ဆေးလိပ်နဲ့ပတ်သက်လာရင်တော့ ဆေးလိပ်လည်းတို နေလည်းညိုပြီ ငါ့ကို ပြန်ပို့ကြပါတော့ ဆိုတဲ့ တင်မိုးရဲ့ ဧည့်သည် ကဗျာလေးကတော့ဖြင့် နာမည်ကျော်လှချည့်လို့ ပြောရမှာဖြစ်သလို အဲချင်းတွေ အရေးများလို့ အဲမယ်ခွေလို့ အမည်တွင်သွားတဲ့ မယ်ခွေရဲ့ မှာတမ်းလေးကလည်း ကျွန်တော် စာလေးပေလေး ဖတ်နေချိန်မှာ စာပေသမားများ တော်တော်လေး ငြင်းခုံရင်းအဓိပ္ပါယ်ဖွင့်ခဲ့ရတယ်လို့ ဆိုရမယ်။ ကဗျာလား အဲချင်းလား မှာတမ်းလားတော့မသိဘူး။ မြန်မာမှာက အဲဒါတွေ တော်တော့ကို ရှုပ်တယ်။ ကဗျာပဲထားပါတော့။ မယ်ခွေရဲ့ မှာတမ်း ကဗျာလေးက ဂလို။
မဝယ်ဘူး မယ်ခူးတဲ့ဖက်စို
မီးမကူ နေပူမှာ မကင်အားလို့
ထားရတယ် အိပ်ယာအောက်မှာ
မင်းသောက်ဖို့ကို
ညှာအနားရှေ့သွားနဲ့ကိုက်၍တို
မချိုတောင့်လိပ်ဆေး
ပိုးမကူ ဝါချည်ဖြူတစ်ပင်ရစ်ကယ်နှင့်
ပြည်ချစ်မောင် အင်းဝသွားကို
ပါးလိုက်ရဲ့လေး။
ကုန်းဘောင်ခေတ်မှာလည်း မြန်မာမှာ ဆေးလိပ်တွေ ဘာတွေလိပ်သောက်နေကြပြီဆိုတော့ကာ ဆေးလိပ်က မြန်မာနိုင်ငံထဲကို ဘယ်ကနေ ဘယ်လိုဝင်လာတယ် မသိဘူးလို့ဆိုရမလားပဲ။ ပညာရှင်များကတော့ ၁၈ ရာစုလောက်မှာကတည်းက မြန်မာပြည်ကို ဆေးလိပ်တွေရောက်နေပြီဖြစ်ကြောင်း စိန္တကျော်သူဦးသြရဲ့ ကဗျာနဲ့ သက်သေထူကြတယ်။ ဟုတ်ရင်လည်း ဟုတ်ပေမပေါ့။ ကိုယ်ကမှ သမိုင်းပညာရှင်မဟုတ်တာ။ ကိုယ်သိတာဆိုလို့ ဟို အလေနတော ကိုလံဘတ်ဆိုတဲ့သူက သူများတိုင်းပြည်ကို နယ်မြေသစ်လို့ ကြော်ငြာပြီးတဲ့နောက် ဥရောပဘက်ကို သယ်လာတဲ့ အရာတွေထဲမှာ ဆေးလိပ်ရဲ့ အစဖြစ်တဲ့ ဆေးရွက်ကြီးလည်း ပါလာတယ်လို့ပဲ မှတ်ရဖူးတာကိုး။
အခုတော့ ဆေးလိပ်သောက်ပါများလို့ မှတ်မိနေတာတောင် ဟုတ်မှဟုတ်ပါရဲ့လားလို့ သံသယဝင်လာတတ်ပါပြီ။ သံသယကတော့ ဆေးလိပ်သောက်တာ သူတို့ပြောသလို တကယ်ကော ဆိုးကျိုးဖြစ်ရဲ့လားလည်း ပါတယ်။ ကိုယ်က လက်တွေ့သောက်ကြည့်ပေးနေတာ။ အသက် နှစ်နှစ်လောက်ပိုတိုတယ်လို့ပြောကြတယ်။ ဆိုတော့ သူတို့က ကိုယ့်အသက်ဘယ်လောက်နေရမယ်ဆိုတာ သိနေတာမှမဟုတ်ပြန်တော့ ယုံရခက်ကြီးပေါ့လေ။ သူတို့ပြောတာတော့ Tar ကတ္တရာ၊ cyanide အဆိပ် (ဘာအဆိပ်မှန်းမသိဘူး) arsenic ကြွက်သတ်ဆေးသုံးအဆိပ် (ဒါက ကပ်ပါလိုက်သေး) Methanol ရော့ကက်လောင်စာဆီ (အမှန်က ဒီကနေ လောင်စာဆီတွေချည်း ထုတ်လုပ်ရမှာ၊ တရုတ်ကတော့ ပြောင်းဖူးကနေ ထုတ်မယ်လို့ ကြားတာပဲ) carbon monoxide ကားမှထွက်သော မီးခိုး (မဟုတ်လည်း ရှူနေရတာဆိုတော့ ဆေးလိပ်သောက်လိုက်တာက ကိုယ်လုပ်လို့ ကိုယ်ခံရတာ ဖြစ်တာပေါ့) sulfuric acid ကားဘက်ထရီအက်စစ် (ခန္ဓာကိုယ်တွင်းမှာ တခါခါလည်း ဒီအက်စစ်မျိုးလိုရင် လိုမှာပေါ့) nicotine အင်းဆက်သတ်ဆေး စတာတွေပါတယ်တဲ့။ အဲ ခြေလက်ဖြတ်ရတာ။ အထူးသဖြင့် ခြေထောက်ဖြတ်ရတာ။ အဆုပ်ရောဂါရတာအပြင် ရောဂါအားလုံးတို့ကို တွန်းအားပေးနေသလို ဖြစ်တာကလည်း ဆေးလိပ်သောက်လို့ပါပဲတဲ့။ အဲ ဆေးလိပ်သောက်တာအပြင် ဘေးပတ်ဝန်းကျင်က ရှူမိတဲ့သူများလည်း ရောဂါရပါတယ်လို့ဆိုပါတယ်။
ကျွန်တော်မှတ်မိသလောက်ကတော့ အဖေက ဆေးလိပ်မသောက်ဘူး။ အမေဆို ပိုဝေးတာပေါ့လေ။ ဒါပေမယ့် ကျွန်တော်က ၁၁ နှစ် ၁၂ နှစ်လောက်မှာ ၅ ရက်တစျေးဖြစ်တဲ့ တောင်နီစျေးကို ယောင်လည်လည်လိုက်သွားရင်း ဆေးလိပ်ခိုးဝယ်သောက်တတ်နေပြီထင်တယ်။ အဲဒီအချိန် ဆေးပေါ့လိပ်က ကင်းမြီးကောက်ရယ် မအုပ်ဆိုတဲ့ ဆေးလိပ်ရယ်။ အဲမှာ စခဲ့ပေမယ့် အသက်ဘယ်လောက်မှ ပြန်သောက်ဖြစ်သတုန်းဆိုရင် ၂၄ ဝန်းကျင်လောက်မှပဲ။ မန္တလေးမှာ အဲအရွယ်လောက်မှ လက်ဘက်ရည်ဆိုင်ထိုင်တတ်တာပါ။ အစကတော့ နေ့ခင်းဘက် မအိပ်တတ်တာကနေ လက်ဘက်ရည်ဆိုင်သွား၊ သီချင်းလေးဘာလေးနားထောင်ရင်း အရသာတွေ့လာ။ နောက်တော့ ဘေးပတ်ဝန်းကျင်က ဘက်ဘက်ရည်မှာရင် ဆေးလိပ်ပါ မှာနေကျဆိုတော့ ကိုယ်လည်း လုပ်ချင်လာတယ်။ အဲဒါမှ အတူသွားနေကျ သူငယ်ချင်းနှစ်ယောက်အတွက် လက်ဘက်ရည်တစ်ခွက် ၂ နှစ်ကျပ်စီဆိုတော့ လေးကျပ်ကျမယ်။ ဆေးလိပ်က တစ်ရာဖိုးမှာလိုက်ရင် Vegas ဆိုတဲ့ ဆေးလိပ်လေးလိပ်ရမယ်။ ဒါဆို ငါးကျပ်ကွက်တိပဲ။ အမ်းစရာမလိုဘူး။ ဆိုတော့ ပိုက်ဆံငါးကျပ်ကို ကွက်တိဖြုန်းရာကနေ ဆေးလိပ်သောက်တတ်လာတယ်။ အံမယ် အဲခေတ်ကတည်းက အိတ်စပို့ဆိုတဲ့ ဆေးလိပ်မသောက်ဘူးဗျ။
အဲတုန်းက ဒိုင်ယာရီမှာ အမြဲမှတ်ထားတာတစ်ခုရှိတယ်။ အဲဒါကတော့ ဒီနေ့ ပိုက်ဆံ ဘယ်လောက်သုံးတယ်။ လက်ဘက်ရည်ဘယ်နှစ်ခွက်သောက်တယ်နှင့် ဆေးလိပ်ဘယ်နှစ်လိပ်သောက်သလဲဆိုတာပါ။ ကောင်းတာလေးလည်း လုပ်ပါတယ်။ ဘာစာအုပ်ဖတ်လဲဆိုတာလေးလည်း မှတ်ပါတယ်။ အဲဒီသက္ကရာဇ်က ကိုယ့်ဒိုင်ယာရီတွေကို လာကြည့်လှည့်ပါ။ ခုထိရှိတုန်းပါပဲ။ “၁၂/၂/၅/ ကလျာ” လိုမှတ်ထားရင် ပိုက်ဆံကို ၁၂ ကျပ်သုံးတယ်။ လက်ဘက်ရည်နှစ်ခွက်သောက်တယ်။ ဆေးလိပ်ငါးလိပ်သောက်တယ်။ ကလျာမဂ္ဂဇင်းဖတ်တယ်လို့ မှတ်ထားတာဗျ။ အဲလိုပေါ့လေ။ ဆေးလိပ်က အစပိုင်း နည်းပါတယ်။ တစ်လိပ်။ နှစ်လိပ်။ တစ်ခါခါ မသောက်ဖြစ်ပါဘူး။ ပိုက်ဆံချွေတာရတာလည်း ပါပါတယ်။ အဲလိုနဲ့ နောင်တောင်းဆိုတဲ့ ရှမ်းပြည်ကကျောင်းကို ရောက်သွားတော့ ပိုက်ဆံကပေါလာတယ်။ ဆရာကြီးလိုလို ဘာလိုလိုနေတတ်လာတယ်လေ။
“ဟေ့ကောင် red ruby တစ်ဗူးလောက် သွားဝယ်လာခဲ့စမ်း”
ဆိုပြီး ခိုင်းတတ်လာတယ်လေ။ ဘယ်ရမလဲ။ ကိုယ့်စိတ်ကို ကိုယ်ထိန်းနေကျလူမှမဟုတ်ဘဲဗျာ။ သန္နိဋ္ဌာန်တွေ ဘာတွေချထားတဲ့လူလည်းမဟုတ်။ သောက်တာပေါ့။ သူများတွေလှူထားတဲ့အလှူကို အကျိုးမဲ့ ဖြုန်းတီးတာထက် အမေပေးထားတဲ့ အသက်ဓာတ်ကို အလကားဖြုန်းတီးမှန်းလည်း သိတယ်။ အနည်းဆုံး အစားမစားချင်ဘူး။ သွားတွေ မကောင်းတော့ဘူး။ အဆိုးဆုံးကတော့ ကိုယ့်မှာ နှလုံးရောဂါရှိနေတာပဲ။ ဒါပေမယ့် ဉာဏ်ရှိယောက်ျား မှားလတ်သောခါ ဆေးလွန်နာကို ဆရာဆက်ဆက် အကုခက်၏ ဆိုသလိုပဲလေ။ နောက်တစ်ခုက ဆေးလိပ်သောက်တာဟာ spiritual energy ဆုံးရှုံးပါတယ်။
ဆေးလိပ်ဖြတ်တာလား။ ဖြတ်တာပေါ့။ ခဏခဏ။ ဟာသတွေပြောသလို တစ်လိပ်နဲ့ တစ်လိပ်ကြားဖြတ်တာမဟုတ်ပါဘူး။ တကယ်ဖြတ်တယ်။ သည်သုံးလေးနှစ်အတွင်းမှာ တစ်ခါခါ လနဲ့ချီပြတ်သွားတာမျိုးရှိတယ်။ နောက်တော့လည်း ဒုံရင်း ဒုံရင်းဖြစ်ပြန်တာပဲ။ သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ ဆေးလိပ်မသောက်တော့ဘူးလို့ ပြောလို့မရဘူးလေ။ ဆေးလိပ်ဖြတ်နည်းတွေလည်း ခဏခဏတွေ့တာပါပဲ။ ဘယ်လိုဖြစ်ဖြစ် လူထုဒေါ်အမာနည်းကိုတော့ ကြိုက်တယ်။ ဖြတ်ချင်ရင် မသောက်နဲ့တဲ့။ ရှင်းတာပဲ။ ခုတော့ ဆေးလိပ်လေးဆာလို့ ရေးချင်တာရေးတဲ့အစီအစဉ်ကို ရပ်လိုက်ပါဦးမယ်။ ဒါပဲ။