ကျေးဇူးဆိုတဲ့ ပုဒ်က နာမ်ပုဒ်လား ကြိယာပုဒ်လား။ မြန်မာအဘိဓာန်မှာတော့ (န) လို့ရေးထားတာပဲ။ ကတ္တားဝိဘတ် ကံဝိဘတ်တွေထည့်ပြီး စကားထဲ ထည့်ပြောကြည့်တယ်။ အဆင်မပြေဘူး။ ကျေးဇူးဆိုတဲ့ ပုဒ်ကိုက အဆင်မပြေမှုအတွက် ဖြစ်လာတဲ့ ပုဒ်-ဝေါဟာရသက်သက်ပဲ ဖြစ်ရမယ်။ ဒီတော့ကာ အဆင်မပြေရင် ပြောလို့ရတယ်။ ကျေးဇူးပြုပြီးတော့ ကူညီပေးပါကွာ။ အကူအညီလည်း တောင်းလို့ရသေးတယ်။ ကူညီပြီးလို့ ဘာမှ ပြန်လုပ်မပေးချင်ရင်လည်း သူ့ကိုပဲ ပြန်ခိုင်းလို့ရတယ်။ ကျေးဇူးပါ လို့ပြောလိုက်။ ပါ မထည့်နဲ့ဦး။ ကျေးဇူး လောက်ပဲပြော၊ ရတယ်။ နာမ်ပုဒ်တစ်ခုတည်းနဲ့ အဆင်ပြေတယ်။
ကျေးဇူးဆိုတဲ့ စကားကို ကျွန်တော် ဘယ်အချိန်က စကြားဖူးတယ် မမှတ်မိတော့ပါဘူး။ ငယ်ငယ်ကတော့ မဟုတ်တာ သေချာတယ်။ ငယ်ငယ်တုန်းက ဟိုဘက်အိမ် ဒီဘက်အိမ် ထမင်းတက်စားတာတို့ ဟင်းသီးဟင်းရွက် ခူးတာတို့ ဘုရားပန်းခူးတာတို့ ဒီတိုင်းပဲ ယူနေကြပဲ။ ကျေးဇူးတင်ပါတယ်မပြောကြပါဘူး။ ခုတော့ ဟိုဘက်အိမ် ဒီဘက်အိမ် ဟင်းလေးပို့ရင် တစ်ခုခုယူရင် “ကျေးဇူးတင်တယ်နော” လို့ပြောနေကြပြီ။
ကျေးဇူးမတင်ချင်ရင်နေ ကျေးဇူးတော့ မကန်းပါနဲ့ဆိုတာက ရှိပါသေးတယ်။ တကယ်တမ်း ကန်းတယ်ဆိုတာ မမြင်တာပါ။ ကျေးဇူးမမြင်ပါနဲ့လို့ပြောတာ။ အဲလိုပြောတဲ့သူတော်ာတော်များများကတော့ ကျေးဇူးကို မြင်ကြပါတယ်။ ဒါပေမယ့် ကျေးဇူးဆိုတာက ဒြပ်မဲ့ တစ်မျိုးပဲ။ ဘယ်လိုကနေ ဘယ်လို မြင်ကြတာလဲတော့မသိဘူး။ မန္တလေးဆေးရုံတက်ရတုန်းက စာအုပ်လုပ်ပေးတဲ့ သူနာပြုက ပြောတယ်။ “ကျေးဇူးက ဘာလုပ်လို့ရလို့လဲ ပြုတ်စားပေးရမှာလား သုတ်စားပေးရမှာလား” တဲ့။ အဲဒီတော့ ကျေးဇူးဆိုတာ မမြင်ရတဲ့အရာဖြစ်မှာ သေချာပြန်တယ်။ ဦးထိပ်ပန်ဆင်ထားလို့လည်း မရလောက်ဘူးလေ။ ဒါပေမယ့်တော့ ပြောနေကြတာပဲ။ ကျေးဇူးမကန်းပါနဲ့တို့။ ကျေးမစွပ်ပါနဲ့တို့။
လွန်ခဲ့တဲ့ ၂၀၁၂ လောက်တုန်းကလည်း ကိုယ့် Facebook မှာ ကျေးဇူးမသိတတ်တဲ့ကောင် လို့ လက်ရှိမှာ မဆက်ဆံချင်ပေမယ့် ဝေးဝေးတခါ ရှောင်ကွင်းလို့မရတဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကြောင့် ဆက်ဆံပေးနေရတဲ့ သိပ်မကြာသေးမီက မန္တလေးကနေ ပြန်လာပြီး ကျောင်းထိုင်လုပ်တဲ့ ဘုန်းကြီးတပါးက ကိုယ့် Wall မှာ လာရေးဖူးတယ်။ သုံးနှစ်လောက်ကြာတဲ့အထိ အဲဒီစာလေးကို စကရင်ရှော့နဲ့ သိမ်းထားသေးတယ်။ လူဆိုတာက ကြာရင် စိတ်ပျောင်းတတ်တဲ့ သတ္တဝါတမျိုးမို့ ကြာတော့လည်း စိတ်လည်းခွင့်လွတ်တဲ့ဘက် ပြောင်းသွားသလို ထင်ရတာနဲ့ ဖျက်လိုက်တယ်။ ဆိုတော့ကာ ကျေးဇူးဆိုတာ သိပေးနေရမယ့် အထဲမှာလည်း ပါပြန်တယ်။ ဒြပ်မဲ့ကိုး။ သိတယ်ဆိုတာက ရိုးရိုးသိလို့မရဘူး။ အဲဒီကျေးဇူးနဲ့တန်တဲ့ အပြောလေး အဆိုလေး အလုပ်လေး ပြန်လုပ်ပေးရတယ်။ စိတ်အခန့်မသင့်တာများ တွေ့ရင်လည်း ကျေးဇူးရှိလို့ဆိုပြီး ကျေးဇူးကို အလိုက်တသိ သိပြီး အောင့်ထားပေးရတယ်။ မဟုတ်ရင် မင်းဟာ ကျေးဇူးမသိတတ်တဲ့ကောင်ပဲ။
ကိုယ့်ဘဝမှာ မကောင်းတတ်လို့သာ ဆက်ဆံကြတဲ့ လူတွေနဲ့ချည်းပဲ တွေ့ခဲ့ရပါတယ်။ ကြုံခဲ့ရပါတယ်။ နေခဲ့ရပါတယ်။ ဆက်ဆံခံခဲ့ရပါတယ်။ ကောင်းတတ်လို့ ဆက်ဆံကြတဲ့သူတွေကလည်း ကျေးဇူးဆိုတဲ့ စကားနဲ့ ချုပ်ပါတယ်။ အဲဒီတော့ ကျွန်တော့်ဘဝက ပျော်စရာ မကောင်းပါဘူး။ မလွတ်လပ်ဘူး။ ကျွန်တော် မကြာခဏ ကြားရတဲ့ ကျွန်တော့်အကြောင်းက ကျေးဇူးမသိတတ်ဘူး ဆိုတဲ့စကားပဲ။ ဘယ်သူတွေလည်းတော့ မမှတ်မိတော့ဘူး။ ကျွန်တော့်အတွက် ကျွန်တော့်ဘဝအတွက် အရေးကြီးတဲ့ ကျေးဇူးရှင်ရယ်လို့လည်း တစ်ခါမှ မတွေ့ဖူးပါဘူး။ ဒါပေမယ့် ကျွန်တော့်အပေါ် သူတို့ကျေးဇူးက ရှိနေတယ်လို့ ပြောပြန်တယ်။ အဲလို မရှိရင်လည်း ကျေးဇူးကန်းတဲ့ကောင်တို့ ကျေးဇူးမသိတတ်တဲ့ကောင်လို့ သမုတ်စရာ မရှိဘူးလေ။
ကျွန်တော်က နည်းနည်း အတီးအတနိုင်တာလည်း ဖြစ်ကောင်းဖြစ်မယ် ထင်ပါတယ်။ ဒီတော့က ကျေးဇူးပြုတတ်သူများ ကျေးဇူးဖြစ်အောင် လုပ်သူများလေ ဂျေဂျူဝိုင်ကို လုပ်ပေးခဲ့တာ ရှိရင် ပြောပေး ဆုံးမပေးတာများ ရှိရင် “ဒါက ကျေးဇူးတင်ပေးရမယ်နော် မင်းငါ့ကို ကျေးဇူးတင်ပါတယ်လို့ပြော” လို့ အရင် သင်ပေးကြပါလားကွယ်တို့။ မဟုတ်ရင်လည်း ကျွန်တော်က တကယ်မသိလေတော့ ဒါက မင်းပြန်ဆပ်ရမယ့် ကျေးဇူးနော် ဆိုပြီး အစကတည်းက ပြောပြီး လုပ်ပေးကြပါလား။ ဆပ်ရမှာက အကြွေးပဲ မှတ်နေတာ။ ကျေးဇူးလည်း ပါတယ်ဆိုတော့ ဆပ်ပါရစေ။ တစ်ခါမှ မယူပဲ ဆပ်ရတဲ့ အကြွေးဆိုလို့ ကျေးဇူးပဲ ရှိမယ်ထင်တယ်။
ဟုတ်ကဲ့။ ဖတ်ပေးတာ ကျေးဇူးပါ။ အဲဒီကျေးဇူးကို အခုဆပ်ပေးပါ။ ခင်ဗျားတို့ ဆပ်တဲ့ ကျေးဇူးတွေကို စုပြီး ကျွန်တော့်ကို ပြောကြတဲ့သူများကို ပြန်ဆပ်ချင်လို့ပါ။ ကျေးဇူးမသိတတ်တဲ့ကောင် ဆိုတဲ့ နာမည်လေးက ကျွန်တော့်အတွက်တော့ ဘာမှန်း မသိပေမယ့် ဆိုးတဲ့ဝေါဟာရတစ်ခုပဲ ဖြစ်မယ်လို့ စဉ်းစားမိလို့ပါ။
နောက်နောင်များလည်း ဒါလေးက ကျေးဇူးနော် မင်းပြန်ဆပ်ရမှာနော် ပြန်လုပ်ပေးရမယ်နော်ဆိုပြီး ဂျေဂျူဝိုင်ကို ကျေးဇူးပြုကြပါလေ။ အပြောခံရတာ မကောင်းဘူးထင်လို့ပါ။
ကျေးဇူးပါ။ ခင်ဗျားအပေါ် အရမ်းကာရော တင်လိုက်တာပါ။