ဘုရားရှင် ဟောကြားထားတဲ့ အလှူခံပုဂ္ဂိုလ်တွေက ၁။ လောဘကင်းတဲ့ ရဟန္တာဖြစ်ရမယ်။ ၂။ ဒေါသကင်းတဲ့ ရဟန္တာဖြစ်ရမယ်။ ၃။ မောဟကင်းတဲ့ ရဟန္တာဖြစ်ရမယ်တဲ့။ ဒါပေမယ့် ဒီခေတ်မှာတော့ လောဘကင်းအောင် ကျင့်နေတဲ့ပုဂ္ဂိုလ်၊ ဒေါသကင်းအောင် ကျင့်နေတဲ့ပုဂ္ဂိုလ်၊ မောဟကင်းအောင် ကျင့်နေတဲ့ပုဂ္ဂိုလ်တွေကိုသာ လှူဒါန်းနိုင်တဲ့ အနေအထားမှာ ရှိပါတော့တယ်။ တကယ်တမ်းတော့ အလှူခံပုဂ္ဂိုလ်မရွေးဘဲ လှူဒါန်းနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဘုရားရှင်ကလည်း အဲဒီလိုပဲ ဟောထားပါတယ်။ နဂိုရ်စေတနာသဒ္ဓါတရား ထက်သန်သူဖြစ်နေခဲ့မယ်ဆိုရင် ဘယ်သူ့ကို မဆို လှူဒါန်းနိုင်ပါတယ်။ သို့ပေမယ့် နဂိုရ်စေတနာကမှ ခပ်ယိုင်ယိုင်ဆိုရင်တော့ ပထမပြောတဲ့ပုဂ္ဂိုလ်တွေကိုပဲ ရွေးလှူသင့်ပါတယ်။
ဒီနေ့မြန်မာ့ ဘလော့ဂါတွေတော်တော်များများက အလှူအဒါန်းတွေဘက် စိတ်ဝင်တစား ပြုလုပ်လာကြတာတွေ့လို့ ဒီပိုစ့်လေးကို ရေးလိုက်တာပါ။ ဘလော့ဂါတွေ စဉ်းစားရမှာက ငါ့မှာ စေတနာသဒ္ဓါတရားတွေ ခိုင်မြဲပြီလားဆိုတာပါပဲ။ “တဒါ ဟိ ဒါနံ နိေဿသံ၊ ကုမ္ဘော ၀ိယ အဓိကတော” ဆိုသလို အိုးကို သွန်မောက်လိုက်သလို စိတ်ထားနိုင်ပါရဲ့လား။ ကိုယ်လှူထားတဲ့ အလှူရဲ့ အကျိုးဆက်ကိုကြည့်ပြီး အကျိုးဆက်က အဆိုးဘက်ကို ဦးတည်သွားမယ် ဆိုရင်ကော ပရစေတနာ ခိုင်မြဲနိုင်မလားဆိုတာကိုပါပဲ။ အဆိပ်ပင်ကို ရေလောင်းလိုက်သလို ဖြစ်သွားမယ်ဆိုရင်ကော ဖြစ်မှ ဖြစ်ရလေခြင်းဆိုပြီး ယူကြုံးမရဖြစ်မယ့် အနေအထားမှာ ရှိလားဆိုတာပါပဲ။ စေတနာ မခိုင်ဘူးဆိုရင်လည်း စုံစမ်းမေးမြန်းပြီးမှ လှူဒါန်းရင် ပိုကောင်းတယ်။
ဘုရားရှင်လက်ထက်တုန်းကပေါ့။ သိပ်ပြီး ချောမောတဲ့ မင်းသားတစ်ယောက်ဟာ မြွေတွေကို ကိုယ်ပေါ်ပတ်ပြီး အဇာတသတ်အခန်းထဲ ၀င်ရောက်လာခဲ့တယ်။ အဇာတသတ်ဟာ ဘာမှ မစူးမစမ်းတော့ဘဲ ဒေ၀ဒတ်လုပ်ပြတာကို အထင်ကြီးသွားတယ်။ လေးစားသွားတယ်။ သူတကယ်လုပ်နိုင်တာပဲဆိုပြီး ထင်သွားတယ်။ ဘလော့ဂါတွေ သတိထားရမှာက တကယ်လုပ်တဲ့သူတွေဟာ မကြေငြာဘူးဆိုတာပါပဲ။ အဲဒီကနေစပြီး အဖသတ်တဲ့အထိ အဇာတသတ် မှားခဲ့ပါတယ်။ လုပ်ပြတာကို တကယ်ထင်မိတဲ့ အတွက်ကလေးကြောင့်ပါပဲ။
အဲဒါကြောင့် ဘလော့ဂါတွေ စေတနာခိုင်ပါရဲ့လားလို့ ကျွန်တော် မေးရတာပါ။ သံဃာတော်မှာ လုပ်ငန်းနှစ်မျိုးပဲ ရှိပါတယ်။ အဲဒီလုပ်ငန်းက ဂန္ထဓူရနှင့် ၀ိပဿနာဓူရပါပဲ။ ဂန္ထဓူရလုပ်မယ်ဆိုရင်လည်း ပရိယတ္တိပဲ ရှိပါတယ်။ ဒါပေမယ့် ပရဟိတလုပ်တာ တွေလည်း နောက်ပိုင်း ခေတ်အခြေအနေအရ ပေါ်ပေါက်လာတယ်။ ဟုတ်ပြီ။ ပရဟိတလုပ်နေသူတွေ ကကော သူ့လုပ်ငန်းအပေါ် စိတ်စေတနာ တကယ်ထက်သန်ရဲ့လား။ ရည်ရွယ်ချက် မှန်ကန်ပါရဲ့လား။ အဲဒါတွေအပေါ် အပြောနဲ့ လုပ်ပြရုံနဲ့ ယုံကြည်လို့ မရတဲ့ အနေအထားမှာ ရှိတတ်ပါသေးတယ်။
ဘာပဲဖြစ်ဖြစ် ပုဗ္ဗစေတနာတွေ ထက်သန်ခဲ့ကြပါမယ်လို့ ထင်ပါတယ်။ အလှူတစ်ခု လုပ်စဉ်မှာ မလှူခင် လှူသင့်တယ် မလှူသင့်ဘူးလို့ ဆုံးဖြစ်ချိန် စိတ်ဇဝေဇ၀ါဖြစ်နေခဲ့ရင် ပုဗ္ဗစေတနာ ပျက်ပါတယ်။ ကုသမင်းသား အလောင်းဟာ ပုဗ္ဗစေတနာ ချို့ယွင်းခဲ့တာပေါ့။ ဒါကြောင့် ပဘာဝတီက ကုသကြာခူးနေချိန်မှာ တွေ့လိုက်တော့ ဘီလူးလို့ ထင်သွားတယ်။ ကောသလမင်းက သူဌေးတစ်ယောက်ရဲ့ စည်းစိမ်ကို သိမ်းပြီး ဘုရားရှင်ကို ၀င်ကန်တော့တယ်။ ဘုရားရှင်က ဘယ်က ပြန်လာပါသလဲလို့ မေးတော့ သူဌေးတစ်ယောက်ရဲ့ စည်းစိမ်ကို သိမ်းဆည်းပြီး ပြန်လာကြောင်း ပြောတယ်။ ဘယ်လိုသူဌေးလဲ ဆိုတာကိုလည်း ကောသလက လျှောက်တယ်။ ချမ်းသာလွန်းပေမယ့် ဆန်ပြုတ်ပဲသောက်တယ်။ ဖျင်ကြမ်းပဲ ၀တ်တယ်။ အပြင်ထွက်ရင် နေပူမှာစိုးလို့ ဆိုပြီး ပိန်းရွက် မိုးတယ်။ ဒီလောက်ချမ်းသာပြီး ဒီလောက် ဘာလို့ကိုယ့်ဝမ်း ကိုမသဒ္ဓါအောင် ဖြစ်နေရသလဲ လို့ ဘုရားရှင်ကို လျှောက်တော့ ပရစေတနာ ချို့တဲ့ခဲ့လို့ လို့ ဘုရားရှင်က ဟောတော်မူပါတယ်။ မုဉ္စစေတနာကလည်း အရေးကြီးတယ်။ ဒဒံ စိတ္တံ ပသာဒေတိ လှူနေစဉ်မှာ စိတ်ကြည်လင်နေရမယ်တဲ့။ ဆိုလိုတာက တစ်ခုခုကို လိုချင်တပ်မက် စိတ်လုံးဝကင်းနေရမယ်လို့ ဆိုလိုပါတယ်။ ဒီပစ္စည်းကြောင့် ဒီဝတ္ထုကြောင့် သူအကျိုးရှိပါစေ လို့သာ စိတ်ထဲထားရပါမယ်။ အလှူဒါနပြုတိုင်း တူသော အကျိုးရပါတယ်။ ဘယ်လို တူသော အကျိုးရချင်ပါသလဲ။ ဆွမ်းလှူရင် ဆွမ်းစားလို့ရရှိတဲ့ အကျိုးကို ပြန်ရပါတယ်။ ရေလှူရင် ရေသောက်လို့ ရရှိတဲ့ အကျိုးကို ပြန်လည်ရရှိပါတယ်။ ဒါလောက်လေးပဲလား လို့ဆိုရင်တော့ စေတနာ အရင်းခံပြီး ဖြစ်တည်လာတဲ့ ကံအပေါ်လည်း မူတည်ပါတယ်။ လူပြော သူပြော များပါတယ်။ ညောင်စေ့လောက်လှူရင် ညောင်ပင်လောက် ကုသိုလ်ရပါတယ်တဲ့။ အဲဒါက ၀ိစေယျ ဒါနံ ဒတွာန၊ သတ္တာ ဂစ္ဆန္တိ သုဂတိံ ဆိုသလို ရွေးချယ်လှူဒါန်းမှ ဖြစ်နိုင်ပါတယ်။ သို့သော် ကျွန်တော်တို့ ဘုရားရှင်ဟာ ပါရမီဖြည့်စဉ်ကာလ အလောင်းတော်ဘ၀မှာ ကုသိုလ်ဒါနပြုခဲ့တယ်။ အကြီးအကျယ်လှူခဲ့တယ်။ ဗုဒ္ဓဘာသာ ဘ၀အဖြစ်နဲ့ရယ်လို့ လက်ချိုးရေတွက် လို့ရခဲ့ပါတယ်။
အလှူရှင်လက်နှစ်ဖက်
ကောင်းမှုရှင် လက်နှစ်ဖက်
ပက်လက်လက် ခံထားပါ
စေတနာ သဒ္ဓါထက်
ဒီနှစ်ချက် ပြောတာပါ
ငါစွဲဖျက် သူစွဲခွါ
လှူဆဲမှာ ဖြစ်ပျက်မြင်ပိုး
ငါ သူစွဲ အယူလွဲ ဒိဋ္ဌိတဏှာက
ချိတ်မိရာ ဇွတ်ဝင်ဆွဲခဲ့လျှင်
လွဲကရော ကောင်းကျိုး။
အလှူခံလက်နှစ်ဖက်
အလှူခံ ထက်တန်ခိုးဝ
လက်နှစ်ဖက် မိုးထားလိုက်ပါ
သီလ မေတ္တာ ဒါနှစ်ဖက်
စွာဖို့ ထက်ဖို့ ပြောတာပါ
သမာဓိ ဈာန်ဝင်ကာ
ဉာဏ်ပညာကိုလည်း အလှပျိုး
သိက္ခာကျ ဗလာနှင်
စိတ်မှာကျ တဏှာထင်လို့
မိစ္ဆာအမြင် ရှေ့ရှုခဲ့လျှင်ဖြင့်
ပေးသောဆု တစ်ပွဲမှ မတိုး။
မဟာဗေဓိမြိုင်ဆရာတော်ရဲ့ ကဗျာ့နန်းတော်စာအုပ်ထဲက ကဗျာများဖြစ်ပါတယ်။
ပန်းများလှသလို လူ့ဘ၀သည်လည်း လှပါ၏
ပန်းများမွှေးသလို လူ့ဘ၀သည်လည်း မွှေးပါ၏
လှသော မွှေးသော ပန်းများကို လူ့ဘ၀၌
ထိုက်ထိုက်တန်တန်အသုံးချ၍ ရသလို
လှသော မွှေးသော လူ့ဘ၀များကိုလည်း
လောက၌ ထိုက်ထိုက်တန်တန် အသုံးချ၍ ရပါ၏။
ဘုရားတင်၍ ပူဇော်ခြင်းဖြင့် ပန်းများကို
လောက၌ ထိုက်ထိုက်တန်တန် အသုံးချသလို
လောကအတွက် ပူဇော်ခြင်းဖြင့် မိမိဘ၀ကို
ထိုက်ထိုက်တန်တန် အသုံးချ၍ ရပါ၏ …
ဆိုတဲ့ ဦးရွှေအောင်ရဲ့ ဓမ္မပဒစာအုပ်ကို လှန်လှန်ခြင်း တွေ့ရတဲ့ ပုပ္ဖ၀ဂ်က စာသားလို ဘ၀ကို ထိုက်ထိုက်တန်တန် အသုံးချနိုင်ပါစေသော်….