စည်းလို့ပြောတာနဲ့ အကြည်တော်ရဲ့ ဝတ္ထုတစ်ပုဒ်ထဲက ဘီလူးစည်း လူ့စည်းဆိုတဲ့ ဟာသလေးတစ်ခုကို သွားသတိရသလို ထင်လင်းဘာသာပြန်တဲ့ စည်းအပြင်ကလူဆိုတာကိုလည်း သတိရမိတယ်။ အကြည်တော်ရဲ့ ဝတ္ထုထဲက ဟာသမို့ ထားခဲ့ပါတယ်။ ထင်လင်းရဲ့ စည်းအပြင်ကလူကတော့ ပြောချင်တယ်။ ကျွန်တော်တို့အားလုံးလည်း အဲဒီထဲက ဇာတ်လိုက်လိုပါပဲ။ နာမည်က ဘာပါလိမ့်။ မာဆိုး လို့ထင်တယ်။ အပြင်မှာ ဘယ်လိုနေနေ အတွင်းဘက်က အဲလိုပါပဲ။ ဟန်ဆောင်ပန်ဆောင်မှမနေရင် စည်းအပြင်ရောက်မယ်လေ။ နှစ်စဉ်နှစ်တိုင်းပေးနေကျ အကယ်ဒမီဆုပေးပွဲလိုသာ စိတ်ထဲအတိုင်းနေတဲ့ လူတကာကို ဆုလိုက်ပေးမယ်ဆိုရင် အကုန်လုံးနှစ်စဉ်နှစ်တိုင်း ဆုရနေမှာ။ ခုတော့ ဟန်ကလေးပန်ကလေး လုပ်လုပ်ပြီး ရယ်ရ၊ ငိုရ၊ နှုတ်ဆက်ရ၊ ပြောဆိုဆက်ဆံရသကိုး။ ခဏခဏ လုပ်ရလို့ စိတ်ပျက်လာတဲ့အခါ လူတွေလည်းအိုမင်းလာတော့တာပဲ။
စည်းဆိုတာ အဝိုင်းတစ်ဝိုင်းပဲ။ အကာအရံတစ်ခုပဲ။ နယ်နမိတ်တစ်ခုပဲ။ အသိုင်းအဝိုင်းတစ်ခုပဲ။ တော်တော်များများက စည်းအထဲမှာပဲ နေကြတယ်။ သူ့စည်း ကိုယ့်စည်းနဲ့နေတာရှိတယ်။ ဆွေမျိုးစည်း ကိုယ့်ကျင်လည်ရာစည်းနဲ့နေတာ ရှိတယ်။ ကိုယ့်အဝန်းအဝိုင်းနဲ့ကိုယ်နေတာ ရှိတယ်။ တချို့ကျ ဘာသာရေးစည်း လူမျိုးစည်းနဲ့နေတာ ရှိတယ်။ စည်းတယ်ဆိုတာ ချည်တာပဲလေ။ ချည်လွန်းတဲ့ စည်းတစ်ခုခုထဲမှာပဲ နေရင် ကြာတဲ့အခါ မာလာတယ်။ စည်းကလေးချပြီး အမာထည်ဖြစ်လာတယ်။ အမာထည်ဖြစ်လာရင် ကိုယ့်ကိုယ်ကို အထင်ကြီးလာတာပဲ။ ကိုယ့်ကိုယ်ကိုသာ အောင်မြင်တယ် ထင်လာတာပဲ။ စည်းအပြင်မှာ ဘာတွေရှိတယ် ဘာတွေဖြစ်နေတယ်ဆိုတာ သိစရာမလိုတော့ဘူး။ သူများအားလုံး ကိုယ့်ကို ခယရမယ်လို့ ထင်လာတယ်။ သိတာ တစ်ခုနှစ်ခုကို အားလုံးသိတယ်လို့ထင်လာတယ်။ သည်အဝိုင်းအဝန်းထဲကနေ ခွဲထွက်သွားရင်ကို ကျန်တဲ့အပိုင်းတွေက အသုံးမကျတော့ဘူးထိ ဖြစ်လာတယ်။ စည်းက အဲလိုပဲ။ ဘဝင်ကြွစေတယ်။
ငယ်ငယ်ကတည်းက နေခဲ့တဲ့နေရာတိုင်းကနေ အခုထိ အမြဲအပြောခံရတဲ့စကားက “မင်းတို့အပြင်ရောက်သွားရင် မင်းတို့ပျက်စီးမယ်၊ သုံးစားရတော့မှာ မဟုတ်ဘူး” ဆိုတာပါပဲ။ ကြီးလာမှ သူတို့ပြောတဲ့ အပြင်ဆိုတာကို လိုက်ရှာကြည့်တယ်။ ဘယ်မှာလဲ အပြင်။ ဘယ်မှာလဲ အထဲ။ အပြင်ဆိုတာ မရှိပါဘူး။ စည်းတစ်ခုထဲမှာ ပိတ်မိနေတဲ့သူတွေပဲ ရှိတယ်။ မရှိတဲ့အပြင်ဆိုတာကို အပြင်ဆိုပြီး ထင်နေတာတော့ မျှော်လင့်ချက်အတုတွေကို အစစ်ထင်ပြီး အိပ်မက်ဆိုးကို တောင်းတပြီးမက်နေတာနဲ့တူတယ်။
လူ့ဘဝဆိုတာ စည်းပြေဝါးပြေနေတဲ့ အတ္တထင်းချောင်းလေးတွေစုထားတဲ့ အစုအဝေးပါပဲ။ ချစ်ချင်တာ မချစ်ရ။ မုန်းချင်တာ မမုန်းရ။ ပြောချင်တာ မပြောရ။ လုပ်ချင်တာမလုပ်ရဆိုတဲ့ အနေအထားလေးကနေ နည်းနည်းလေး ပိုပြီး နေရာယူတယ်။ ဆုတ်ချင်တာ ဆုတ်မရ၊ ရှေ့တိုးချင်တာ တိုးမရ၊ မဆိုင်တာကို ဆိုင်သယောင်၊ ဆိုင်တာကို မဆိုင်သယောင်၊ မလိုအပ်တာတွေကို လိုအပ်နေသယောင်၊ လိုအပ်နေတာတွေ အဆင်ပြေနေသယောင် လုပ်ပြနေရတာနဲ့အချိန်ကုန်နေတာတွေရဲ့ အကြောင်းရင်းက စည်းပါပဲ။
စည်းတွေကြောင့်ပဲ မဖြစ်ချင်တာတွေ ဖြစ်ရ၊ ဖြစ်ချင်တာတွေ မဖြစ်ရတာတွေလည်း အများကြီးပဲ။ စည်းတွေက ရှိရမလား မရှိရဘူးလား မသေချာပေမယ့် စည်းကတော့ ရှိနေတာပဲ။ အဲဒီစည်းကို အလေးထားရင်းနဲ့ပဲ စည်းပိပြီး ဘာမှ မဖြစ်သွားတဲ့သူတွေလည်း အများသားပဲ။ စည်းမထားတဲ့ စည်းမရှိတဲ့ လူ့လောကကြီးဆိုရင် ဘယ်လောက် ကောင်းမလဲနော်။ ခုတော့ လူသတ်ချင်တာ သတ်လို့မရဘူးဖြစ်နေတယ်။
စည်းဆိုရင် စည်းနဲ့ဝါးဆိုတာလေးပဲ ကောင်းတယ်။ သီချင်းဆိုမလား။ ကမလား။ စည်းပြေးဝါးပြေးလေးဖြစ်ရင် မဆိုးပေငြား စည်းဝါးမကိုက်ရင်တော့ စည်းလွတ်ဝါးလွတ်ဖြစ်ပြီး သကာလ စည်းပြေဝါးပြေဖြစ်သွားရင်တော့ မပြောတတ်ဘူး။
ပြောသာပြောရတယ်။ ဘယ်သူမှလည်း စည်းမရှိဘူး။ စည်းစောင့်နေကြတဲ့သူတွေသာ အရူးကြီးတွေဖြစ်လို့ရယ်။ အောင်မြင်ပြီးရင်ဖြစ်ဖြစ် ပိုက်ပိုက်ပေါရင်ဖြစ်ဖြစ် စည်းဆိုတာ အလကားပါပဲ။ အောင်မြင်အောင်အရင်လုပ်ရမလား။ ပိုက်ပိုက်ပေါအောင် လုပ်ရမလား။ စဉ်းစားလိုက်ဦးမှပါလေ။ အာဏာရှိရင်လည်း ဖြစ်တာပါပဲ။