ကိုယ့်ဘာသာကိုယ် Facebook ပေါ်မှာ status တစ်ခု တင်လိုက်တယ်။ ဘယ်သူများ အော်လီဂါခီ အကြောင်း ရေးမလဲလို့ စောင့်ကြည့်နေတာ။ ဘယ်သူမှလည်း မရေးပါလား ဆိုပြီးတော့ပေါ့။ ကျွန်တော်ကလည်း အသိကြီး မဟုတ်ပါဘူး။ အသိကြီးဆိုတာထက် သိပ်လည်း မသိပါဘူး။ ထင်တာလောက်ပဲ ဖြစ်နေတယ်။ အွန်လိုင်းပေါ်မှာ ရှာကြည့်တော့ စာရေးဆရာကိုတာ ရေးထားပြီးသားကို သွားတွေ့တယ်။ ခုကလည်း စာရေးဆရာကိုတာရဲ့ ဟောပြောချက်တချို့ကနေ ပြန်တင်ပြခြင်းမျိုးဖြစ်ပါတယ်။ တကယ်တမ်း ပြောချင်တဲ့ပုံစံက လက်ရှိ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကို ဥပမာထား ထောက်ပြတာမျိုးပါ။ မြန်မာနိုင်ငံလုံးဆိုင်ရာကို မထောက်ပြနိုင်ပေမယ့် ကိုယ့်လူမျိုးစုလေးရဲ့ ဖြစ်ပျက်နေမှု ပုံစံကို ထောက်ပြချင်တယ်။ ဒါပေမယ့် နည်းနည်းကြောက်ပါတယ်။ ဒါကြောင့် ခြုံငုံတဲ့ သဘောလောက်ပဲ ရေးကြည့်မယ်။ ရေးသာ ရေးကြည့်တာပါ။ ထဲထဲဝင်ဝင် မသိပါဘူး။ အထင်သာ ဖြစ်တဲ့အတွက် မဟုတ်ခဲ့ရင်လည်း ဗဟုသုတ အဖြစ်ဖြင့်သာ ရှုတော်မူကြကုန်…ပေါ့။ မှန်ခဲ့ရင်လည်း ကိုယ်က အော်လီဂါ့ရဲ့ ကကြိုးရှုပ်တဲ့ ကကြိုးရုပ်လား သုံးသပ်ကြည့်ပေါ။
အော်လီဂါခီဆိုတဲ့ စကားလုံးက ဂရိကနေ ဆင်းသက်လာတာ။ အဓိပ္ပါယ်ကတော့ လူနည်းစုကနေ တိုင်းပြည်ကို အုပ်ချုပ်တယ် ဆိုတာပါပဲ။ အုပ်ချုပ်မှု စနစ်ဆိုတာက နဂိုကတည်းက အမျိုးမျိုးရှိပြီးသားပဲ။ သက်ဦးဆံပိုင်စနစ်၊ ဒီမိုကရေစီစနစ်၊ အာဏာရှင်စနစ်၊ အကြွင်းမဲ့ အာဏာရှင်စနစ်နှင့် အော်လီဂါခီ (လူနည်းစုက အုပ်ချုပ်တဲ့ စနစ်) ပါပဲ။ သက်ဦးဆံပိုင်ဆိုတာက မျိုးရိုးအလိုက် အုပ်ချုပ်တာ။ အာဏာရှင်စနစ်နှင့် အကြွင်းမဲ့ အာဏာရှင်စနစ်ကတော့ ကြုံနေကြ သိနေကြသမို့ ရှင်းတယ်။ ဒီမိုကရေစီဆိုရင်လည်း အားလုံးက လိုချင်တောင်းတနေကြသမို့ သိနေကြမှာပဲ။ အော်လီဂါခီကျတော့ အဲလို မဟုတ်ပြန်ဘူး။ ကျွန်တော့်အထင် ပြေရရင် သူက အာဏာရှင်စနစ်ထက်များ ပိုကြောက်စရာ ကောင်းနေမလားလို့ပါ။
စာရေးဆရာ ကိုတာပြောတဲ့ စကားတစ်ခွန်းလေးကို ပြန်ပြောချင်တယ်။ “ဆန္ဒပြသူ တစ်သိန်းလောက်ကို လမ်းပေါ် တစ်လတက်စေဖို့အတွက် သိန်း နှစ်ဆယ် သိန်းသုံးဆယ်လောက်ပဲ ကုန်ပါတယ်။ စျေးပေါပါတယ်” ဆိုတဲ့စကားလေး။ ခုဆိုရင်တော့ facebook ပေါ်မှာ အမုန်းစကားတွေ ပြောခိုင်းတာ။ အမှုတစ်ခု ဖန်တီးခိုင်းတာ။ ဒါက စျေးပိုပေါမှာပါ။ နောက် အရမ်းသိသာ ထင်ရှားတဲ့ ဥပမာလေး တစ်ခု ထပ်ပေးချင်ပါသေးတယ်။ ကျွန်တော်နေနေတဲ့ နေရာနားလေးမှာတောင် ဒီလို ဖြစ်ပျက်နေတယ်။ မြန်မာနိုင်ငံနဲ့ အဝန်း ဘယ်လောက် ဖြစ်ပျက်နေမယ် ဆိုတာ မသိဘူး။ “အစိုးရ မြေသိမ်းတယ်။ ကုမ္ပဏီတကယ်တမ်း ထောင်တော့ ပုဂ္ဂလိက ဖြစ်နေပြီး အဲဒါကို မကျေနပ်လို့ ဆန္ဒတွေ ဘာတွေ ပြရင် အစိုးရမှ ဖမ်းဆီးတာမျိုး”။ လက်ရှိ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ နိုင်ငံအုပ်ချုပ်ရေးပိုင်းကို ရှပ်နီ ရှပ်ဝါတွေ ဆန္ဒပြကြတဲ့အထိ ဖြစ်ရတာဟာ ထိုင်နိုင်ငံသားတစ်ဦး သုံးသပ်တာကတော့ ဘုရင်က လုပ်ခိုင်းတယ် ထင်ပါတယ်တဲ့။ ဆိုတော့ တကယ့်နိုင်ငံကြီးတွေ ဖြစ်တဲ့ တရုတ်၊ ရုရှား၊ ဂရိတ်ဗြိတိန်၊ အမေရိကားတို့ကလည်း အော်လီဂါခီနိုင်ငံတွေပဲ။ အိန္ဒိယလည်း အဲလိုပဲ။ တကယ့်တကယ် အော်လီဂါခီ ရှိနေတဲ့ နိုင်ငံတွေက နိုင်ငံကြီးတွေ။ ဆိုတော့ကာ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ အော်လီဂါ့တွေ ရှိပါ့မလားပေါ့။ အော်လီဂါခီဆိုတာ ဘယ်လိုလူမျိုးလဲပေါ့။
ဓနသဟာယ နိုင်ငံ၊ သို့တည်းမဟုတ် သယံဇာတ အလွန်ပေါကြွယ်ဝတဲ့ နိုင်ငံတွေမှာ အော်လီဂါခီပေါ်တတ်ပါတယ်။ အော်လီဂါခီဆိုတာ ဘယ်သူလဲ လို့ပြောမှာထက် စကားလုံးလေး တစ်လုံးကို နာကြည့်ပါ။ “အလွန်ကြွယ်ဝခြင်းသည် အလွန်သြဇာသက်ရောက်ခြင်း ဖြစ်သည်” တဲ့။ အလွန်ကြွယ်ဝမှုမှာ ကာကွယ်ရန် လိုအပ်လာပါတယ်။ ထိုသို့ ကာကွယ်ရန် အာဏာလိုအပ်လာပါတယ်။ ဆိုတော့ သူတို့ဟာ ဘယ်သူ့ကို ဘယ်လိုထောက်ပံ့ပေးလိုက်ခြင်းအားဖြင့် သူတို့ရဲ့ ချမ်းသာ ကြွယ်ဝမှုကို ဘယ်လို ကာကွယ်ရမယ်ဆိုတာ သိတယ်။ ဓနကို ကာကွယ်ရင်းနဲ့ သူတို့ဟာ အာဏာတချို့ရလာတယ်။ အာဏာတချို့က နိုင်ငံရေး ရပိုင်ခွင့်တွေ၊ နေရာဌာနတွေ၊ ဖိနှိပ်နိုင်ခွင့်တွေ၊ လှုပ်ရှားခွင့်တွေရလာတယ်။ သူတို့ရဲ့ ဖန်တီးနိုင်စွမ်းကလည်း အရမ်းကို ကြီးမားလာတယ်။ ဘယ်လို လုပ်ရင်ဖြင့် ဘယ်လို ဥပဒေမျိုးကို ပြဌာန်းနိုင်တယ်ဆိုတာ သိတယ်။ ဘယ်လို ဥပဒေမျိုးကိုဖြင့် ဘယ်သူ့ကို ဆန္ဒပြခိုင်းလို့ ရတယ်ဆိုတာ သိတယ်။ ဘယ်လို အမှုအခင်းမျိုး ဖန်တီးပြီး ဘယ်သူ့ကို အထင်ကရ ဖော်ပြပေးလိုက်ရင် ဘယ်သူတွေ ထကြွလာပြီးနောက် သူတို့ ဓနကြွယ်ဝမှုဟာ ဆက်လက်တည်မြဲမယ်ဆိုတာ သူတို့သိတယ်။ အများစုက ခရိုနီ ဖြစ်လေ့ ရှိတတ်ပါတယ်။ ဘယ်နိုင်ငံရေး ခေါင်းဆောင်မှ သူတို့ကို လွန်ဆန်နိုင်လေ့ မရှိကြပါဘူး။ သူတို့ ဆွဲသမျှ ကရတဲ့ လူတွေအားလုံးကတော့ ငါတို့ဟာ ခရိုနီနဲ့ ဘယ်လိုမှ မပတ်သက်ဘူးလို့ ထင်လေ့ရှိတယ်။ ဘယ်လိုပဲ ဆက်စပ် ဆက်စပ် ခရိုနီနဲ့ကို မဆက်စပ်တာ။ ဒါပေမယ့် ခရိုနီလက်တံကို ဘယ်သူမှ မမြင်ရပါဘူး။ အနောက်နိုင်ငံမှာ လျှို့ဝှက်သော လက်လို့ခေါ်တယ် ထင်တယ်။ မြန်မာနိုင်ငံမှာတော့ လက်မည်းကြီးလို့ သရော်လေ့ ရှိကြတယ်။ ဘယ်သူတွေ ကျရှုံး ကျရှုံး အော်လီဂါ့တွေကတော့ အမြဲအောင်မြင်လေ့ရှိကြပါတယ်။
အော်လီဂါ့တွေဟာ သူတို့ ဓနဥစ္စာကို ထိခိုက်တော့မယ်ဆိုရင်ဖြင့် ပုံစံအမျိုးမျိုးနဲ့ ပေါ်လာတတ်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံဟာ သူတို့ရဲ့ ဥစ္စာဓနကို မကာကွယ်နိုင်ရင် သူတို့ ရအောင် ဖန်တီးမှာပါ။ ဒါက နိုင်ငံရေးမှာပါ။ သူတို့ဟာ ကြောက်စရာကောင်းတဲ့ သတ္တဝါတွေပါ။ အခြားနေရာတွေမှာလည်း သူတို့ ဝင်ပါလေ့ ရှိကြပါတယ်။ ကြိုက်တဲ့ ဒီမိုကရေစီ ခေါင်းဆောင်တက်လာ။ အော်လီဂါခီကို မဖယ်ပစ်နိုင်ပါဘူး။ သူတို့ဟာ အုပ်ချုပ်ရေးပိုင်းမှာ အမြဲတမ်း ဝင်ပါလေ့ရှိတယ်။ ပြောရရင် အော်လီဂါခီဆိုတာ နိုင်ငံရေး အုပ်ချုပ်ရေး ပဋိပက္ခ ဖန်တီးရေး စသဖြင့် သူတို့ ဓနဥစ္စာကို ကာကွယ်ဖို့အတွက် မည်သည့် ခေါင်းဆောင်မှ ရှောင်မရတဲ့ ဆေးယဉ်ပါး နာတာရှည်ပဲ။