိုရင် ဆက်ဆံတော့မယ်ဆိုရင် ဘာလုပ်သလဲ။ ပိုက်ဆံချမ်းသာရဲ့လား။ ငါများသွားပေါင်းရင် ရင်းနှီးတဲ့အခါ ငါ့ဆီများ ပိုက်ဆံချေးနေမလား။ ဒီလူပြောတဲ့ စကားက ဘာဘွဲ့မှ ရထားတာလဲ မဟုတ်တော့ အဆင်ပြေချင်မှ ပြေမှာပါ။ ဒီလူပြောတဲ့ စကားတိုင်းဟာ တက္ကသိုလ်ဘွဲ့ရမဟုတ်လေတော့ အဆင်အခြင်မဲ့ စကားပဲ ဖြစ်မှာပါ။ ဆရာတယောက်က ကျောင်းသား တယောက်နဲ့ ရင်းနှီးနေရင် အပြစ်ဖြစ်လာတယ်။ သူဌေးတယောက်က ဆင်းရဲသားတယောက်နဲ့ ရင်းနှီးလာရင် ဆိုစရာဖြစ်လာတယ်။ နာမည်ကျော်တယောက်က သာမညတယောက်နဲ့ ကျွမ်းဝင်နေရင် ပြောစရာ ဖြစ်လာတယ်။ ဘာသာမတူ လူမျိုးမတူ ရိုးရာမတူချင်းပေါင်းရင်ကော အဆင်ပြေနေကြလို့လား။ အဆင့်အတန်းချင်း နည်းနည်းကွာရင် သိပ်မသိသာပေမယ့် အဆင့်အတန်းက နည်းနည်းများ ပိုကွာဟတဲ့သူတွေပေါင်းရင် လူကာရဲ့ အကြည့်ခံရမယ်။ ရိုးရိုးကြည့်ရင် မပြောလိုပါဘူး။ ဘယ်လိုကြည့်မယ်၊ ဘယ်လိုအကြည့်ခံရမယ်ဆိုတာမျိုးကို ကျုပ်ဖြင့် ပြောပြစရာမလိုဘူးထင်တာပဲ။ ကြည့်ဖူးတာလည်း ရှိမယ်။ အကြည့်ခံရဖူးတာလည်း ရှိမယ်လေ။
ဒူးနေရာဒူး တော်နေရာတော်၊ သာမဏေန သာမဏော၊ ဂေါနေန ဂေါနောစတဲ့ စကားပုံတွေနဲ့ ကျော်မကောင်း ကြားမကောင်း ပြောမကောင်း ဆိုမကောင်း စကားပုံတွေကလည်း တောင်ပုံယာပုံမဟုတ်ပါလား။ အဲဒီတော့ ပေါင်းရင် သင်းရင် အဆင့်အတန်းကြည့်ပေါင်းရပါတယ်။ သောတာပန်ဖြစ်သွားရင် ပုထုဇဉ်တွေနဲ့ ပေါင်းလို့သင်းလို့ ဘယ်ဖြစ်တော့မလဲဗျာ။ ပုထုဇဉ်တွေကိုပဲ ဆရာလုပ်လုပ်နေမှာပေါ့။ ရာထူးနည်းနည်းမြင့်တာနဲ့ လုပ်တာလေး နည်းနည်းအောင်မြင်တာနဲ့ လူတကာတွေကို ဆုံးမရမယ့် သတ္တဝါလို့ မြင်သွားတတ်တဲ့ လူတွေကလည်း တပင်တပုံကြီးဆိုတော့ ကိုယ့်အဆင့်အတန်း ကိုယ်သိကြ။ အဆင်းအတန်းကလည်း အမျိုးမျိုးခွဲတယ်။ ချမ်းသာတယ် ဆင်းရဲတယ်။ ဘွဲ့ရထားတယ်။ ကျောင်းမပြီးဘူးအပြင် လူဖြူ လူမည်းခွဲတယ်။ လူဖြူ လူဝါခွဲတယ်။ ဥရောပသား အာရှသားခွဲတယ်။ လူမျိုးကြီး လူမျိုးငယ်ခွဲတယ်။ နိုင်ငံကြီးသား နိုင်ငံငယ်သားခွဲတယ်။ ဘုရင်မူးမတ်နှင့် တိုင်းသူပြည်သား စသည်ကမှအစ အမတ်ဖြစ်သွားသူ ရိုးရိုးပဲ ကျန်ခဲ့သူ စသဖြင့် ပြောမပြနိုင်အောင် ကမ္ဘာဦးကတည်းက ခုထိအမျိုးမျိုး အဖုံဖုံခွဲကြတယ်။ ဒါကြောင့် ကြည့်ပေါင်းကြ။ ကြည့်မပေါင်းချင်ရင် အဆင့်အတန်းရှိရှိနေ။ ဒါပဲ။