ဆေးဆိုတာ ခါးတယ်
အတုတွေက တူလာတော့လည်း
အတူတွေက လိုက်တုရတော့တာပ
အမှန်တရားက ခါးတယ်ဆိုရင်
အမှားကတော့ ချိုမှာပဲ
လူတွေကလည်း သကာကိုပဲ ကြိုက်တယ်လေ
သဒ္ဓါတွေ လွန်ထားကြလေတော့
တဏှာကျွန်လို့ အခေါ်မခံရအောင်
တားတဲ့သူ လူယုတ်မာ ဖြစ်ကရောပဲ
(ရှုး – တိုးတိုး သိရင် တိတ်တိတ်နေ)
ဆုတ်ကပ်ကို အပြစ်မဆိုတော့ပါဘူး
ရုပ်ဓာတ်တွေ မွဲသထက် မွဲဦးမှာမို့
ဘ၀ယာဉ်ကြောတစ်ခုလုံး
(ကျွမ်းထိုး မှောက်ခုံဖြစ်အောင်)
မုသားတောထဲ
ဂီယာ တစ်ချက်ထပ်ထိုးလိုက်စေဦး။
သက်သေ
စကားလုံးတွေနဲ့ ဘ၀ကို
ချုပ်ရိုးလုပ်ထားလည်း
ဉာဏ်နည်းတဲ့သူတွေ ယုံမှာပဲ
အဘိဓာန်ကို အံစာတုံးလုပ်နိုင်ရင်
ခင်ဗျားတို့ လည်တာလောက်တော့
သနားသပေါ့
ကံကြမ္မာနဲ့ လက်ရည်တူ မတူ
သူမသိခဲ့ပေမယ့်
ဘီလူးဆိုတဲ့ သီချင်းလည်း
ပန်းပွင့်စေနိုင်ကြောင်း သူသိတယ်
ကိုယ်ချလိုက်ရတဲ့ သက်ပြင်းကို
ကိုယ်ယုံကြည်ကြတဲ့တစ်နေ့
ခင်ဗျားတို့
မျက်ရည်အစစ်တွေ မကျမိစေနဲ့။
အထက်ပါ ကဗျာနှစ်ပုဒ်က မုသားနဲ့ ပတ်သက်ပြီး စပ်ဖူးတဲ့ ကဗျာနှစ်ပုဒ်ပါ။
မုသာဝါဒ။ ကံသုံးပါးထဲမှာ ဘယ်ကံ အပြစ်ကြီးလဲလို့ မေးကြတော့ ၀စီကံလည်း အပြစ်ကြီးကြောင်း ပါတဲ့ခင်ဗျာ။ ဘာကြောင့်လဲဆိုတော့ ဘုရားအလောင်းတော်ဟာ ပါရမီဖြည့်စဉ် ကာလတစ်လျှောက်လုံး မုသာဝါဒကို ဘယ်သောအခါမှ မကျူးလွန်လို့ပါပဲ။
မုသာ- ဆိုတာ မဟုတ်မမှန်တဲ့ ၀တ္ထုအကြောင်းအရာ။ ၀ါဒ-ဆိုတာ အဲဒီ မဟုတ်မမှန်တဲ့ အကြောင်းအရာကို ဟုတ်မှန်သလို တကယ်လိုလို လှည့်ပတ်ပြောတာ။
တစ်နည်းက မုသာ-ဆိုတာ လိမ်လည်ပြောသူရဲ့ မဟုတ်မမှန်တဲ့ မှားနေတဲ့ ကိုယ်အမူအရာ နှုတ်အမူအရာ။ ၀ါဒ-ဆိုတာက အဲဒီအမူအရာတွေနဲ့ သူတပါးကို သိစေတာကို ခေါ်တာဖြစ်ပါတယ်။
မုသာဝါဒ – မုသားပြောတိုင်းတော့ အပြစ်မကြီးပါဘူး။ ဒီလိုလေ။ ကိုယ့်ဆီမှာ ပစ္စည်းတစ်ခုခု လာချေးတယ်။ ရှိနေရက်သားနဲ့ မပေးချင်လို့ ပေးလို့ မဖြစ်လို့ မရှိဘူး ပြောလိုက်တာမျိုးဟာ အပြစ်မရှိပါဘူး။ ကိုယ်က မုသားပြောလို့ အကျိုး မယုတ်သွားဘဲ စိတ်ချမ်းသာမှု တစ်ခုခု ရသွားတာမျိုး ဆိုရင်လည်း အပြစ်မကြီးပါဘူး။ ကျွန်တော်တို့ ငယ်ငယ်က အမေ့ကို ဈေးအပြန် မုံ့ဝယ်ဖို့ ပူဆာလိုက်တယ်။ အမေက မေ့လာလို့ဖြစ်ဖြစ်။ ငွေ အဆင်မပြေတော့လို့ ဖြစ်ဖြစ် မ၀ယ်ဖြစ်ခဲ့ဘူးဆိုပါတော့။ “အမေ မုန့်ရော” ဆိုတော့။ “အို ဈေးသည်ကြီး မိုးရွာတုန်း ရေပါသွားတယ်” လို့ ညာလိုက်တယ်။ ဒီလို စိတ်သက်သာရာ ရစေတဲ့ လိမ်ညာမှုမျိုးတော့ အပြစ်မကြီးပါဘူး။ (အပြစ် မကြီးဘူးလို့ ပြောတာနော်။)
ကိုယ်က မုသားပြောလိုက်လို့ တဖက်သားမှာ အကျိုးယုတ်သွားရင်တော့ (ဒါမှ မဟုတ်) အကျိုးယုတ်သွားအောင် စေတနာဆိုးနဲ့ ပြောဆိုတာမျိုးဆိုရင်တော့ တဖက်သားမှာလည်း တကယ် အကျိုးစီးပွား ပျက်စီးသွားခဲ့မယ်ဆိုရင် မုသာဝါဒမြောက်ပါတယ်။ ကံအထမြောက်တယ် ပေါ့ဗျာ။ ကံအထမြောက်ရင်တော့ မကောင်းကျိုးကို ကျိန်းသေခံရမှာဖြစ်ပါတယ်။ မကောင်းကျိုးက အပါယ်ကို လားရမယ့် မကောင်းကျိုးပါပဲ။ လူတွေက သိပ်ပါး သိပ်လည်တယ်။ အပါးလည်တော့ အပါယ်လားကြပေရော့ဗျာ။
မုသားပြောတယ်ဆိုတာ ခန္ဓာကိုယ် အမူအရာ (လူတစ်ယောက်ကို လက်နဲ့ ခေါင်းနဲ့ ခြေနဲ့ မျက်နှာအနေအထားနဲ့ တစ်ခုခုနဲ့) ပဲဖြစ်ဖြစ်၊ နောက် လက်ထဲမှာ ကိုင်ထားတဲ့ ဘောလ်ပင် ဦးထုပ် စတာတွေနဲ့ပဲဖြစ်ဖြစ်၊ နှုတ်ကနေ တိုက်ရိုက်ပြောတာပဲ ဖြစ်ဖြစ် မုသားပြောတယ်လို့ ခေါ်ပါတယ်။
တချို့ဘာသာရေး ကျမ်းပြု ဆရာတွေက ဒီလို ယူဆတယ်။ မိမိကိုယ်တိုင် မပြောဘဲ တခြားသူကို ပြောခိုင်းတာ၊ စာကနေ လိမ်ပြီးရေးလိုက်တာ၊ နံရံ၊ ကျောက်သင်ပုန်း၊ ကွန်ပျူတာ၊ ဖုန်းကနေ ပြောဆိုတာ၊ အင်တာနက်စတာတွေကနေ မုသားစကားရေးသားထားတာ တို့ကိုပါ မုသား ပြောတာလို့ ယူဆကြပါတယ်။ တကယ်တော့ မုသားပြောတယ် ဆိုတာ သစ္စာတရား မရှိခြင်း၊ စကားအားဖြင့် ခိုင်မာမှု မရှိခြင်း၊ လောကကြီးကို ချွတ်လွဲစေခြင်းပါပဲ။ သိပ်ကြောက်စရာကောင်းတယ်။ ဒါကြောင့် ဘုရားလောင်းဟာ ပါရမီဖြည့်စဉ် ကာလအတွင်းမှာ မုသားစကားကို မည်သည့်အကြောင်းကြောင့်မျှ မပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
အရင်ကျွန်တော့် sidebar မှာ တင်ထားတဲ့ စာသားလေးကို ပြန်တင်ပြပါရစေ။
“ခုခေတ်မှာ မုသားစကားပြောသူတွေ အလုပ်အားဖြင့် လှည့်စားနေသူတွေ ထိပ်တန်းပုဂ္ဂိုလ်မှစ၍ အလွန်များနေ၏။ စကားဖြင့် ပြောရုံသာမက အလုပ်အားဖြင့် လှည့်စားခြင်းသည်လည်း လောကကို အထင်မှားစေခြင်း ပင်တည်း။ ထို့ကြောင့် သူများ အထင်ကြီးအောင် ဟန်လုပ်၍ နေသော သူတော်ယောင်ကြီးများ တိုင်းသူပြည်ပြည်သားကိုဖြစ်စေ ဆိုင်ရာ လူအများကို ဖြစ်စေ၊ အထင်မှားအောင် ပြောဆို ပြုလုပ်နေသော လူကြီးလူကောင်းများ မိမိမယုံကြည်သော အရာကို သူတပါးကို ယုံကြည်အောင် ဟောပြောနေသော ဘာသာရေးခေါင်းဆောင်များကို လောကကို လှည့်စားသူ မုသားပြောသူဟူ၍ချည်း မှတ်ပါ”
(သီ-ဘာ-ဋီ-ပ-နှာ-၄၆၀)
မုသားပြောရင် ရုပ်ဆင်း မလှဘူးဗျာ။ ကိုယ်သဏ္ဌာန် ဆိုးတယ်ဗျာ။ အသွေးအသား ညံ့မယ်ဗျာ။ အာပုပ်နံ့ထွက်မယ်ဗျာ။ သြဇာ မရှိဘူးဗျာ။ လူကြည်ညို မခံရဘူးဗျာ။ မျက်နှာညိုးမယ်ဗျာ။ ဒါပဲ။
Your point of view caught my eye and was very interesting. Thanks. I have a question for you.