ကျွန်တော့်ကို မွေးပြီး သိပ်မကြာခင်မှာ ကျွန်တော့် မိသားစုဟာ လူသူမနီးတဲ့ တောကြီးထဲကို ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ အကြောင်းရင်းကတော့ ကျွန်တော့်အမေဟာ မွေးစားသမီးဖြစ်လို့ အမွေကို မရထိုက်ဘူးဆိုတာရယ်နှင့် ကျွန်တော့်အဖေဟာ ပအိုဝ်းတပ်မတော်နဲ့ ဆက်သွယ်တယ်ဆိုတဲ့ အပြစ်တွေကြောင့် ဆိုပါတယ်။ ဒုတိယစွပ်စွဲချက်ကတော့ အကြောင်းပြချက်သက်သက်သာ ဖြစ်ပါတယ်။ အဓိကအကြောင်းရင်းက ပထမအချက်ပါပဲ။ ကျွန်တော့်အမေကို မွေးစားတဲ့ အဘိုးအဘွားဆီမှာ သားကြီးသြရသတစ်ယောက်ရှိပါတယ်။ မဖြစ်မနေမို့ စပ်ရရင် အမျိုးတော်ပုံက ဦးကြီးပေါ့။ ကျွန်တော့်အဘိုးနဲ့အဘွားဟာ ရွာမှာ တော်တော်လေးချမ်းသာပြီးတော့ ရွာပိုင်တဲ့ လယ်ယာပေါင်းတစ်ဝက်လောက်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ သားကြီးသြရသက အဲဒါတွေကို အကုန်လုံးပိုင်ချင်လို့ အဘိုးနဲ့အဘွားမွေးစားထားတဲ့ ကျွန်တော့်အမေကို နေရင်းစွဲအိမ်ပေါ်ကနေ ပိုက်ဆံတစ်ပြားတစ်ချပ် ဖျာလေးတချပ် ပန်းကန်လေးတချပ်မှ မပေးဘဲ နှင်ချပြီး အဘိုးနဲ့အဘွားတို့ ပါးစပ်နဲ့ပေးခဲ့တဲ့ ပိုင်ဆိုင်မှုတွေမှာ ဘာအထောက်အထားမှ မရှိဘူးဆိုပြီး ရွာသူကြီးအပါအဝင် အခြားသော ဆွေကြီးမျိုးကြီးအသိုင်းအဝိုင်းများနဲ့အတူ လယ်ယာမြေနဲ့အတူ ဆီစက်စတာတွေ အားလုံးသိမ်းပါတယ်။ မှတ်မှတ်ရရ တရွာလုံး ကျွန်တော်တို့ဘက်က နေခဲ့တဲ့ သူတို့အသိုင်းအဝိုင်းကဆိုလို့ မိသားစု တစ်စုပဲ ရှိခဲ့တယ်။ လူမျိုးစုများတဲ့ ကျွန်တော်တို့ရွာက တောင်ရိုးလူမျိုးစုနဲ့ ဓနော့လူမျိုးစုကတော့ ကြည့်ရုံသာ ကြည့်နေနိုင်ခဲ့ကြပါတယ်။ ကျွန်တော် ဒီလိုပြောလိုက်တော့ တဖက်က မိသားစုကို ကျွန်တော့်အတွက်ရယ် အခုဒီစာကိုဖတ်တဲ့သူရယ်က ယုတ်မာလိုက်တာလို့ ရွတ်ကောင်း ရွတ်မိမယ်။ သို့ငြား ကျွန်တော့်အမေက မွေးစားသမီးလေ။ ရွာပိုင်မြေတဝက်လောက်နီးပါးရှိတဲ့ လယ်ယာမြေတဝက်လောက်ကို အလကားရတာ တရားမျှတရဲ့လားလို့ တဖက်မိသားစုက တွေးမှာပဲ။ သူတို့မိသားစုကြောင့် ကျွန်တော့် အမေဘက်က ဒေါ်ကြီးလည်း တခြားရွာကို ပြောင်းခဲ့ရတယ်။ သူတို့အိမ်နဲ့နီးလို့လေ။ သူတို့ဘက်ကလည်း တွေးမှာပေါ့။ ရန်သူအနီးအနားမှာ ရှိနေတာ အန္တရာယ်ရှိတယ်လို့လေ။ ယောက်ျားရှိပေမယ့် တောလိုက်တာနဲ့ပဲ အချိန်ကုန်နေတဲ့ ဒေါ်ကြီးလည်း မိန်းမသားတယောက်တည်း ဖြစ်လေတော့ မနေရဲတာလည်း ပါမယ်လို့ထင်တယ်။ ဘာလို့ဆို ခြံထဲက ငှက်ပျောပင်က ငှက်ပျောသီးတွေကိုလည်း ခပ်တည်တည်နဲ့ ဝင်ခုတ်ယူတယ်။ သရက်သီးပင်က သရက်သီးတွေကိုလည်း သူတို့အပိုင်ပုံစံနဲ့ အကုန်လာချိုင်တာကို။ သူတို့ခြံစည်းရိုးကိုလည်း တိုးတိုးလာတယ်လေ။ ၁၉၉၀ လောက်က အဲဒီခြံကို ဒေါ်ကြီးက သူများဆီ ငါးထောင်နဲ့ ရောင်းပြီး ရွာပြောင်းပြေးခဲ့ရတော့တာပါပဲ။
ကျွန်တော့်အသက် လေးနှစ် ငါးနှစ်အရွယ်မှာ ကျွန်တော့်မွေးစားအစ်ကိုက မြေယာအသစ်ထွင်တယ်။ အဲလိုနဲ့ တောင်ယာသုံးကွက်ပိုင်လာတယ်။ ပုံးအင်းခြံတစ်ကွက်ပိုင်လာတယ်။ တောကြီးမျက်မည်းထဲမှာ ကျွန်တော်တို့ မိသားစုဟာ ရွာနဲ့ ရေကန်ကြီးတစ်ကန် ခြားပြီးနေရပါတယ်။ အိမ်အနီးမှာရှိတဲ့ သစ်ပင်တွေက လူသုံးလေးယောက်ပတ်လို့ မပြည့်နိုင်တဲ့ သစ်ပင်ကြီးတွေ။ တောနက်လို့လား မသိဘူး။ တူးထားတဲ့ ရေတွင်းထဲ လာလာကျတတ်တဲ့ သားကောင်တွေကိုတောင် ခဏခဏ စားရတာမှတ်မိနေတယ်။ မှတ်မှတ်ရရကတော့ သင်းခွေချပ်သားပဲ။ သို့ပေသိ ညညဆို ငှက်ကြီးတွေ အဲဒီသစ်ပင်မှာ လာနားတယ်။ အိမ်က ခပ်ထားတဲ့ စဉ့်အိုးထဲက ရေကိုလာသောက်တယ်။ ရေအိုးဆိုရင် သူတို့နားလိုက်တာနဲ့ စောင်းပြီးကွဲလို့။ မထားရဲဘူး။ တခြားကြောက်စရာကောင်းတဲ့ အကောင်တွေလည်း ရှိသလို ဘယ်သူသွားသွား တွေ့တယ်ဆိုတဲ့ ဥစ္စာစောင့်ရှိတယ်ဆိုတဲ့ သစ်ပင်နဲ့လည်း အရမ်းနီးခဲ့ပါတယ်။ တောထဲမှာပဲ မွေးစားအစ်ကိုကြီးက ငှက်ဖျားနဲ့ ဆုံးတယ်။ ကျွန်တော့်တသက် အဖေငိုတာ အဲတကြိမ်တွေ့ဖူးတာပဲ။ အဲဒီကနေ ကျွန်တော် ကျောင်းစတက်ရတယ်။ အဲတုန်းက လူထုခန့်ဆရာမပါ။ ဒေါ်အေးအေးဝင်းဆိုတဲ့ အင်းသားလူမျိုးဆရာမ၊ တောင်ကြီးကုန်းသာကျောင်းနားမှာနေတာ။ သို့သော် ကျွန်တော်တို့ ကျောင်းသွားဖို့က အရမ်းခက်ပါတယ်။ ရွာဝင်ဖို့ ရေကန်ကြီးခြားနေလို့ပါပဲ။ ရေကန်ရဲ့ အလည်မှာ ဘောင်လေးတစ်ခုရှိတယ်။ အဲဒီဘောင်မှာ အပွင့်ဆုတ်ဆုတ်လေးတွေ စားလို့ရတဲ့ သစ်ပင်တမျိုး တန်းစီပြီးပေါက်နေတယ်။ အဲဒီသစ်ပင်မှာ လူကိုထိရင် ယောင်ကိုင်းစေနိုင်တဲ့ ပိုးတမျိုး လှိုင်လှိုင်ပေါတာပဲ။ ၁၉၈၂ ဝန်းကျင်လောက် ဖြစ်လေတော့ ကျွန်တော်တို့က အရမ်းကို ဆင်းရဲတယ်လေ။ စီးစရာ ဖိနပ်မရှိဘူး။ ခြေဗလာနဲ့ လမ်းလျှောက်ရတယ်။ ခြေဗလာနဲ့ ကျောင်းသွားရတယ်။ ခက်တာက အဲဒီပိုးတွေ လူတလျှောက်စာ တလမ်းလုံး ပြန့်ကျဲနေတဲ့ လမ်းပေါ်မှာ ကျောင်းအသွားအပြန်လုပ်ရတာပါပဲ။ ခုစာရေးနေရင်းတောင် ခြေဖဝါးတွေ ခြေမတွေ ခြေညိုးကြားတွေ ယားပါတယ်။ ပိုဆိုးတာက အဲဒီအပင်က ရေနဲ့နီးပြီး အမြဲစိမ်းလန်းနေပြီး ပိုးကလည်း ၁၂ ရာသီ ရှိနေတာပဲ။ သုံးနှစ်လုံးလုံး စာသင်ကျောင်းကို ရှိတဲ့ အဲဒီတစ်လမ်းတည်းကနေပဲ ဖြတ်ခဲ့ရပါတယ်။
နောက်တော့ ကျွန်တော်တို့မိသားစု ရွာထဲ ပြန်ဝင်နေခွင့်ရပါတယ်။ အကောင်းရယ်တော့ မဟုတ်သလိုပဲ။ ကျွန်တော်တို့နေရတဲ့ အိမ်ဝိုင်းက စုန်းမတယောက် အသတ်ခံထားရတဲ့ မြေဖြစ်နေတယ်။ ရွာအလယ်လောက်မှာ ဖြစ်ပြီး တောကြီးထနေတယ်။ ဘယ်သူကစပြီးနေခိုင်းတယ်။ ဘယ်လိုနေခိုင်းတယ်။ ဘယ်သူခွင့်ပြုတယ်ဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် အဖေအဲဒီမြေကို ရှင်းတော့ ဘယ်သူမှ မကူဘူး။ အိမ်ဆောက်တော့လည်း ဘယ်သူမှ မကူဘူးဆိုတာကိုတော့ မှတ်မိတယ်။ အိမ်တက်တရားနာတောင် မလုပ်ဖြစ်သလိုပဲ။ အခုခေတ်အနေနဲ့ ပြောရင် ယုံချင်မှ ယုံမယ်။ အခုနေမျိုး ကျွန်တော့်ကို လာပြောရင်လည်း ကျွန်တော်ကတော့ မယုံတော့ပါဘူး။ သို့ငြား ကျွန်တော်တို့ မိသားစုက ဆင်းရဲမြဲ ဆင်းရဲနေရာကနေ ခေါစာ ခဏခဏ ပစ်ရတာပါပဲ။ ကိုယ့်မိသားစုကသာ စားစရာ မရှိတာ။ ဝယ်ရတာက အမဲသား။ ဝက်သားတွေချည်း။ တစ်ခါခါ နှစ်ပိဿာကို မလောက်ဘူးပြောလို့ အိမ်က ကလေးကို ငိုအောင်လုပ်တာ တအိမ်လုံးဖျားအောင် လုပ်တာတွေ မကြာခဏလုပ်တယ်။ မှတ်မိသလောက် ၁၉၈၅ နဲ့ ၈၇ ဝန်းကျင်မှာ ကျွန်တော်တို့ မိသားစုဟာ လုံးဝကျန်းမာရေး မကောင်းဘဲ အထက်လမ်းဆရာတွေနဲ့ ခဏခဏ ကုရတာပါပဲ။ ဘယ်ကမှန်း မသိရောက်ရောက်လာတတ်တဲ့ ဒေါက်တာရမ်းကုနဲ့လည်း ခဏခဏ ကုရတာပဲ။ အဲဒီရမ်းကုကလည်း စျေးတော်တော်ကြီးတယ်။
အဲဒီကြားထဲမှာ ကျွန်တော့်အမေ့ဆီ အမွေအကုန်လုပြီးသကာလ စိတ်မအေးရှာလို့ ထင်ပါရဲ့။ ရွာကိုရောက်နေတဲ့ သမဝါယမစာရေးနဲ့ပေါင်းပြီး ကျွန်တော့်အမေနဲ့ အဖေကို အမျိုးမျိုးခြိမ်းချောက်ပါတယ်။ ကျွန်တော့်အမေဟာ မိသားစု ဆင်းရဲလို့ ရှာဖွေစားသောက်ရတာတမျိုး၊ ညညကျရင် ရွာသူကြီးက အစည်းအဝေးဆိုပြီးခေါ်။ သူတို့မိသားစုက ဓားကြိမ်းကြိမ်းခံရတာကတမျိုးစုံနေတဲ့ ဘဝကို ခါးစည်းခံခဲ့ရတယ်။ ကျွန်တော် တော်တော်လေး သိတတ်တဲ့ အရွယ်ရောက်နေပြီလို့ ထင်တာပဲ။ အမေဟာ အစည်းအဝေးဆိုပြီး အဲဒီသမဝါယမစာရေးက လာလာလိမ်ခေါ်၊ သူကြီးအိမ်မှာ အသားလွတ်အဆူအဆဲခံရဖြစ်ရတဲ့ညတွေ တော်တော်များခဲ့တာကို မှတ်မိနေတယ်။ အဖေက စိတ်မချလို့ လိုက်သွားတာ မဆိုင်တဲ့လူ မလာနဲ့ဆိုပြီး တူမီးသေနတ်နဲ့တောင် ကြိမ်းတယ်ဆိုပဲ။
ကျွန်တော့်ဘက်ကကြည့်တော့ ကျွန်တော်တို့ဟာ လူကောင်းတွေလိုလိုပါပဲလေ။ သူတို့တော့ ဘယ်လိုနေတယ် မသိဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ တချို့သော အပြုအမူများဟာ အဲဒီဒဏ်ရာကနေ လာခဲ့တယ်ထင်တာပဲလေ။