သင်တန်းလို့ ကိုယ့်ကို စမိတ်ဆက်ပေးတာကတော့ ၂၀၀၀ ခုနှစ်လောက်မှာ တက်ဖြစ်တဲ့ ဂစ်တာသင်တန်းဖြစ်လိမ့်မယ်။ ဒေါင် ဒေါင် ဒင် ဒင် ဂျောင် ဂျောင် ဂျင် ဂျင်တီးတယ်။ ဝမ်း တူး သရီး ဖိုးတိုင်ပင်လေးတွေ ရွတ်တယ်။
“ဝမ်း တူး သရီးအင်ဖိုး”
“ဝမ်းအင် တူးအင် သရီးအင်ဖိုး”
စသဖြင့်ပေါ့လေ။
နောက်တော့ ဇော်ဝင်းထွဋ်သီချင်းဖြစ်တဲ့ မနက်ဖြန်ရဲ့လမ်းသီချင်းကို တီးတယ်။ သုံးလတက်ရမယ့်သင်တန်းကို နှစ်လလောက်တက်ဖြစ်တယ်။ နောက်တဆင့်တက်မလို့ကို ပိုက်ဆံက မရှိတော့တာနဲ့ မတက်ဖြစ်လိုက်ဘူး။
ဂစ်တာသင်တန်းကြီး မတက်ဖြစ်တော့တဲ့နောက်တော့ ထပ်တက်ဖြစ်တဲ့ သင်တန်းက ကွန်ပျူတာသင်တန်း။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ထဲမှာရှိတယ်။ သင်တန်းနာမည်က သီဟဇော်။ သင်တန်းဆရာက ကိုကောင်းညွှန့်ထင်တယ်။ ၂၀၀၂ ခုနှစ်လောက်ကပဲ။
“ကွန်ပျူတာက ရောင်စုံလား”
မှတ်မှတ်ရရ ကိုယ်မေးဖူးတဲ့ မေးခွန်းပါလေ။ သင်တန်းကြေးက အခြေခံ သုံးလကို တသောင်း။ အဲတုန်းက ကိုယ့်မှာ ရှိတဲ့ ပိုက်ဆံတသောင်းနဲ့ တက်ဖြစ်ခဲ့တယ်ပေါ့။ အဲဒီနောက် Coral Draw နဲ့ DTP ဆိုတာလည်း ဆက်တက်ဖြစ်တယ်။ Photoshop ကိုတော့ ကိုယ်တိုင် လေ့လာခဲ့တယ်။ ကိုယ်က စာသင်တိုက်မှာနေတာ ဆိုတော့ သင်တန်းက တက်ဖြစ်လိုက် မတက်ဖြစ်လိုက်။ သင်တန်းတော့ပြီးသွားတယ်။ အဲဒီသင်တန်းမှာပဲ သင်တန်းဆရာလက်ထောက် ပြန်လုပ်ပေးရင်း ဆက်နေဖြစ်တာက ကိုယ့်အတွက် ကွန်ပျူတာနဲ့ပတ်သက်ပြီး တတ်မြောက်ဖို့ ဖြစ်လာခဲ့တယ်။
“Web Design ဆက်တက်သင့်တယ်”
တဲ့။ အဲဒီ သီဟဇော်သင်တန်းမှာ သင်စရာမရှိတော့ Sky Walk ထဲက စင်တာတစ်ခုမှာ ဘာသင်တန်းဆက်တက်ရင် ကောင်းမလဲဆိုပြီး လိုက်စုံစမ်းတာ။ အဲဒီအဖြေရခဲ့တယ်။ ၂၀၀၅ လောက်က ဖြစ်မယ်။ သင်တန်းဆရာက ရှမ်းတယောက်ပဲ။ တောင်ကြီးဘက်ကထင်ပါတယ်။ အဲဒီမှာ html နည်းနည်း နားလည်ခဲ့တယ်။ မြန်မာနိုင်ငံမှာ အင်တာနက်တွေ သိပ်မရောက်သေးတဲ့ခေတ်ကပေါ့လေ။ ကိုယ်က ဘုမသိ ဘမသိ သွားတက်တာ။ အင်တာနက်သုံးချင်ရင် café တစ်ခုရှိတယ်။ အဲဒီမှာ တစ်နာရီ တစ်ထောင်နဲ့ သုံးလို့ရတယ်။ တစ်ခါ ဝင်သုံးဖြစ်တယ်ထင်ပ။
ကြားထဲမှာ သင်တန်းတစ်ခု တက်ဖြစ်သေးတယ်။ အဲဒါက မိုးကုတ်ဝိပဿနာသင်တန်း။ မူလနှစ်ဖြာ သစ္စာနှစ်ခု လေးခုအလွှာတွေ ဘာတွေတတ်လိုက်သေးတယ်ပေါ့လေ။ အင်္ဂလိပ်စာသင်တန်းလည်း တက်ဖြစ်တယ်။ မစိုးရိမ်ဘေးနားတဝိုက်မှာ နာမည်ကြီးတဲ့ ဆရာလို့ဆိုရမယ့် သင်တန်းတစ်ခု။ ရွှေစည်းမျဉ်းဆိုတဲ့ သင်တန်း။ သူပေးတဲ့ ဗလာစာအုပ်ဆိုက် Grammar စာအုပ်နဲ့ သင်ရတာပဲ။ ဆရာက စာသင်တာထက် စကားချည်းများနေလို့ မပြီးလိုက်ပါဘူး။ အဲကြားထဲ မန္တလေးဘုရားကြီးအရှေ့မုခ်နားမှာ ဦးဥဂ္ဂါသေန Grammar သင်တန်းကို ထပ်တက်ဖြစ်တယ်။ ဝေးတာရယ် ဉာဏ်မမီတာရယ်ကြောင့် အဲသင်တန်းလည်း မပြီးဘူး။ လူကတော့ ဆရာကြီးအထာဖြစ်နေပြီ။
အင်္ဂလိပ်စာသင်တန်းတွေ မပြီးပေမယ့် ၂၀၀၆ မှာပဲ အင်တာနက်အသုံးပြုနည်း သင်တန်းတက်ဖြစ်တယ်။ အဲမှာ [email protected] ဆိုတာကို စသုံးတာပါ။ wwl mail ကနေ တဆင့်ယူရတာ။ gmail က အဲချိန် လူသုံးနည်းသလို တန်ဖိုးလည်း ရှိသလိုလိုပဲ။ တော်တော်လေး ရှုပ်ထွေးတဲ့အနေအထားမှာ ရှိတယ်။ တချို့ဆို ဝယ်သုံးရတဲ့အနေအထား။ သင်တန်းက ခြောက်ရက်ပဲ။ blog.co.uk ဆိုတဲ့ blog တစ်ခုတောင် လုပ်ဖြစ်ခဲ့သေးတယ်ထင်တယ်။ အဲသင်တန်းကနေ။ ဒါပေမယ့် မြန်မာစာ မရလို့။ photoshop မှာ ရေး။ ပုံအဖြစ် save လုပ်ပြီး အဲဒီဘလော့မှာ ကဗျာတွေတင်ခဲ့တာပေါ့။ စဦးဆုံးတင်တဲ့ ကဗျာနာမည်တောင် မှတ်မိသေးတယ်။ “တံငါသည်” တဲ့။
နောက် မန္တလေးဆေးရုံကြီး အမြောက်ဘက်မှာ blog ရေးနည်းဆိုတဲ့ အင်တာနက်သင်တန်း ဆက်တက်ဖြစ်တယ်။ အဲဒီသင်တန်းမှာ blogspot.com ကိုလုပ်တာပဲ။ စစချင်း လုပ်ထားတာက jjqqyy.blogspot.com ပါ။ သိကြတယ်မဟုတ်လား။ ဂျေဂျူဝိုင်က အွန်လိုင်းပေါ် သတင်းတွေ မွှေးတယ်လေ။ အဲဒီဘလော့က အဲဒါကြောင့် ဖျက်ပစ်လိုက်တယ်။
အဲဒါပြီးတော့ သင်တန်းဆိုတာကြီးပြီးသွားတာပဲ။ ဘာသင်တန်းမှလည်း ဆက်မတက်ဖြစ်တော့ပါဘူး။