တစ်ခွန်းတည်းသော စကားနဲ့ ဖြစ်နေတဲ့ အဓိပ္ပါယ်ရှိတဲ့ ဝေါဟာရတစ်လုံးတွေကို စာရေးကြည့်ချင်စိတ်ပေါက်ရတဲ့ အကြောင်းက လမ်းတို့ အိမ်တို့ပါပဲ။ အိမ်ကို ရေးတုန်းက သီချင်းတွေနားထောင်ပြီး ရေးတာများသွားလို့ သီချင်းများနဲ့အိမ်ဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ် သီချင်းများနဲ့ အိမ်စသဖြင့်တော့ မလုပ်တော့ဘဲ လမ်းဆို လမ်းလို့ပဲရေးတော့မယ်လို့ စိတ်ကူးတယ်။ သို့ငြားလည်း လမ်းရေးမယ်လုပ်တော့ သီချင်းကို စနားထောင်မိပြန်တယ်။ နားထောင်မိတဲ့ သီချင်းက လေးဖြူရဲ့ လမ်း။ သူ့လမ်းက ပျောက်နေတဲ့လမ်းကို ပြောနေတော့ လမ်းက ပျောက်လို့မဖြစ်တဲ့အထဲပါတယ်။ အဲဒီလမ်းကို ယူလို့မဖြစ်ဘူး။ လျှောက်ရမယ်လေ။ ဆိုတော့ လမ်းကပျောက်လို့မဖြစ်ဘူး။ လျှောက်နေဖို့ လိုတယ်။ လူငယ်ဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် မွေးကင်းစဖြစ်ဖြစ် အိုမင်းရင့်ရော်နေတဲ့သူဖြစ်ဖြစ် လျှောက်ရမယ်။ ဘယ်သူမှာ မဆို လမ်းဆိုတာ ရှိတယ်။ လမ်းကို လျှောက်ရတာက အဝေးဆုံးတစ်နေရာကို ဖြစ်မယ်။ ဘယ်သူမဆိုတော့ အဝေးဆုံးတနေရာကို အမြဲလျှောက်ချင်နေကြတာပဲ။ အားလုံးတိုင်းလိုလို ကိုယ့်ပတ်ဝန်းကျင်ဆီကနေ အကြောင်းအမျိုးမျိုးနဲ့ ဝေးချင်နေကြသူချည်းပဲလေ။ မဝေးနိုင်တာက ခက်တော့ လမ်းက ပိတ်မိနေသလို ဖြစ်နေပြန်တာကလည်း တစ်ခက်။
လျှောက်တာတော့ လျှောက်ရမှာပဲ။ လမ်းလျှောက်တာ အဝေးတနေရာဆီမဟုတ်ရင် ပန်းတိုင်ဆီ။ ဆရာဝန်ပန်းတိုင်။ အင်္ဂျင်နီယာပန်းတိုင်။ ဆရာ ဆရာမပန်းတိုင်။ အရက်သမားပန်းတိုင် ဆေးသမားပန်းတိုင်တော့ မရှိပါဘူး။ ဒါပေသိ ရောက်နေကြတာတော့ရှိတာပေါ့လေ။ ပန်းတိုင် ဘယ်လိုလဲတော့ မသိဘူး။ စုံစီနဖာပဲ ဖြစ်မယ်။ ကျွန်တော်ကတော့ အခု အသက် ၄၄ နှစ်ရောက်သည်အထိ ပန်းတိုင်ဆိုတာကို တစ်ခါမှ မထားဖူးဘူး။ လမ်းကို လျှောက်မနေဘူးလားဆိုပြန်တော့ တစ်ခါခါ ပြေးပြီးတောင် လျှောက်လိုက်သေးတယ်။ တစ်ခါခါဆိုတာ အခါတိုင်းနီးပါးလည်း ဖြစ်နိုင်တာပဲ။ ဘယ်မှမရောက်ခဲ့တာပဲ ရှိတယ်။ တာရာမင်းဝေပြောသလို လမ်းမှားကြီးကို ပြေးလျှောက်နေမိသလားပဲ။
ရှိမှာပဲ။ လျှောက်တယ်။ လျှောက်တယ်။ သို့ပေသိ ဘယ်မှမရောက်တဲ့ တနေရာရာ။ မျက်စိက ကန်းနေတာကိုလေ။ အသိမျက်စိ။ ပညာမျက်စိ။ အကုန်ကမ်းနေတယ်။ ခုတော့ ပကတိမျက်စိတောင် ကန်းလုနီးနေပြီ။ လျှောက်နေတဲ့လမ်းက တနေရာရာ ပန်းတိုင်ဆီ စသဖြင့် မဟုတ်ရင်လည်း ချစ်သူဆီ။ အမေ့ဆီ။ ညီကို မောင်ဘွားဆီ။ နောက်ဆုံး အိမ်ဆီ။ လျှောက်နေရတာပါပဲ။ မရောက်တာပဲ ရှိမယ်။ ရောက်ရင်လည်း ရောက်ပေမပေါ့။ ရောက်တဲ့သူတွေလည်း များမှာပဲ။ ကိုယ်ကိုယ်နှိုက်ရဲ့ စိတ်ကိုက ကိုယ်နဲ့ပဲ နှိုင်းနှိုင်းနေချင်တာ ခက်တာ။
လမ်းက ကောင်းသလား။ ဖြောင့်သလား။ ဖြူးသလား အပေါ်မှာလည်း မူတည်သေးသကိုး။ လမ်းကများ အခုကျနော်နေတဲ့ ဆရာကျောင်းဆိုသူရဲ့ ဘဏ်အသီးသီးဖွင့်ပြီး ဘိလပ်မြေစက်ရုံပါ စီးပွားကို ထပ်မံချဲ့တွင်တဲ့သကာလ သူ့စက်ရုံကို သွားတဲ့လမ်းကို သူတို့နာမည်ပြန်ပေးထားတဲ့ ကမ္ဘောဇလမ်းလို မိုးရာသီဆို လကမ္ဘာမျက်နှာပြင်လို ဖြစ်နေတဲ့အပြင် နွေရာသီဆို လမ်းဘေးအိမ်တွေ ဖုန်မှုန့်ကိုသာ စားစေနေတဲ့ လမ်းမျိုးဆိုရင်တော့ လျှောက်ရပျင်းမှာပဲ။ တစ်ခါခါ စဉ်းစားမိတာ ရှိတယ်။ သူတို့ လုပ်နေတဲ့ အတိတ်အလင်းတန်းဆိုလား အနာဂတ်အမှောင်လမ်းဆိုလား အဲဒီအဖွဲ့ကြီးက ရေပြည့်တဲ့အိုးတွေကို ရေလိုက်ဖြည့်နေပြီးတော့ သူတို့နာမည်နဲ့ ခြောက်မိုင်မပြည့်တဲ့ လမ်းကျတော့ ဘာလို့များ ပစ်ထားတာပါလိမ့်လဲရယ်လို့ တွေးမိတယ်။ စီးပွားရေးသမားဟာ စီးပွားရေးအတွေးပဲ တွေးတယ်ဆိုတာ အော်လီဂါ့ခ်တွေဟာ အော်လီခါဂီဖြစ်ဖို့ပဲ ကြိုးစားတယ်ဆိုတာ ဒီလမ်းကတော့ သက်သေပဲ။ လမ်းဆိုတာ အဲလိုလျှောက်ရတယ်။ ခုတော့ ကျနော်က ဖြောင့်ဖြောင့်ပဲ လျှောက်မိတယ်။ အဲလမ်းပေါ်ပဲ မောင်းမိလို့ မာခ်တူးကားလေးတောင် ပျက်သွားလိုက်တာ ခုပြန်ရောင်းလို့တောင် မရတော့ဘူး။ ကိုယ်က လမ်းကို မလျှောက်တတ်ဘူးကိုး။
အဲလိုပြောလိုက်ရင် လမ်းအမျိုးမျိုးရှိတယ်ဆိုတာ တွေးမိလိမ့်မယ်။ နိုက်ကလပ်မှာ မီးခြစ်တောင်းမိရာက ဖြစ်သွားတဲ့ လူသတ်မှုတောင် ကွင်းလုံးကျွတ်လွတ်နိုင်တဲ့ လမ်းတွေရှိတယ်။ လူတစ်ယောက်လုံးကို အများရှေ့မှာ သေနတ်ကြီးနဲ့ ပစ်သတ်လိုက်တာ။ လမ်းတွေများလို့ အမှုကတောင် လွတ်တော့မလိုလို ဖြစ်နေတဲ့ လမ်းတွေလည်း ရှိပြန်တယ်။ လည်သူ ကြွယ်သူ တတ်သူ နှပ်သူရဲ့ လမ်းတွေက ဖြောင့်နေမှာပဲ။
နောက် နိဗ္ဗာန်ကိုသွားတဲ့ မဂ်လမ်းလည်း ရှိပြန်တယ်။ ဒီလမ်းကတော့ မဂ္ဂင် ရှစ်ပါးနဲ့ဆိုင်တယ်။ ဗောဇ္စျင်တွေ ဗိုလ်တွေ ဣန္ဒြေတွေ ဣဒ္ဓိပါဒ်တွေတော့ မဟုတ်ဘူး။ မဂ္ဂင်။ အရမ်းကြီးမဟုတ်ဘူးရယ်တော့လည်း မဟုတ်ပါဘူး။ ပိုဆိုင်တာက မဂ္ဂင်ပါ။ ရှစ်ပါးရှိတယ်။ ဘယ်သူကျင့်ကျင့် နိဗ္ဗာန်ကိုရောက်နိုင်တယ်။ လျှောက်ချင်းလျှောက် အဲလမ်းကိုလျှောက်တာပဲ ကောင်းမယ်ထင်ပါရဲ့လေ။